မြန်မာ အစိုးရသစ်က နိုင်ငံတကာတွင် စတင် ပွဲထွက်နိုင်ရန် လုပ်ဆောင်နေသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လလယ်ပိုင်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က တာဝန်များကို စတင်ထမ်း ဆောင်သည့် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ တရုတ်ခရီးစဉ် မတိုင်မီတွင် အိမ်နီးချင်း အာဆီယံနိုင်ငံများ ဖြစ်သည့် လာအိုနှင့် ထိုင်းနိုင်ငံများသို့လည်း သွားရောက်ခဲ့သည်။ သမ္မတ ဦးထင်ကျော်ကလည်း အိန္ဒိယ နိုုင်ငံသို့ သွားရောက်ခဲ့သည်။ စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေသည်။ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေခဲ့သည့် ပြုပြင်ပြောင်းလဲရေးများပေါ်ပေါက်ခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာရွေး ကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိခဲ့ ပြီးနောက်ပိုင်း သံတမန် ရေးရာ ပြက္ခဒိန်က သိသာထူးခြား ပိုမို အလုပ်များလာနေသည်။
၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည်ဟု မှတ်ယူနိုင်သည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများက လတ်တလောတွင် နေပြည် တော်နှင့် ဘေဂျင်းတို့ကြား ဆက်ဆံရေး ထိုင်းမှိုင်းနေမှုများနှင့် သက်ဆိုင်နေသည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလထုတ် Pacific Affairs ဂျာနယ်တွင် ကျနော်တို့ ပြောကြားခဲ့သည့်အတိုင်း မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု၏ နောက်ကွယ်မှ အဓိက အကြောင်းရင်းတခုမှာ တရုတ်နိုင်ငံကို အလွန်အကျွံ မှီခိုနေရသည့် အပေါ် စိုးရိမ်ခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ စ၍ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီ တောင်းဆိုသူများကို ဖိနှိပ်ခဲ့ခြင်းများကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ ပစ်ပယ်မှုနှင့် အရေးယူ ပိတ်ဆို့မှုများကို ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်တွင် တရုတ်နိုင်ငံက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စစ်လက်နက်ပစ္စည်းနှင့် လေ့ကျင့်ရေး စသည့်အကြောင်းကိစ္စများဖြင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့သလို ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်ရာတွင်လည်း သံတမန်ရေးရာ အထောက်အကူတခု ဖြစ်လာခဲ့သည်။ ထိုသို့ ကူညီစောင့်ရှောက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ များပြားလှသော သယံဇာတများကို တရုတ်နိုင်ငံက ထုတ်ယူခွင့်ရခဲ့သည်။ မလက္ကာရေလက်ကြားကို ရှောင်ရှားနိုင်မည့် ဘင်္ဂလားပင်လယ်အော်သို့ ဗျူဟာမြောက် ထွက်ပေါက်တခုလည်း ရခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် ရှိနေသည့် တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော စီးပွားရေး လုပ်ငန်းများမှာ ပြည်သူလူ ထု၏ အလိုမကျမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ အထူးသဖြင့် သဘာသယံဇာတများ ထုတ်ယူသည့် ကဏ္ဍများနှင့် ပတ်သက်၍ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ သိမ်းယူသည့် မြေများအတွက် သင့်တော် မျှတသည့် လျော်ကြေး ငွေ မရရှိခြင်းနှင့် အလုပ်သမား အခွင့်အရေးကိစ္စများ အတွက် ဒေသခံများက ဆန့်ကျင် ကန့်ကွက်ခဲ့ကြသလို တရုတ် ကုမ္ပဏီများကလည်း ဒေသခံများအစား နိုင်ငံခြားသားများကို အလုပ်သမားအဖြစ် ငှားရမ်းလေ့ရှိခဲ့ကြသည်။ ထိုအချိန်တွင် တရုတ်နိုင်ငံသားများ (အထူးသဖြင့် အိမ်နီးချင်း ယူနန်ပြည်နယ်မှ) နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားတွင် သီးခြားဆက်နွယ်မှုများ ရှိခဲ့သည်ဟု အချို့က ပြောကြသည်။ ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်သော အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ တန်ဘိုးရှိ ဧရာဝတီ မြစ်ပေါ်မှ မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးခြင်း နှင့် ပြည်သူတို့၏ လွတ်လပ်ခွင့်များ ရှိစေသည့် ပြုပြင်ပြောင်းလဲရေးများ စတင်ခြင်းများ အပါအဝင် သမ္မတ ဦးသိန်းစိန်၏ အဓိက မူဝါဒ ဆုံးဖြတ်ချက်များက မြန်မာနိုင်ငံကို အပယ်ခံအနေအထားမှ လွတ်မြောက်စေခဲ့ပြီး သံတမန်ရေးနှင့် စီးပွားရေးဆက်ဆံမှုများ တိုးပွားလာစေ ခဲ့သည်။
မြန်မာနိုင်ငံက အမေရိကန်၊ အိန္ဒိယ၊ ဂျပန် စသည့်် နိုင်ငံများနှင့် မိတ်ဖက်ဖြစ်လာရန် ဆန္ဒရှိလာခြင်းက ဘေဂျင်းနှင့် ကူမင်း အတွက် စိတ်အနှောက်အယှက် ဖြစ်စရာ ရှိလာသည်။ မြန်မာနိုင်ငံမှ ၎င်းတို့၏ စီးပွားရေး ကိစွများတွင် ပြန်လည်ညှိနှိုင်းစရာ များ ဖြစ်လာသလို တရုတ်နိုင်ငံကို ဝိုင်းရံရေး ဗျူဟာအတွင်းသို့ မြန်မာအစိုးရ ပေါင်းစည်းသွားနိုင်သောကြောင့် ဖြစ်သည်။ သို့သော်လည်း အမေရိကန်သို့ မသွားရောက်မီ တရုတ်နိုင်ငံသို့ သွားရန် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ခဲ့ခြင်းက သူတို့၏ စိုးရိမ်ပူပန်မှုများကို သက်သာစေခဲ့ပုံ ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ဖျင့် တို့ ပူးတွဲထုတ်ပြန်ချက်တွင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထပ်မံအတည်ပြုခဲ့ပြီး နယ်စပ် လုံခြုံရေး၊ ကုန်သွယ်ရေး၊ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရယ်နှင့် ကူးစက်ရောဂါဆိုင်ရာ ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်သွားရန်လည်း ကတိပြုခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည်သင့် မြတ်ရေးတို့ကို ကူညီသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကလည်း “One Belt, One Road” မူဝါဒ စတင်ဆောင်ရွက်မှုများကို ကြိုဆိုခဲ့သလို ထိုင်ဝမ်၊ ဇင်ကျန်းနှင့် တိဘက်ကိစ္စများတွင် တခုတည်းသော တရုတ်နိုင်ငံ (One China)ကို သဘောတူခဲ့သည်။
ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆေးရုံ ၂ ရုံ ဆောက်လုပ်ရန် နှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စင်္ကြ ံ နှင့် “One Belt, One Road” မူဝါဒတွင် အရေးပါသည့် ဆက်ကြောင်းတခု ဖြစ်သော ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှ ကွမ်လုံတွင် တံတားတစင်း တည် ဆောက်ပေးရန် တို့ကိုလည်း မြန်မာ နှင့် တရုတ်တို့ သဘောတူ လက်မှတ်ရေးထိုး နိုင် ခဲ့သည်။ ပိုမို၍ သိသာထင်ရှားသည်မှာ မြန်မာဗဟိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲများကြား အမြဲတမ်း ငြိမ်းချမ်းရေး ရရှိရန် အတွက် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်ရန် တရုတ်နိုင်ငံက စည်းရုံးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံက မြန်မာ အစိုးရနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရင်း ၎င်း၏ ဗျုဟာမြောက် အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့သည်။
ဝါရှင်တန်တွင်လည်း မြန်မာနိုင်ငံကို ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှုများထဲမှ တခု အဖြစ်သတ်မှတ်ရန် စိတ်အား ထက်သန်နေကြသည့် အိုဘားမား အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြဖွယ် ရှိနေပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားပေးသည့် အနေဖြင့် အရေးယူပိတ်ဆို့မှုများကို ထပ်မံလျှော့ချမှုများ ပြုလုပ်ပေးရန်လည်း အိုဘားမား အစိုးရက စဉ်းစားနေသည်။ သို့သော်လည်း နိုင်ငံရေးတွင် စစ်တပ်က ဆက်လက်ပါဝင် နေခြင်း နှင့် ရိုဟင်ဂျာ များအရေးကို စိုးရိမ်ပူပန်ကြသည့် ကွန်ဂရက်လွှတ်တော်နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက အရေးယူ ပိတ်ဆို့မှုများ ထပ်မံလျှော့ချရေးကို တားဆီးကန့်သတ် နေကြသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ ၂၀၁၆ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက် ရေးအတွက် အနိမ့်ဆုံး အဆင့်သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ ပြည်မိခြင်းမရှိသောကြောင့် သို့မဟုတ် သိသာထင်ရှားသည့် အားထုတ်မှု မပြသနိုင်ခဲ့ခြင်းကြောင့် အဆင့် “၃” သို့ လျှော့ချခဲ့သည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ အာမခံချက်များကလည်း အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှု မူဝါဒအပေါ် သြဇာ သက်ရောက်နိုင်ပါသည်။ သို့သော်လည်း ဦးတည်ချက်ထားသည့် အရေးယူပိတ်ဆို့မှုများကို အလျှင်အမြန် ဖြေလျှော့ပေးလိုက်ခြင်း အစား တဆင့်ခြင်းဆောင်ရွက်ခြင်းက တပ်မတော်၏ ခေါင်းဆောင်များနှင့် အပေးအယူ ညှိနှိုင်းရာတွင် NLD အတွက် နိုင်ငံရေးအရ အသုံးဝင်နိုင်သလို နောက်ထပ်ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်နိုင်ရန်လည်း ပြည်တွင်း နိုင်ငံရေးအတွက် အသုံးတည့်ပါလိမ့်မည်။
လူ့အခွင့်အရေးကိစ္စနှင့် နှိုင်းယှဉ်လျှင် အမေရိကန် အစိုးရတာဝန်ရှိသူများက မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်နေခြင်း သို့မဟုတ် အခြေခံ အဆောက်အဦး စီမံကိန်းများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေ ခြင်း အပေါ် စိုးရိမ်ပူပန်မှု နည်းလိမ့်မည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်က မြန်မာနိုင်ငံတွင်းမှ တရုတ်နိုင်ငံ၏ အခြေခံ အဆောက်အဦး စီမံကိန်းများသည် ပွင့်လင်းမြင်သာမှုရှိ၍ ပြည်သူများ ကလည်း လက်ခံပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်စရာများ မရှိသရွေ့ အမေရိကန်က ဆန့်ကျင်သွားမည် မဟုတ်ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။ အမေရိကန် အစိုးရနှင့် တရုတ်အစိုးရတို့က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်ရေးတွင် နိုင်ငံတကာ စံနှုန်းများနှင့် ပိုမိုကျယ်ပြန့်သည့် ပွင့်လင်းမြင်သာမှုကို အားပေးခြင်းဖြင့် တဘက်သတ်ဆန်သည့် အယူအဆများမှ ပေါ်ပေါက်လာနိုင်သည့် တင်းမာမှုများကို ရှောင်ရှားကြနိုင်ပါသည်။ လက်တွေ့တွင် မည်သို့ ရှိပါမည်နည်း။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် မြန်မာနိုင်ငံရှိ နိုင်ငံတကာ ကုမ္ပဏီများ အနေဖြင့် ပူပေါင်းဆောင်ရွက်မှုရှိသည့် လူမှုရေး တာဝန်ယူမှု အလေ့အထကို တိုးမြှင့်သင့်ပါသည်။ ဥပမာပြရလျှင် အချို့က ISO 26000 စံနှုန်းနှင့် အညီကျင့်သုံးနေကြပြီ ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ စီးပွားရေး သဘောတူညီချက်များနှင့် အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ဒီမိုကရေစီနည်းကျ ကြီးကြပ်ဆောင်ရွက်မှုကို တိုးမြှင့်သင့်ပါသည်။ (မြစ်ဆုံ စီမံကိန်း အပါအဝင်) ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်သည့် ကော်မရှင်သစ်က ကောင်းမွန်သည့် ခြေလှမ်းတခု ဖြစ်ပြီး ကော်မရှင်၏ ပထမဆုံး အစီရင်ခံစာကို နိုဝင်ဘာလတွင် ထုတ်ပြန်မည်ဟု မျှော်လင့်ရပါသည်။ တရုတ်နှင့် အမေရိကန်တို့ အနေဖြင့် မြန်မာနိုင်ငံ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အားထုတ်မှုများကို ကူညီ ထောက်ခံသင့်ပါသည်။ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ခြင်းက ကြိုတင်ခန့်မှန်းနိုင်မှုကို မြင့်တက်စေပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများနှင့် ကုမ္ပဏီများ၏ စီးပွားရေးလုပ်ရန် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်မည့် နည်းလမ်းတခု ဖြစ်ပါသည်။ အခြေခံ အဆောက်အဦ စီမံကိန်းများတွင် ပွင့်လင်းမြင်သာစွာ ယှဉ်ပြိုင်စေ၍ ကန်ထရိုက်ပေးခြင်းများက ထုတ်လုပ်ရေး တွင် ယှဉ်ပြိုင်မှုကို အားပေးရာ ရောက်ပြီး အစိုးရအတွက်လည်း လိုအပ်နေသည့် အခြေခံအဆောက်အဦးများတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ မျက်နှာပန်းလှစေမည် ဖြစ်သည်။ ဤနေရာတွင် ဂျပန်၊ ကိုရီးယားနှင့် အာဆီယံ ကုမ္ပဏီများက အရေးပါသည့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေနိုင်ပါသည်။ တရုတ် နိုင်ငံက ဦးဆောင်သည့် Asian Infrastructure Investment Bank (AIIB) သည်လည်း ပွင့်လင်းမြင်သာစွာ ဈေးပြိုင်စနစ်ဖြင့် ယှဉ်ပြိုင်ရေးကို ကတိပေး ထားသည့်အတိုင်း တည်ခဲ့လျှင် လုပ်ဖော်ကိုင်ဖက် ဖြစ်လာနိုင်ပါသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုများက ပိုမိုပွင့်လင်းမြင်သာမှုရှိရန် နှင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသည့် ဥပဒေများ၊ လက်တွေ့ကျင့်သုံးမှုများကို ဖြစ်စေနိုင်သည့် ဥပဒေပြဌာန်းမှုများ လိုအပ်နေပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအပါအဝင် နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများကို မကြာသေးမီက ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်ခွင့် ပြုခဲ့ခြင်းကလည်း ကြိုဆိုရမည့် တိုးတက်မှုတခု ဖြစ်ပြီး ထိုသို့ ခွင့်ပြုခဲ့ခြင်းက ရှေ့ဆက်ဆောင်ရွက်ရေးအတွက် တရားမျှတရေးနှင့် တရားဝင်ဖြစ်ရေးတွင် ယုံကြည်မှုများကို တိုးမြှင့်ပေးနိုင်မည် ဖြစ်သည်။ ထိုနည်းတူပင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက် သည့် ကော်မရှင်တခုကို ဦးဆောင်စေခဲ့ခြင်းကလည်း ရိုဟင်ဂျာ မွတ်ဆလင်များ ကိစ္စကို ဖြေရှင်းဆောင်ရွက်ရာတွင် မြန်မာ အစိုးရ အပေါ် ယုံကြည်လက်ခံနိုင်မှုကို တိုးတက်စေနိုင်မည် ဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင် ပွင့်လင်း မြင်သာမှု ပိုမိုရှိရန် လိုအပ်နေပြီး ဥရောပသဂမဂ္ဂ နှင့် အခြားနေရာများမှ လေ့လာစောင့်ကြည်သူများကို သွားရောက်ခွင့် ပြုခဲ့လျှင် ၎င်းတို့က အကူအညီများ ပေးနိုင်ပါလိမ့်မည်။ နောက်ဆုံး အနေဖြင့် ဆိုရလျှင် မြန်မာ့တပ်မတော်က အမေရိကန် နိုင်ငံမှ လက်နက်များ ဝယ်ယူနိုင်ခွင့်ကို ကြိုစားနေသည့် အချိန်တွင် အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် စစ်တပ် ချင်းဆက်ဆံရေးသည် ကောင်းမွန်သောအလေ့အထ(နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ စံချိန်စံညွှန်းများ အပါအဝင်)များ တိုးချဲ့ နိုင်ရေးကိုသာ ဦးတည်ပြီး ကာကွယ်ရေး ကန်ထရိုက်များရရှိရေး သို့မဟုတ် ပထဝီ နိုင်ငံရေး အားသာချက် ရရှိရေးတို့ မပါဝင်ကြောင်း တရုတ်အစိုးရ၏ သံသယများကို ဖျောက်ဖျက်ပေးနိုင်ပါသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်ခြင်းက ပြည်သူတို့၏ ဘဝအခြေအနေ တိုးတက်ကောင်းမွန်စေရန် စတင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်သူများမှာ နိုင်ငံတကာ ကုန်သွယ်ရေး၏ အကျိုးအမြတ်များကို မခံစားခဲ့ရသည်မှာ ကြာ မြင်ခဲ့ပြီ ဖြစ်သည်။ သံခင်း တမန်ခင်းများ ပျားပန်းခတ်နေခြင်းက အားတက်ဖွယ်ရာဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး နှင့် စီးပွားရေး ဖွံ့ဖြိုးမှုအတွက်မူ သွားရမည့် ခရီးလမ်းက များစွာကျန်နေသေးသည်။ မြန်မာ အစိုးရက တရုတ် အစိုးရနှင့် ဝေးရာသို့ သွားနေဖြင်း မဟုတ်ပါ။ ပြည်တွင်းဖိအားများကို ဖြေရှင်းရန် နှင့် နိုင်ငံတကာမှ အခွင့်အလမ်း များကို ဆွဲဆောင်ရန် နိုင်ငံတကာ ဆက်ဆံရေးကို ဟန်ချက် ပြန်လည် ထိန်းညှိနေခြင်းသာဖြစ်ပါသည်။ ပြည်သူ လူထု သက်သာချောင်ချိရေးထက် စီးပွားရေး အကျိုး အမြတ်ကို အလေးပေးခြင်း၊ တိုင်းရင်းသားများ ပါဝင်ရေးထက် စစ်တပ် အကျိုးစီးပွားကို အလေးပေးခြင်း သို့ မဟုတ် အခြားသူများထက် သံတမန်ရေးရာ မိတ်ဖက်အချို့၏ အကျိုးစီးပွားကို အလေးပေးခြင်းစသည့် အနုတ်သဘောဆောင်သည့် အယူအဆများကို ရှောင်ရှားနိုင်ရန် အတွက် မြန်မာနိုင်ငံ၏ ဗျူဟာ သည် အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရေးကို ပေးသင့်ပါသည်။ ထိုအချက်သည်ပင် ဒေါ် အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်၏ အဓိက အကြောင်းတခု ဖြစ်မည်ဟု မျှော်လင့်ပါသည်။
(Jonathan T. Chow သည် Macau တက္ကသိုလ် လူမှုရေးသိပ္ပံ မဟာဌာန လက်အောက်ရှိ အစိုးရနှင့် ပြည်သူ့ ရေးရာ စီမံ ခန့်ခွဲရေးဌာန မှ လက်ထောက် ပါမောက္ခ တဦးဖြစ်ပါသည်။ Leif-Eric Easley သည် Ewha အမျိုးသမီးတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ လက်ထောက် ပါမောက္ခနှင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Asian Institute for Policy Studies မှ ပညာရှင် သုတေသီတဦးဖြစ်ပါသည်။ The Diplomat ပါ ၎င်းတို့၏ Myanmar’s Foreign Policy Rebalance ကို ဘာသာပြန်ဆိုသည်)