မြို့ကြီးပြကြီးတွေရဲ့ ညချမ်းအချိန်တွေမှာ မူးယစ်ရမ်းကား အုပ်စုဖွဲ့ဆိုးမိုက်နေသူတွေကြောင့် အကျည်းတန်နေရ ပါတယ်။ လူရမ်းကားအချို့ရဲ့ ပါ၀ါအိတ်ဇောတပ်တပ်ဆင်ထားတဲ့ ပြိုင်ကားတွေက ဆူညံသံတွေကလည်း မြို့ပြညတွေကို ပိုပြီး ညစ်ညူးစေတယ်။
အဲဒါတွေအပြင် မူးယစ်ဆေးဝါးသုံးစွဲထားကြတဲ့ ဆယ်ကျော်သက်တွေကလည်း မြို့ပြညတွေမှာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူ နေကြတာ ရှိပါတယ်။ လမ်းဘေးမှာ ရပ်ထားတဲ့ကားက မှန်တွေခွဲတာ၊ လက်နက်ပြ ခြိမ်းခြောက် အနိုင်ကျင့်တာတွေလည်း သတင်းမီဒီယာတွေမှာ တွေ့နေရပါတယ်။
မြို့ပြညတွေ လုံခြံုငြိမ်းချမ်းစေဖို့ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်နေရတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အထူးတာ ၀န်ရှိပါတယ်။ ရပ်ရွာလုံခြံုရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် ကင်းလှည့်စစ်ဆေးမှုတွေ စီမံချက်တွေ လုပ်ဆောင်နေပေ မယ့် လုံခြံုငြိမ်းချမ်းမှု မရှိသေးပါဘူး။
လူဦးရေ အချိုးအလိုက် ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အင်အားက နည်းနေသေးတယ်။ မြို့ပြညချမ်းတွေမှာ မြို့လူထု အေးအေးဆေးဆေး နားနားနေနေ နေနိုင်ဖို့ ရဲတပ်ဖွဲ့တခုတည်းအားနဲ့ မရနိုင်ဘူး။ ၀ု်ိင်းဝန်း ထိန်းကြောင်း ကြပ်မတ်ပေးကြစေလိုပါတယ်။
ညရေးညတာ အရေးကြီးကိစ္စရှိလို့ အပြင်ထွက်ဖို့ ကြံရွယ်ရင်တောင် အုပ်စုဖွဲ့ရမ်းကားသူတွေရဲ့အန္တရာယ်ကိုပါ စိုးရိမ်နေကြ ရပါတယ်။
မိဘအုပ်ထိန်းသူတွေရဲ့ကူညီပေးမှုတွေလည်း လိုအပ်ပါတယ်။ အထူးသဖြင့် သားသမီးတွေကို လိုအပ်တာ ထက်ပိုပြီး အလို လိုက်မှုမျိုး မလုပ်မိဖို့ အရေးကြီးတယ်။ ပြိုင်ကားမောင်းသူ အ များစုက ကိုယ့်ချွေးနည်းစာနဲ့ ၀ယ်ထားကြတာ မဟုတ်ဘဲ မိဘတွေ ပေးတဲ့ပိုက်ဆံနဲ့ ပြိုင်ကားတွေ ၀ယ်ထားကြလို့ပါ။
ပြိုင်ကားမောင်းသူတွေက တဖက်သား အန္တရာယ် ကြံုရနိုင်တဲ့ အရှိန်နှုန်းတွေနဲ့ မောင်းနှင်နေကြသလို ပါ၀ါအိတ်ဇောတွေ တပ်ဆင်ပြီး မောင်းနှင်နေမှုကလည်း နား မခံသာအောင်ဖြစ်ရတယ်။
ငွေကြေးပြည့်စုံ ကြွယ်ဝလို့ ပြိုင်ကားဝယ်စီးတာ အကြောင်းမဟုတ်ပေမယ့် တခြားသူတွေ ကိုယ်စိတ်နှလုံးထိခိုက်နိုင်မယ် ဆိုရင် ဆင်ခြင်ရမှာပါ။ ပိုက်ဆံပေါလို့ ပြိုင်ကားဝယ်စီးရင်လည်း အများသူငါ အသုံးပြုနေတဲ့ လမ်းမထက်မှာ အိတ်ဇောသံ ဆူဆူညံညံနဲ့ မမောင်းသင့်ပါဘူး။ နေ့လယ်နေ့ခင်းတွေမှာ ၀မ်းရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ကြရသူတွေက ညပိုင်းမှ နားကြရလို့ပါ။ မြို့ပြနဲ့ဝေးရာ တနေရာရာမှာ မောင်းကြစေလိုပါတယ်။
မူးယစ်ဆေးဝါးတွေ အလွယ်တကူရရှိမှုကလည်း မြိ့ပြညတွေကို ပိုပြီးဆိုးဝါးစေတယ်။ မူးယစ်ဆေးဝါး သုံးပြီး မူးယစ်ရမ်း ကားမှုတွေက ညပိုင်းမှာ ပိုများတယ်။ မူးယစ်ဆေးသုံးစွဲဖို့အတွက် ဆိုင်ကယ်နဲ့ လုပြေးတာ၊ ဆေးကြောင်ပြီး ဆိုင်ကယ် လက်နှစ်ဖက် လွှတ်စီးတာ၊ ဆိုင်ကယ်အရှိန်မြှင့်တင် မောင်းရင်း အခြားယာဉ်ကို ၀င်တိုက်တာ စတဲ့ အမှုတွေလည်း ရှိနေ ပါတယ်။
မြန်မာနိုင်ငံအနှံ့က မြို့ကြီးတွေမှာ ညချမ်းတွေက မအေးချမ်းဘဲ ပူလောင်လှတယ်။ တော်ရုံတန်ရုံ အရေးမကြီးရင် အပြင်မ ထွက်ရဲတော့ဘူး။ မိကောင်းဖခင်သားသမီးတွေ အပြင်ထွက်ဖို့ ခက်လာတယ်။
ညပိုင်းအပြင်ထွက်ရင်လည်း ဘီယာဆိုင်နဲ့ ကေတီဗီဆိုင်တွေပဲ သွားစရာရှိတယ်။ ကေတီဗီနဲ့ ဘီယာဆိုင်တွေ ဖွင့်ခွင့်လိုင် စင်တွေကလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေပဲ ချထားပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိ ဖွင့်လှစ်ထားတဲ့ ဆိုင်တွေကလည်း ဖွင့်လှစ်ရောင်းချခွင့်ရဖို့ အမျိုးမျိုးကြိုးစားထားရတာဖြစ်တော့ ပိတ်သိမ်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နောက်ထပ် ဆက်ချပေးမယ့် ယစ်မျိုးလိုင်စင်တွေကို ဘယ်လိုမူဝါဒတွေနဲ့ ချထားပေးကြမလဲ။
လူငယ်တွေက နောင်တခေတ်ရဲ့ခေါင်းဆောင် ဖြစ်မှာမို့ အခွန်အတုပ်ရရေးကို အဓိက မထားဘဲ တမျိုးသားလုံး လူညွန့်မ တုံးစေဖို့ စနစ်တကျ မူဝါဒချမှတ်ပြီးမှသာ ယစ်မျိုးလိုင်စင်ချထားပေးသင့်ပါတယ်။
မြို့ပြညတွေမှာ အုပ်စုဖွဲ့ ရမ်းကားသူတွေမရှိအောင် အေးချမ်းတဲ့မြို့ပြဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ ပြည်သူ့ဘဝ အချိန် ပြည့် အေးချမ်းဖို့ ပြည်သူက မဲပေးရွေးချယ်လိုက်ကြတဲ့ ပြည်သူ့အမတ်မင်းတွေမှာလည်း တာဝန်ရှိပါတယ်။ မြို့ပြညတွေ အကျည်းတန်အောင် လုပ်နေကြသူတွေ အမှန်တကယ်လည်း ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ရှိနေတယ်။
သူတို့ဟာလည်း ကျနော်တို့ နိုင်ငံသားတွေသာဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ သူတို့ကို လူ့အဖွဲ့အစည်းထဲမှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်အောင် လုပ်ပေးဖို့လိုအပ်ပါတယ်။ တရားစွဲဆို အရေးယူအပြစ်ပေးခြင်းဆိုတာ နောက်ဆုံးနည်းသာဖြစ်သင့်ပါ တယ်။
အရေးယူ အပြစ်ပေးခြင်းနည်းက ထိရောက်တဲ့နည်းမှန်လမ်းမှန်တော့ မဟုတ်ပါဘူး။ အရေးယူခံရသူတွေ ထောင်ကထွက် လာရင် နောင်ကြဉ်သွားရမယ့်အစား ထောင်မကြောက်သူတွေသာ ပိုများလာတယ်။
ကျနော်တို့ငယ်ငယ်က ညချမ်းကာလတွေဟာ အေးချမ်းတယ်။ ဘာ ပူပင်သောကမှ မရှိဘူး။ ညပိုင်းကာလတွေမှာ အေး အေးချမ်းချမ်း အနားယူနိုင်တယ်။ ညစျေးတန်း စက်ဘီးစီးသွား၊ ဆီချက်ခေါက်ဆွဲစား၊ ဖာလူဒါသောက်၊ စာအုပ်အဟောင်းပုံ စိတ်ကြိုက် မွှေနှောက်၊ အပြန် ရုပ်ရှင်ဝင်ကြည့် အဲဒီလို အေးချမ်းတဲ့ ဘဝတွေ ပိုင်ဆိုင်ခဲ့တယ်။ လူငယ်တွေကိုလည်း ငွေ ကုန်ကြေးကျ နည်းနည်းနဲ့ အေးချမ်းတဲ့ဘဝမျိုး ရရှိစေချင်တယ်။
ပိုက်ဆံတွေကုန်မှ ပျော်ရွှင်တာမျိုးမဟုတ်ဘဲ ပိုက်ဆံမကုန် စိတ်လက်ပေါ့ပါးစွာ နေရခြင်းကလည်း ပျော်ရွှင်မှုကို ဖြစ်ပေါ် စေတယ်ဆိုတာ ကျနော်တို့ရဲ့ငယ်ဘဝတွေက သက်သေပါပဲ။ မြို့ပြညတွေ လုံခြံုအေးချမ်းစေဖို့ အားလုံးဝိုင်းဝန်း လုပ် ဆောင်ပေးကြစေလိုပါတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်သူနဲ့မှ အဆင်မပြေကြတဲ့ လမ်းလွဲလူငယ်တွေ ရှိနိုင်ပါတယ်။ သူတို့တတွေဟာ ကျနော်တို့ လူ့ အဖွဲ့အစည်းထဲက နိုင်ငံသားတွေသာဖြစ်ကြပါတယ်။ သူတို့ကို ပစ်မထားကြပါနဲ့။ ဖေးမကူညီစောင့်ရှောက်ပေးကြပါ။ နိုင်ငံ တည်ဆောက်ရေးမှာ သူတို့ရဲ့အားတွေလည်း လိုအပ်ပါတယ်။