မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ယွန်းယွန်း တောရိပ်တောင်ရိပ်တွေ အနီးမှာ တောဓလေ့ တောသဘာ၀ လေးတွေ မပျောက်မယွင်းဘဲ အရိုင်းဆန်ဆန်လှနေတဲ့ ထန်းတောလေးတခု ရှိပါတယ်။
ကုန်းဘောင်ခေတ် အိမ်ရှေ့စံ ကနောင်မင်းသား လက်ထက်ကတည်းက အိမ်ရှေ့မင်း သွားရောက်လည်ပတ် တောကစား ထွက်ရာနေရာလည်း ဖြစ်တယ်။ အဲဒီထန်းတောက အိမ်ရှေ့မင်း ထန်းတောအဖြစ် ထင်ရှားတယ်။
မြန်မာနိုင်ငံအနှံ့မှာ ထန်းတောကြီးတွေ အများအပြားရှိပေမယ့် အိမ်ရှေ့မင်းထန်းတောလို နာမည်ကျော်တဲ့ ထန်းတောက ရှားတယ်။ မိုးကုတ်-မန္တလေးကားလမ်းရဲ့ အရှေ့ဘက် ၂ မိုင်လောက်ဝင်သွားရင် ကြာနီကန် ကျေးရွာအနီးမှာ စိမ်းညို့နေတဲ့ ထန်းတောကို တွေ့ရမှာဖြစ်တယ်။
သခင်မတောင်၊ ရွှေတောင်ဦး၊ ဂန္ဓမာတောင် စတဲ့ တောင်ကုန်းမို့မို့တွေက ထန်းတောကို ဝန်းရံထားတယ်။ အိမ်ရှေ့မင်း ထန်းတော တည်ရှိတဲ့ကျေးရွာက မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ထန်းဥယျာဉ်ကျေးရွာလို့ အမည်တွင်တယ်။ အရှေ့ ဘက်မှာ မင်းဂံရွာနဲ့ ဘုတ်ရွာ၊ အနောက်ဘက်မှာ ကြာနီကန်ရွာ၊ အင်ကျယ်ရွာ တို့ရှိတယ်။
အိမ်ရှေ့မင်းထန်းတောရဲ့ အရှေ့ဘက်မှာ မန္တလေးတူးမြောင်းကြီးက တောင်မြောက် စီးဆင်းနေတယ်။ အဲဒီလို တောရိပ် တောင်ရိပ်တွေနဲ့ တသွင်သွင်စီးဆင်းနေတဲ့ ချောင်းရေအလျဉ်ကြောင့် အိမ်ရှေ့မင်းထန်းတောက သာယာလှပတယ်။
အိမ်ရှေ့မင်းထန်းတောကို မရောက်မီ ရွာအဝင်မှာ အိမ်ရှေ့မင်း ထန်းတောသို့ဆိုတဲ့ ကွန်ကရစ် လမ်းညွှန်ဆိုင်းဘုတ်ကိုမြင်တွေ့ရနိုင်တယ်။ လမ်းအနည်းငယ် ကြမ်းပေမယ့် ဆိုင်ကယ်တွေ ဆလွန်းကားတွေ အလွယ်တကူ ဝင်ထွက်သွားလာ နိုင်တယ်။
ထန်းတောဝန်းကျင်မှာ ယာခင်းစိုက်ခင်းတွေကို တွေ့မြင်နိုင်တယ်။ ထန်းတောဝန်းကျင်မှာ ထန်းရည်ရောင်းတဲ့ တဲလေးတွေရှိတယ်။ ထန်းတောအနီးမှာ တောတန်း တောင်ကုန်းလေးတွေရှိပြီး သွားရောက် လည်ပတ်လို့ရတယ်။
အိမ်ရှေ့မင်းထန်းတောကို ရောက်တဲ့အခါ သဘာ၀ အရသာတွေကို အပြည့်အဝခံစားပါ။ ထန်းတောထဲမှာ အေးအေးလူလူ ခြေပစ်လက်ပစ်ထိုင်ပြီး နားနားနေနေ အနားယူအပန်းဖြေပါ။ ရာသီဥတုသာယာတဲ့နေ့တွေမှာ ဥသြတွန်သံ ဂျိုးှငှက်ကူသံ တွေ ကြားရနိုင်တယ်။ ထန်းလက်တွေရဲ့လေတိုးသံ တရှဲရှဲနားထောင်ရင်း တောဓလေ့ တောသဘာဝတွေကို လေ့လာနိုင်ပါတယ်။
ထန်းတောအလယ်မှာ ထန်းလက်တဲလေးတွေ ဆောက်ပေးထားလို့ အိမ်ရှေ့မင်းထန်းတော အလည်လာသူတွေ ဝင်ရောက်ခိုနား စားသောက်လို့ရတယ်။ အငြိမ့်မင်းသမီး လေဘာတီမမြရင်ရဲ့ အငြိမ့်သီချင်းတပုဒ်လို ထန်းပင်ထန်းရွက် ထန်းလက်တွေက အသွယ်သွယ်ပါပဲ။ ကြည့်လေရာမှာ ညို့ညို့ဆိုင်းဆိုင်း ထန်းပင်တွေချည်း လက်ညှိုးထိုးမလွဲ မြင်နေ ရတယ်။
အလုပ်ပိတ်ရက် ကျောင်းနားရက်တွေမှာ မိသားစုလိုက် လာရောက် အပန်းဖြေကြသူတွေ ရှိတယ်။ မိတ်ဆွေ အပေါင်းအဖော်တွေနဲ့ ပျော်ပျော်ပါးပါး လာရောက် စားသောက်ကြသူတွေလည်း ရှိပါတယ်။ တခါတရံ ဗီစီဒီ ရိုက်ကြသူတွေ၊ Pre Weeding (မင်္ဂလာပွဲအကြို ဓာတ်ပုံရိုက်ကြသူတွေ)၊ ကျေးလက်ရှုခင်းဓာတ်ပုံ လာရိုက်ကြသူတွေ ရှိတယ်။ အနုပညာထုတ် လုပ်ဖန်တီးကြသူတွေအတွက် မြို့ပြနဲ့ အလှမ်းမဝေးတဲ့ အိမ်ရှေ့မင်းထန်းတောက အကြိုက်တွေ့မှာ သေချာပါတယ်။
အိမ်ရှေ့မင်းထန်းတောကို ရောက်တဲ့အခါ ထန်း ပင်ကျရည်ချိုမြမြကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူသောက်သုံးနိုင်တယ်။ မြူအိုး အရွယ်အစားလိုက်လို့ ထန်းရည်ဈေးနှုန်း ကွာခြားတယ်။ တလီတာရေဘူး ၄ ဘူးစာလောက် ဆံ့တဲ့ မြူအိုးတအိုး တထောင်ကျပ်နဲ့ အသေးဆုံး ထန်းရည်အိုးအဖြစ် ရောင်းချတယ်။
ရေခဲစိမ်ထန်းရည်က ရိုးရိုးထန်းရည်ထက် ကျပ် ၃၀၀ ပိုပါတယ်။ လက်ဖက်သုပ်၊ ပဲလှော်ကြော်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ ရှောက်ရွက်သုပ်တွေလည်း တပွဲကျပ် ၅၀၀ နဲ့ ရောင်းချပေးတယ်။ ဒါအပြင် ထမင်းဆီဆမ်း၊ ကြက်ဥကြော်၊ ဆိတ်သားခြောက်၊ စတဲ့ထမင်းဟင်းတွေလည်း ဝယ်ယူစားသောက်လို့ ရတယ်။ မြို့ပြက ဓာတ်ခွဲခန်းဆန်တဲ့ ဟင်းလျာတွေထက် ကျေးလက်က တောထမင်း၊ တောဟင်းတွေက ပိုပြီး ထမင်းမြိန်စေမှာ ဖြစ်တယ်။
မြို့ပြမှာ မွန်းကျပ်မှုတွေ ရှိလာရင် အရိုင်းဆန်တဲ့ ကျေးလက်အလှကို ခုံမင်ကြတာ သဘာဝပါပဲ။ အချိန်ရရင် ကြာနီကန် ဘုန်းတော်ကြီးကျောင်း အနီးက သခင်မတောင်ကို တက်ရောက်လေ့လာနိုင်တယ်။ သခင်မတောင်က မြို့ပြနဲ့ အနည်းငယ် အလှမ်းဝေးတာကြောင့် သဘာ၀ တောကြွင်းတောကျန်လေးတွေ ရှိနေသေးတယ်။ စောင်းတန်းက ကျောက်လှေကားထစ် တွေအတိုင်း တောင်တက်လို့ရတယ်။ ကျေးငှက် တိရစ္ဆာန်လေးတွေ သခင်မတောင်မှာ သဘာဝအတိုင်း ကျက်စား နေထိုင် ကြပါတယ်။
အရင်က တောခွေး၊ တောကြောင်တွေ အများအပြား ခိုအောင်းခဲ့ပေမယ့် အခု သိပ်မရှိတော့ဘူး။ ၁၉၉၀ ခုနှစ် မတိုင်မီကဆိုရင် ညို့မှိုင်းစိမ်းစိုနေတဲ့အထိ တောထူခဲ့တယ်။
အိမ်ရှေ့မင်းထန်းတောရဲ့ အရှေ့ဘက် မန္တလေးတူးမြောင်းမကြီးရဲ့ တဖက်မှာ မင်းဂံဘုတ်ရွာရှိတယ်။ မင်းဂံဘုတ်ရွာလို့ အလွယ်တကူခေါ်ကြပေမယ့် မင်းဂံရွာနဲ့ ဘုတ်ရွာက တရွာစီဖြစ်တယ်။ နန်းတော်ရှေ့ ဆရာတင်က မင်းဂံဘုတ်ရွာသူတွေ ချောကြောင်းလှကြောင်း တေးသီချင်းထဲ ထည့်စပ်ခဲ့တယ်။
မန္တလေးမြို့ခံတွေက မင်းဂံဘုတ် အပါအဝင် အဲဒီအနီးဝန်းကျင်က ရွာတွေကို မြို့အရှေ့ဘက် ယွန်းယွန်းမှာရှိလို့ အရှေ့တောလို့ ခေါ်ကြတယ်။ အရှေ့တော ဒေသထွက်ကုန်တွေထဲမှာ ဆန်၊ ဆီထွက်သီးနှံနဲ့ ဟင်းသီးဟင်းရွက်တွေက အဓိက ထွက်ကုန်တွေ ဖြစ်တယ်။ အရှေ့တောဒေသထွက် ခရမ်းချဉ်သီးတွေကို အညာသူ အိမ်ရှင်မတွေ သဘောကျတယ်။
မြို့ပြမှာ နေထိုင်ရတာ ငြီးငွေ့လာတဲ့အခါ တောရိပ်တောရိပ်တွေမှာ ခေတ္တခဏဖြစ်ဖြစ် ခိုလှုံလာချင်တဲ့အခါ မန္တလေးမြို့ရဲ့အရှေ့မြောက်အရပ်မှာရှိတဲ့ အိမ်ရှေ့မင်းထန်းတောကို လာခဲ့ဖို့ တိုက်တွန်းပါရစေ။ မိတ်ဆွေတွေနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး စားသောက် ပျော်ရွှင်ရတယ်ဆိုတာ ရခဲလှတဲ့ လူ့ဘဝမှာ တန်ဖိုးတခုပါပဲ။