“သူတို့ပို့တဲ့ နေရာမှာ အစားအစာတွေ စားပြီး ကျမအိပ်ပျော်သွားတာ။ ကျမလက်ထဲကို တရုတ်ငွေ ၂ ရာထည့်သွားတာပဲ သိလိုက်တယ်”ဟု အသက် ၃၀ ကျော်အရွယ် မညိုညို (အမည်လွှဲ) က ပူပူနွေးနွေး အတိတ်ကို ပြန်မြင်နေသေးသည့် ဟန်ဖြင့် ပြောလိုက်သည်။
သူက ဆက်လက်ပြီး“မနက်မိုးလင်းတော့ ကျမ ဗမာလို လိုက်မေးတဲ့အချိန် ကျမကို လိုက်ပို့တဲ့သူတွေ ဘယ်သူမှ မရှိတော့ ဘူး။ တရုတ်တွေက လက်ကာပြတယ်။ ဗမာလို နားမလည်ဘူး၊ ပြန်သွားပြီဆိုတဲ့ သဘောပေ့ါ”ဟုလည်း ပြောပြပါသည်။
ထိုအချိန်က မညိုညိုတယောက် မြန်မာ-တရုတ် နယ်စပ် တရုတ်ပြည်ဘက်အခြမ်း ရွှေလီမြို့မှ ၄ ည အိပ်ခန့် ကားစီးသွားခဲ့ ရသည့် တရုတ်ကျေးလက်ဒေသ ရွာတရွာ၏ တရုတ်မိသားစု အိမ်တအိမ်တွင် ရောက်ရှိနေသည့် အချိန်လည်း ဖြစ်သည်။
ရွှေလီမြို့ကနေတဆင့် သူ့ကို ခေါ်ယူလာခဲ့သောသူကို မညိုညိုဖုန်းဆက်ချင်သည်ဟု ပြော၍ တရုတ်မိသားစုက ဖုန်းပေး ဆက်ချိန်တွင်တော့ တဖက်ကပြန်ပြောသည်မှာ တရုတ်အိမ်မှာ ကောင်းကောင်းနေပြီး ကလေးတယောက်ရအောင် ယူပေး လိုက်ပါ၊ မြန်မာပြည် မြန်မြန် ပြန်ရမည် ဆိုသည့် စကားပင်ဖြစ်သည်။
ထိုစကားကြောင့် မညိုညို အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။ သူ့ကို ပြန်လာခေါ်ဖို့ ပြောခဲ့ပေမယ့် တဖက်က ဖုန်း အဆက်အသွယ် လုပ်မရခဲ့တော့ပေ။ တချိန်တည်း သိလိုက်ရသည်က တရုတ်မိသားစုအိမ်မှာ သူ့ကို ရောင်းစားခဲ့ပြီး တရုတ် မယား လုပ်ပေးရတော့မည် ဆိုသည်ပင်။
တရုတ်စကား မပြောတတ်၊ ဘယ်နေရာ ရောက်နေမှန်းပင် မသိသော မညိုညို အတွက် တခုတည်းသော သိသည့် ဖုန်းနံပါတ် ကလည်း အဆက်အသွယ် ဖြတ်သွားခဲ့ပြီ ဖြစ်သည်။
ထို့နောက်ရက်များတွင်တော့ တရုတ်မိသားစုအိမ်က သားဖြစ်သူက မညိုညိုကို သားမယားအဖြစ် နေခိုင်းတော့သည်ဟု ဆို သည်။ မညိုညိုက နေခိုင်းသည့် တရုတ်ယောကျ်ားကို ပေးမနေပဲ၊ငြင်းဆန်ခဲ့ရာ ထိုသို့ ငြင်းဆန်သည့် အချိန်တိုင်း ကိန်းဂဏန်း တချို့ပါသည့် စာရွက်များကို ထုတ်ပြပြီး သူ့ကို ငွေပေးဝယ်ထားရသည့် သဘော လက်ဟန် ခြေဟန်များ ဖြင့် ပြောသည် ဟု ဆိုသည်။
“တရက်လည်း မဟုတ်ဘူး။ နောက်ဆုံးတော့ ကျမ မရုန်းကန်နိုင်တော့ပါဘူး။ ဇွတ်မှိတ်ပြီး သားမယားအဖြစ် ပေးနေလိုက်ရ တာပါပဲ”ဟု ပြောပြသည်။
အခုလို အဖြစ်အပျက်တွေ ဖြစ်လာမည်ဟု လွန်ခဲ့သော ၆လ လောက်က မညိုညိုကြိုသိခဲ့လျှင် ဘယ်လိုနည်းနှင့်မျှ တရုတ် နယ်စပ်ကို လာခဲ့မည်မဟုတ်ဟု ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးက မြို့လေးတမြို့မှာနေသည့် မညိုညိုတို့ မိသားစုတွင် အဖေ မရှိတော့။ အမေဖြစ်သူက လေဖြတ် ထားသည်။ ညီမနှစ်ယောက်ပဲရှိရာ ၂ ယောက်လုံးက မုဆိုးမ ကလေးအမေများ ဖြစ်သည်မို့ မိသားစုဘဝ ရုန်းကန်ရသည့် အခြေအနေ။ ထိုအခြေအနေတွင် မညိုညိုတို့ မြို့သို့ အထည်လာရောင်းသည့် တရုတ်နယ်စပ်က ကုန်သည်တဦး၏ စကား က တရုတ်ပြည်ကို လာခဲ့ရခြင်း၏ အစ အကြောင်းရင်း ဖြစ်ခဲ့ရသည်။
“သူက အထည်လာရောင်းရင်းနဲ့ လောက်ကိုင်မှာ အလုပ်တွေပေါတဲ့အကြောင်း ပြောတယ်၊ ဖုန်းနံပါတ်ပေးခဲ့တယ်ပေါ့။ အဲ့ဒီကနေ ရောက်လာခဲ့ဖြစ်တာ၊ လောက်ကိုင်ရောက်တော့ တရုတ်ဘက်မှာ အလုပ်လုပ်ရမယ်၊ တရုတ်ငွေနဲ့ရမယ်၊ ဗမာငွေ နဲ့ဆို အများကြီးကိုက်တယ်ဆိုပြီး ရွှေလီကိုခေါ်ခဲ့တယ်။ ရွှေလီမှာ အခြားတယောက်နဲ့ တဆင့်ထားခဲ့ရာက ကျမ အဲ့ဒီ တရုတ် ရွာကို ရောက်သွားခဲ့တာ”ဟု ပြောပြသည်။
အခုလိုတွေ ပြန်ပြောပြနေချိန်တွင်တော့ တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုအောက်တွင် မညိုညို ပြန်လည်ရောက်ရှိနေခဲ့ပြီဖြစ်သည်။
တရုတ်မယားအဖြစ် ပေါင်းသင်းနေထိုင်နေခဲ့ရသည့် မညိုညို တရုတ်ပြည် ကျေးလက်တောရွာမိသားစုအိမ်ကနေ ၂ရက် ကြာ ထွက်ပြေးခဲ့ရာမှာ ဒုက္ခတွေများစွာ ကြုံတွေ့ခဲ့ရပြီး ရထားတဆင့်စီးအပြီး ဘူတာတခုဆင်းရာက ဘူတာစောင့်များက တဆင့် တရုတ်ရဲများလက်သို့ ရောက်ရှိခဲ့သည်။
ထို့နောက်တွင်မှ တရုတ်ရဲများက မြန်မာပြည်နယ်စပ်က မူဆယ်ရှိ တာဝန် ရှိသူများသို့ လွှဲပြောင်းပေးခဲ့ရာမှ ယခုကဲ့သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
မညိုညိုကဲ့သို့သော မြန်မာအမျိုးသမီးများ တရုတ်ပြည်သို့ လူကုန်ကူး၍ တရုတ်မယားအဖြစ် ရောင်းစားခံရသည့် ဖြစ်စဉ် များမှာ တရုတ်နယ်စပ်တွင် အများအပြား ရှိနေသည်ဟု မူဆယ်ခရိုင် လူကုန်ကူးမှု တိုက်ဖျက် နှိမ်နှင်းရေးတပ်ဖွဲ့ ရဲမှူး ဦးခင်မောင်ဦးက ပြောသည်။
“ရာခိုင်နှုန်း အများစုက မြို့ပေါ်က တရုတ်တွေနဲ့ ရတာမဟုတ်ပါဘူး။ တောင်တွေတောတွေ ရွာတွေ ကျေးလက်ဒေသက မိန်းမ မရတဲ့ တရုတ်တွေနဲ့ပဲ အများဆုံး ပေါင်းကြရတာ။ ပြန်လာဖို့ခက်တာပေါ့။ ကားလမ်းပေါ်ရောက်ဖို့တောင် မနည်းဘူး သွားရတဲ့ နေရာတွေ ရှိတာပေါ့”ဟု ၎င်းက ပြောပြသည်။
လူကုန်ကူးမှု အမှုအများစုတွင် တရုတ်နိုင်ငံမှ ပြန်လွှဲသော ဖြစ်စဉ်များတွင် တရုတ််ယောကျ်ား ၅ ယောက်လောက်နှင့် ပေါင်း ခဲ့ ရပြီး ယောကျ်ား ၃ ယောက်လောက်နှင့် ကလေးမွေးပေးခဲ့ရသည့် မြန်မာအမျိုးသမီးများ ရှိသလို ဉာဏ်ရည်မမီသောသူ များ၊ ဒုက္ခိတများနှင့် ပေါင်းသင်းကြရသည့် ဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။
“တချို့အမျိုးသမီးတွေဆိုလည်း ဉာဏ်ရည်မမီတဲ့သူနဲ့ ပေါင်းရတာပေါ့။ ပေါင်းရတာမှ ဘယ်လောက်ဆိုးလဲဆို မိသားစုက မျိုးဆက်လိုချင်တယ်။ ဒီကောင်မလေးကိုသူ့သားနဲ့ ပေးပေါင်းချင်တာပေါ့။ နောက်ဆုံး ညစ်ညမ်းတဲ့ အခွေတွေပြလည်း ဉာဏ်ရည်မမီတော့ နားမလည်ဘူး။ နောက်ဆုံး ကောင်မလေးကို အခန်းထဲ တံခါးပိတ်ထည့်လည်း မသိဘူး။ အဲ့ဒီလိုမျိုး ဖြစ်စဉ်တွေလည်း ပြောပြလို့ သိခဲ့ရတာရှိတယ်။ တချို့ဆို ယောကျ်ားက စကားမပြောတတ်ဘူးပေါ့”ဟု ရဲမှူးက ရှင်းပြ သည်။
တရုတ်နယ်စပ် လူကုန်ကူးသည့် အမှုများမှာ လက်ရှိတွင် မူဆယ်ခရိုင် တခုတည်းမှာပင်လျှင် တနှစ်လျှင် ပျမ်းမျှ အမှု ၃၀ ၀န်းကျင် ရှိနေသည်။
ယခုနောက်ပိုင်း လူကုန်ကူးမှုပုံစံသည် ဟိုးယခင်က လုပ်ဆောင်ကြသော အုပ်စုဖွဲ့ လူကုန်ကူးမှုမျိုး မဟုတ်တော့ဘဲ အခြား ပုံစံမျိုးဖြင့် ပြောင်းလဲလာသည်ဟု ရဲမှူးက ဆိုသည်။
“အုပ်စုဖွဲ့လုပ်တာတွေက နည်းနည်းလျော့သွားတယ်။ ဘယ်ဟာတွေက ဖော်ထုတ်ဖို့ခက်လာလည်း ဆိုရင် လွန်ခဲ့တဲ့ လေးငါခြောက်နှစ်လောက်က တရုတ်မှာ အိမ်ထောင်ကျပြီး တရုတ်စကားတွေ ဘာတွေ တတ်သွားတယ်။ တရုတ် ယောကျ်ား တွေလည်း ပူးပေါင်းပါ၀င်လာတယ်။
တချို့ကျ မိဘအိမ် ၂ ခေါက် ၃ ခေါက် ပြန်တဲ့အခါ သွားတတ် လာတတ် ဖြစ်၊ ဗမာပြည် ပြန်ရောက်ရင် ပိုက်ဆံ ဖြုန်းပြပြီး သူတို့ ပတ်ဝန်းကျင်မှာ ကြိတ်ပြီး ပြောတာပေါ့။ လိုက်လည်ရင် အဆင်ပြေ နိုင်တဲ့ ပုံပေါ့။ အဲ့ဒီလိုမျိုး ပတ်ပြီးခေါ်တာမျိုးတွေ ဖြစ်လာတယ်”ဟုလည်း ၎င်းက ပြောပြသည်။
၂၀၀၈ ခုနှစ်ဝန်းကျင်လောက်အထိ လူကုန်ကူးသည့် ပွဲစားများသည် ကားဂိတ်၊ ဘူတာ အစရှိသည့် နေရာများတွင် ရိုးရိုး သားသား စျေးရောင်းလေ့ရှိသော မိန်းကလေးများကို ပိုက်ဆံပိုရမည် အကြောင်းပြ ဆွဲဆောင်ကာ ရောင်းစားလေ့ ရှိသည် က များကြောင်း၊ ၂၀၀၉ ခုနှစ်နောက်ပိုင်းများတွင် အနှိပ်ခန်း၊ ကေတီဗွီများမှ အမျိုးသမီးများကို ခေါ်ယူလာသည်များ ကြုံ လာ ရ ကြောင်း၊ နောက်ဆုံး ပြည့်တန်ဆာ အိမ်များမှ အမျိုးသမီးများအစ တရုတ်ဘက်တွင် ပိုက်ဆံပိုရမည်ဟုဆိုကာ လူကုန် ကူးလာကြကြောင်း သိရသည်။
တရားဝင် အချက်အလက်များအရဆိုလျှင် တရုတ်နယ်စပ် မူဆယ်ခရိုင်အတွင်း လူကုန်ကူးမှုသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း အမှုပေါင်း ၄၀၀ ၀န်းကျင် ရှိခဲ့ပြီး ဖော်ထုတ်နိုင်ခဲ့သည့် တရားခံပေါင်းမှာ အယောက် ၁ထောင်ကျော်အထိ ရှိခဲ့ကြောင်းတွေ့ရသည်။
ဖမ်းဆီးရန်ကျန်နေသည့် တရားခံဦးရေမှာလည်း ၄ရာကျော်ကျန်နေသေး သည်ကို သိရသည်။
နယ်စပ်ဒေသတွင် လူကုန်ကူးမှုများက ဆက်လက် ဖြစ်ပေါ်နေဆဲပင်။ တရုတ်မယားအဖြစ် ပေါင်းသင်းနေထိုင်းရင်း တရုတ် များနှင့် ပေါင်း၍ ပြန်လည် လူကုန်ကူးသည့် ပုံစံသစ်က ယခုအခါ ဖော်ထုတ်ရခက်သည့် အမှုများ ဖြစ်လာနေသည်။
“အခု ခေါင်းပြန်ထောင်နေတာက တရုတ်ပြည်မှာ အိမ်ထောင်ကျပြီး၊ ပြန်ပြန်လာပြီး တနှစ်ကို တခေါက် နှစ်ခေါက်လောက် လုပ်တာတွေ၊ အဲ့ဒါတွေက ဖော်ထုတ်ရတာ ခက်တာပေါ့”ဟု ရဲမှူးက ပြောဆိုသည်။ ။