အိန္ဒိယနိုင်ငံမှာ ၁၉၉၇ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ မာသာထရီဇာကို ကက်သလစ် ကျောင်းတော်ရဲ့ သူတော်စင်အဖြစ် ဗာတီကန်က စက်တင်ဘာ ၄ ရက်နေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။ စိန့်ပီတာ ရင်ပြင်မှာ အိမ်ခြေမဲ့များ၊ နိုင်ငံခေါင်းဆောင်များနဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ပရိသတ်များစွာရဲ့ ရှေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကြေညာတာ ဖြစ်ပါတယ်။
ကာလကတ္တား၏ သူတော်စင် ထရီဇာလို့ ကမ္ဘာကျော်တဲ့ အမျိုးသမီးကြီးကို အော်တိုမန် အင်ပါယာ၊ ကိုဆိုဗို ဗီလာယက်မှာ ပါဝင်တဲ့ (ယနေ့ခေတ် မက်ဆီဒိုးနီးယားနို်င်ငံ) စကိုပီယယ်မြို့မှာ ၁၉၁၀၊ သြဂုတ်လ ၂၆ ရက်နေ့မှာ မွေးဖွားပါတယ်။ အိုင်ယာလန်ရှိ လိုရီတို သီလရှင်ဂိုဏ်းမှာ သီလရှင် ဝတ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရှိ လိုရီတို ကျောင်းမှာ ၁၉၂၉ ကနေ စတင်သင်ကြားပေးခဲ့တာ ကျောင်းအုပ်အထိ ဖြစ်ခဲ့ပါတယ်။
ကာလကတ္တားမြို့တွင် မာသာထရီဆာ တည်ထောင်ခဲ့သော သေဆုံးခါနီး လူနာများအတွက် ဂေဟာ (ဓာတ်ပုံ – Wikipedia)
၁၉၄၈ ခုနှစ်မှာ ဆင်းရဲနွမ်းပါးသူများအကြား သာသနာပြုဖို့အတွက် ပိုင်အပ်စ် ပုပ်ရဟန်းမင်းကြီးက ခွင့်ပြုခဲ့ပါတယ်။ ကာလကတ္တားမြို့မှာ မိဘမဲ့ဂေဟာကို ထူထောင်ပါတယ်။ ၁၉၅၂ မှာ သေဆုံးခါနီး လူနာများအတွက် ဂေဟာကိုလည်း ထူထောင်ခဲ့ပါတယ်။ အနာကြီး ရောဂါသည်များကိုလည်း ပြုစုစောင့်ရှောက်ပါတယ်။
၁၉၇၉ မှာ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိပါတယ်။ နိုဗဲလ်ဆု လက်ခံရယူချိန်မှာ ကမ္ဘာ ငြိမ်းချမ်းရေးရဖို့ ဘာလုပ်ရမလဲဆိုတဲ့ အမေးကို “အိမ်ပြန်ပြီး မိသားစုကို ချစ်ပါ” လို့ ဖြေကြားခဲ့ပါတယ်။
၁၉၉၇ စက်တင်ဘာ ၅ ရက်နေ့ အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်ပြီး အိန္ဒိယနိုင်ငံမှာ နိုင်ငံတော် စျာပနအဖြစ် ကျင်းပခဲ့ပါတယ်။ မာသာထရီဆာ ကွယ်လွန်တဲ့နေ့ကို ကုလသမဂ္ဂက နိုင်ငံတကာ လှူတန်းစွဲကြဲမှုနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
မာသာထရီဆာဟာ ဂုဏ်ပြုမှု၊ ဆုတွေ မြောက်မြားစွာ ရရှိခဲ့ပါတယ်။ အမှတ်တရအနေနဲ့ အိန္ဒိယနိုင်ငံ၊ တမီလ်နာဒူးမှာ မာသာထရီဆာ အမျိုးသမီး တက္ကသိုလ်ကို ၁၉၈၄ ခုနှစ်က ဖွင့်ခဲ့ပါတယ်။ ပွန်ဒူချယ်ရီမှာလည်း မာသာထရီဆာ ကျန်းမာရေးသိပ္ပံ ဘွဲ့လွန်နှင့် သုတေသန အင်စတီကျုကိုလည်း ၁၉၉၉ မှာ ထူထောင်ထားပါတယ်။ တမီနာဒူးမှာ ဆင်းရဲတဲ့၊ မိဘမဲ့ မိန်းကလေးများကို ပြုစုစောင့်ရှောက်တဲ့ မာသာထရီဆာ မိန်းကလေး ဂေဟာလည်း ရှိပါတယ်။
မာသာထရီဆာအကြောင်းကို ၁၉၆၉ ခုနှစ်မှာ မယ်လ်ကွန် မက်ဂါရစ်ဂျ် (Malcolm Muggeridge) က မှတ်တမ်းရုပ်ရှင် ရိုက်ကူးပြီး ၁၉၇၂ မှာလည်း Something Beautiful for God ဆိုပြီး စာအုပ်ရေးသား ထုတ်ဝေခဲ့ပါတယ်။ သူ့ရဲ့ မှတ်တမ်းရုပ်ရှင်ဟာ အနောက်ကမ္ဘာက မာသာထရီဆာကို အာရုံစိုက်မိသွားစေတယ်လို့ ညွှန်းကြပါတယ်။
ခရစ္စတိုဖာ ဟစ်ချင်စ် (Christopher Hitchen) ဆိုသူကလည်း ၁၉၉၄ မှာ Hell’s Angel အမည်နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ The Missionary Position: Mother Teresa in Theory and Practice ဆိုတဲ့ အမည်နဲ့လည်း စာအုပ် ထုတ်ဝေခဲ့ပါတယ်။ ဟစ်ချင်စ်ကတော့ မာသာထရီဆာကို ဝေဖန်ထားတာ ဖြစ်ပါတယ်။ လှူဒါန်းငွေ သန်းချီရပေမယ့် လူနာတွေ အခြေအနေတွေက တိုးတက်မလာဘူး၊ လူတွေကို ဆင်းရဲတာ လက်ခံဖို့ ဟောပြောပြီး ဆင်းရဲတွင်းမှာ လည်နေစေတယ်၊ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေး လုပ်နေတာ မဟုတ်ဘူး စသဖြင့် ဝေဖန်ခဲ့ပါတယ်။
မာသာထရီဆာကလည်း သူဟာ လူမှုကယ်ဆယ်ရေးလုပ်သား မဟုတ်ကြောင်း၊ ဘုရားသခင်နဲ့ ကျောင်းတော်အတွက် အလုပ်လုပ်နေတာသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီး သရုပ်ဆောင် ဂျရယ်ဒင်း ချာပလင်က မာသာထရေဆာအဖြစ် သရုပ်ဆောင်တဲ့ Mother Teresa: In the Name of God’s Poor ဟာ ၁၉၉၇ တုန်းက Art Film Festival ဆုကို ရရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်က အီတလီမှာ ရုပ်သံစီးရီးငယ်အဖြစ် အိုလီဗီယာ ဟက်ဆီ သရုပ်ဆောင်တဲ့ Mother Teresa of Culcutta ကို ပြသခဲ့ပါတယ်။ ၂၀၀၇ မှာ ပြန်လည် ထုတ်လွှင့်ခဲ့ပြီး CAMIE ဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၄ မှာလည်း ဂျူးလိယက် စတီဗင်ဆင် သရုပ်ဆောင်တဲ့ The Letters ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ထွက်ရှိခဲ့ပါသေးတယ်။
ရိုမန်ကက်သလစ် ကျောင်းတော်က တရားဝင် သတ်မှတ်ထားတဲ့ သူတော်စင် ၁ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ သူတော်စင်အဖြစ် သတ်မှတ်မှု စည်းကမ်းချက်များကို မာသာထရီဆာအတွက် ပုပ်ရဟန်းမင်းကြီးက လျှော့ချပေးခဲ့တယ်လို့ သိရပါတယ်။