ဆောင်းပါး

NLD အစိုးရ၊ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် မူးယစ်ဆေးပြဿနာ

Want create site? Find Free WordPress Themes and plugins.

မကြာသေးမီက မူးယစ်ဆေးဝါး အမြစ်ဖြတ်ချေမှုန်းရေးအတွက် အလျင်အမြန်ေဆာင်ရွက်ပေးရေး အဆိုတခုကို မြန်မာနိုင်ငံ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

လတ်တလော အစီရင်ခံစာများက ထုတ်လုပ်မှုကျဆင်းသွားသည် ဆိုသော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်း ထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်နေဆဲဖြစ်ပြီး အမ်ဖက်တာမင်း အမျိုးအစား စိတ်ကြွဆေး (Amphetamine Type Stimulants -ATS) အကြီးအကျယ် ထုတ်လုပ်လာနေသော နိုင်ငံလည်းဖြစ်လာနေသည်။

ထိုစိတ်ကြွဆေးမှာ ဘိန်းခင်းများကဲ့သို့ မဟုတ်ဘဲ ဆေးထုတ်လုပ်သည့် ဓာတ်ခွဲခန်းများကို ရွှေ့ပြောင်းနိုင်သဖြင့် ခြေရာခံရ ခက်ခဲသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ယခုနှစ်တွင် ထိပ်တန်းရောက်နေသည့် ပြည်တွင်းပြဿနာတခု ဖြစ်သည်။ ကချင်ပြည်နယ်အခြေစိုက် လူမှုအခြေပြုအဖွဲ့အစည်း တခုဖြစ်သည့် ပက်ဂျာဆန် (Pat Jasan)က မူးယစ်ဆေးဝါးပပျောက်ရေး လှုပ်ရှားမှုအနေဖြင့် ၎င်းတို့ကို ယခင်အစိုးရက တားမြစ်ခြင်း မပြုမီ ဖေဖော်ဝါရီလအထိ ကချင်ပြည်နယ်မှ ဘိန်းခင်းများကို ဖျက်ဆီးခဲ့သည်။

တာဝန်ရှိသူများနှင့် သဘောတူညီချက် ရရှိပြီးနောက် Pat Jasan အဖွဲ့ဝင်များကို ကာကွယ်ရန် ကတိရရှိခဲ့သော်လည်း နောက်ပိုင်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်နေစဉ် လက်နက်ကိုင်အဖွဲ့များက နှောက်ယှက်ခြင်းနှင့်ရင်ဆိုင် ခဲ့ ရသည်။

နိုင်ငံတကာ၏ နိုင်ငံရေးဖိအားကို ထည့်သွင်းစဉ်းစားပါက မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို ကိုင်တွယ်ဖြေရှင်းခြင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် ဆွဲဆောင်မှုရှိသည့် အစီအစဉ်တခု ဖြစ်သော်လည်း ထိုကိစ္စသည် အလွန်ပြဿနာများသော ကိစ္စလည်းဖြစ်သည်။

မြန်မာ့လူ့အဖွဲ့အစည်း၊ စီးပွားရေးနှင့် နိုင်ငံရေးတွင် မူးယစ်ဆေးဝါး၏ အခန်းကဏ္ဍမှာ လွန်စွာ ရှုပ်ထွေးပြီး အကျိုးအမြတ် အလွန်များပြားသည့်အတွက် မည်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုအတွက်မဆို အောင်မြင်မှု ရရှိရန် ထောက်ပံ့မှုများ လို အပ်မည် ဖြစ်သည်။

ထို့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အလေးအနက်ထား၍ ပြုလုပ်သော မည်သည့် ဆောင်ရွက်မှုအတွက် မဆို ယခုလကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ၂၁ ရာစု ပင်လုံ ညီလာခံနှင့် မြန်မာနိုင်ငံ၏ ရှေ့ဆက်နေသောငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အနှောက်အယှက်ဖြစ်စေမည့် အလားအလာရှိသည်။

ဘိန်းခင်း အများအပြားနှင့် မူးယစ်ဆေး ဓာတ်ခွဲခန်းများက အစိုးရမဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်း ချုပ်ထားသည့် နယ်မြေများတွင် ရှိကြသည်။ တရားဝင် သတင်းအချက်အလက်မရှိသော်လည်း မြန်မာနိုင်ငံ၏ မူးယစ်ဆေးကုန်သွယ်မှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၁၀၀၀ ကျော်အထိ ရှိပြီး စိတ်ကြွဆေးထုတ်လုပ်မှုကလည်း အ ဆိုပါပမာဏကို အကြီးအကျယ် မြင့်တက်စေနိုင်သည်ဟု အချို့က ခန့်မှန်းကြသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးက လွန်စွာ အကျိုးအမြတ်များသော စီးပွားရေးတခုကို ခြိ်မ်းခြောက်နေသည်။ Pat Jasan ဖြစ်ရပ်ကို ကြည့်ပါက ၎င်းတို့၏ အသက်မွေးမှုကို ထိခိုက်လာစေသည့်အတွက် ဘိန်းစိုက်တောင်သူများက အကြမ်းဖက် တုံ့ပြန်ကြခြင်းဖြစ်သည်။

NLD အစိုးရသစ်အတွက် ရွေးချယ်စရာ များများစားစားမရှိပေ။ မူးယစ်ဆေးဝါးမှောင်ခိုမှုမှ အကျိုးအမြတ်ရနေကြသော လက်နက်ကိုင်အဖွဲ့များက ထိုအကျိုးအမြတ် သို့မဟုတ် ၎င်းတို့၏ပိုင်နက်ကို မခုခံဘဲ သို့မဟုတ် ကြီးမားသော လျော်ကြေးမ ရဘဲ စွန့်လွှတ်မည်မဟုတ်ပေ။

သို့သော်အစိုးရတွင် ထိုအဖွဲ့များကို လျော်ကြေးပေးရန် ငွေကြေးမရှိဘဲ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးမှာလည်း အလား တူဝင်ငွေကို မပေးနိုင်ပါ။ သို့မဟုတ် တိုးပွားလာနေသော ATS ထုတ်လုပ်ရေးဓာတ်ခွဲခန်း အရေအတွက်အပေါ်လည်း သက်ရောက်မှုရှိမည်မဟုတ်ပါ။

အစိုးရအနေဖြင့် ထိခိုက်နစ်နာမည့်အဖွဲ့များကို ၎င်းတို့ဒေသတွင် သဘာဝသယံဇာတထုတ်ယူခွင့် အပြည့်အဝပေးရန် စဉ်း စားနိုင်သော်လည်း ဤအချက်မှာ အစိုးရအတွက် လွန်စွာလိုအပ်နေသော ဝင်ငွေများ ဆုံးရှုံးရမည်ဖြစ်သည်။ မည်သို့ဆိုစေ အချို့သောအဖွဲ့များမှာ လက်ရှိအနေအထားတွင်ပင် သဘာဝသယံဇာတများကို ထိရောက်စွာ ထိန်းချုပ်ထားကြပြီးဖြစ်သ ဖြင့် တရားဝင်လုပ်ပိုင်ခွင် ရရှိပါကလည်း လုံလောက်သော လျော်ကြေးအဖြစ် မြင်နိုင်ဖွယ်ရာ မရှိပါ။

ငြိမ်းချမ်းရေးအကျိုးအတွက်ပင်ဖြစ်စေကာမူ NLD အနေဖြင့် တရားမဝင်မူးယစ်ဆေးရောင်းဝယ်မှုကို ဆက်လက်ခွင့်ပြုထား ၍ မဖြစ်ပေ။ ထိုသို့လုပ်ခြင်းအားဖြင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုနှင့် အရေးယူပိတ်ဆို့မှုများကို ဖိတ်ခေါ်သလို ဖြစ်သွား နိုင်သည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် Pat Jasan ကဲ့သို့သော လူမှုအခြေပြုအဖွဲ့အစည်း(CSO)များကို တဆင့်ခံအဖြစ် အသုံး ပြုပါကလည်း အဆိုပါ အဖွဲ့များအတွက် လုံံခြုံရေးအရ စိန်ခေါ်မှုများ ရင်ဆိုင်ရဖွယ်ရှိနေသည်။

မူးယစ်ဆေး တိုက်ဖျက်ရေး ကိစ္စတွင် တရားဝင် တာဝန်ရှိသူမဟုတ်ဘဲ စစ်ဆေး အပြစ်ဒဏ်ပေးခြင်းများ ပြုလုပ်သည့် ပုံစံ ဖြစ်လာအောင် အားပေးသလိုလည်း ဖြစ်သွားနိုင်ပါသည်။ CSO များအပေါ် မှီခိုခြင်းက  စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍ ကို ထိခိုက်စေသကဲ့သို့ NLD ၏ ထုတ်ပြန်ကြေညာထားသော လ်ိုလားချက်ဆန္ဒဖြစ်သည့် တရားဥပဒေစိုးမိုးရေးကိုလည်း ချည့်နဲ့စေသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသည့် နေရာတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဘောင်ဝင် အောင် မည်သို့ အချေအတင် ပြောဆိုကြမည် သို့မဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံး အပေါ်မည်သည့် အတိုင်းအ တာအထိ သြဇာသက်ရောက်နိုင်သည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မူလက သတ်မှတ်ထားသော နယ်ပယ် ၅ ခုအနက် နယ်ပယ် ၂ ခု (နိုင်ငံရေး ပြဿနာများနှင့် လုံခြံုရေးပြဿနာများ ) သာ လျှင် အဓိက ဆွေးနွေးမှုဖြစ်လာမည်ဟု နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ (International Crisis Group) က မကြာသေးမီက ထောက်ပြခဲ့သည်။

ကျန်ပြဿနာ ၃ ခု (မူးယစ်ဆေးဝါးကိစ္စပါဝင်သော လူမှုပြဿနာများ၊ စီးပွားရေးပြဿနာများနှင့် သဘာဝသယံဇာတနှင့် မြေပြဿနာများ) ကိုမူ ပင်မဆွေးနွေးပွဲသို့ ပြန်လည်အကြံပြုပေးရမည့် အသစ်ဖွဲ့စည်းထားသော လူမှုအခြေပြု အဖွဲ့အစည်း များ ဖိုရမ်သို့ တာဝန်လွှဲပြောင်းပေးခဲ့သည်။

ဤသို့ဖြစ်ခြင်းကြောင့် မူးယစ်ဆေးကုန်သွယ်ရေးမှာ လက်နက်ဖြုတ်သိမ်းရေးနှင့် တပ်ဖွဲ့ဖျက်သိမ်းရေးအပေါ် သြဇာသက်ရောက်ရန် အလားအလာရှိသော်လည်း  အဓိကဆွေးနွေးမည့်အကြောင်းအရာမဟုတ်ဟု အဓိပ္ပာယ်သက်ရောက်နေသည်။

သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် သယံဇာတကဲ့သို့သော အခြားသော ပြဿနာအများအပြားမှာလည်း အပြန်အလှန်ချိတ်ဆက်နေသဖြင့် ၎င်းတို့ကို သီးခြားခေါင်းစဉ်ဖြင့်ဆွေးနွေး (အချို့ကို လုပ်ငန်စဉ်တခုလုံးအပေါ် သြဇာသက်ရောက်မှန်မသိရသောကော်မတီများက) ခြင်းက အဓိကပြဿနာများကို လစ်လျူရှုသကဲ့သို့ဖြစ်ပြီး  ကြီးမားသော သဘောတူညီမှုများ ရရန်အလားအလာနည်းစေသည်။

အဖွဲ့အစည်း အသီးသီးက နယ်မြေဖြစ်စေ၊ သဘာဝသယံဇာတဖြစ်စေ၊ ဒေါ်လာသန်းထောင်ချီတန်သည့် တရားမဝင် လုပ်ငန်းဖြစ်စေ ၎င်းတို့၏ပိုင်ဆိုင်မှုများ အဖြစ် ယူဆထားသည်များကို ကာကွယ်ရန် လက်နက်များကိုသုံးစွဲနေကြသည့် အတွက် လက်နက်ဖြုတ်သိမ်းရေးနှင့် တပ်ဖျက်သိမ်းရေးမှာ ခက်ခဲလိမ့်မည် ဖြစ်သည်။

သဘောတူညီမှုမရခဲ့ပါက တစိတ်တပိုင်းအားဖြင့် မူးယစ်ဆေးဝါးပြဿနာကြောင့် ဖြစ်သည်ဟု တဘက်ဘက်ကသာ လူသိ ရှင်ကြား ဝန်ခံခဲ့လျှင် အလွန်အံ့သြစရာ ဖြစ်ပါလိမ့်မည်။ ထိုသို့ ၀န်ခံခြင်းအစား ကိုယ်ပိုင်အုပ်ချုပ်ရေးကဲ့သို့သော အချက်တွင် သဘောတူညီမှု မရနိုင်သောကြောင့် ဖြစ်သည်ဟူ၍ တဖက်သတ်ပြောဆိုမှုများကိုသာ ကျနော်တို့ မြင်တွေ့ရနိုင်ပါ သည်။

မူးယစ်ဆေးလုပ်ငန်းကို အကြောင်းရင်းမခံဘဲ (သို့မဟုတ် ထိုကဲ့သိုသော အခြားလတ်တလော ပြဿနာများ အတွက်) သဘောတူညီမှုများ  ရရှိခဲ့ပါကလည်း အကောင်အထည်ဖော်ဆဲကာလတွင် ပဋိပက္ခများကို ဆက်လက် မြင်တွေ့ရနိုင်ပါသည်။

ယခုအချိန် အထိ စစ်ဘက်မှ ခန့်အပ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များက လတ်တလော တင်သွင်းလာသည့် မူး ယစ်ဆေးဝါး တိုက်ဖျက်ရေး အဆိုကို ထောက်ခံနေကြသေး၏။ မူးယစ်ဆေးဝါး အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဥပဒေပိုင်းအရ ဖော်ဆောင်မှု အားထုတ်ခြင်းများတွင် NLD က မထိန်းချုပ်နိုင်သော စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုလိုသည်။

သို့သော်လည်း စစ်ဘက် လွှတ်တော်ကိုယ်စားလှယ်များက မူးယစ်ဆေးတိုက်ဖျက်မှုသည် ငွေကြေးအင်အားပ့ံပိုးမှု ကောင်းကောင်းဖြင့် အကောင်အထည်ဖော်ရမည့် စစ်တပ်ပုံစံ စစ်ဆင်ရေးများဖြစ်ရမည်ဟု အလေးအနက် သဘောထားပြီး မူးယစ်ဆေးကိစ္စကို နိုင်ငံရေး ရည်ရွယ်ချက် အဖြစ် အသုံးမပြုရန် သတိပေးခဲ့သည်။

စစ်ဘက်၏ မူးယစ်ဆေးဝါးပပျောက်ရေး စစ်ဆင်ရေးများမှာ NLD ကမျှော်မှန်းထားသည်နှင့် တထပ်တည်း ကျမကျလည်း ရှင်းရှင်းလင်းလင်းမသိရပေ။

NLD ကမူ လွှဲရှောင် မရသော အနေထားတွင် ရှိနေသည်။ ယခင်အစိုးရ လက်ထက်က မအောင်မြင်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးကို လိုချင်နေသည်။

သို့သော် ရေရှည်အတွက် ကြီးမားသော သဘောတူညီမှုရရန်မှာမူ NLD အနေဖြင့် ၎င်းက ကြေညာထားသော မူးယစ်ဆေး ဝါး တိုက်ဖျက်ရေးရည်မှန်းချက်နှင့် မူးယစ်ဆေးကုန်သွယ်မှုကို ထိန်းချုပ်ထားသော လက်နက်ကိုင်အုပ်စုများ၏ လိုအပ်ချက် များ ကြားတွင် ညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်လာလိမ့်မည် ဖြစ်သည်။ သို့မဟုတ်လျှင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ငြိမ်းချမ်းရေး စစ်မျက်နှာ ၂ ခုလုံးတွင် ကျဆုံးနိုင်သည့် အန္တရယ် ရှိနေပါသည်။

(ရိုင်းစ်သွမ်ဆန်သည် ရန်ကုန်အခြေစိုက် သုတေသနနှင့် အကြံပေးအဖွဲ့  Hermitage Research ကို တည်ထောင်သူဖြစ်သည်။  www.lowyinterpreter.org ပါ Rhys Thompson ၏ The National League for Democracy’s drug problem ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading