မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှ တောင်ကုန်းများသည် မြန်မာဘုရင်များလက်ထက်က သစ်တောများ အလွန် ထူထပ်ခြင်းကြောင့် လူသိများပြီး အဆိုပါသစ်တောများသို့ ရာဇဝတ်သားများကို နယ်နှင်ဒဏ်ပေးခြင်းက သေဒဏ် သဖွယ် ဖြစ်ခဲ့ရသည်။ ယနေ့အချိန်တွင်မူ တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် ယင်းသစ်တောများ ပြောင်ရှင်းနေပြီး သစ်ပင်ကြီးများက လက်တဆုပ်စာမျှသာ ကျန်ရှိတော့သည်။
မြန်မာအစိုးရသစ်က သစ်ထုတ်လုပ်မှုကို ယာယီပိတ်ပင်ထားခဲ့သော်လည်း ဝေးလံသည့် အဆိုပါဒေသသို့ သွားရောက်ခဲ့သော AP သတင်းဌာန၏ ခရီးစဉ်တခုတွင် သစ်ထုတ်လုပ်သူများက ကျန်ရှိနေသေးသော သက်တမ်းရင့် သစ်ပင်ကြီးအချို့ကို ခုတ်လှဲနေဆဲ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ခုတ်လှဲပြီးဖြစ်သည့် သစ်ပင်များမှ သစ်သားများကို ပို့ဆောင်ရောင်းချရန် တရားမဝင် သစ်ခုတ်သူများက ခွဲစိတ်နေသည်ကိုလည်း AP က တွေ့ခဲ့ရသည်။ အစုလိုက် အပုံလိုက်ရှိနေသည့် သစ်များကို အစိုးရက သိမ်းယူပြီး ဖြစ်သော်လည်း ထိုသို့ ထုတ်ယူခွင့်ရရန် အာဏာပိုင်များကို လာဘ်ပေးရကြောင်း ဒေသခံများက ပြောသည်။
၂၀၁၁ ခုနှစ်မှ စ၍ မြန်မာနိုင်ငံမှ ကျွန်းသစ်၊ rosewood (တမလန်း) နှင့် အခြားသစ်မာအမျိုးမျိုးကို တရားမဝင် ခုတ်လှဲ၍ နိုင်ငံခြားသို့ တင်ပို့ခဲ့သည်။ ထိုသစ်အများစုမှာ စစ်ကိုင်းတိုင်းမှဖြစ်ပြီး ဧရာဝတီ မြစ်ကြောင်းအတိုင်း မျှော၍ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နိုင်ငံများသို့ တင်ပို့သည်။
၁၉၉၀ မှ စ၍ မြန်မာနိုင်ငံတွင် သစ်တော ၄ ပုံ ၁ ပုံကျော် ဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။ ဆုံးရှုံးမှု အများဆုံးမှာ မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ကိုင်းတိုင်းနှင့် ၎င်း၏ အိမ်နီးချင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဖြစ် သည်။ ယခင် အစိုးရက နိုင်ငံခြားသို့ သစ်တင်ပို့မှုကို ၂၀၁၄ ခုနှစ်တွင် တားမြစ်ပိတ်ပင်ခဲ့သော်လည်း ၎င်းတို့ အစိုးရလက် ထက်တွင် သစ်တော ပြုန်းတီးမှုနှုန်းက တိုးလာခဲ့သည်။
“သစ်ထုတ်လုပ်ရေးကုမ္ပဏီတွေက သူတို့ အမှန်တကယ် ထုတ်လုပ်ခွင့်ရတာထက် ပိုပြီး ခုတ်လှဲခဲ့ကြတယ်။ ကျနော့် အတွေ့ အကြုံ အရ ပြောရမယ်ဆိုရင် သူတို့လိုချင်တဲ့ သစ်ပင်အရွယ်အစားမှန်သမျှကို ခုတ်လှဲနေတဲ့ ကုမ္ပဏီတွေကို အစိုးရက အရေးယူတာ လုံးဝမမြင်ဖူးပါဘူး”ဟု သဘာဝပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူတဦးဖြစ်သော ကိုမင်းမင်းက ပြော သည်။ လယ်သမားတယောက်လည်း ဖြစ်သော ကိုမင်းမင်းသည် ယခင်က တရားမဝင်သစ်များ သယ်ယူပို့ဆောင်ပေးရသည့် အလုပ်ကို လုပ်ခဲ့ဖူးသူ ဖြစ်သည်။
ယာယီပိတ်ပင်ထားသော်လည်း အသေးစား သစ်ထုတ်လုပ်မှုက ဆက်လက်တည်ရှိနေပုံရကြောင်း စစ်ကိုင်းတိုင်းမှ တက်ကြွလှုပ်ရှားသူ ၄ ဦးက AP သို့ပြောသည်။ သစ်များကို ထရပ်ကားများဖြင့် တင်ကာ ပို့ဆောင်နေသည်ကို သူတို့ မြင်နေခဲ့ရသည်။ ယခုအချိန်သည် မြန်မာနိုင်ငံတွင် မိုးရာသီဖြစ်ပြီး တရားမဝင် သစ်ကုန်သွယ်မှု ခေတ္တ ရပ်နားထားချိန် ဖြစ်သည်။
တရားမဝင် သစ်များကြောင့် ဖမ်းဆီးသူများထဲတွင် မြန်မာစစ်တပ်လည်း ပါဝင်သည်။ မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်ခြင်း မရှိတော့သော်လည်း အာဏာရှိနေဆဲ ဖြစ်ပါသည်။ ပြီးခဲ့သည့် အပတ်က တရားမဝင် တမလန်းသစ် (rosewood) ၃ တန် တင်ဆောင်လာသော စစ်တပ်ပိုင် ကားတစီးကို စစ်ကိုင်းတိုင်းတွင် ဖမ်းဆီးမိခဲ့ကြောင်း မြန်မာမီဒီယာများက ရေးသားခဲ့ကြသည်။
ယခုနှစ် နွေရာသီတွင် AP သတင်းထောက်များက ဂျစ်ကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် ကြမ်းတမ်းပြီး ရွံ့ဗွက်ထူသော လမ်းများအတိုင်း နာရီ ၂၀ ကျော် ခရီးနှင်၍ စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်ကာ ယခင်က တရားမဝင် သစ်ထုတ်ခဲ့သူများ၊ ဒေသခံ လယ်သမားများနှင့် ဆင်ထိန်းသိမ်းစောင့်ရှောက်သူများအား တွေ့ဆုံခဲ့သည်။ အလွန် ဝေးလံသည့် နေရာ ဖြစ်သည့်တိုင် တောင်စောင်းနှင့် တောင်ကြား အများစုက ပြောင်ရှင်းနေသည်။
ဆယ်နှစ်ခန့်သာ သက်တမ်းရှိဦးမည့် ပင်ပျိုများက သူတို့၏ ဘိုးဘေးများဖြစ်သည့် သစ်ငုတ်တိုကြီးများအနီးတွင် ရှိနေကြသည်။ အဆိုပါ သစ်ငုတ်တိုများက လက်ရှိအပင်များထက် အဆများစွာ ကြီးမားသည်ကို ထင်ထင်ရှားရှား မြင်ရသည်။ ကျေးရွာငယ် အချို့က တပိုင်တနိုင် ထိန်းသိမ်းထားနိုင်ခဲ့ကြသော သစ်တောငယ်များတွင် သက်တမ်းရင့် အပင်ကြီးများသာ ရှိတော့သည်။
“အရင်ကဆိုရင် ကျနော်တို့ သစ်တောထဲကို တယောက်ထဲ မလာရဲဘူး။ ဘာကြောင့်လဲဆိုတော့ တောက သိပ်နက်တယ်။ အခုဆိုရင်တော့ မြင်တဲ့ အတိုင်းပဲ ပြောင်ရှင်းနေပြီး သစ်ပင်ကြီးတွေ မရှိတော့ဘူး။ သစ်ပင်ကြီးတွေ အားလုံးကုန်ပြီ” ဟု ဒေသခံ သဘာဝပတ်ဝန်းကျင်ရေးရာ တက်ကြွ လှုပ်ရှားသူ တယောက်ဖြစ်သည့် ဦးအောင်မိုးကျော်က ပြောသည်။
စစ်ကိုင်းတိုင်းတွင် သစ်ထုတ်လုပ်ရာ၌ အစဉ်အလာအရ ဆင်၏ အကူအညီဖြင့် လုပ်ကိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုနည်းအတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ကြသော်လည်း စက်ယန္တရားကြီးများကိုလည်း သာမန်ထက်ပို၍ သုံးစွဲခဲ့ကြသည်။
“သစ်ထုတ်လုပ်ရေးကို အစိုးရကပဲ လုပ်မယ်။ သစ်တွေကိုလည်း ဆင်တွေနဲ့ ပဲဆွဲမယ်ဆိုရင် သစ်တောပြုန်းတီးမှုက ဆိုးရွားမှာ မဟုတ်ဘူး” ဟုဆင်ထိန်းတဦး ဖြစ်သည့် ဦးသန်းလွင်က ၅ တန် ခန့်လေးသည့် သစ်လုံးများကို ဆွဲနေသည့် ဆင် ၂ ကောင် ကို ပြရင်းပြောသည်။ “သစ်ထုတ်လုပ်ရေး ကုမ္ပဏီတွေက သစ်ပင်တွေကို သူတို့ လိုချင်သလို ခုတ်လှဲနေတာကို ကျနော်တို့ မြင်ရပါတယ်”။
လတ်တလော တရားမဝင် ခုတ်လှဲထားသည့် ဒေါ်လာသန်းနှင့် ချီ၍ တန်မည့် သစ်လုံးပုံများက ဒေသတွင်းမှ ကျေးရွာများ တလျှောက်တွင် ရှိနေသည်။ AP သတင်းအဖွဲ့မှ အများဆုံးမြင်ခဲ့ရသည့် သစ်မှာ သဘာဝအနီရောင်ကြောင့် တရုတ်နှင့် အခြားနိုင်ငံများတွင် လူကြိုက်များသည့် rosewood (တမလန်း) ဖြစ်သည်။ ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှစ၍ အစိုးရက တရားမဝင် သစ်များကို ဖမ်းဆီးခဲ့သော်လည်း များသောအားဖြင့် သစ်ထုတ်လုပ်သူများက တာဝန်ရှိသူများကို လာဘ်ထိုး၍ ပြန်လည်ရယူနိုင်ခဲ့ကြသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြသည်။
စစ်ကိုင်းတိုင်းမှ သစ်ကုန်သွယ်ရေးအတွက် အချက်အချာကျသည့် နေရာတခုဖြစ်သည့် ကသာမြို့ အပြင်ဘက်တွင် သစ် ထုတ်လုပ်သူများက ဖြတ်တောက်ခွဲစိတ်ထားသည့် သစ်များကို AP သတင်းအဖွဲ့က မြင်တွေ့ခဲ့ရပါသည်။ သတင်းထောက် များနှင့် အတူလိုက်ပါလာသော တက်ကြွလှုပ်ရှားသူတဦးက အဆိုပါ သစ်ထုတ်လုပ်မှုသည် တရားမဝင် ဖြစ်သည့် အတွက် သစ်တောဦးစီးဌာနသို့ ဆက်သွယ်ခဲ့ကြောင်း နှင့် သစ်တောဌာနက ၎င်းတို့ကိုဖမ်းဆီး၍ ပစ္စည်းများကို သိမ်းယူခဲ့ကြောင်း ပြောသည်။
သစ်ခွဲသည့် လုပ်ငန်းကို အနီးဆုံးကျေးရွာနှင့် ဝေးကွာသော တောင်တလုံးအနီးတွင် ပြုလုပ်ပါသည်။ အဘယ်ကြောင့် ဆိုသော် အလုံးလိုက် တင်ပို့ ခြင်းက တရားမဝင်သည့်အတွက် ယခုကဲ့သို့ လျှို့ဝှက်ခွဲစိတ်ခြင်းက ဥပဒေကို ရှောင်ရှားသည့် နည်းလမ်းတခု ဖြစ်သည်။
သစ်ခွဲနေသည်ကို သိရှိသည့် ကျေးရွာသားများက တက်ကြွလှုပ်ရှားသူများကို သတင်းပေးခဲ့ကြသည်။ တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များ ရောက်ရှိသွားသည့်အခါ သစ်ခွဲနေသည့် အဖွဲ့ခေါင်းဆောင် စိတ်မသက်မသာ ဖြစ်သွားပုံရသည်။ သစ်များကို ဘယ်ကရသနည်းဟုမေးသည့်အခါ သူ၏ အကိုဖြစ်သူက မကြာသေးမီက ပေးထားသည့် အသုံးမပြုတော့သော သစ်များဖြစ်ကြောင်းနှင့် အိမ်သုံးအတွက်သာ ဖြစ်ကြောင်းပြောသည်။
တရားမဝင် သစ် အများစုကို ကသာသို့ ဆွဲယူလာပြီး ဧရာဝတီ မြစ်ကြောင်းမှ တဆင့် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်း အတွင်းရှိ လမ်းကြောင်းအမျိုးမျိုးကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြောက်ပိုင်းသို့ တင်ပို့ခြင်း ဖြစ်ကြောင်း ဖွံ့ဖြိုးဆဲ နိုင်ငံများမှ တရားမဝင် သစ်ထုတ်လုပ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို အကူအညီပေးနေသော ဥရောပသမဂ္ဂ၏ Forest Law Enforcement, Governance and Trade အစီအစဉ် လက်အောက်တွင် အလုပ်လုပ်နေသော တက်ကြွ လှုပ်ရှားသူများက ပြောကြသည်။ တရားမဝင် ပစ္စည်းများ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းခွင့်ရရန် အတွက် လာဘ်ငွေ ပေးရသည်ဟုလည်း သူတို့ကဆိုသည်။
သူ၏ အလုပ်ရှင်ဟောင်းက ရဲအဖွဲ့နှင့် သစ်တောဌာနမှ တာဝန်ရှိသူများကို ကြိုတင်၍ လာဘ်ငွေပေးထားသည် ဟု ကိုမင်းမင်းက ပြောသည်။ သို့မှသာ ဂိတ်သို့ ကိုမင်းမင်းရောက်လာသည့် အချိန်တွင် တာဝန် ရှိသူများက သူ၏ ထရပ် ကားကို စစ်ဆေးခြင်းမပြုဘဲ သွားခွင့်ပေးမည် ဖြစ်သည်။
“လာဘ်ထိုးထားတဲ့ အတွက် (ရဲအဖွဲ့နှင့် သစ်တောဌာနမှ) တာဝန်ရှိသူတွေက ကျနော်တို့ကို ကာကွယ်ပေးတယ်။ တခါတလေကျရင် သူတို့က ကျနော် တို့ ကားပေါ်လိုက်လာပြီး သွားရမယ့်နေရာကိုတောင် လိုက်ပြပေးတယ်” ဟု သူက ပြောသည်။
သစ်တောဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက အကျင့်ပျက်ခြစားမှုများကို ရပ်တန့်နိုင်ရန် အစိုးရက ကြိုးစားနေသည်ဟု စက်တင်ဘာလ ၂ ရက်နေ့တွင် ပြောသည်။
“လူပုဂ္ဂိုလ် တဦးချင်းအလိုက် လာဘ်ပေးလာဘ်ယူ အမှုတွေတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် သစ်တောဌာနမှာ ရှိတဲ့ ဝန်ထမ်း အားလုံးတော့ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ ကျနော်တို့က အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းတွေကို အရင်ကထဲက အရေးယူခဲ့ပြီး အခု အချိန်မှာလည်း ဆက်လက် အရေးယူဆောင်ရွက်သွားပါမယ်” ဟု ဦးမျိုးမင်း ကပြောသည်။
အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်သော မေးခွန်းများကို ရဲတပ်ဖွဲ့က သစ်တောဌာနသို့ လွှဲပြောင်းပေးခဲ့သည်။
သစ်တောဌာနက ကသာခရိုင်မှ ဝန်ထမ်းများကို ယခင်က အရေးယူခဲ့သည်ဟု ဦးမျိုးမင်းက ပြောသော်လည်း ခရိုင်ညွှန် ကြားရေးမှူး ဦးစိုးတင့်ကမူ တရားမဝင် သစ်ထုတ်မှုများတွင် တာဝန်ရှိသူများ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဆိုသည်။
“တရုတ်နိုင်ငံရဲ့ သစ်မာ ဝယ်လိုအားကြောင့် စီးပွားရေး သမားတွေ ပူးပေါင်းပြီး တရားမဝင်သစ်ထုတ်လုပ်မှုတွေ ရှိနိုင်ပါ တယ်” ဟု ဦးစိုးတင့်က ပြောသည်။
မြန်မာနိုင်ငံ၏ မှောင်ခိုလုပ်ငန်းက မည်မျှအထိ ကြီးမားပါသနည်း။ ၂၀၁၁ ခုနှစ်မှ ၂၁၀၄ ခုနှစ် အတွင်း မြန်မာနိုင်ငံ၏ သစ်မာတင်ပို့မှုတန်ဘိုးက အမေရိကန်ဒေါ်လာ ၂.၈၃ ဘီလီယံ ရှိသည်ဟု မြန်မာနိုင်ငံဘက်က ဖော်ပြခဲ့သော်လည်း ၎င်း၏ ကုန်သွယ်ဘက်နိုင်ငံများကမူ သူတို့၏ သစ်မာတင်သွင်းမှုက အမေရိကန် ဒေါ်လာ ၅.၅၇ ဘီလီယံ ရှိသည်ဟု ဆိုသဖြင့် ခြားနားခြင်း ဒေါ်လာ ၂.၇၄ ဘီလီယံ ခန့်က တရားမဝင် သစ်ထုတ်လုပ်မှု ဖြစ်ဖွယ်ရာ ရှိပါသည်။ အခြားသော သစ်ထုတ် လုပ်မှုများက တိုင်းပြည်၏ မှတ်တမ်းများတွင် မပါဝင်နေခြင်း ဖြစ်နိုင်ပါသည်။
အိန္ဒိယ နှင့် တရုတ်နိုင်ငံများက အကြီးဆုံးဖောက်သည်များက ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းတွင် အဆိုပါ ၂ နိုင်ငံ၏ မြန်မာနိုင်ငံမှ ကျွန်းသစ် နှင့် rosewood (တမလန်း) တင်သွင်းမှုက အခြား ကမ္ဘာ့နိုင်ငံများထက် ၆ ဆ ပိုလွန်ခဲ့ပါသည်။
“တရားမဝင်သစ် အများစုက ကချင်ပြည်နယ်ကနေ တဆင့် တရုတ်နိုင်ငံကို တင်ပို့တာဖြစ်ပါတယ်။ တရားမဝင်သစ်တွေကို သယ်ယူသွားတဲ့ လမ်းတလျှောက်မှာ စစ်ဘက်အရာရှိတွေနဲ့ အရပ်ဘက် အရာရှိတွေကို တရားမဝင် သစ်တင်ပို့ သူတွေက လာဘ်ငွေဘယ်လိုပေးတယ်ဆိုတာ ကျမတို့ မြင်တွေ့ခဲ့ရပါတယ်” ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်(Kachin Peace Network) မှ ဒေါ်ခွန်ဂျာက ပြောသည်။
“ဒါက မလိုလားအပ်တဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။ တန်ဘိုးကြီးမားတဲ့ သဘာ၀ အရင်းအမြစ်တွေက မဖြစ်စလောက် ငွေကြေးနဲ့ ရောင်းချ ခံနေရတယ်” ဟု သူကထပ်ပြောသည်။
၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် သစ်တောဆုံးရှုံးမှု တတိယ အများဆုံးဖြစ်ခဲ့ပြီး နှစ်စဉ် ဆုံးရှုံးမှုမှာ စတုရန်းမိုင် ၂၁၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ အဆိုအရ သိရသည်။
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံကို နှစ်ပေါင်းကြာရှည်စွာ အုပ်ချုပ်ခဲ့သော စစ်အစိုးရက သမ္မတ ဦးသိန်းစိန် ဦးဆောင်သော စစ်တပ်နောက်ခံပေး အရပ်သား အစိုးရသို့ အာဏာလွှဲပြောင်းပေးခဲ့ပြီး အဆိုပါ အစိုးရက ယခုနှစ် အစောပိုင်းအထိ အုပ် ချုပ်ခဲ့သည်။ ဦးသိန်းစိန် ဦးဆောင်သော အစိုးရက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ နှင့် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော အထီးကျန် တံခါးပိတ် နေခဲ့ခြင်းမှ လွတ်မြောက်နိုင်ရန် စတင်ဆောင်ရွက်ခဲ့သဖြင့် ချီးကျူးမှုများ ရရှိခဲ့သည်။ သို့သော်လည်း ဘေးထွက်ဆိုးကျိုးတခု ရှိလာသည်မှာ တံခါးဖွင့်လှစ်လိုက်ခြင်းများက မြန်မာနိုင်ငံမှ မြောက်များလှစွာသော သဘာ၀ အရင်းအမြစ်များကို ထုတ်ယူရန် လွယ်ကူသွားစေခဲ့သည်။
“အဆိုးဆုံးကာလကတော့ ဦးသိန်းစိန် အစိုးရလက်ထက်မှာပဲ။ အစိုးရ ကိုယ်တိုင်က စီးပွားရေးသမားတွေနဲ့ ပူးပေါင်းဆောင် ရွက်ခဲ့ပါတယ်။ တရားမဝင် သစ်ခိုးထုတ်မှုက ကျနော်တို့ ဒေသအတွင်းမှာ ကျယ်ပြန့်သွားခဲ့တယ်” ဟု စစ်ကိုင်းတိုင်း လွှတ် တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဦးသန်းလှိုင်က ပြောသည်။
သက်တမ်းရင့် သစ်တောများကို ကာကွယ်ရန် အစိုးရက ၂၀၁၄ ခုနှစ်မှ စ၍ နိုင်ငံခြားသို့ သစ်အလုံးလိုက် တင်ပို့ ခြင်းကို တားမြစ်ခဲ့သည်။ အသစ်ရွေးချယ်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရက မတ်လ ၃၁ ရက် နေ့တွင် ကုန်ဆုံးမည့် ယခု ဘဏ္ဍာရေး နှစ် အတွင်းတွင် တနိုင်ငံလုံး ၌ သစ်ခုတ်ခြင်းကို တားမြစ်လိုက်ကြောင်း မေလတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကသာရှိ သစ်တော ဌာနခြံဝင်းသည် ယခုအခါ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်၍ အစိုးရက တရားမဝင် သစ်ခိုးထုတ်သူများ ထံမှ ဖမ်းဆီး ထိမ်းသိမ်းခဲ့သော ကုန်တင်ကားများ၊ ဘတ်စ်ကားများ နှင့် van ကားများ ထားရှိသည့် နေရာ ဖြစ်လာသည်။
အစိုးရက ဧပြီလ မှစ၍ တရားမဝင်သစ် ၁၆၀၀၀ တန် ကျော် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု သစ်တောဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောသည်။ အစိုးရသစ် အာဏာရယူပြီးနောက်တွင် အမှုဖွင့် အရေးယူမှု ၁၀၀၀ ကျော် ပြုလုပ်ခဲ့သည်ဟု လည်း သိရသည်။ ယခင် အစိုးရ လက်ထက် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်းတွင် တရားမဝင်သစ် တန်ချိန် ၃၀၀၀၀ ဖမ်းဆီး ထိန်း သိမ်းနိုင်ခဲ့ပြီး အမှုဖွင့် အရေးယူမှု ၂၂၀၀ ကျော်ရှိခဲ့သည်ဟု သူကပြောသည်။
တရားမဝင် သစ်ခိုးထုတ်သူ အချို့ကိုလည်း အရေးယူ ထောင်ချခဲ့ရာ ဝန်းသိုမြို့နယ်မှ ကျေးရွာတခုတွင် AP သတင်း ထောက်များ တွေ့ခဲ့သူ တဦးလည်း အပါ အဝင်ဖြစ်သည်။ ၄ လကြာ ထောင်ချခံရပြီးနောက် သူပြန်လည် လွတ်မြောက်ခဲ့ပါ သည်။
အကျင့်ပျက်ခြစားမှုနှင့် ဥပဒေအရ အရေးယူမှု အားနည်းခြင်းက အတားအဆီးများ ဖြစ်နေဆဲဖြစ်သည်။
“တရားမဝင် သစ်ခိုးထုတ်တဲ့သူတွေက ဒီလုပ်ငန်းကို အကြာကြီး လုပ်လာကြတာ ဖြစ်တဲ့အတွက် အလွန်ပါးနပ်ပြီး ကျွမ်းကျင်ကြတယ်။ တရားမဝင်သစ်တွေကို ဘယ်အချိန်မှာ ဘယ်နေရာကို ဘယ်လိုပို့ရမယ်ဆိုတာက သူတို့ နားလည် ကြ တယ်။ အစိုးရရဲ့ အားနည်းချက်တွေကိုလည်း သူတို့က သေသေချာချာ သိကြတယ်။ ဖမ်းဆီး မခံရအောင် ဘယ်လိုရှောင် တိမ်းရမယ် ဆိုတာလည်း သိကြတယ်” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် သဘာဝအရင်းအမြစ်နှင့် သဘာ၀ ပတ် ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဝင် ဦးမင်းနောင်ကပြောသည်။
လာဘ်ပေးလာဘ်ယူကိစ္စ နည်းပါးသွားသော်လည်း တာဝန်ရှိသူ အချို့က လာဘ်ငွေယူနေဆဲဟု သူက ပြောသည်။ သစ်တောဌာနမှာလည်း အင်အားနည်းနေသည်။ “သစ်လုပ်ကွက်တွေနဲ့ လူတွေကို လိုက်လံဖမ်းဆီးဖို့ သူတို့မှာ လူအင်အား မရှိဘူး။ သူတို့ အန္တရာယ်ရှိနိုင်တယ်။ သူတို့မှာ လက်နက်မရှိဘူး။ ဘောလ်ပင်တွေ ပဲ ရှိတယ်” ဟုလည်း ဦးမင်းနောင်က ပြောသည်။
မကြာသေးမီက စစ်ကိုင်းတိုင်းမှ သစ်တောဌာန ဝန်ထမ်းတဦးကို တရားမဝင် သစ်ခိုး ထုတ်သူများက သတ်ဖြတ်ခဲ့ကြ သည်။ “အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ သူ့အတွက် ကျနော်တို့ တကယ်ကို ဝမ်းနည်းပါတယ်။ ကျနော်တို့ သူ့ကို မကာကွယ်နိုင်ခဲ့ဘူး” ဟု သူက ဆိုသည်။
ယခုကဲ့သို့ အသတ်ခံရခြင်းမှာ ကသာခရိုင်အတွင်းတွင် ပထမဆုံး အကြိမ်ဟု ဆိုနိုင်သော်လည်း သစ်တောဝန်ထမ်းများ ရံဖန်ရံခါ ခြိမ်းခြောက်ခံရခြင်း၊ အန္တရာယ်ပေးခြင်းများနှင့် ရင်ဆိုင်နေခဲ့ရသည်ဟု သစ်တော အရာရှိတဦး ဖြစ်သည့် ဦးစိုးတင့် က ပြောသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က ကျောထောက်နောက်ခံပေးရန် တောင်းဆိုခဲ့ကြသည်။
တခါတရံ တရားမဝင်ထုတ်ယူမှုတွင် ဒေသခံ ကျေးရွာသားများ ပါဝင်လေ့ရှိသော်လည်း သူတို့အတွက် အကျိုးအမြတ်က မရ သလောက်နီးပါး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ အကြီးအကျယ် လုပ်ကိုင်သူများက အခြားဒေသများမှ သစ်ခုတ်သမားများကို မှီခိုကြသည်ဟုလည်း သူတို့က ဆိုသည်။
အာရှတွင် အဆင်းရဲဆုံး နိုင်ငံများထဲမှ တခုဖြစ်သည့် မြန်မာနိုင်ငံ၏ စံနှုန်းများအရပင်လျှင် စစ်ကိုင်းတိုင်း မြောက်ပိုင်းသည် ဆင်းရဲနွမ်းပါးပြီး ဝေးလံခေါင်ဖျားသည့် ဒေသတခု ဖြစ်ပါသည်။ လူအများစု သုံးစွဲနေရသည့် လမ်းများကလည်း အလွန်ဆိုး သည်။ ကျေးလက်ပြည်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းအပေါ်တွင် အကြီးအကျယ်မှီခိုနေကြရသော်လည်း ရေပေး ဝေမှု စနစ်မရှိပါ။ စိုက်ပျိုးရာသီ မဟုတ်သည့် အချိန်တွင် အစားအစာအတွက် သစ်တောများကို မှီခိုကြရသည်။ ကျေးရွာ များတွင် ပုံမှန်အားဖြင့် မူလတန်းကျောင်း တကျောင်းသာ ရှိတတ်ပြီး ဆက်လက်ပညာသင်ကြားနိုင်ရေးက ကလေးငယ် အများစု အလှမ်းမမီသည့် ကိစ္စတခု ဖြစ်နေသည်။
“တရားမဝင် သစ်ခိုးထုတ်မှုကို ရပ်တန့်ဖို့ အတွက် အဲဒါက အမြဲတမ်း ကျနော်တို့အတွက် အခက်အခဲဖြစ်နေခဲ့တယ်။ သူတို့ က အာဏာပိုင် အဆင့်ဆင့်နဲ့ နားလည်မှုရထားကြတယ်။ အဲဒီကနေ အကျိုးအမြတ်ရရှိကြတယ်။ ဒါပေမယ့် သစ်တောတွေ နားမှာနေတဲ့ ကျေးလက်ပြည်သူတွေကတော့ အရမ်းဆင်းရဲကြတယ်” ဟု တက်ကြွလှုပ်ရှားသူတဦး ဖြစ်သည့် ဦးအောင် မိုးကျော်ကပြောသည်။
တချိန်တည်းမှာပင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ အာရုံစူးစိုက်မှု ရလာခြင်းက တိုးတက် မှုတခု ဖြစ်သည်ဟု သူက ပြောသည်။
“တကယ်လို့ အစိုးရသစ်က ဒီသစ်တောတွေကို နှစ် အနည်းငယ်လောက် ကာကွယ်ပေးနိုင်မယ်ဆိုရင် ဒီသစ်တောတွေ ရှင် သန်ဖို့ အခွင့်အရေး ရလာပါလိမ့်မယ်။”
( Associated Press သတင်းထောက် Esther Htusan ၏ Myanmar forest-cutting continues despite government efforts ကို ဘာသာပြန်ဆိုသည်)