ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ညောင်ရွှေ မြို့တို့တွင် ဟိုတယ်သစ် တည်ဆောက်မည့် လုပ်ငန်းများ ကန့်သတ်ခွင့်ပြုရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များဖြင့် အောက်တိုဘာလကုန်မှ စတင်ပြီး ညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှိုင်ဦးက “ လက်ရှိအခြေအနေအရ ဟိုတယ်တွေကို ခွင့်ပြုပေးထားမယ်။ နောက်ပိုင်းမှာ နည်းနည်း စဉ်းစားပေးကြပါ။ ဟိုတယ်များနေတဲ့ နေရာမှာ အထူးသဖြင့် စဉ်းစားပါ။ ရန်ကုန်၊ မန္တလေးလို နေရာမျိုးပေါ့။ အခုဆို အင်းလေးလို နေရာမျိုးမှာ အထပ်မြင့်တွေ ဆောက်နေတာ ရှိတယ်။ အဲဒီနေရာတွေမှာ ကန့်သတ်ပေးပါဆိုပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ညှိနှိုင်းထားတယ်”ဟု ဆိုသည်။
ပြည်ပခရီးသွားများ အဓိကလည်ပတ်သည့် နေရာများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ကလော၊ ညောင်ရွှေ စသည့် ဒေသကြီးများရှိ ဟိုတယ်များတွင် ဧည့်သည်ဝင်ရောက် တည်းခိုသည့်နှုန်းသည် နည်းပါးနေပြီး ဟိုတယ်အခန်းအရေအတွက် ပိုလျှံနေရှိသည့်အတွက် ထိုကဲ့သို့ ဟိုတယ်သစ် ဆောက်လုပ်နေမှုများကို ကန့်သတ်သွားရန် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရများနှင့် ညှိနှိုင်းနေခြင်း ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ၀န်ကြီးဦးအုန်းမောင်က စက်တင်ဘာ ၂၀ ရက်က ရန်ကုန်မြို့၊ ချက်ထရီယံ ဟိုတယ်၌ ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က “ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းမှာ အတွေ့အကြုံ အများကြီးရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေက ၀ိုင်းဝန်းစဉ်းစားပြီး အကောင်အထည်ဖော်ကြတဲ့ စီမံကိန်းပါ။ လက်ရှိ ညောင်ရွှေမှာ ဘုရားကြွတဲ့နေရာ ဖောင်တော်ဆိပ် ထောင့်တည့်တည့်မှာ ၆ ထပ်ခွဲ ဆောက်ထားတယ်။ အခု ညောင်ရွှေမှာ ၆ ထပ် ရ ထပ် လုပ်ထားတဲ့ ဟိုတယ် ၅ လုံးလောက် ရှိနေတယ်။ တောအရပ်ဒေသနဲ့ မလိုက်ဘဲ ထိုးထိုးထောင်ထောင် ဖြစ်နေတယ်” ဟု ပြောသည်။
သမ္မတဦးသိန်းစိန်အစိုးရ တာဝန်ယူချိန် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ခရီးသွားလုပ်ငန်း၌ ဟိုတယ်တည်ဆောက်ခွင့်များကို ဆက်တိုက်ချထားပေးခဲ့ခြင်းကြောင့် ယနေ့အချိန်တွင် ၀င်ရောက်လာသည့် ပြည်ပဧည့်သည့် အရေအတွက်ထက် ဟိုတယ်ခန်း အရေအတွက် များပြားပိုလျှံနေသည့်အတွက် ကန့်သတ်ခွင့်ပြုရန် ညှိနှိုင်းနေကြခြင်း ဖြစ်သည်။
ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က “ ဒီနှစ်မှာ ဧည်သည် ၅ သန်း ၀င်တယ်လို့ ကြေညာလိုက်ရင်၊ ၅ သန်းက တကယ် တိုးရစ်ချည်း မဟုတ်ဘူး။ UNWTO (World Tourism Organization) နဲ့ စာချုပ် ချုပ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ ပုံစံအတိုင်း လိုက်ကြေညာရတာပါ။ လာမယ့်နှစ်မှာ ၀င်လာတဲ့ တိုးရစ်တွေကို အပိုင်းလိုက်ခွဲပြီး ပြမယ်။ အဲဒီလို မပြတော့ ၅ သန်း ဆိုရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေက ယူဆချက်မှားပြီး ဟိုတယ်လုပ်ငန်းထဲ ရင်းနှီးမြှုပ်နှံလိုက်မယ်။ ဘဏ်သူဌေးတွေက အတိုးရလို့ ကြီးပွားသွားမယ်။ ဟိုတယ်ရင်းနှီးမြှုပ်နှံသူတွေ မွဲမှာပဲ” ဟု ပြောသည်။
ဟိုတယ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် ဟိုတယ်ပရောဂျက်ပေါင်း ၄၈ ခု ရှိပြီး၊ အခန်းပေါင်း ၉ ထောင်ကျော် ရှိကြောင်း၊ အဆိုပါ ပရောဂျက် ၄၈ ခု အနက် ၃၄ ခု ကို ဖွင့်ထားပြီးဖြစ်ကြောင်းနှင့် ဆောက်လုပ်နေဆဲ ဟိုတယ်ပရောဂျက် ၁၁ ခု နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်ရှင်က ခွင့်ပြုထားပြီးသော ဟိုတယ်ပရောဂျက် ၃ လုံး ရှိကြောင်း သိရသည်။
ခွင့်ပြုထားသည့် ဟိုတယ်တယ့်ရောဂျက်များနှင့် ပတ်သက်ပြီး ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦးက “စက်တင်ဘာလ အထိ ပါမစ်ပေးခဲ့တဲ့ ဟိုတယ်တွေက ရန်ကုန်တိုင်းမှာ ရ လုံး၊ ဧရာဝတီတိုင်း ငွေဆောင်မှာ ၁ လုံး၊ ချင်းပြည်နယ်မှာ ၁ လုံး၊ မော်လမြိုင် ၂ လုံး၊ ကရင်မှာ ၄ လုံး၊ ရခိုင်ပြည်နယ် ဂွ မှာ ၁ လုံး၊ ရှမ်းပြည်နယ် ကလောမှာ ၁ လုံး စုစုပေါင်း ၁၇ လုံး လုံးချထားပေးပြီးပြီ။လက်ခံထားတဲ့ ဟိုတယ်ပရိုပိုဆယ် ရှိသေးတယ်။ သိပ်မများဘူး။ အလွန်ဆုံးရှိ ၄ လုံး ၅ လုံးပဲ စိစစ်နေတယ်” ဟု ပြောသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ်အလုံးပေါင်း ၁,၃၇၃ လုံး၊ အခန်းအရေအတွက် စုစုပေါင်း ၅၃,၇၈၃ ခန်း ကို လုပ်ငန်းလိုင်စင်များ ချထားပေးပြီး ဖြစ်ကြောင်းနှင့် ရန်ကုန်တွင် ဟိုတယ် ၃၄၆ လုံး အခန်းပေါင်း ၁၆,၇၈၃ ခန်း၊ မန္တလေးတွင် ဟိုတယ် ၁၈၄ လုံး အခန်းပေါင်း ရ,၄၁၆ ခန်း၊ အင်းလေးတွင် ၈၈ လုံး အခန်းပေါင်း ၂၇၂၉ ခန်း၊ တောင်ကြီးတွင် ဟိုတယ် ၃၂ လုံး အခန်း ပေါင်း ၈၈၈ ခန်းနှင့် ကလောတွင် ဟိုတယ် ၃၈ လုံး ၈၁၄ ခန်း ရှိကြောင်း ဟိုတယ်ခရီးဝန်ကြီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။
ဟိုတယ်များ၌ လာရောက်တည်းခိုမှုနှုန်းသည် ၂၀၁၆ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ရန်ကုန်တွင် ၅၂ ရာခိုင်နှုန်း၊ မန္တလေးတွင် ၅၄ ရာခိုင်နှုန်း၊ အင်းလေးတွင် ၂၈ ရာခိုင်နှုန်း၊ တောင်ကြီးတွင် ၄၇ ရာခိုင်နှုန်း၊ ကလောတွင် ၄၀ ရာခိုင်နှုန်း ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းမှ သိရသည်။