ပြီးခဲ့သည့် နှစ်လယ်ပိုင်းက ရန်ကုန်၊ တာမွေမြို့နယ်မှ အသက် ၃ဝ အရွယ် အမျိုးသမီးတဦး၏ လက်ကိုင်ဖုန်းကို ကောက်ရခဲ့သူက ဖုန်းထဲမှ ဓာတ်ပုံတို့ကို ဝတ်လစ်စလစ်ပုံများအဖြစ် ပြုပြင်ပြီး အင်တာနက်တွင် ဖြန့်မည်ဟု ခြိမ်းခြောက်ကာ ငွေတသိန်းတောင်းခဲ့သည်။
ဒုတိယအကြိမ် ခြိမ်းခြောက်ငွေတောင်းစဉ် ထိုပုံများ အမှန်တကယ်ဖန်တီးပြီး ပေးပို့ရာ ထိုအမျိုးသမီးက မြို့နယ်ရဲစခန်းသို့ တိုင်ကြားရန် ကြိုးစားခဲ့သည်ဟု အမှုဖွင့်ရန် လိုက်ပါကူညီသူ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် ARTICLE 19 ၏ ရန်ကုန်ရုံးမှ စီမံရေးရာအရာရှိ မယဉ်ရတနာသိန်းက ပြောသည်။ သို့သော်လည်း ရဲစခန်းက သူတို့၏ တိုင်ကြားချက်ကို လက်ခံခဲ့ခြင်း မရှိဟု ဆိုသည်။
“ရဲစခန်းမှာ အမှုဖွင့်ဖို့ မနက် ၁ဝ နာရီလောက်ကတည်းက ညနေ ၅ နာရီလောက်အထိ သွားစောင့်ခဲ့ပေမယ့် တာဝန်ကျ ရဲ တွေကလည်း နည်းပညာနဲ့ ပတ်သက်ပြီး နားမလည်၊ စခန်းမှူး ပြန်မလာသေးတာနဲ့ အမှုဖွင့်ခွင့်မရခဲ့ဘူး”ဟု မယဉ်ရတနာ သိန်းက ရှင်းပြသည်။
Myanmar Now က တာမွေမြို့နယ်ရဲစခန်းသို့ သွားရောက်မေးမြန်းရာ အမည်မဖော်လိုသူ ရဲအရာရှိတဦးက အိုင်တီနည်း ပညာနှင့်ဆက်စပ်သည့်အမှုမျိုး တိုင်ကြားချိန်တွင် စခန်းမှူးရှိမှသာ လက်ခံအမှုဖွင့်ပေးသည်ဟု ရှင်းပြသည်။
အမျိုးသမီးအများအပြား အင်တာနက်တွင် ခြိမ်းခြောက်၊ ငွေညှစ်ခံနေရသော်လည်း အနည်းငယ်ကသာ ဥပဒေကြောင်းအရ ဖြေရှင်းကြပြီး ထိုသို့ ဖြေရှင်းရာတွင်လည်း အာဏာပိုင်များနှင့် ပတ်ဝန်းကျင်၏ ကူညီမှု အလွယ်တကူ မရရှိကြကြောင်း ကာယကံရှင် အမျိုးသမီးများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။
အွန်လိုင်းအကြမ်းဖက်မှု
ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သည့် မရတနာကျော်သူ (အမည်လွှဲ) ကို ယခုနှစ်လယ်ပိုင်းတွင် အမျိုး သားအများအပြားက ပျော်ပါးရန် ဖုန်းဆက်ပြောဆိုမှု အကြိမ်ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။
သူ၏ ဓာတ်ပုံများ၊ ဖုန်းနံပါတ်တို့ကို Facebook စာမျက်နှာတခုတွင် တစုံတယောက်က တင်ထားပြီးနောက်ပိုင်း ဖုန်းဆက် စျေးမေးလာကြခြင်းကြောင့် ဖုန်းကတ်ကို ပြောင်းလဲအသုံးပြုခဲ့ကြောင်း ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီးတော ့ရဲစခန်းကို မတိုင်ချင်ဘူး။ အမှုဖွင့်ရင် တရားရင်ဆိုင်ကာလက ရှည်သွားရင် အလုပ်ပျက် အကိုင်ပျက်လည်း ဖြစ်ဦးမယ်၊ ကိုယ့်ကြောင့် အိမ်က မိဘတွေ ဂုဏ်သိက္ခာကျမှာလည်း မလိုလားဘူး” ဟု အသက် ၂ဝ ကျော် အရွယ် မရတနာကျော်သူက ဆိုသည်။
အဆိုပါ စာမျက်နှာ ရုပ်သိမ်းသွားနိုင်ရေးအတွက် အင်တာနက်သုံးသည့် သူ့မိတ်ဆွေများက Facebook သို့ တိုင်ကြားကန့် ကွက်ခဲ့ကြသည်ဟု ဆိုသည်။
ရန်ကုန်အခြေစိုက် Colours Rainbow အဖွဲ့မှ ရှင်းသန့်က လိင်တူချစ်သူများကို အွန်လိုင်းတွင် အမုန်းစကားပြောကြားခြင်း၊ လိင်ပိုင်းဆိုင်ရာ သွေးတိုးစမ်းခြင်း၊ မိမိပုံကို အပြာဝက်ဆိုက်တွင် တင်မည်ဟု ခြိမ်းခြောက် ငွေညှစ်ခြင်းတို့ကို ကိုယ််တိုင်ကြုံ တွေ့ခဲ့ရကြောင်း ပြောသည်။
“တချို ့ယောက်ျားတွေက နှမသားချင်း မစာနာဘဲ ဖုန်းဆက်ပြီး စျေးမေးကြတယ်။ နောက်ဆုံး ဖုန်းလာရင်တောင်မှ မကိုင်ရဲ တဲ့အဖြစ်မျိုးလေးတွေလည်း ရှိပါတယ်” ဟု ရှင်းသန့်က ပြောပြသည်။
အင်တာနက်လူမှုကွန်ရက်သုံးသူ အမျိုးသမီးတချို့သည် လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုခံနေရသည်။ တည်းခိုခန်း၊ ပန်းခြံ အတွင်း လူပြတ်သောနေရာတို့တွင် ချိန်းတွေ့သော စုံတွဲတချို့ကို လျှို့ဝှက်ရိုက်ကူးထားသောဓာတ်ပုံ၊ ဗီဒီယိုဖိုင် အများအ ပြားလည်း အင်တာနက်စာမျက်နှာတွင် ရှိနေသည်။
ရန်ကုန်အခြေစိုက် Gender Equality Network အဖွဲ့မှ ဆက်သွယ်ရေးတာဝန်ခံ မအေးသဒ္ဒါလှက “နှစ်ကိုယ်ကြားပဲ မြင် တွေ့သင့်တဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေတာ အများဆုံးတွေ့ရတယ်။ အဲဒီလို အွန်လိုင်းပေါ်မှာ အကြမ်းဖက် ခံရတဲ့အခါ အမျိုးသမီးအများစုက ဥပဒေရဲ့အကူအညီ မရယူတာကို တွေ့ရတယ်” ဟု ပြောသည်။
၎င်းတို့အဖွဲ့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေကြမ်း ရေးဆွဲစဉ်က အစိုးရကို နည်း ပညာပိုင်းဆိုင်ရာ အထောက်အကူပေးခဲ့ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တခုတွင် နည်းပညာနှင့် ဆက်စပ်သည့် အကြမ်းဖက်မှုကို လည်း ထည့်သွင်းထားသည်ဟု သူက ရှင်းပြသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အမတ်တဦးဖြစ်သည့် ဦးနေမျိုးကျော်ခေါ် ဘလော့ဂါ နေဘုန်းလတ်က အွန်လိုင်းသုံး စွဲသူအများစု ဒစ်ဂျစ်တယ် နည်းပညာနားလည်တတ်မြောက်မှု အားနည်းနေသဖြင့် အစိုးရရုပ်သံက နည်းပညာနှင့်ပတ် သက်သည့်ပညာပေး အစီအစဉ်များ ထုတ်လွှင့်ပေးသင့်သည်ဟု ဆိုသည်။
“ပညာပေးရော ပညာရေးရောကို တပြိုင်တည်း ဟန်ချက်ညီညီလုပ်ဆောင်သင့်ပါတယ်”ဟု ဦးနေမျိုးကျော်က ပြောသည်။
အာဏာပိုင်တို့နှင့် နည်းပညာအားနည်းချက်
အကြမ်းဖက်မှု လျော့နည်းလာစေရန်အတွက် အဓိကအရေးကြီးသည်မှာ တရားဥပဒေစိုးမိုးရေးပင်ဖြစ်သည်ဟု လူ့အခွင့် အရေးလှုပ်ရှားသူများက ပြောသည်။
နိုင်ငံတကာကဲ့သို့ပင် နည်းပညာနှင့် ပတ်သက်သည့် ကိစ္စများကို ဖြေရှင်းပေးသည့် ဆိုက်ဘာ (Cyber) ရဲတပ်ဖွဲ့ သီးသန့်ဖွဲ့ စည်းရန် လိုအပ်ကြောင်း ဦးနေမျိုးကျော်က သုံးသပ်သည်။
“ရဲဌာနတွေကိုလည်း အဆင့်မြှင့်တင်ဖို့ လိုပါတယ်၊ အိုင်တီနဲ့ ပတ်သက်ပြီး ပညာပေးတာတို့၊ စွမ်းဆောင်ရည် မြှင့်ပေးတာတို့ လုပ်သင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ဒုရဲမှူးတဦးက မြန်မာနိုင်ငံတွင် ဆိုက်ဘာရဲတပ်ဖွဲ့ သီးသန့်မရှိသော် လည်း စီအိုင်ဒီမှုခင်းရဲတပ်ဖွဲ့အောက်တွင် နည်းပညာမှုခင်းအဖွဲ့ရှိပြီး ညွှန့်ကြားချက်ရှိလာပါက အွန်လိုင်းမှုခင်းနှင့် ပတ်သက် သည်များကို စစ်ဆေးပေးသည်ဟု ဆိုသည်။
အွန်လိုင်းတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာတိုက်ခိုက်ခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်း၊ စော်ကားခြင်းတို့နှင့်ကြံုတွေ့ရလျှင် ကာယကံ ရှင်က အီလက်ထရွန်နစ် သက်သေအထောက်အထားတင်ပြပြီး တရားစွဲဆိုနိုင်ကြောင်း ရဲတပ်ဖွဲ့ဌာနချုပ်၊ သတင်းနှင့်နည်း ပညာဌာနက ကြေညာချက် ထုတ်ထားသည်။ မြို့နယ် တရားရုံး၊ ရဲစခန်းတို့တွင် ဆက်သွယ်ရေးဥပဒေဖြင့် ဦးတိုက်လျှောက် ထားတိုင်တန်းလာလျှင် အရေးယူနိုင်ရန် ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၇ တွင် လက် မှတ်ထိုးထားသည်။
၂ဝ၁၃ ခုနှစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တွင် ဆက်သွယ်ရေးကွန်ရက်တခုခုကို အသုံးပြု၍ ခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတခုခုကို ကျူးလွန်ပါက ငွေဒဏ်မှ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
“၆၆(ဃ) လို ပုဒ်မမျိုးက ပေါ်တာ မကြာသေးဘူး။ နည်းပညာကိုလည်း သေသေချာချာနားမလည်၊ ဘယ်ဖြစ်စဉ်က ပြစ်မှု မြောက်လဲ ဆိုတာကို သေသေချာချာ နားမလည်သေးတော့ စခန်းမှူးရှိတဲ့အချိန်ပဲ ပုဒ်မတပ်အမှုဖွင့်ပေးတဲ့သဘောပါ” ဟု တာမွေမြို့နယ်ရဲစခန်းမှ အရာရှိတဦးက ပြောသည်။
ရဲတပ်ဖွဲ့က နည်းပညာ အားနည်းသဖြင့် ပြည်သူတို့ကို အကာအကွယ်ပေးရာတွင် ခက်ခဲနေသည်ဟု ရန်ကုန်မှ အထင်ကရ ရှေ့နေတဦးဖြစ်သည့် ဦးရောဘတ်စန်းအောင်က သုံးသပ်သည်။
“အွန်လိုင်းပေါ်မှာ အကြမ်းဖက်ခံရမှုတွေဖြစ်ရင် အခုလက်ရှိအနေအထားအရ နိုင်ငံတော်နဲ့ဆိုင်နေတဲ့ အမှုကိစ္စတွေကိုတော့ ဖော်ထုတ်အရေးယူနေပါတယ်။ သာမန်လူတွေဖြစ်တဲ့ ကိစ္စကိုတော့ အရေးယူတာမျိုးတွေ မတွေ့ရသေးပါဘူး” ဦးရောဘတ် စန်းအောင်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ဓာတ်ပုံကို ပြုပြင်ပြီး အင်တာနက်တွင် ဖြန့်ဝေမှုဖြင့် အရေး ယူခံရသူများ၊ အမှုရင်ဆိုင်နေရသူများလည်း ရှိနေသည်။
ပတ်ဝန်းကျင်
ဖုန်းကတ်စျေးနှုန်း ကျပ်သိန်းဂဏန်းပေါက်စျေး ရှိသည့်ကာလတွင် မှတ်ပုံတင်ပြီး အသုံးပြုကြသော်လည်း စျေးနှုန်းကျပ် ထောင့်ငါးရာအထိ ကျဆင်းလာပြီး နိုင်ငံအနှံ့ ကတ်အရေအတွက် သန်းနှင့်ချီရောင်းချစဉ် ဆက်သွယ်ရေးကုမ္ပဏီတို့က မှတ်ပုံတင်သည့်လုပ်ငန်း လုပ်ဆောင်ခြင်း မရှိတော့ပေ။
အကျိုးဆက်မှာ မည်သည့်ဖုန်းနံပါတ်ကို မည်သူအသုံးပြုနေသည် ဆိုသည့် အချက်အလက်များမှာ အာဏာပိုင်တို့ မှတ် တမ်းတင်ထားနိုင်ခြင်းမရှိသေးပေ။ Facebook, Viber အကောင့်အတုဖွင့်ထားသူ အများအပြား ပေါ်ပေါက်လာချိန်တွင် ဖုန်းကတ်ဖြင့် အင်တာနက်သုံးစွဲပြီး ပြစ်မှုကျူးလွန်သူတို့ကို ခြေရာခံရ ခက်ခဲလာသည်။
ရန်ကုန်အခြေစိုက် အိုင်တီဖွံ့ဖြိုးရေးအဖွဲ့တခုဖြစ်သည့် Myanmar ICT for Development Organization (MIDO) မှ တာဝန်ခံတဦးဖြစ်သည့် မရတနာထွန်းက အကြမ်းဖက်ခံရသူဘက်မှ ရပ်တည်ကြရန် လိုအပ်သည်ဟု ပြောသည်။
“ကိစ္စတခု အင်တာနက်ပေါ်ရောက်ပြီဆိုတာနဲ့ ဒါက အမှန်ပဲ ဆိုပြီးတော့ ယူဆတဲ့သူတွေ ရှိသလို၊ အခုလို အွန်လိုင်းမှာ အကြမ်းဖက်ခံရ၊ အရှက်ခွဲခံရတယ်ဆိုရင် လူတွေက ခံလိုက်ရတဲ့သူတွေကို စာနာတာမျိုးမဟုတ်ဘဲ၊ ခံရတဲ့သူကိုပဲ အပြစ် ပုံချတာမျိုးတွေ ရှိတယ်” ဟု သူက ဆိုသည်။
Colours Rainbow မှ ရှင်းသန့်ကလည်း မတရားမှုမှန်းသိပါလျက်နှင့် ကြားနေခြင်းသည် အကြမ်းဖက်သူဘက်မှ ရပ်တည်သကဲ့သို့ ဖြစ်သွားနိုင်သည်ဟု သတိပေးသည်။
အိုင်တီ၊ မီဒီယာ၊ အရပ်ဘက်အဖွဲ့များကို ဆက်စပ်အကူအညီပေးနေသည့် ရန်ကုန်အခြေစိုက် ဖန်တီးရာအဖွဲ့မှ တာဝန်ခံ တဦးဖြစ်သည့် မအိမြတ်နိုးခင်က အကြမ်းဖက်ခံရသူကို ပတ်ဝန်းကျင်က ဖေးမဝိုင်းဝန်းရန် အားနည်းနေဆဲဖြစ်သည်ဟု ပြောသည်။
“အမျိုးသမီးတဦး အရှက်ခွဲခံရတယ်။ အကြမ်းဖက်ခံရတယ်ဆိုရင် အပြစ်တင်တဲ့အထဲမှာ အမျိုးသမီးတွေ ကိုယ်တိုင် ပါဝင်နေတယ် ဆိုတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြောချင်တာက အမျိုးသမီးတွေကိုလည်း အမျိုးသမီးတွေက ချစ်ဖို့ လိုပါတယ်” ဟု မအိမြတ်နိုးခင်က ဆိုသည်။
အွန်လိုင်းအကြမ်းဖက်မှုကို တွေ့မြင်ပါက ကန့်ကွက်ခြင်း၊ သက်ဆိုင်ရာသို့ တိုင်ကြားခြင်း ပြုလုပ်သင့်သည်ဟု Gender Equality Networkအဖွဲ့မှ မအေးသဒ္ဒါလှက အွန်လိုင်းသုံးသည့် အမျိုးသားများကို တိုက်တွန်းလိုက်သည်။
“အခုက ကျူးလွန်တဲ့ အမျိုးသားက လက်တဆုပ်စာပဲရှိတယ်၊ လျစ်လျူရှုထားတဲ့ အမျိုးသားက အများစုဖြစ်နေတယ်” ဟု မအေးသဒ္ဒါလှက ပြောသည်။