ဆောင်းပါး

မဖြေရှင်းနိုင်သေးသော ရခိုင်က ပိုင်ရှင်မဲ့ မူးယစ်ဆေး ပြဿနာ

ရခိုင်ပြည်နယ်၌ များပြားလှသည့် ပိုင်ရှင်မဲ့ မူးယစ်းဆေးဝါးများ မကြာခဏ ဖမ်းဆီးရမိနေသည်။

ယခု စင်တင်ဘာ တလ တည်း၌ပင် ကျပ်သိန်းပေါင်း များစွာ တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားအိတ် အများအပြားကို ဖမ်းဆီးရမိခဲ့သည်။

မောင်တောမြို့နယ်၌ စက်တင်ဘာလ ၁၉ ရက်နေ့က ပီနံအိတ် ၂၇ လုံးဖြင့် ထည့်ထားသည့် ကျပ်သိန်းပေါင်း တသိန်း ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းခြံဝင်း တခု၌ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး အများအပြား မောင်တောဒေသ၌ ဖမ်းဆီး ရမိနေခြင်းကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့ အနေဖြင့် မူးယစ် ဆေးဝါး နှိမ်နင်းရေးကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ထိရောက်စွာ ကိုင်တွယ်ရန် ဗဟိုက လည်း လမ်းညွှန်ထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူး ကျော်မြဝင်း က ပြောပြသည်။

ရဲမှူး ကျော်မြဝင်းက “အခုလို ဆက်တိုက်ဖမ်းမိနေတာဟာ အထူးစီမံချက်နဲ့ ဆောင်ရွက်နေလို့ပါ၊ ပိုင်ရှင် အစစ်အမှန်တွေကို ဖော်ထုတ်နိုင်ဖို့လည်းပဲ ကြိုးပမ်းနေပါတယ်၊ တချို့အမှုတွေမှာတော့ ပိုင်ရှင်တွေကိုမိထားပါတယ်”ဟုလည်း ဆိုသည်။

မောင်တောမြို့နယ်၌ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ပီနံအိတ် ၃ လုံးဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြားများနှင့် အတူ သယ်ယူပို့ဆောင်ပေးသူ နှစ်ဦးကိုပါ ဖမ်းမိခဲ့သော်လည်း ပိုင်ရှင်အား ဖမ်းမိနိုင်ခြင်း မရှိခဲ့ပေ။
မူးယစ်ဆေးဝါး အမှုသည် ကြီးလေးသည့် ပြစ်ဒဏ်ပေးခြင်းခံရသည့် အမှုဖြစ်ခြင်းကြောင့် အဆင့်ဆင့် လုပ်ဆောင်ကြ၍ တရားခံ အစစ်အမှန်အား ဖမ်းမိရန် မလွယ်ကူနိုင်ဟု ရဲအရာရှိများ က ပြောသည်။

တရားခံ အစစ်အမှန်အား ဖော်ထုတ်နိုင်မှု အားနည်းခြင်းကပင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ုဖြူးနေသူများအတွက် အခွင့် အလမ်းတရပ် ဖြစ်နေပြီး ပိုင်ရှင်မဲ့ အမှုများသည်လည်း အချိန်ကြာလာသည်နှင့်အမျှ မှေးမှိန်သွားလေ့ရှိကြောင်း ရခိုင်ဒေသ ခံများ ကပြောဆိုကြသည်။

ရဲတပ်ဖွဲ့ကမူ ဆင့်ကဲ ဆင့်ကဲ စုံစမ်းမှုများ ပြုလုပ်၍ ဖော်ထုတ်သွားမည်ဟု ဆိုသည်။

ထို့အတူ ပီနံအိတ် ၉ အိတ်နှင့်ထည့်ထားသည့် စိတ်ကြွဆေးပြားများကို ရသေ့တောင်မြို့နယ် အငူမော် ပင်လယ်ကမ်းခြေ၌ ရေထဲမျောနေသည်ကို ဒေသခံ ငါးဖမ်းသမားများက တွေ့ရှိ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ စင်တင်ဘာ လဆန်းပိုင်းက လွှဲပေးခဲ့ရသေးသည်။

အငူမော် ကမ်းခြေမှ ရရှိသည့် စိတ်ကြွဆေးပြားများ၏ တန်ဖိုးသည် ကျပ်သိန်းပေါင်း ၄ သောင်းကျော် ရှိကြောင်း ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်း မူးယစ်ဆေးဝါးများ ၏ ပိုင်ရှင်ဖြစ်သူကိုလည်း ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

စစ်တွေ ခရိုင် ရဲတပ်ဖွဲ့မှူး ဒု ရဲမှူးကြီး ဝင်းနောင် က “ကျနော်တို့ကတော့ သတင်းတွေ ရရင်ရသလို ဖမ်းဆီးဖော်ထုတ်နေပါ တယ်၊ လိုက်သူနဲ့ပြေးသူလို ဖြစ်နေတော့ သူတို့ကလည်း လွတ်ရာလွတ်ကြောင်း ပြေးမှာပေါ့၊ ကျနော်တို့ကလည်း ပိုင်ရှင်မဲ့ ဟာတွေကိုတော့ စုံစမ်းဖော်ထုတ်နေဆဲပါ”ဟု ပြောဆိုသည်။

မူးယစ်ဆေးဝါး အမှုသည် နှစ်ရှည် ထောင်ဒဏ်ကျခံရသည့် ပြစ်မှုဖြစ်သည့်အတွက် ကြိုတင်၍ စနစ်တကျ အဆင့်ဆင့် ဆောင်ရွက် တတ်ကြကြောင်း၊ ထို့ကြောင့် မူလ ပိုင်ရှင်အား ဖမ်းမိရန် ခက်ခဲရခြင်းဖြစ်ကြောင်းလည်း ဒု ရဲမှူးကြီး ဝင်းနောင် က ပြောသည်။

ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး ပြဿနာကို အလေးထား ဆောင်ရွက်နေပြီး မူးယစ်ဆေးဝါးသည် အားလုံးနှင့်သက်ဆိုင် သည့် အရာဖြစ်၍ အမျိုးသားရေး တာဝန်တရပ်အနေဖြင့် ပါဝင်ပူးပေါင်းတိုက်ဖျက်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်၌ ဖမ်း မိသည့် များပြားလှသော မူးယစ်ဆေးများ၏ ပိုင်ရှင်များအား ဖမ်းမိရန် ကွင်းဆက်မိသည့် အထောက်အထား အဆက်အစပ် မရှိခြင်းကြောင့် တရားခံအစစ်ကို ဖမ်းရ ခက်နေခြင်း ဖြစ်ကြောင်း ရဲအရာရှိများ က ပြောဆိုကြသည်။

မူးယစ်းဆေးဝါး ရောင်းဝယ်မှု လုပ်ငန်းများတွင် ရခိုင်ဒေသခံ စီးပွားရေးသမားများလည်း ပါဝင်ပတ်သက်နိုင်ကြောင်း၊ သို့ သော် အထောက်အထား မခိုင်လုံသည့် အတွက် ဖော်ထုတ်ရခက်နေကြောင်းလည်း သိရသည်။
ဒု ရဲမှူးကြီး ဝင်းနောင်က “ရခိုင်ဒေသခံတွေ၊ စီးပွားရေးသမားတွေ ကိုယ်တိုင် ပါဝင် ပတ်သက်နေတာတွေရှိတယ်၊ အလွယ် တကူ ငွေကြေး ချမ်းသာချင်ကြတယ် ဆိုတဲ့ သဘောပါပဲ၊ ဒါပေမယ့် လက်ဆုပ်လက်ကိုင် မမိတဲ့ အခါကျတော့ ကျနော် တို့ကလည်းပဲ ဖမ်းလို့ မရဘူးဖြစ်နေတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်၌ မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းမိခြင်းသည် ယခုနှစ်အတွင်း သိသိသာသာ များပြားလာသည်။ ထိုသို့ ဖမ်းမိခြင်းသည် ရဲတပ်ဖွဲ့က အရှိန်မြှင့် ဖမ်းဆီးနေခြင်းကြောင့် ဖြစ်ကြောင်း ရဲအရာရှိများ က ပြောသည်။

မောင်တောမြို့နယ်၌ ဖမ်းဆီးရမိသည့် မူးယစ်မှုများအနက် မကြာသေးခင်က အမှု ၂ ခုတွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင် တချို့ပင် ပါဝင် ပတ်သက်နေသည်ကို တွေ့ရသည်။

ရဲတပ်ဖွဲ့ဝင် တချို့ပါဝင် ပတ်သက်မှုများရှိနေခြင်းကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အရှိန် မြှင့် လုပ်ဆောင်နေပြီး ပညာပေးခြင်းများကိုပါ လုပ်ဆောင်နေကြောင်း ရဲမှူး ကျော်မြဝင်း က ပြောသည်။

၎င်းက “တပ်ဖွဲ့ဝင်ဆိုတော့ ဖမ်းမမိလောက်ဘူး ထင်လို့ လုပ်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ၊ အဲဒီ ရဲ တပ်ဖွဲ့ဝင်တွေကိုလည်း ပဲ အရေးယူထားပါတယ်”ဟုလည်း ပြောဆိုသည်။

မောင်တောဒေသသည် နယ်စပ်ဒေသဖြစ်၍ မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှု များပြားခြင်းဖြစ်ပြီး ဒေသခံများကြား မူးယစ်ဆေး အသိပညာပေးမှု အားနည်းနေကြောင်း၊ ယခုအခါ အသိပညာပေးမှုများ အရှိန်မြှင့် လုပ်ဆောင်နေပြီး ဒေသခံ များ ပူးပေါင်း ပါဝင်လာစေရန်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရဲအရာရှိများ က ပြောသည်။

မောင်တောဒေသ၌ ဖမ်းမိသည့် မူးယစ်ဆေးဝါးများသည် နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်သွင်းမှုများရှိပြီး ဒေသတွင်း၌ ဖြန့်ဖြူး ရောင်းချမှုများလည်း ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အများစုသည် စိတ်ကြွဆေးပြားများဖြစ်ပြီး အလွယ်တကူ ဝယ်ယူ ရရှိ နေခြင်းကြောင့် လူငယ်များကြား သုံးစွဲမှုလည်း မြင့်မားလာကြောင်း၊ တက္ကသိုလ်ကျောင်းသား လူငယ်များ သာမက အထက် တန်း၊ အလယ်တန်း ကျောင်းသားလူငယ်များ ကြား၌ပင် ပျံ့နှံ့လာနေကြောင်း ရခိုင် ဒေသခံများက ပြောဆိုကြ သည်။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ထိရောက်စွာ ဆောင်ရွက်မှု အားနည်းကြောင်း၊ အကယ်၍ ရဲတပ်ဖွဲ့ဝင်များ က သာ ရောင်းဝယ် ဖောက်ကားနေသည့် အဓိက လက်သည် တရားခံများအား ရှာဖွေဖော်ထုတ်မည်ဆိုပါက အတိုင်း အတာ တခုအထိ ပပျောက်သွားနိုင်ကြောင်း ရခိုင်ဒေသခံများ က ပြောဆိုကြသည်။

ရခိုင်ပြည်နယ်ရှိ ဒေသခံအများစုသည် အလုပ်အကိုင် ရှားပါးနေခြင်းကြောင့် စီးပွားရေးသမား တချို့၏ ပစ်မှတ်ထားခြင်းကို ခံနေရပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှု အလုပ်၌ အခကြေးငွေပေး၍ အသုံးချခြင်းခံနေရကာ ခေါင်းပုံဖြတ် အမြတ် ထုတ်မှု ကို ခံနေကြရသည်ဟုလည်း ဒေသခံများ က ပြောသည်။

မောင်တောဒေသခံ ဦးမောင်သန်းရွှေ က “မြို့အများစုမှာ မူးယစ်ဆေးပြားတွေက မုန့်ဝယ်သလို အလွယ်တကူ ရနိုင်တဲ့ အ ဆင့် ဖြစ်နေတယ်၊ ရဲတွေကသာ ထိထိရောက်ရောက် ဖမ်းဆီးရင်တော့ အတိုင်းအတာတခုအထိ လျော့ကျသွားနိုင်တယ်” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ် ဒု ရဲတပ်ဖွဲ့မှူး ဒု ရဲမှူးကြီး ထင်ကျော်က ရခိုင်ပြည်နယ်၌ ယခုကဲ့သို့ အများအပြား ဖမ်းမိလာနေခြင်းသည် ရက် ၁၀၀ အထူး စီမံချက်ဖြင့် လုပ်ဆောင်နေ၍ ဖြစ်ကြောင်း၊ ဖမ်းမိသူ အများစုသည်လည်း တဆင့်ခံ သယ်ယူ ပို့ဆောင်ပေးသူ များသာ ဖြစ်ကြောင်း၊ ပိုင်ရှင်အစစ်များသည် တခြားနိုင်ငံ၊ နယ်စပ်ဒေသများမှ ဖြစ်၍ ဖမ်းမိရန် ခက်ခဲကြောင်း ပြောသည်။

ဒု ရဲမှူးကြီး ထင်ကျော်က “ရခိုင်မှာ ဖမ်းမိတဲ့သူတွေကို စစ်ဆေးလိုက်ရင် သူတို့ဆီကို ပို့တဲ့သူဟာ ရန်ကုန်တို့၊ မန္တလေးတို့၊ မူဆယ် တို့ကလို့ ပြောကြတဲ့အတွက် လက်ငုပ်လက်ရင်းပိုင်ရှင်ကို မိဖို့ ခက်တယ်၊ တချို့ကတော့ သတင်းရပေမယ့် လက် မတင်ကလေး လွတ်သွားတာရှိတယ်၊ အဲဒီလို လူမျိုးကိုတော့ တရားခံပြေးအဖြစ် တနိုင်ငံလုံးက ရဲတပ်ဖွဲ့ဆီကို အကြောင်း ကြားထားပါတယ်”ဟုလည်း ပြောပြသည်။

ရခိုင်ပြည်နယ်၌ အလုပ်အကိုင် ရှားပါးမှုကြောင့် အရက်ဆိုင်၊ ဘီယာဆိုင်များ ပေါများလာကာ အရက် သောက်သုံးသူ များ ပြားလာခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွား လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေရကြောင်း ပြောဆိုကြသည်။

Loading