မြန်မာပြည်နှင့် အိန္ဒိယ၊ တရုတ်သို့ ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ် မပြီးဆုံးခင်မှာ သမ္မတဦးထင်ကျော် အိန္ဒိယခရီးစဉ် သတင်းထွက်ပေါ်လာသည်။ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်မှ ပြန်ရောက်ပြီး နောက်တရက် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်သို့ ရောက်လာသည်။ သံတမန်ခင်း ဆက်သွယ်လှုပ်ရှားမှုများသည် မြန်ဆန်သွက်လက်သည်ဟု ဆို ရမည်။
ယခင်က အိန္ဒိယသည် မြန်မာပြည်အရေးနှင့်ပတ်သက်၍ တက်ကြွသက်ဝင်သည့် နိုင်ငံခြားရေးပေါ်လစီမရှိခဲ့ပေ။ အိန္ဒိယ၏ အာရုံစိုက်မှုမှာ တောင်အာရှဒေသတွင်သာ ဖြစ်သည်။ ၁၉၈၈ အရေးတော်ပုံကာလအပြီး အိန္ဒိယသည် မြန်မာပြည် ဒီမိုက ရေစီရေးကို ထောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရနှင့် ဆက်ဆံရေးကို ပြန်လည်တိုးမြှင့်ခဲ့သည်။
၁၉၈၈ အပြီး မြန်မာပြည်မှ ထွက်ပြေးလာသူလာသည့်သူများကို လက်ခံခဲ့သကဲ့့သို့ နောက်ပိုင်းတွင် အစိုးရအား ပုန်ကန်ရန် ကြိုးစားသည့် ရခိုင်အဖွဲ့အား ဖမ်းဆီးထောင်ချသည်ဆိုသည့်သတင်း၊ နဝတအစိုးရအား စစ်လက်နက်ရောင်းချသည်ဆို သည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
အိန္ဒိယသည် အာရှ၏အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည်ဆိုသော်လည်း သူ၏နိုင်ငံခြားရေးပေါ်လစီက မြန်မာပြည်နှင့် ပတ်သက်၍ စောင့်ကြည့်သည့်ပေါ်လစီသာ ကျင့်သုံးသည်ဖြစ်ရာ မြန်မာပြည်အရေးကိစ္စနှင့် ပတ်သက်၍ အိန္ဒိယ၏ ပေါ်လစီ သည် ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း မတည်ငြိမ်ခဲ့ဟု ဆိုရပါမည်။
သို့သော် ပြီးခဲ့သောနှစ်ပိုင်းများအတွင်း မြန်မာပြည်အတွင်း တရုတ်၏ တက်ကြွသော ခြေလှမ်းများက အိန္ဒိယအား ထိုးဆွပုံ ရသည်။ မြန်မာပြည်နှင့်ပတ်သက်သည့် အိန္ဒိယ၏ပေါ်လစီသည် စောင့်ကြည့်သည့်ပေါ်လစီမှ တက်ကြွလှုပ်ရှားသည့် ပေါ် လစီအဖြစ် ပြောင်းလဲလာသည်ကို တွေ့ရသည်။ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး စစ်တွေစက်မှုဇုန် တည်ဆောက်ရေး အိန္ဒိယအတွင်းပိုင်းမှ တမူး မိုးရေးသို့ မီးရထားလမ်းဖောက်လုပ်ရေးစသည့် အသံများ ကြားလာရသည်။
တချိန်တည်းတွင် ထိုင်းမြန်မာနယ်စပ် မဲဆောက် မြဝတီမှ မြန်မာပြည်ကို ဖြတ်၍ အိန္ဒိယသို့ အာရှ လမ်းမကြီးဖောက်လုပ်ရန် လျာထားလုပ်ဆောင်နေသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံဘက် ဖောက်လုပ်မှုအနေဖြင့် မြဝတီမှ ကော့ကရိတ်အထိ ဖောက်လုပ်ပြီးစီးပြီဖြစ်သည်။ ယခုနှစ်တွင် ကော့ကရိတ်မှ အိန္ဒု အထိ ဆက်လက်ချဲ့ထွင် လမ်းခင်းမည်ဟု သိရသည်။ အိန္ဒိယဘက်မှလည်း တမူးမှ ကလေးအထိ လမ်းပိုင်း ဖောက်လုပ်ပြီးစီးသော်လည်း တံတားများ ပြင်ဆင်ဆောက်လုပ်ရန် လို အပ်ဆဲ ဖြစ်သည်။
အိန္ဒိယတို့ ကံကောင်းသည်မှာ တရုတ်ပြည်မှ ကျောက်ဖြူသို့ လမ်းဖောက်ရန် ကြံရွယ်ခြင်းအား မြန်မာပြည်အား ၂ ပိုင်း ဖြတ်သကဲ့သို့ ဖြစ်မည်ဟု ကန့်ကွက်သူအချို့တွေ့နေရသော်လည်း ထိုင်းမှ အိန္ဒိယသို့ဖောက်လုပ်မည့် အာရှလမ်းမကြီးအား မြန်မာပြည်အား ၂ ပိုင်းဖြတ်သည်ဟု ပြောမည့်သူမရှိခြင်း ဖြစ်သည်။
ဖြေရှင်းရမည့် ပြဿနာ
မြန်မာ အိန္ဒိယ ၂ နိုင်ငံ ပူးပေါင််းဆောင်ရွက်မှုတွင် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာမှာ ၂ နိုင်ငံ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပြဿနာ ဖြစ်သည်။ ၎င်းပြဿနာကို ၂ နိုင်ငံ ပူးပေါင်း၍ နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်ပါမှ နယ်စပ် ဒေတည်ငြိမ်မှုဖွံ့ဖြိုးမှုနှင့်အတူ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်မှုများကို မြှင့်တင်နိုင်ပေလိမ့်မည်။
မြန်မာပြည်နှင့် အိန္ဒိယနယ်စပ်၌ နာဂတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် မဏိပူ(ကသည်း) တိုင်းရင်းသား လက်နက်ကိုင်ပြဿနာ ၂ ရပ်ကို ဖြေရှင်းရန် လိုအပ်သည်ကို တွေ့ရသည်။ တရုတ် မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များသည် မြန်မာအစိုးရနှင့် ပဋိပက္ခ ဖြစ်နေသော်လည်း အိန္ဒိယ မြန်မာနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့ အများစုမှာ အိန္ဒိယအစိုးရနှင့် ပဋိပက္ခဖြစ်ပွားနေခြင်း ဖြစ်ရာ မတူသည့် နယ်စပ်ပြဿနာများဟု ဆိုရပေမည်။
နာဂတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
မြန်မာ-အိန္ဒိယ၂ နိုင်ငံ နယ်စပ်တွင် လှုပ်ရှားနေသော နာဂတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ အမည်မှာ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ National Socialist Council of Nagaland ( NSCN ) ဖြစ်သည်။ မူလက တဖွဲ့တည်းဖြစ်သော NSCN သည် မြန်မာ အိန္ဒိယ ၂ နိုင်ငံပိုင်နက် ခွဲခြားခံထားရသည့် နာဂနယ်မြေများတွင် လှုပ်ရှားသည်။ ၎င်းတို့လှုပ်ရှားသည့် ဒေသများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ စစ်တကောင်းနယ် အိန္ဒိယနိုင်ငံ မဏိပူရ၊ နာဂဒေသနှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ နာဂတောင်တန်းများတွင် လှုပ်ရှားကြသည်။
NSCN ကို ၁၉၈၀ ဇန်နဝါရီ ၃၁ ရက်နေ့တွင် စတည်ထောင်ခဲ့သည်ဟု ဆိုပါသည်။ စတင်တည်ထောင်ခဲ့သည့် ခေါင်း ဆောင်များမှာ Isak Chisiswu (အီဆတ်) Thuingaleng Muivak (မွေဘတ်) နှင့် S S Khaplang (ကက်ပလန် ) တို့ဖြစ် ကြသည်။ ၎င်းတို့သည် ခရစ်ယာန်များ ဖြစ်ကြပြီး ၎င်းနာဂများ နေထိုင်သည့်ဒေသများအား စုစည်းပြီး နာဂ ခရစ်ယာန် နိုင်ငံ တခု တည်ထောင်ရန် ရည်ရွယ်ခဲ့ကြသည်။
၎င်းတို့ စတင်တည်ထောင်ပြီးနောက် တရုတ်နှင့်ပါကစ္စတန်တိ့့က အကူအညီပေးခဲ့ကြသည်ဟု ဆိုသည်။ NSCN နာဂအဖွဲ့ များသည် အစောပိုင်းကာလများက မြန်မာပြည်မြောက်ပိုင်းအား ဖြတ်၍ တရုတ်ပြည်သို့သွား၍ နိုင်ငံရေး စစ်ရေးသင်တန်း တက်ခြင်း လက်နက်ခဲယမ်းအကူအညီ ရယူခြင်းများ ပြုခဲ့ကြသည်ဟု ဆိုသည်။
၁၉၈၈ ဧပြီလကုန်ပိုင်းတွင် NSCN နှစ်ဖွဲ့ကွဲသွားသည်။ ဥက္ကဌ အီဆတ် (Isak ) အတွင်းရေးမှူး မွေဘတ် ( Muivak ) ဦး ဆောင်သောအဖွဲ့အား NSCN( IM ) ဥက္ကဌ ကက်ပလန် ခေါင်းဆောင်သော အဖွဲ့အား NSCN( K) ဟု ခေါင်းဆောင် အမည်များကို ကွင်းစကွင်းပိတ်နှင့် ဖော်ပြပြီး ခွဲခြားခဲ့သည်။ ထို့နောက် NSCN သည် အဓိက အိန္ဒိယနယ်အတွင်း အိန္ဒိယ အ စိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်။
နောက်ဆုံးအခြေအနေအရ လက်ရှိ အိန္ဒိယဝန်ကြီးချုပ် မိုဒီလက်ထက် ၂၀၁၅ ဩဂုတ်လ ၃ ရက်နေ့တွင် အိန္ဒိယအစိုးရနှင့် NSCN(MI) တို့ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း NSCN(K) တို့ ပြေလည်မှု မရဘဲ NSCN(K) အား အိန္ဒိယ အစိုးရမှ မတရားသင်း ကြေညာထားပါသည်။ သို့သော် မြန်မာ့ပိုင်နက်တွင် အခြေပြု ထားသည့် NSCN(K) မှ အပစ်ရပ် လက်မှတ်ရေးထိုးထားပါသည်။ လက်ရှိအခြေအနေတွင် အိန္ဒိယတွင်း အခြေစိုက်နေသော NSCN(IM)မှာ အင်အား ၄၅၀၀ ခန့် ရှိပြီး မြန်မာပြည််တွင်း အခြေပြုနေသော NSCN (K)မှာ အင်အား ၅ဝဝခန့် ရှိသည် ဆိုပါသည်။
လက်ရှိ အိန္ဒိယအစိုးရတပ်များ မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ မြန်မာပြည်နာဂတောင်တန်းတွင် အခြေပြု နေသော NSCN(K) အဖွဲ့နှင့် ဖြစ်သည်။ အချို့သတင်းများက အဆိုပါတိုက်ပွဲများသည် မြန်မာပိုင်နက်အတွင်း အိန္ဒိယ စစ်တပ်က ဝင်ရောက်တိုက်ခိုက်သည်ဟု ရည်ညွှန်းဖော်ပြသော်လည်း တိုက်ပွဲများသည် မြန်မာ့ပိုင်နက်တွင်း ဖြစ်ပွားခြင်း မရှိ သကဲ့သို့ အိန္ဒိယတပ်များ မြန်မာ့ပိုင်နက်အတွင်းဝင်ရောက်ခြင်းမရှိဟု မြန်မာစစ်ဘက်က ပယ်ချခဲ့ပါသည်။
ထို့ကြောင့် လက်ရှိ အိန္ဒိယမြန်မာနယ်စပ်ရှိ နာဂလက်နက်ကိုင်အဖွဲ့ပြဿနာ အတန်ငယ်ရှုပ်ထွေးသည်ဟု ဆိုနိုင်သည်။ မြန်မာပြည် နာဂတောင်တန်းများတွင် အခြေပြုသည့် NSCN(K) သည် မြန်မာအစိုးရနှင့် အပစ်ရပ်ထားသည်။ သို့သော် အိ န္ဒိယ အစိုးရက မတရားသင်း ကြေညာထားသည်။
တိုင်းပြည်နယ်နိမိတ်အရ မြန်မာပြည်နှင့် အိန္ဒိယဟု ခွဲခြားထားသော်လည်း ထို ၂ နိုင်ငံစလုံးတွင် ပါဝင်နေသည့် နာဂများ အရေးနှင့် ပတ်သက်၍ သူတို့တွင် တာဝန်ရှိသည်ဟု NSCN(K) က ခံယူထားသည်။
ထို့ကြောင့် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် NSCN(K) ဆက်လက်ပါဝင်ရန်မှာ အကန့်အသတ်ရှိနေသည်။ ဒေသအတွင်း အပစ်အခတ်ရပ်စဲရေး မြန်မာအစိုးရနှင့် ယူထားသော NSCN (K)အား ၂၀၁၅ အတွင်း NCA စာချုပ်တွင် ပါ ဝင် လက်မှတ်ရေးထိုးရေး ကမ်းလှမ်းသော်လည်း NSCN(K) အနေနှင့် မပါဝင်နိုင်ခဲ့ချေ။
၎င်းတို့ မပါဝင်နိုင်သည့် အကြောင်းမှာ NCA စာချုပ်ပါ အချက်အလက်များကြောင့် မဟုတ်ဘဲ အိန္ဒိယနယ်အတွင်းရှိ ၎င်းတို့ အဖွဲ့ တာဝန်ယူခေါင်းဆောင်ရမည်ဟု ခံယူထားသော နာဂလူမျိုးများ အရေးကြောင့်ဖြစ်နေသည်။
လက်ရှိ ၂၁ ရာစုပင်လုံတွင် NSCN(K) ဖိတ်ခေါ်သွားမည်ဟု ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူများက ဆိုသည်။ သို့သော် NSCN(K) မည်သို့ တုံ့ပြန်မည်ကိုတော့ မသိရသေးပေ။
သို့ဖြစ်ရာ NSCN (K) နှင့် ပြဿနာသည် ၂ နိုင်ငံ နယ်စပ် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၂ နိုင်ငံပူးပေါင်း၍ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာဖြစ်သည်ဟု သုံးသပ်ရပေသည်။
မဏိပူရ (ကသည်း ) လက်နက်ကိုင်အဖွဲ့များ
မြန်မာ- အိန္ဒိယနယ်စပ်တွင် လှုပ်ရှားနေသော အခြားလက်နက်ကိုင်အဖွဲ့များမှာ မဏိပူ(ကသည်း) လက်နက်ကိုင်အဖွဲ့များဖြစ် သည်။ ၎င်းအဖွဲ့များသည် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်တွင် လှုပ်ရှားနေသကဲ့သို့ ၂ နိုင်ငံ နယ်စပ် စစ်ကိုင်းတိုင်း တမူးဒေသ တလျှောက် နယ်စပ်ဒေသတွင်လည်းကောင်း ချင်းပြည်နယ်မြောက်ပိုင်း နယ်စပ်တွင်လည်းကောင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနယ်စပ်တွင်လည်းကောင်း လှုပ်ရှားလျက် ရှိကြသည်။ ထိုအဖွဲ့များ အိန္ဒိယအစိုးရအား ပုန်ကန်တိုက်ခိုက်နေသော အဖွဲ့ များ ဖြစ်ပြီး မြန်မာအစိုးရအား တိုက်ခိုက်နေသော အဖွဲ့များ မဟုတ်ပေ။
တမူးခရိုင်နှင့် ဆက်စပ်နေသည်မှာ အိန္ဒိယမှ မဏိပူရပြည်နယ်ဖြစ်ပြီး မြို့တော်မှာ အင်ဖာဖြစ်သည်။ ၁၇ ရာစုမှစတင်ခဲ့သည့် ကန်လိုင်ပတ် Kang leipak ဘုရင်ဧရိယာဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် နောက်ပိုင်းဗြိတိသျှတို့ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး မဏိပူ ပြည်နယ်ဖြစ်လာသည်။ လက်ရှိတွင် အိန္ဒိယအစိုးရအား ပုန်ကန်တိုက်ခိုက်နေသည့် မဏိပူလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ ရှိသည်။
၁။ UNLF United National Liberation Front of Manipur.
ညီညွတ်သောအမျိုးသား လွတ်မြောက်ရေးတပ်ဦး မဏိပူရ
၂။ PLA People ‘s Liberate Army of Manipur
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မဏိပူရ
၃။ KYKL Kanglei Yawol Kanna lep (ကသည်း အသံထွက်)
Meitei Revolutionary Organization
ကသည်းတော်လှန်ရေးအဖွဲ့ချုပ်
၄။ PREPAK People Revolutionary Party of Kangleipak
ကန်လိုင်ပတ် ပြည်သူ့တော်လှန်ရေးပါတီ
၅။ KCP Kangleipak Communist Party
ကန်လိုင်ပတ်ကွန်မြူနစ်ပါတီတို့ ဖြစ်ကြသည်။
၎င်းအဖွဲ့များအနက် UNLF က နှစ်ငါးဆယ်ခန့် သက်တမ်းရှိပြီဖြစ်ပြီး သက်တမ်းအရင့်ဆုံးဖြစ်သည်။ UNLF က်ို နိုင်ငံရေး အဖွဲ့အစည်း PLA ကို တပ်အဖြစ် ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်း UNLF ခေါင်းဆောင်အချို့က PLA အမည်ယူ၍ ခွဲထွက်ခဲ့ကြသည်ဟု ဆိုသည်။
လက်ရှိ မဏိပူ လက်နက်ကိုင်အဖွဲ့များအနက် လူသူလက်နက်တောင့်တင်းပြီး မဏိပူတွင်း ထောက်ခံမှု အများဆုံးရသည့် အဖွဲ့များမှာ UNLF/ PLA နှင့် KYKL အဖွဲ့၃ ဖွဲ့ ဖြစ်သည်ဟု ဆိုသည်။ ၎င်းမဏိပူ အဖွဲ့များအနက် KYKL အဖွဲ့သည် နာဂအဖွဲ့နှင့် ပူးပေါင်းလှုပ်ရှားလေ့ရှိသည်ဟု ဆိုကြပါသည်။ ထိုသို့ကွဲနေသော ကသည်း အဖွဲ့ ၅ ဖွဲ့သည် ပူးပေါင်းကော်မတီ ဖွဲ့စည်းထားပြီး ဥက္ကဌ အဖြစ် UNLF မှ တာဝန်ယူ၍ နိုင်ငံရေး စစ်ရေး လှုပ်ရှားမှုများကို ပူးပေါင်းကော်မတီမှ ဆုံးဖြတ်သည့် အတိုင်း ဆောင်ရွက်ကြသည်ဟု ဆိုပါသည်။
၎င်းအဖွဲ့များသည် မြန်မာ အိန္ဒိယနယ်စပ် အထူးသဖြင့် တမူးခရိုင်နယ်စပ်တွင် လှုပ်ရှားကြသည်ဟု ဆိုသည်။ တမူးခရိုင် တွင် လူဦးရေ တသိန်း သုံးသောင်းခန့်ရှိပြီး ဒေသခံများမှာ ချင်းတွင်းရှမ်းနှင့် ချင်းလူမျိုးများဖြစ်သည်။ ချင်းလူမျိုးက ၃၀ ရာခိုင်နှုန်း ရှိပါသည်။
ထိုြ့ပင် ဂေါ်ရခါးလူမျိုး ၅၀၀၀ ခန့်နှင့် ရွှေ့ပြောင်းအခြေချသော ဗမာလူမျိုးအချို့ရှိပါသည်။ တမူးနှင့်ကပ်လျက် မဏိပူနယ် တွင်းရှိ မိုးရေး အင်ဖာဒေသအတွင်း၌ ကသည်း ကူကီးချင်း နာဂရွာများနှင့် အိန္ဒိယနွယ်ဖွားများရှိသည်ဟု ဆိုသည်။
တမူးမြောက်ဘက်တွင် နယ်စပ်တလျှောက် လှည်းဆိပ်၊ သနန်မြို့သစ်၊ ဖိုင်လင်း၊ အောင်ဇေယျ၊ နန့်အောင်မော်၊ မင်းသာ နှင့် ဝေလုံတောင်ကြော တလျှောက်နှင့် တမူး၏တောင်ဘက် နယ်စပ်တလျှောက် ခမ်းဘတ်၊ ဘုတ်ကန်၊ ကနန်၊ ထင်ဇင်းနှင့် မင်းသမီးတောင်ကြောတို့ ရှိသည်။
၎င်းတို့နှင့်အပြိုင် အိန္ဒိယ မဏိပူနယ်ဖြစ်ပြီး အဆိုပါ နယ်စပ်တလျှောက်တွင် ကသည်း လက်နက်ကိုင်တပ်ဖွဲများ လှုပ်ရှား လျက်ရှိသည်ဟု ဆိုပါသည်။ ထို့ပြင် ချင်းပြည်နယ် ကျည်ခါးနှင့် ဆက်စပ်နေသော နယ်စပ်ဒေသနှင့် ရခိုင်ပြည်နယ် ဘူးသီး တောင် မောင်တော မြောက်ဘက်နယ်စပ်များတွင် ကသည်း လက်နက်ကိုင်များ လှုပ်ရှားလျက် ရှိသည်ကို တွေ့ရသည်။
၎င်းတို့ထဲတွင် အင်အားအများဆုံးဖြစ်သော UNLF၊ PLA က အင်အား ၃၀၀ မှ ၇၀၀ ထိရှိနိုင်ပြီး စခန်း ၅ ခုမှ ၇ ခုထိ ရှိနိုင် သည် ဟု ဆိုပါသည်။ အခြား ၄ ဖွဲ့ဖြစ်သော PLA၊ KYKL၊ PREPAK၊ KCP တို့မှာ အင်အား ၃၀၀ ခန့်စီရှိပြီး စခန်း ၂ မှ ၃ ခု ထိရှိနိုင်သည်ဟု ဆိုသည်။
နယ်စပ်ဆိုသည်မှာ တံတိုင်းခတ်ကာထားသည် မဟုတ်ပေရာ တောတောင်ထူထပ်သည့်နေရာများ၌ ရှုပ်ထွေးမှုများရှိသည် ဟု ဆိုနိုင်ပါသည်။ အငြင်းပွားဖွယ်ရာ နေရာများဟု ဆိုနိုင်ပါသည်။ ၂၀၁၄ နှစ်ကုန်ပိုင်းက KYKL ၏ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးအဆင့်ရှိ ပါးလ်တီးဆိုသူက အိန္ဒိယအစိုးရထံ လက်နက်ချသွားခဲ့ရာ အိန္ဒိယ အစိုးရလည်း နယ်စပ်တလျှောက်ရှိ ကသည်းလက်နက်ကိုင်များ၏ လှုပ်ရှားမှု အခြေအနေကို အတော်အတန် ဆုပ်ကိုင်မိပုံရသည်။
ထိုသို့နယ်တွင် လှုပ်ရှားနေကြသော ကသည်းအဖွဲ့များသည် တရုတ်နယ်စပ်မှ လက်နက်မှောင်ခိုဝယ်ယူပြီး မြန်မာပြည်အား ဖြတ်၍ မှောင်ခိုလမ်းကြောင်းဖြင့် သယ်ဆောင်လေ့ရှိသည်ဟု သုံးသပ်ကြပါသည်။ အဆိုပါ ကသည်းသူပုန်များအား အိန္ဒိယ စစ်တပ်မှ တိုက်ရိုက်တိုက်ခိုက်သကဲ့သို့ အိန္ဒိယစစ်တပ်မှ လေ့ကျင့်ပေးထားသော ကူကီးချင်း ပြည်သူ့စစ်များနှင့်လည်း တိုက်ခိုက်လေ့ရှိသည်ဟု ဆိုသည်။ သို့ဖြစ်ရာ တမူးနယ်စပ်ဒေသသည် အိန္ဒိယ မြန်မာနယ်စပ်ရှိ ကသည်း လက်နက်ကိုင် များ၏လှုပ်ရှားမှုများကြောင့် တည်ငြိမ်မှု နည်းပါးသည်ဟု ဆိုရပါမည်။
လက်ရှိအချိန်တွင် မြန်မာတာဝန်ရှိသူများက မိမိတို့မြန်မာပြည်အတွင်း ပြည်ပလက်နက်ကိုင်များ လက်ခံထားရှိခြင်းမရှိဟု ငြင်းပယ်ထားပြီး လက်ခံထားမည်မဟုတ်ဟု တရားဝင် ပြောဆိုသည်။ အိန္ဒိယဘက်လည်း သူ့နယ်တွင်းဟု ဆိုသောနေရာ များ၌ စစ်တပ်ဖြင့်လည်းကောင်း ပြည်သူ့စစ်ဖြင့်လည်းကောင်း စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိသည်။
မည်သို့ဆိုစေ နယ်စပ်မတည်ငြိမ်မှုတော့ အထိုက်အလျောက်ရှိသည်ဟု ဆိုရမည်။ ထိုပြဿနာသည် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာအဖြစ် ထည့်သွင်း တွက်ချက်ထားသင့်ပါသည်။
တရုတ်မြန်မာ နယ်စပ်တည်ငြိမ်မှု ရှိရေးအတွက် မြန်မာပြည်အနေနှင့် တရုတ်တို့နှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရန် လိုသကဲ့သို့ မြန်မာအိန္ဒိယနယ်စပ်တည်ငြိမ်ရေးအတွက် အိန္ဒိယတို့အနေနှင့် မြန်မာပြည်၏ နိုင်ငံရေးအရ ပူးပေါင်းဆောင် ရွက်မှု လိုအပ်မည်ဖြစ်သည်။ ရေရှည်တွင် မြန်မာ အိန္ဒိယနယ်စပ်တည်ငြိမ်ရေးအတွက် စစ်ရေးနည်းလမ်းထက် နှစ်နိုင်ငံ နိုင်ငံရေးအရ ပူးပေါင်း ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြရမည်ဟု ထင်မြင်ယူဆမိပါသည်။
(မောင်မောင်စိုးသည် ရန်ကုန်အခြေစိုက် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)