Ethnic Politics in Burma: States of Conflict ဟာ အက်ရှလေ ဆောက်သ် (Ashely South) ရဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ပထမဆုံး စာအုပ်ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ကိုကိုလေးက နိုင်ငံတော်ပဋိပက္ခ (တိုင်းရင်းသားတို့၏ နိုင်ငံရေး) အမည်နဲ့ ဘာသာပြန်ပြီး ၂၀၁၆ မှာ ယဉ်မျိုးစာပေက ထုတ်ဝေဖြန့်ချိပါတယ်။
မူရင်း စာအုပ်ရေးသားသူဟာ မြန်မာနိုင်ငံမှာ ၁၉၉၁ ခုနှစ် လုပ်သားများကို သင်တန်းပေးရတဲ့ သင်တန်းဆရာအဖြစ် တာဝန် ထမ်းဆောင်နေစဉ် သုတေသနပြု မှတ်တမ်းတင် ရေးသားခဲ့ပါတယ်လို့ သူ့ရဲ့ကိုယ်တိုင်ရေး အမှာစာမှာ ပါရှိပါတယ်။
စာအုပ်မှာ ပထဝီဒေသ အပိုင်းအခြားနှင့် လူဦးရေဆိုပြီး သမိုင်းအကျဉ်း တခုပါရှိပြီး အခန်း ၅ ခန်း ပါရှိပါတယ်။ အခန်း ၁ မှာ ကိုလိုနီ မတိုင်မီခေတ်နှင့် ကိုလိုနီခေတ်၊ အခန်း ၂ ကမ္ဘာစစ်၊ လွတ်လပ်ရေးနှင့် ပြည်တွင်းစစ်၊ အခန်း ၄ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့် အာဏာာရှင်စနစ်ကို ဆက်လက် အကောင်အထည်ဖော်ခြင်း၊ အခန်း ၅ (နဝတ) (နအဖ) စစ်အစိုးရနှင့် ပြည်တွင်းတော်လှန်ရေး အင်အားစုများတို့ ဖြစ်ပါတယ်။
အခန်း ၁ မှာတော့ ကိုလိုနီခေတ် မတိုင်မီကာလ၊ ဗမာတို့၏ ရှေးဟောင်းရွှေမြို့တော်များ၊ မွန်တိုင်းရင်းသားများ အကြောင်း ပါဝင်ပြီး ကိုလိုနီခေတ်ဗမာပြည်၊ ချင်း၊ ကချင် တောင်တန်းဒေသ အုပ်ချုပ်ရေးများ၊ ကယား၊ ကရင်၊ ကချင်အမျိုးသားတို့၏ ကိုယ်ပိုင်လက္ခဏာ၊ ဒိုင်အာခီနှင့် ငြင်းဆန်ခြင်းတို့အကြောင်း စိတ်ဝင်းစားဖွယ်ရာ သမိုင်းဆိုင်ရာများ ပါဝင်ပါတယ်။
အခန်း၂ မှာ ဒုတိယကမ္ဘာစစ်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ပင်လုံနှင့် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လန်ဒန်ဆွေးနွေးပွဲ ဂယက်၊ ပင်လုံညီလာခံနှင့် ကချင်တိုင်းရင်းသားတို့၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အကြံပြုချက်ကြောင့် ပင်လုံညီလာခံသို့ ဗြိတိသျှ ကိုယ်စားလှယ်များ ရောက်ရှိလာခြင်း၊ ပင်လုံညီလာခံကြီး စတင် ကျင်းပခြင်း၊ စော်ဘွားများ၊ ရှမ်းလူထုကိုယ်စားလှယ်များ အစည်းအဝေးနှင့် ရ.သ.လ၏ သဘောထား ကြေညာချက်၊ တိုင်းရင်းသားကိုယ် စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာကိုယ်စားလှယ်အဖွဲ့တို့၏ ဆွေးနွေးပွဲ၊ ဗိုလ်ချုပ်ဘက်မှ ဖိအားပေးသော ရှမ်း ပြည်သူလူထု ဆန္ဒပြပွဲ၊ ဆွေးနွေးပွဲပျက်မည့် အခြေအနေ၊ ပင်လုံစာချုပ် သဘောတူညီမှုရရှိခြင်း၊ အခက်အခဲများ ကြားထဲမှ ပင်လုံစာချုပ်ဆိုပြီး ပင်လုံစာချုပ်ကိုလည်း ထည့်သွင်းပေးထားတာကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
အခန်း ၃ ပြည်တွင်းစစ်၏ အနိဌာရုံများမှာတော့ သုတေသနပြုစုသူ Ashely South က သူ့အမြင် တချို့ကိုလည်း အခုလို ထည့်သွင်းထားပါတယ်။ “ပြည်တွင်းစစ်ရဲ့ အဓိကအကြောင်းက မဟာလူမျိုးကြီးဝါဒနှင့် တိုင်းရင်းသားတို့ လက်ထဲမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် လက်နက်များစွာ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။ နောက်ပိုင်းကာလမှာတော့ မှောင်ခိုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းနှင့် နိုင်ငံတကာ အထောက်အပံ့တွေကြောင့် နယ်စပ်ဒေသမှာရှိတဲ့ လူမျိုးစု သူပုန်တွေဟာ လက်နက်မျိုးစုံ မပြတ်မလပ်ရနေခြင်းကြောင့် ပြည်တွင်းစစ် သက်ဆိုးရှည်နေခြင်းဖြစ်သည်” လို့ ရေးသားထားပါတယ်။
မြန်မာပြည် လွတ်လပ်ရေးရပြီး များမကြာမီ ကာလများဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုပြီး စတင်ပုန်ကန်ခြင်း၊ ရဲဘော်ဖြူများ တောခိုပြီး သူပုန်ထခြင်း၊ KNDO တို့ စတင် တော်လှန်ပုန်ကန်ကြခြင်း၊ မွန်သူပုန်များနှင့် မွန်တော်လှန်ရေး၊ မွန်ပြည်နယ် ရရှိရန်အတွက် တောင်းဆိုဆန္ဒပြခြင်း၊ မွန်နှင့် ကရင်တို့အား တောခိုသွားရန် မောင်းထုတ်ကြခြင်း၊ မွန်လက်နက်ကိုင် တော်လှန်ရေး စတင်ခြင်း၊ KNU ဥက္ကဋ္ဌ စောဘဦးကြီး လုပ်ကြံခံရခြင်း၊ စိတ်ထင်တိုင်းကြံသည့် ဖဆပလအစိုးရနှင့် တိုင်းပြည်၏ ကံကြမ္မာ၊ ဗိုလ်ချုပ်နေဝင်း အာဏာရလာခြင်း၊ စစ်တပ်မှ အပြီးအပိုင် အာဏာသိမ်းခြင်း စတဲ့ သမိုင်းကွင်းဆက်များကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
အခန်း ၄ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့် အာဏာရှင်စနစ်ကို ဆက်လက် အကောင်အထည် ဖော်ခြင်းမှာတော့ ဗိုလ်နေဝင်းရဲ့ မဟာအကြံအစည်ကြီး ဖြစ်တဲ့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ မြန်မာ ဆိုရှယ်လစ်လမ်းစဉ်ကို အကောင်အထည် ဖော်ပုံ၊ သူ့ဆရာဖြစ်တဲ့ ဦးဘဆွေက သူ့ကို ဝေဖန်မိလို့ ထောင်ချပစ်လိုက်ပုံ၊ တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်မှူးချုပ် အောင်ကြီးကို ဖယ်ထုတ်လိုက်ပုံများနဲ့ ဗိုလ်နေဝင်း လက်ထက် ကချင်တော်လှန်ရေး၊ ရှမ်းတော်လှန်ရေးများ ပါဝင်ပါတယ်။
၁၉၈၈ လူထုအရေးတော်ပုံကြီး ပြီးနောက် တပါတီ အာဏာရှင်စနစ် ပြုတ်ကျပြီး ဒုတိယအကြိမ် စစ်တပ် အာဏာထပ် သိမ်းပြီး နဝတ၊ နအဖ စတဲ့အမည်များ ပြောင်းလဲကာ တိုင်းရင်းသားများအပါဝင် ပြည်တွင်းတော်လှန်ရေး အင်အားစုများ အကြောင်းကို အခန်း ၅ မှာ ဖတ်ရမှာဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့် အထိန်းသိမ်းခံရပြီး ၂၀၀၅ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ မြို့တော်ကို နေပြည်တော်သို့ ပြောင်းရွှေ့ကာ နအဖရဲ့ ဒီမိုကရေစီ တည်ဆောက်ပုံအဆင့်ဆင့်၊ ငြိမ်းချမ်းရေး ပြုလုပ်ပုံများကို မူရင်းစာရေးသူ Ashely South ရဲ့ အမြင်များနဲ့ ဖော်ပြထားပါတယ်။
ဒီစာအုပ်မှာ စာမျက်နှာ ၂၄၀ သာ ပါဝင်ပေမယ့် မြန်မာ့နိုင်ငံရေး သမိုင်းကွင်းဆက်များကို ပြည့်ပြည့်စုံစုံ ရေးသားထားနိုင်တာ တွေ့ရပါတယ်။
Ashely South ရဲ့ အမှာစာမှာလည်း “ဗမာပြည်တွင် ဒီမိုကရေစီ ရှင်သန်ထွန်းကားရေးအတွက် အဓိက အဟန့်အတား ပြုနေသော တပ်မတော်ကို မြန်မာ့အတိုက်အခံ နိုင်ငံရေးသမားများက ဆွဲဆောင်စည်းရုံးကြပြီး ပြည်သူ့ ဒီမိုကရေစီစနစ်ဆီသို့ တဖြည်းဖြည်း ကူးပြောင်းမှ ရပေမည်” လို့ ရေးထားပါတယ်။
စာရေးဆရာ – Ashely South
ဘာသာပြန်သူ – ကိုကိုလေး
စာအုပ်အမည်- Ethnic Politics in Burma: States of Conflict
နိုင်ငံတော် ပဋိပက္ခ (တိုင်းရင်းသားတို့၏ နိုင်ငံရေး)
အမျိုးအစား- နိုင်ငံရေး
ထုတ်ဝေသည့်ကာလ- ၂၀၁၆၊ ဇန်နဝါရီ
ထုတ်ဝေသည့်တိုက်- ယဉ်မျိုးစာပေ
တန်ဖိုး- ၂၅ဝဝကျပ်