ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းက ပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တွေရဲ့ မျက်နှာစုံညီအစည်းအဝေးကို တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ကနေတဆင့် တရုတ်နိုင်ငံ ရွှေလီမြို့ကို ဖြတ်ပြီး မိုင်ဂျာယန်ကို သွားခဲ့ပါတယ်။
တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်ကမြို့ဖြစ်တဲ့ မူဆယ်မြို့ကတော့ နေခြစ်ခြစ် တောက် ပူတဲ့ အောက်မှာ ဖုန်တလုံးလုံးထနေပြီး ကားလမ်းပေါ်က ဖုန်မှုန့်တွေဟာ လမ်းဘေး တလျှောက်မှာရှိတဲ့ ကုန်စုံ ဆိုင်တွေ၊ လက်ဖက်ရည် ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေထဲထိ လွင့်ပျံ့နေပါတယ်။ ဖုန်မှုန့်တွေများလို့ တချို့ခရီးသွား တွေဆိုရင် မျက်တောင်မွေး၊ မျက်ခုံးမွေးနဲ့ ဆံပင်တွေကို ဖြူလို့။
တရုတ်နိုင်ငံ ရွှေလီမြို့ဘက်ကူးလိုက်တော့ နှစ်နိုင်ငံ နယ်စပ်ဂိတ်လေးသာ ခြားထားပေမယ့် မတူညီတဲ့ မြင်ကွင်းတွေ ကွာခြားလွန်းတာ တွေ့ရပါတယ်။ လမ်းတွေ၊ တိုက်တာ အဆောက်အအုံတွေနဲ့ သစ်ပင်တွေ ထိန်းသိမ်းထားပုံတွေက မြို့မူဆယ်နဲ့ တော်တော်ကို ကွာခြားပါတယ်။ တချို့သစ်ပင်တွေများတဲ့ လမ်းတွေဆိုရင် မွန်းတည့်နေအောက်မှာ တောင် အအေးဓာတ်တွေ ရနေပါတယ်။
ကားပေါ်မှာ အတူပါလာတဲ့ မိတ်ဆွေ သတင်းထောက် တယောက်က “တရုတ်က တို့မြန်မာပြည်က မြေပေါ် မြေ အောက် သယံဇာတတွေသာ ရသမျှ အကုန်ယူတာ သူတို့နိုင်ငံကြတော့ လမ်းဘေးသစ်ပင်တောင် သေချာ ထိန်းသိမ်း ထား တယ်” ဆိုပြီး မချင့်မရဲပြောသေးတယ်။ လယ်ကွင်းတွေ၊ တောင်တန်းတွေနဲ့ မြို့ရွှေလီရဲ့မြင်ကွင်းတွေကလည်း တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
ရွှေလီမှာ လာကြိုပေးတဲ့ မြန်မာနိုင်ငံသူ မွန်နွယ်ဖွား အမျိုးသမီး မိတ်ဆွေ တယောက်က သူ့အိမ်လိုက်လည်ဖို့ ဖိတ်လို့ ကျနော်တို့လည်း ရောက်တုန်း ရောက်ခိုက်လိုက်လည်ကြတယ်။ ကျနော်တို့သွားရမယ့် နေရာလေးက ရွှေလီမြို့နဲ့ ၈ ကီလိုမီတာ လောက်ကွာဝေးတဲ့ နေရာ ဖြစ်ပါတယ်။ တရုတ်တက္ကစီတွေ ငှားပြီးသွားကြတယ်။ တရုတ်စကား မတတ် ပေမယ့် မိတ်ဆွေက ဒီနေရာကို ပို့လိုက်လို့ ကားဆရာကို မှာလိုက်တယ်။ ကားဆရာလည်း အဲဒီနေရာ ရောက်တော့ ရောက်ပြီဆိုတဲ့ သဘောနဲ့ လက်ဟန်ခြေဟန်ပြပြီး ဆင်းခိုင်းလိုက်ပါတယ်။
တရုတ်ပြည်က “နှစ်ပြည်တရွာ”
ကားရပ်ပေးတဲ့ နေရာရှေ့မှာတော့ တရုတ်ဘုံကျောင်းဝက မုခ်ဦးလိုမျိုး မုခ်ဝတခု တွေ့ရပါတယ်။ လေ့လာရေးခရီးသည် တွေ လည်း အဲဒီမုခ်ကို နောက်ခံထားပြီး အမှတ်တရ ဓာတ်ပုံတွေ တလှည့်စီ ရိုက်နေကြတာ တွေ့ရပါတယ်။ မုခ်ဝက တရုတ်စာ တွေနဲ့ ရေးထားတော့ ဘာမှန်းတော့ မသိပါဘူး။ လေ့လာရေး ခရီးသည်ကားကြီးတချို့ လမ်းဘေးချရပ်ပြီး ကားပေါ်က ဆင်းလာတဲ့ ခရီးသည်တချို့က မုခ်ဝရဲ့ရှေ့က လက်မှတ် အရောင်းဌာနလေးမှာ လက်မှတ် ဝယ်နေကြ တာ တွေ့ပါတယ်။
ခဏအကြာမှာတော့ ကျနော်တို့ကို အိမ်လည်ဖို့ဖိတ်တဲ့ မိတ်ဆွေက နောက်တက္ကစီတစီးနဲ့ အတူပါလာပြီး သူ့အိမ်သွားဖို့ ခေါ်ပါတယ်။ မိတ်ဆွေကိုမေးကြည့်လိုက်မှ ဒီမုခ်ဦးက “နှစ်ပြည်တရွာ” ထဲကို ဝင်တဲ့မုခ်ဦး။
ဝင်ကြေးကတော့ တယောက်ကို တရုတ် ယွမ် ၃၀ (ကျပ် ၅၀၀၀ ကျော်) ပါတဲ့။ မိတ်ဆွေကလည်း ဒီဝန်းထဲမှာ နေတဲ့ သူ၊ သူနဲ့ လိုက်သွားတော့ ကျနော်တို့ ဝင်ကြေးပေးစရာ မလိုပါဘူး။ သူကလည်း အဝင်မုခ်ဦး မဟုတ်တဲ့ ဘေးလမ်းက ပတ်ခေါ်သွားတယ်။
လမ်းအဝင်ရောက်တော့ ပုဂံက ရှေးဟောင်းစေတီလို ပုံတူကို ဆောက်လုပ်နေကြတာ တွေ့ရပါတယ်။ စေတီပေါ်မှာ အလုပ် လုပ် နေကြတဲ့ ပန်းရံဆရာတွေကလည်း မြန်မာစကား ပြောနေကြတာ သတိထားမိလိုက်ပါတယ်။ ဒါနဲ့ မိတ်ဆွေ နောက် လိုက်နေရင်းကနေ သူ့ကိုမေးတော့ ဒါက ပုဂံက စေတီပုံတွေကို ဒီမှာ ပုံတူပြန်ဆောက်နေတာတဲ့။ ဒီနှစ်ပြည်တရွာ ဆိုတာကလည်း မြန်မာ ပြည်က ရွာကို ဒီမှာ ပုံတူဆောက်တာလို့ပြောပါတယ်။ အကြောင်းစုံကို သိချင် ရင်တော့ သူ့အဖေကို မေးလို့ ဆိုပါတယ်။
နှစ်ပြည်တရွာရဲ့ အဝင်လမ်းမမှာတော့ ကလေးတွေလက်ဆွဲပြီး ထွက်လာတဲ့ မြန်မာ အမျိုးသမီးတချို့ကို ထပ်တွေ့ရ ပါ တယ်။ ရွာအဝင်လမ်းကလေးရဲ့ ဘေးမှာတော့ စိမ်းစိုနေတဲ့ စပါးခင်းတွေ၊ ကျွဲကောခြံတွေနဲ့ စိုက်ခင်းခြံတချို့ကို ဓနိမိုး၊ ဝါးထရံကာ အိမ်လေးတွေနဲ့ မြန်မာပြည်ထဲက ရွာလေးအလား ထင်မှတ်လောက်အောင် လုပ်ထားတာတွေ့ရပါတယ်။
ရွာထဲဝင်လာရင်းနဲ့ တနေရာမှာ ရွှေတိဂုံပုံတူ စေတီကြီးတဆူကိုပါ တွေ့မြင်ရပါတယ်။ စေတီရဲ့ ခြေရင်းနားမှာတော့ နှစ်ပြည် တရွာ လို့ တရုတ်-မြန်မာ နှစ်ဘာသာနဲ့ရေးထားတဲ့ အုတ်တိုင်ကိုတွေ့မြင်ရပါတယ်။ သိပ်မကြာပါဘူး။ မိတ်ဆွေ အမျိုးသမီးရဲ့ ဖခင် ဦးမြတ်ခေါင်နဲ့ တွေ့ခွင့်ရလိုက်ပါတယ်။ မြန်မာပြည်က ဧည့်သည်တွေလာတယ်လို့ သိလိုက်ရတဲ့ ဦးမြတ်ခေါင် က အလုပ် လုပ် နေရင်းက ထလာတာပါ။
ရည်မွန်တဲ့ အပြုံးနဲ့ ဆံပင်ရှည်ထားထားတဲ့ ဦးမြတ်ခေါင်ရဲ့ လက်တွေမှာ၊ အကျင်္ီမှာနဲ့ ဘောင်းဘီတွေမှာတော့ ဘီလပ် မြေတွေ ပေကျံ နေတာ တွေ့ရပါတယ်။ ကျနော်က သူ့ကို “နှစ်ပြည်တရွာ” အကြောင်း စိတ်ဝင်စားလို့ စပ်စုတော့ သူက စိတ်ရှည်လက်ရှည် ရှင်းပြပါတော့တယ်။
၁၉၆၀ ပြည့်နှစ်က တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရတွေက နိုင်ငံ နယ်စပ်မျဉ်းသတ်မှတ်လိုက်တဲ့ အခါမှာ နယ်စပ်မျဉ်း ပေါ် ကျရောက်နေတဲ့ ရွာလေးက နှစ်ရွာကွဲသွားပါတယ်။ အဲဒီရှမ်းရွာလေးကို အမှီပြုပြီးတော့ တရုတ် ခရီးသွား လုပ်ငန်း ရှင် သူဌေးတဦးက မြေဧက ၆၀ ကျော်ဝယ်ယူပြီး “နှစ်ပြည်တရွာ” လို့ အမည် တပ်ထားတာဖြစ်ပါတယ်။ တရုတ်လိုက တော့ ယိကျိုင်လျန်းကော် (Yi Zhai Liang Guo) လို့ခေါ်ပါတယ်။
တရုတ်ပြည်၊ မြန်မာပြည် နှစ်ပြည်ကနေ ကွဲထွက်သွားတဲ့ ရွာလေးကို အခြေခံပြီး “နှစ်ပြည်တရွာ” ရယ်လို့ အမည် တပ် ထားလို့ စီးပွားရေးအရ ခရီးသွားတွေအတွက် အဓိက ပစ်မှတ်ထားပြီး ၂၀၁၂ ခုနှစ်က တည်ဆောက် ခဲ့တာလို့သိရပါ တယ်။ “နှစ်ပြည်တရွာ” ရဲ့ ပုံသဏ္ဍာန်က ရန်ကုန်က တိုင်းရင်းသား ကျေးရွာနဲ့တောင် ခပ်ဆင်ဆင်ရယ်ပါ။
ဒီသူဌေးကလည်း ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့ အထဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိပ်တန်း ၁၀ ဦး စာရင်းမှာပါဝင်ခဲ့သူလို့ ဦးမြတ်ခေါင် က ပြောပါတယ်။ “နှစ်ပြည်တရွာ” ရဲ့ ပိုင်ရှင် တရုတ်သူဌေးဟာ ဒီအလုပ်ကို မလုပ်ခင် မြန်မာနိုင်ငံက မန္တလေးမြို့မှာ ၂ နှစ်လောက် ဆပ်ပြာ သွားရောင်း ခဲ့သူ လို့ ဆိုပါတယ်။
မန္တလေးမှာ ဆပ်ပြာရောင်းစဉ်အခါက သူ့အလုပ်သမား ဖြစ်ခဲ့သူတွေကို တရုတ်ပြည်မှာ ခရီးသွားလုပ်ငန်းနဲ့ အောင်မြင် နေချိန်မှာ ခေါ်ယူပြီး သူ့ရဲ့ကုမ္ပဏီမှာ အလုပ်တွေ ပေးထားတယ်လို့ ဆိုပါတယ်။ သူ့မှာလည်း ခရီးသွားလုပ်ငန်း ကုမ္ပဏီ အပြင် ကျောက်စိမ်း ကုမ္ပဏီနဲ့ အခြားလုပ်ငန်းတွေလည်း ရှိတယ်လို့ သိရပါတယ်။
“နှစ်ပြည်တရွာ” ပိုင်ရှင် အနေနဲ့ မြန်မာ့ နိုင်ငံရေး အပြောင်း အလဲကို စောင့်ကြည့်နေပြီး အခြေအနေ ပေးလာရင် ခရီးသွား ဧည့်သည်တွေအတွက် ရည်ရွယ်ပြီး ပူတာအိုနဲ့ မြစ်ကြီးနားတို့မှာလည်း “နှစ်ပြည်တရွာ” လို အလားသဏ္ဍာန် တူတဲ့ လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ ရည်ရွယ်ချက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် “နှစ်ပြည်တရွာ” ရဲ့ ပိုင်ရှင်ဟာ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်မြို့နားမှာလည်း ကချင်တိုင်းရင်းသားတို့ရဲ့ ရိုးရာ တခုဖြစ်တဲ့ မနောကွင်းကြီးကိုလည်း တည်ဆောက်ထားပြီး လက်ရှိအချိန်မှာတော့ ခရီးသွား ဧည့်သည်တွေကို အခမဲ့ ဝင် ရောက်လေ့လာခွင့်တွေပေးထားတယ်လို့သိရပါတယ်။ ခရီးသွားတွေ အဝင်အထွက်များလာတဲ့ အချိန် ရောက်လာ ရင်တော့ ဝင်ကြေး ကောက်တော့မယ်လို့ ဆိုပါတယ်။
ရွှေလီမြို့မှာ လက်ရှိဆောက်လုပ်နေဆဲ ဖြစ်တဲ့ “နှစ်ပြည်တရွာ” ထဲမှာ တရုတ်ပုံစံနဲ့ ပြုလုပ်ထားတဲ့ ရေတွင်းလေးလည်း ရှိ ပါတယ်။ အဲဒီရေတွင်းဟာ နယ်စပ်က ရွာလေး နှစ်ခြမ်း ကွဲမသွားခင်တုန်းက အတူသောက်ခဲ့ကြတဲ့ ရေတွင်းလေးလို့ ဆို ပါတယ်။ ခရီးသွားတွေကတော့ အဲဒီရေတွင်းလေးနားရောက်ရင် အမှတ်တရဓာတ်ပုံတွေရိုက်ကြတာတွေ့ရပါတယ်။
ဒါ့အပြင် “နှစ်ပြည်တရွာ” ရွာထဲမှာ ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးစေတီ၊ နဲ့ ပုဂံက စေတီပုံတချို့ကို တွေ့မြင်ရသလို သေသပ် လှပတဲ့ ဓနိမိုး ဝါးထရံကာနဲ့ အိမ်တွေကိုလည်း တွေ့ရပါတယ်။ ရေကန်လေးနဲ့တွဲပြီး အင်းလေးကအိမ်တွေလို အလား သဏ္ဍာန် တူ ဆောက်လုပ်ထားတဲ့ အိမ်တွေရဲ့ ဝါးထရံတွေကို ယက်လုပ်ပေးနေတဲ့ သူတွေဟာ သဲတော-ဝမ်းတွင်းဘက်က ဝါးထရံ ယက်လုပ်တဲ့ ကျွမ်းကျင်သူတွေကို ခေါ်ခန့်ထားတာလို့ ဆိုပါတယ်။
“နှစ်ပြည်တရွာ” ဟာ ဆောက်လုပ်နေဆဲ ကာလမှာတောင် ခရီးသွားတွေက အဆက်မပြတ်ဝင်ရောက် လေ့လာ နေကြ တာ တွေ့ရပါတယ်။ တရုတ်ပြည်မကြီးကနေ ခရီးသွား ကုမ္ပဏီတွေနဲ့ ချိတ်ပြီး လာလည်တဲ့ ဧည့်သည်တွေဟာ တရက် ကို အယောက် ၃၀၀၀ လောက် ပုံမှန်လာရောက် လည်ပတ်ကြတယ်လိို့ ဆိုပါတယ်။
ဧည့်သည် လာလည်တဲ့ ဝင်ကြေးကရတဲ့ ဝင်ငွေတင် တရက်ကို ကျပ် သိန်း ၁၅၀ အထက်မှာ ရှိတယ်လို့ သိရပါတယ်။ သင်္ကြန်ကာလ၊ တရုတ် နှစ်သစ်ကူး ကာလနဲ့ အားလပ်ရက်တွေမှာဆိုရင် ခရီးသည် သိန်းဂဏန်းလောက် အထိဝင်ပြီး ကားရပ်စရာ နေရာတောင် မလောက်တဲ့ အထိဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာပြည်ကို တကူးတက မသွားနိုင်သေးတဲ့ တရုတ်နိုင်ငံသားတွေအဖို့တော့ “နှစ်ပြည်တရွာ” ဟာ မြန်မာပြည် က ထူးခြား တဲ့ နေရာတွေက အငွေ့အသက်လေးတွေကို ဒီနေရာမှာ တစုတစည်းတည်း မြင်ခွင့်ရကြပါတယ်။
တကယ်တော့ နယ်စပ်မျဉ်းကြောင့် ကွဲသွားတဲ့ ရွာလေးကို ရည်ရွယ်ပြီး “နှစ်ပြည်တရွာ” လို့ အမည် တပ်ထားပေမယ့် ကွဲသွားတဲ့ ရွာလေးထဲက အကြောင်းအချက် အနည်းငယ်သာ ဒီရွာလေးထဲမှာ ရှိတာပါ။ ရွာထဲက ဘုရားစေတီတွေ ဆိုရင် မြန်မာနိုင်ငံက ခရီးသွားဧည့်သည်တွေ အများအပြား သွားလာကြတဲ့ အထင်ကရ နေရာတွေက ဘုရား၊ စေတီ ပုထိုးတွေကို အဓိကထားပြီး စုထားတဲ့ သဘောပါ။
ဓနိမိုး၊ ဝါးထရံကာအိမ်တွေဆိုရင်လည်း အင်းလေးရေကန်ထဲက အိမ်လေးတွေကို မှီငြမ်းထားတာတွေ့ရပါတယ်။ အဲဒီ အိမ်လေးတွေကိုတော့ ပြန်ငှားပြီး အိမ်ထဲမှာ မြန်မာနိုင်ငံက လာတဲ့ ပန်းချီ၊ ပန်းပုနဲ့ မြန်မာပြည်ဖြစ် ပစ္စည်းတချို့ကို ရောင်းပါတယ်။ နောက်ပိုင်းဆိုရင်တော့ ပုသိမ်ထီးနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ အကြိုက်တွေ့မယ့် အမှတ်တရ ပစ္စည်းတွေကို တင်ဖို့ရှိတယ်လို့ သိရပါတယ်။
နှစ်ပြည်တရွာ ဗိသုကာ တာတေ
“နှစ်ပြည်တရွာ” ရဲ့ ဗိသုကာ ပညာရှင်ကတော့ အသက် ရ၀ အရွယ် မွန် တိုင်းရင်းသား ဦးမြတ်ခေါင် ဖြစ်ပါတယ်။ ဒီ တရွာလုံးရဲ့ စေတီပုထိုးတွေ၊ အဆောက်အအုံတွေက သူကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဦးဆောင် တည်ဆောက်ခဲ့တာ တွေ ဖြစ်ပါတယ်။ “နှစ်ပြည်တရွာ” ထဲမှာ သူဌေးကလွဲရင် အလုပ်သမား အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ စုစုပေါင်း မြန်မာ အလုပ်သမား ၁၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
ဆံပင်ရှည်ရှည်ထားပြီး လွတ်လပ်ပေါ့ပါးစွာနေထိုင်ပြောဆိုတတ်တဲ့ ဦးမြတ်ခေါင်ကို မင်းသိင်္ခဝတ္ထုတွေထဲက ဇာတ်ကောင် တဦးဦးနဲ့တူတယ်လို့ခံစားမိလို့ သူ့ငယ်ဘဝ အကြောင်းစပ်စုမိပါတယ်။ သူကိုယ်တိုင်ကလည်း အဲဒီလို ဇာတ်လမ်းတွေထဲက ဇာတ်ကောင် တဦးလို ထူးချွန်သူလို့ ဆိုရမှာပါ။
နောက်တခုက သူကိုယ်တိုင်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်မှာရှိတဲ့ ဘုရင့်နောင် ရုပ်ရှင်ရုံ နား က အိမ်မှာ ကိုအောင်ထွန်း လို့ ခေါ်တဲ့ စာရေးဆရာ မင်းသိင်္ခ ထောင်က ထွက်လာစဉ်က အတူနေ အတူစားခဲ့ဖူးတဲ့ မိတ်ဆွေ ရင်းချာ တယောက်ဖြစ်ခဲ့ပါတယ်။
ဦးမြတ်ခေါင်ဟာ ငယ်စဉ်ကတည်းက အတန်းကျောင်း မနေခဲ့ရပါဘူး။ မြန်မာစာကို ဘုန်းကြီးကျောင်းမှာပဲ သင်ခဲ့ရပြီး ဘုန်းကြီးကျောင်းက ထွက်ပြီးတဲ့နောက် သူ့ရဲ့ အိပ်စရာနေရာတွေဟာ ပန်းဆိုးတန်း ခုံးကျော်တံတားနဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် လို့ဆိုပါတယ်။ အဲဒီအချိန်တုန်းက သူ့ရဲ့ အပေါင်းအသင်း မိတ်ဆွေတွေဆိုတာ ခိုးဆိုးလုနှိုက်နေကြတဲ့ မိတ်ဆွေတွေချည်းပဲလို့လည်း ပြောပါတယ်။
တခါတရံမှာ သူကိုယ်တိုင်ကလည်း ငွေလိုတဲ့အခါမှာ ခိုးတဲ့ နှိုက်တဲ့ အလုပ်ကို လုပ်ခဲ့ဖူးတယ်လို့ ပြောပြပါသေးတယ်။
အဲဒီအချိန် လမ်းပေါ်မှာ ကျင်လည်နေတဲ့ ကာလတုန်းကတော့ သူ့နာမည်ကို အောင်ချစ်မင်း၊ ကိုစံရှား၊ ကိုတာတေ စသဖြင့် လမ်းပေါ်ကနာမည် အမျိုးမျိုးပေးထားပြီး တာတေ ဆိုတဲ့ နာမည်ကတော့ အထင်ရှားဆုံး လူသိများတဲ့ နာမည် လို့ ဆိုပါတယ်။
ဦးမြတ်ခေါင်က လမ်းပေါ်မှာ နေခဲ့တဲ့ဘဝကို သူအရမ်းကြိုက်နှစ်သက်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအချိန်တုန်းက ပေါင်းခဲ့တဲ့ အပေါင်းအသင်းတွေဟာ အချင်းချင်းအပေါ်မှာ သိပ်ကောင်းတယ်။ သိပ်ပျော်စရာကောင်းတယ် လို့ကို အရင်တုန်းက တာတေ ဘဝကို ညွှန်းပါတယ်။
သူကိုယ်တိုင်ကလည်း အဲဒီဘဝကို တကယ် လွမ်းဆွတ်ပုံ ရပါတယ်။
နောက်ပိုင်းမှာတော့ ပန်းချီဆရာလိုင်းထဲရောက်ပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်က ဘုရင့် ရုပ်ရှင်ရုံမှာ ရုပ်ရှင် ပိုစတာတွေကို ပင်တိုင်ဆွဲရင်းအသက်မွေးဝမ်းကျောင်းခဲ့ရပါတယ်။ အင်္ဂလိပ်စာကိုတော့ လမ်းဘေးမှာပဲ သင်ခဲ့ ရပြီး အခု အသက် ရ၀ အရွယ်အထိ သင်ယူနေတုန်းလို့ ဆိုပါတယ်။
ဘဝကို ပုံစံအမျိုးမျိုးနဲ့ ရုန်းကန်ရင်း တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့မှာ အခြေချပြီး အသက်မွေးဝမ်းကျောင်း ခဲ့ရာက သူ့ရဲ့ ပန်းချီလက်ရာကို သဘောကျတဲ့ တရုတ်သူဌေးက “နှစ်ပြည်တရွာ” စီမံကိန်းမှာ လုပ်ကိုင်ပေးဖို့ ကမ်းလှမ်း လာ ရာ ကနေ “နှစ်ပြည်တရွာ” မှာ ကိုယ်တိုင် ဒီဇိုင်းဆွဲ၊ ကိုယ်တိုင် ပန်းရံဆရာ လုပ်ဖြစ်သွားတာလို့လည်း ပြောပါတယ်။
ဦးမြတ်ခေါင် လို့ခေါ်တဲ့ ရန်ကုန်သားကြီး ကိုတာတေဟာ လာမယ့် ၂၀၁၇ ခုနှစ်ထဲမှာ ပင်စင်ယူတော့မှာ ဖြစ်ပါတယ်။
သူအနား မယူခင်ကာလ အတွင်းမှာတော့ “နှစ်ပြည်တရွာ” ထဲမှာ စေတီ အဆူ ၃၀ လောက် တည်သွားမယ်လို့ ဆိုပါ တယ်။
အဲဒီ အထဲမှာ ပုဂံဘုရားတွေဖြစ်တဲ့ ရွှေစည်းခုံ၊ လောကနန္ဒာ၊ ထီးလိုမင်းလို၊ မနူဟာ နဲ့ ထင်ရှားတဲ့စေတီ တချို့ကို တည်ဆောက် သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီရွာထဲမှာပဲ မြန်မာပြည်က ရေကန်ကြီး တကန်ကို ပုံတူ တူးဖော်ဖို့ လည်း ရှိတယ်လို့ သိရပါတယ်။
ဦးမြတ်ခေါင်ဟာ ဒီအရွယ်အထိ ကြံုတွေ့ခဲ့ရတဲ့၊ ဒုက္ခ၊ သောကတွေ ကြားထဲကနေပဲ ထူးချွန်တဲ့ လူတယောက် ဖြစ်လာ အောင် ကြိုးစားခဲ့သူပါ။ သူကိုယ်တိုင်ကလည်း မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေကို ဖြစ်အောင် ကြိုးစားချင်တဲ့ စိတ်ရှိသူ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိသူလို့ ဆိုရပါမယ်။
ငယ်စဉ်က လမ်းဘေးမှာ ခိုးဆိုးလုနှိုက်သူတွေနဲ့အတူနေ၊ အတူစား၊ အတူအိပ်ပြီး လူမိုက်တွေလို့ အုပ်စုဖွဲ့ရိုက်နှက် နေထိုင် လာခဲ့တဲ့သူတဦး ဘဝကနေ လက်ရှိဘဝမျိုးဖြစ်လာဖို့ အချိန်တွေကို ချွေးတွေနဲ့ ရင်းပြီး ပေးဆပ်ခဲ့ရပါတယ်။ အခုအချိန်ထိလည်း အလုပ်ကို နုပျိုဖျတ်လတ်စွာနဲ့ ကိုယ်တိုင် လုပ်ကိုင်နေတဲ့သူ တယောက်ဆိုတာ တွေ့မြင်ခဲ့ရပါ တယ်။
သူ့အကြောင်းတွေကို စပ်စုလို့ အားမရသေးပေမယ့် ကျနော်တို့ မိုင်ဂျာယန်မြို့ကို အချိန်မီ အရောက်သွားရမှာဖြစ်တဲ့ အတွက် သူ့ရုံးခန်းထဲက ဧည့်မှတ်တမ်းစာအုပ်မှာ ကျနော်နဲ့ အတူ သတင်းထောက်တွေတချို့လိုက်ပြီး ဧည့်လက်မှတ် တွေထိုးခဲ့ကြပါတယ်။ မှတ်တမ်းတွေထဲမှာတော့ မြန်မာပြည်က နာမည်ကြီးစာရေးဆရာတွေ၊ ပန်းချီဆရာတွေရဲ့ လက်မှတ် တွေ ကိုလည်း တွေ့ခဲ့ရပါတယ်။
ဧည့်မှတ်တမ်းမှာ လက်မှတ်ရေးထိုးပြီး နောက်မှာတော့ ကျနော်တို့ အဖွဲ့ မိုင်ဂျာယန်ကို ခရီးဆက်ဖို့ စောင့်နေတဲ့ ကားပေါ် တက် ခဲ့ကြပါတယ်။ ဦးမြတ်ခေါင်ကလည်း ကားနားအထိ လိုက်ပို့ပါတယ်။ ဦးမြတ်ခေါင်းဟာ မြန်မာပြည်က လာတဲ့သူတွေနဲ့ စကားပြောလို့ ဝသေးပုံ မပေါ်သေးတာ သူ့မျက်နှာပေါ်မှာ အထင်းသား မြင်နေရပါတယ်။
ကားထွက်တော့မယ် လုပ်တော့ ကျနော်သူ့ကို “ကဲပြန်တော့မယ် ရန်ကုန်သား ကိုတာတေကြီးရေ။ အခွင့်ကြံုရင်တော့ ပြန်ဆုံချင်ပါသေးတယ်” လို့ နှုတ်ဆက်လိုက်တော့ ကိုတာတေ မျက်လုံးအိမ်မှာ မျက်ရည်စို့လာပြီး ကားနားတိုးလာပါ တယ်။
“နှစ်ပေါင်းများစွာ ကင်းကွာနေတဲ့ ငါ့ရဲ့နာမည်ကို မင်းခေါ်လိုက်တာ ငါ့စိတ်ထဲ တော်တော် ပျော်သွားတယ်။ ဘယ်လို မှန်းကို မသိဘူး။ တခုခုကို လွမ်းသလိုမျိုး တမျိုးကြီး ခံစားရတယ်ကွာ” ဆိုပြီး ရင်လှိုက်သံကြီးနဲ့ ပြန်ပြောပါတယ်။
သူပြောနေရင်းမှာပဲ ကချင်ပြည်နယ် မိုင်ဂျာယန် မြို့ဘက်ကိုသွားမယ့် ကျနော်တို့ ကားလေး စထွက်ပါတယ်။ ကား ထွက်သွား ပေမယ့် ကိုတာတေကြီးကတော့ လက်ပြနှုတ်ဆက်ရင်း “နှစ်ပြည်တရွာ” ရဲ့ ရွှေတိဂုံဘုရား ခြေရင်းမှာ ကျန်ခဲ့ ပါတော့တယ်။ ။