“ယောကျ်ားလေးမွေးရင် ဘိန်းစား၊ မိန်းကလေးမွေးရင် ပါဂျဲရိုး ကား” ဆိုတဲ့ အရပ်စကား ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း အတွက် အလွန်ကို ကိုက်ညီတဲ့ စကားတခုဆိုပြီး ဒေသခံတွေက ပြောဆိုနေကြပါပြီ။
ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ အိမ်တိုင်းနီးပါးမှာ ယောကျ်ားလေး မွေးဖွားလာရင် ဘိန်းစားတွေ ဖြစ်သွားပြီး အိမ်အတွက်အသုံး မကျတဲ့ သူတွေ ဖြစ်သွားတတ်တာကြောင့် မိဘတွေက သမီးလေး မွေးဖွားလိုကြပြီး မွေးလာချိန်မှာလည်း မိသားစုအတွက် အထောက်အပံ့ရမယ့် သမီးလေးဆိုပြီး ပျော်ရွှင်ကြတာကိုလည်း တွေ့မြင်ကြရပါတယ်။
မိန်းကလေးမွေးလာရင် တချို့မိဘတွေက အိမ်တလုံးနဲ့ ပါဂျဲရိုးကား ရအောင် ကိုယ့်သမီးရဲ့အပျိုစင်ဘဝ ရောင်းစားကြတာ မျိုး ရှိသလို၊ တချို့မိဘတွေကလည်း သမီးတွေကို ပိုက်ဆံရှိတဲ့ ယောကျ်ားတွေနဲ့ လက်ထပ်ပေးဖို့ မိဘတွေ ကိုယ်တိုင် လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်နေပါတယ်လို့ တာချီလိတ်မြို့က လားဟူ အမျိုးသမီး တဦးလည်းဖြစ် အမျိုးသမီး အရေးကို တက်ကြွ လှုပ်ရှားနေသူ တဦးလည်း ဖြစ်တဲ့ ရှဲမေက ပြောပြပါတယ်။
“ကျမတို့ဆီမှာ အမျိုးသမီးငယ်တွေကို ထိုင်းကို ရောင်းစားတာတွေ၊ တရုတ်ကို ရောင်းစားတာတွေ အရမ်းလုပ်တယ်။ ဒီလို လုပ်ရပ်က ကျေးရွာပိုင်းက မိဘတွေပိုများတယ်။ တချို့အမျိုးသမီးတွေကလည်း မိဘကို ကျေးဇူးဆပ်တယ်ဆိုပြီး မိဘ ပြောသမျှ လုပ်ပေးကြတယ်”လို့လည်း ရှဲမေက ပြောပါတယ်။
တာချီလိတ်မြို့ပေါ်နဲ့ ကျေးရွာတွေရှိ ဒေသခံတွေဟာ အလုပ်အကိုင် ရှားပါးမှု ရှိတဲ့အတွက် ထိုင်းနဲ့မိုင်းလားကို အဓိက သွားရောက် လုပ်ကိုင်နေကြရပြီး အလုပ်ခေါ်ပွဲစားတွေပေါ် မူတည်ပြီး လူကုန်ကူူးခံရတတ်တယ်လို့ မရှဲမေက ဆိုပါတယ်။
နယ်စပ်ဒေသတဝိုက်မှာ နေထိုင်သူတွေဟာ စစ်ဖြစ်ပွားမှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အဆင်မပြေမှုတွေကြောင့်နယ်စပ်မှာရရာအလုပ်ကို လုပ်နေကြရပါတယ်။ အဲဒီအပြင် အသိပညာ ဗဟုသုတ မရှိတဲ့ အတွက် ငွေရရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အယုံလွယ်တာတွေကြောင့် လူကုန်ကူးခံကြရမှုတွေရှိကြောင်း သိရပါတယ်။
တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ကလည်း ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံ နယ်စပ်မြို့ ရွှေတြိဂံ ဒေသ ဖြစ်တဲ့အတွက် လူကုန်ကူးမှု အပိုင်းမှာ အခြား ဒေသတွေထက်ပိုပြီး ဆောင်ရွက်နေရပါတယ်လို့ ပြောပြပါတယ်။
“လူကုန်းကူးမှုအများဆုံးက ပြည့်တန်ဆာလုပ်ငန်းနဲ့ အပျိုရည်ဖောက်တာ။ အပျိုစင်ဘဝကို ရောင်းလိုက်ရတာပါ”လို့ တာချီလိတ်ခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စိပ် ရဲမှူး ဒေါ်ရင်ရင်အေး က ပြောပါတယ်။
လွန်ခဲ့တဲ့တနှစ်က တာချီလိတ်မြို့ပေါ်က ဟိုတယ်တခုမှာ လားဟူ အမျိုးသမီးငယ်တဦး အပျိုစင်ဘဝ ရောင်းစားခံရလုဆဲ မှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အချိန်မီ ကယ်တယ်နိုင်ခဲ့သလို ကယ်တင်နိုင်ဖို့အတွက် ဟိုတယ် ဝန်ထမ်း တွေက ကူညီပေးခဲ့ပါတယ်လို့လည်း ဒေါ်ရင်ရင်အေးက ပြောပြပါသေးတယ်။
လားဟူ အမျိုးသမီးငယ်ကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် လူကုန်းကူးမှု သတ်မှတ်ချက်အရ အမျိုးသမီးငယ်ကို ခေါ်ဆောင် သွားတဲ့ ပွဲစားကိုတော့ လူကုန်ကူးမှုနဲ့ အမှုမဖွင့်နိုင်ခဲ့ကြောင်း၊ တခြား လူကုန်ကူးခံရမှုတွေကိုတော့ အမှုဖွင့်နိုင်ခဲ့ကြောင်း သိရပါတယ်။
“တချို့ သမီးငယ်လေးတွေဆိုရင် အရမ်းသနားဖို့ကောင်းတယ်။ သူတို့က အလုပ်ရမယ်ဆိုတာပဲ သိတယ်။ သူတို့ အပျိုစင် ဘဝကို ရောင်းစားခံရမယ်လို့ မသိရဘဲ လိုက်သွားကြတာ။ ကျမ ကယ်လာတဲ့ အမျိုးသမီးငယ်တွေ တော်တော်များများ ရှိပါတယ်”လို့ ဒေါ်ရင်ရင်အေးက ပြောပါတယ်။
တချို့မိဘတွေက သမီးတွေရဲ့အပျိုစင်ဘဝ ဆုံးရှုံးခံရမယ်တာ မသိသလို၊ တချို့မိဘတွေက သိလျက်နဲ့ လုပ်ဆောင်ကြတာ မျိုး ရှိနေတယ်လို့ တာချီလိတ် ဒေသခံတွေကလည်း ပြောပြပါတယ်။
တာချီလိတ်မြို့ လက်ဖက်ရည်ဆိုင်မှာ အလုပ်ရမယ်ဆိုပြီး ပွဲစားက လိမ်ညာ ခေါ်ယူမှုကြောင့် ပြည့်တန်ဆာ အခန်း ရောက် သွား တဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။
“ကျမတို့ တောင်ကြီးက ၈ ယောက်အုပ်စုကို တာချီလိတ် လက်ဖက်ရည်ဆိုင်မှာ အလုပ်ရမယ်ဆိုပြီး ပွဲစားသားအမိ ၂ ယောက် က ခေါ်ပါတယ်။ ကျမတို့ တာချီလိတ်ရောက်တော့ လက်ဖက်ရည်ဆိုင်မှာ မလုပ်ရဘဲ ပြည့်တန်ဆာအခန်း ရောက် သွား တယ်။ ကျမ ယောကျ်ားတွေနဲ့ အတူမနေချင်ဘူး။ အလုပ်မလုပ်ချင်ဘူးလို့ ပြောတော့၊ ကျမကို ပိုက်ဆံပေးပြီး ခိုင်းထားတာ ဆိုပြီး လုပ်ရတယ်”လို့ တောင်ကြီးမြို့က မပပက ပြောပြပါတယ်။
သူက ပြည့်တန်ဆာအိမ်မှာ ၄ရက် နေခဲ့ရပြီးနောက် အဲဒီနေရာကနေ တိတ်တဆိတ် ထွက်ပြေးကာ တာချီလိတ်မြို့ တက္ကစီ သမားတဦးကို အကူအညီ တောင်းခဲ့ပါတယ်။ တက္ကစီသမား ကနေ တဆင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဆီ ရောက်ခဲ့တယ်လို့ မပပ က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကိုလည်း ရှင်းပြပါတယ်။
တောင်ကြီး က အမျိုးသမီး ၈ဦး ကို ကယ်ထုတ်ခဲ့ပြီး ပြည့်တန်ဆာ အခန်းကို ပို့ခဲ့တဲ့ သားအမိ ၂ဦးကို လူကုန်ကူး ဥပဒေ ပုဒ်မ၂၄ ၊ ၂၅ နဲ့ အမှုဖွင့်ခဲ့ပြီး ပွဲစားတဦးကိုတော့ ထောင်ဒဏ် ၁၁ နှစ်၊ နောက် လူခေါ်ပေးတဲ့ အမျိုးသမီးကိုတော့ ထောင် ဒဏ် ၁၇ နှစ် ချခဲ့တယ်လို့ သိရပါတယ်။
အသက်၂၅ နှစ်ရှိ မိုင်းယောင်းမြို့နေ ရှမ်းအမျိုးသမီး တဦးကလည်း “အရင်က အမျိုးသမီးငယ်တွေ လူကုန်းကူးခံရတဲ့ ကိစ္စ များ တယ်။ အခုနောက်ပိုင်းမှာတော့ အမျိုးသမီး တွေရဲ့အပျိုစင်ဘဝကို သူေဋ္ဌးတွေဆီ ရောင်းတာ။ ဒါတွေကလည်း အသိုင်း အဝန်း နဲ့ ဆွေမျိုးတွေနဲ့ ဆိုင်တယ်။ ကျမတို့ဘက်က ပုံမှန်ဖြစ်နေတဲ့ ကိစ္စတခုပါ”လို့ ပြောဆိုပါတယ်။
လူကုန်ကူးခံရတဲ့ အမျိုးသမီးငယ်တွေအများစုမှာ ကျေးရွာတွေဘက်က ပိုများပါတယ်။ ကျေးရွာရှိ အမျိုးသမီးငယ်တွေက စည်းရုံးရတာ ပိုလွယ်ပြီး အသိပညာ ဗဟုသုတ နည်းတဲ့အတွက်ကြောင့် လူကုန်ကူးခံရတာ ပိုလွယ်တယ်လို့ ဒေသခံ တချို့က ရှင်းပြပါတယ်။
“ကျနော်တို့ဆီမှာ အလုပ်အကိုင်တွေ မရှိဘူး။ တောင်ယာတွေဆိုရင်လည်း အရင်လိုလုပ်ကိုင်ရတာ အဆင်မပြေတော့ဘူး။ ရာသီဥတုတွေ၊ ပြီးတော့ သံယံဇာတတွေ ပျက်စီးလာတဲ့အတွက် လူငယ်တွေက ထိုင်းကိုသွားပြီး အလုပ်လုပ်နေရတယ်။ အလုပ်ကောင်း၊ မကောင်း ကတော့ ပွဲစားတွေ ပေါ်မူတည်တယ်”လို့ တာချီလိတ်မြို့က ဆိုင်ကယ် တက္ကစီသမား ဦးအောင်ကျော် က ပြောပါတယ်။
တာလေမြို့က အသက် ၃၀ ကျော် အမျိုးသမီး တဦးကလည်း “ကျမတို့ ဒေသမှာ ပညာတတ်တဲ့သူ မရှိဘူး။ ကျမတို့ဆီက ကလေး တွေ အများစုက အသက်အရွယ်ရတာနဲ့ ထိုင်းကိုသွား အလုပ်လုပ်ကြတယ်။ တချို့ကတော့ ရွာအချင်းချင်းကနေ ခေါ်သွား ကြသလို တချို့ကတော့ ပွဲစားကနေတဆင့် သွားကြပါ တယ်”လို့ ပြောပြပါတယ်။
ကျေးရွာတွေက မိဘတွေကတော့ ကိုယ့် သား၊ သမီးတွေ အတွက် ပညာဖြည့်ဆည်းပေးမှုတွေ ပြုလုပ်တာ ရှားပါးပြီး၊ သား၊ သမီးတွေ အရွယ်ရောက်လာပါက မိသားစုစားဝတ်နေရေး ဖြည့်ဆည်းပေး ကူညီထောက်ပံ့ပေးဖို့သာ ဖြစ်ကြောင်း၊ သမီး ကလေး မွေးဖွား လာရင်လည်း ငွေရှိသူနဲ့သာ ပေးစားလိုစိတ်ရှိကြကြောင်း သိရပါတယ်။
“ကျေးရွာမှာနေတဲ့ သမီးငယ်တွေ ပိုများတယ်။ မြို့ထဲမှာလည်း ရှိတော့ရှိပါတယ်။ ကျေးရွာမှာက စည်းရုံးရတာ ပိုလွယ် တာ ပေါ့။ ဘာလို့လည်းဆိုတော့ ရွာသားအချင်းချင်း လုပ်တာ ပိုများတယ်။ ရွာသားအချင်းချင်း မလုပ်လောက်ဘူးဆိုတဲ့ အတွေး လည်း ပါကောင်းပါနိုင်တယ်”လို့ ဒေါ်ရင်ရင်အေးက ဆိုပါတယ်။
အမျိုးသမီးတွေရဲ့အပျိုစင်ဘဝ ရောင်းစားခြင်း ကိစ္စတွေက ပညာရေးနိမ့်ပါးမှု၊ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ ပိုပြီး သက်ဆိုင် နေတယ်လို့ ရှမ်းအရှေ့ပိုင်း အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပြည်တွင်းဌာန ပေါင်းစုံနဲ့ ပူးပေါင်း လုပ်ဆောင်သကဲ့သို့ မြို့တွင်း တက္ကစီ သမားတွေ၊ ကျေးရွာ ရပ်ကျေး စောင့်ကြည်အဖွဲ့တွေနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ World Vision နဲ့လည်း ပူးပေါင်း ဆောင်ရွက်ကြပါတယ်။
လူကုန်ကူးခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ အမျိုးသမီးတွေ အတွက်ကတော့ World Vision ကပံ့ပိုးတာ ရှိကြောင်း၊ လွတ်မြောက်လာတဲ့သူတွေ လုပ်ကိုင်ဖို့အတွက်လည်း အကူအညီ၊ အရင်းအနှီးတွေလည်း ပေးပါတယ်လို့ တာချီလိတ် မြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။
တာချီလိတ်မြို့က နယ်စပ်ဒေသမြို့ ဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတွေ လုပ် အားခ လစာ ခေါင်းပုံဖြတ် မခံရအောင်၊ အမျိုးသမီးငယ်တွေ တိုင်းတပါးက အမျိုးသားတွေဆီ ရောင်းစားမခံရအောင် လူကုန် ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့က သက်ဆိုင်ရာ လုပ်ငန်းရှင်တွေ၊ နယ်စပ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါ တယ် လို့ ရဲအုပ်လှဘုန်းကလည်း ပြောဆိုပါတယ်။
“ကျနော်တို့ကတော့နယ်စပ်ဂိတ်တွေအားလုံး နေ့စဉ်စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ပြီးတော့ ကျေးရွာက သတင်းတွေ ရရင် လည်းရသလိုလူကုန်းကူးမခံရခင်အချိန်မှီကယ်တင်နိုင်အောင်ကြိုးစား ဆောင်ရွက်ပါတယ်”လို့ ရဲအုပ်လှဘုန်းက ပြောပါ တယ်။
တာချီလိတ်ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး တပ်ဖွဲ့ အများဆုံးဖွင့်ခဲ့တဲ့ အမှုတွေမှာ အသက် ၁၈ နှစ်အောက် ပိုများ တယ်လို့ သိရပါတယ်။
လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၅နှစ်ကြား ဖြစ်ပေမယ့် တချို့ကတော့ တရားခံ ပေါ်မူတည်ပြီး တရားသူကြီးက ပြစ်ဒဏ်ချတယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပြပါတယ်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေး စတင်လုပ်ဆောင်တဲ့ ၂၀၁၀ ပြည့်နစ်တုန်းက လူကုန်ကူးအမှုတွေ အများဆုံး နှစ်ဖြစ်ပြီး တာချီလိတ်မြို့က ကျဉ်းတော့ ပွဲစားတဦးနဲ့ ဂိုဏ်းအဖွဲ့တဖွဲ့ကို ဖမ်းဆီးခဲ့တာကြောင့် လူကုန်ကူူးတဲ့ အလုပ်အများစု ငြိမ်သွား ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။
လူကုန်ကူးအမှုထဲမှာ အမျိုးသမီးငယ်တွေကို ခေါ်ယူမွေးစားမယ် ဆိုပြီး ပြည့််တန်ဆာအဖြစ် အလုပ်လုပ်ခိုင်းတာမျိုး ရှိ ကြောင်း၊ တိုင်းရင်းသား အချင်းချင်း၊ ကျေးရွာ ဒေသခံအချင်းချင်း လူကုန်ကူးတဲ့ အတွက် ဖမ်းဆီး စစ်ဆေးရာမှာ အခက် အခဲ ဖြစ်ရကြောင်း သိရပါတယ်။
“အမျိုးသမီးငယ်တွေရဲ့ အပျိုစင်ဘဝက ရောင်းဖို့မဟုတ်ပါဘူး။ ကျေးရွာက သမီးငယ်လေးတွေ ဘဝက အရမ်းသနားစရာ ကောင်းပါတယ်။ သမီးလေးတွေ အပျိုစင်ဘဝ၊ ပြည့်တန်ဆာဘဝ မရောင်းစားခံရဖို့ လူကုန်ကူးမခံရဖို့ ကျမတို့ အမြဲတမ်း ကြိုးပမ်း ဆောင်ရွက်နေပါတယ်”လို့ တာချီလိတ်ခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှရဲမှူး ဒေါ်ရင်ရင်အေး က ပြောပါတယ်။
အမျိုးသမီးငယ်တွေ အနေနဲ့လည်း မိဘတွေကို တခြားနည်းလမ်းတွေနဲ့ ကျေးဇူးဆပ်နိုင်ကြောင်း၊ ကျေးရွာက အမျိုးသမီး တွေကိုလည်း လူကုန်ကူးမခံရဖို့၊ အပျိုစင်ဘဝ မရောင်းဖို့အတွက် ပညာပေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရပါတယ်။
အမျိုးသမီးတွေရဲ့ဘဝက ရောင်းဖို့မဟုတ်ဘူးဆိုတာ လူတိုင်းသိဖို့ လိုအပ်ကြောင်း အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားနေ တဲ့ သူတွေက ပြောဆိုကြပါတယ်။
၂၀၁၅ စာရင်းများအရ မြန်မာနိုင်ငံက လူကုန်ကူးခံရသူ ၁၀၀ တွင် ကလေးသူငယ် ၁၅ ဦးနှုန်း ပါဝင်နေကာ လူကုန်ကူး ခံရသူ ၃ ဦးတွင် အမျိုးသမီး ၁ ဦးနှုန်း ပါဝင်နေကြောင်း သိရပါတယ်။
နိုင်ငံတဝန်းရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့များက ဖမ်းဆီးတရားစွဲဆို ခဲ့တဲ့ တရားခံပေါင်း ၂၆၄ ဦး ရှိပြီး တဖက် နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားခံ ၁၄၀ ရှိတယ်လို့လည်း ဆိုပါတယ်။
ပြည်ပ နိုင်ငံသားတွေနဲ့ အဓမ္မ လက်ထပ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ပြည့်တန်ဆာ ပြုခြင်း၊ ကလေးများကို ရောင်းစားခြင်းနဲ့ ကလေး မွေးစားပြီး လူကုန်ကူးခြင်း စတဲ့နည်းအမျိုးမျိုးနဲ့ လူကုန်ကူးခံရသူတွေကို မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့က၂၀၁၅ ခုနစ်မှာ ပြည်ပ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ကယ်တင်ခဲ့ရာ လူပေါင်း ၅၆၇ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ကယ် ဆယ် မရသူ ၇၄ ဦး ကျန်ရှိနေသေးကြောင်းလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
လူကုန်ကူးမှုအများဆုံးမှာ တရုတ်နိုင်ငံကို ၈၀ ရာခိုင်နှုန်း ဦးတည်နေကြောင်း၊ ပြည်တွင်း လူကုန်ကူးခြင်းက အမှု၂၁ မှုနဲ့ ဒုတိယ နေရာ ရှိနေပြီး ထိုင်းနဲ့ မလေးရှားနိုင်ငံကို ဦးတည် လူကုန်ကူးခြင်းက တတိယနဲ့ စတုတ္ထ နေရာမှာ ရှိနေကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ စာရင်းတွေမှာ ပါရှိပါတယ်။
မြန်မာနိုင်ငံ အစိုးရက အမျိုးသမီးတွေအပေါ် ခွဲခြားဖိနှိပ်ထားမှုများ အားလုံး ပပျောက်ရေး သဘောတူညီ စာချုပ် (CEDAW) စီဒေါ ကို ၁၉၉၇ ခုနှစ်မှာ စတင် လက်မှတ် ရေးထိုးခဲ့ပြီး ပထမ အကြိမ်ကို ၁၉၉၉ ခုနှစ်၊ ဒုတိယအကြိမ်နဲ့ တတိယ အကြိမ်ကို ၂၀၀၇ ခုနှစ်မှာ စီဒေါ ကေ်ာမတီသို့ အစီရင်ခံစာ တင်သွင်းခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှာ စတုတ္ထ အကြိမ်နဲ့ ပဉ္စမအကြိမ် အစီရင်ခံစာ ကို ပူးတွဲတင်ပြမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ။