တိုက်ပွဲတွေ ရပ်ဆိုင်းနေတဲ့ ကရင်ပြည်နယ် မြိုင်ကြီးငူ မှ မယ်သဝေါ ဒေသသို့ သွားရာ လမ်းကြောင်း တလျှောက်ရှိ ရွာတွေမှာ ဒေသခံတွေကို မတွေ့ရဘဲ လုံခြုံရေး တာဝန်ယူနေတဲ့ တပ်သားတွေကို သာ မြင်ရသလို အနီရောင် ဆိုင်းဘုတ်ပေါ် အရိုးခေါင်းပုံ နှင့် “ အန္တရာယ် မိုင်း” ဆိုတဲ့ ဆိုင်းဘုတ် စိုက်ထူထားတာ တွေ့ရတယ်။
တပ်သားတချို့က ရွာသားတွေရဲ့ အိမ်တွေပေါ်မှာ စခန်းချနေကြပြီး တချို့ တပ်သားတွေကတော့ လမ်းမပေါ်မှာ တဲငယ်တွေ ဆောက်နေကြတယ်။ တချို့ကတော့ စေတီဖြူ ဘေးမှာ တဲတွေ ဆောက်ကာ နေကြတာ တွေ့ရတယ်။
မယ်သဝေါ ဒေသကို သွားရာလမ်းတလျှောက်မှာ ရှိတဲ့ တောင်တွေပေါ်မှာ မြိုင်ကြီးငူ ဆရာတော်တည် ထားတဲ့ စေတီဖြူပေါင်း များစွာကိုလည်း တွေ့မြင်ရပါတယ်။
အဲဒီနေရာကတော့ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဖာပွန်ခရိုင်နဲ့ ထိစပ် နေတဲ့ နယ်မြေ မယ်သဝေါဒေသ ဖြစ်ပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နဲ့ တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်း စစ်ဆင်းရေး တွေ စက်တင်ဘာလ ပထမအပတ်ကစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာတလျှောက် ဖြစ်ပါတယ်။
လက်တလောမှာတော့ တိုက်ပွဲတွေ တည်ငြိမ်ပြီး BGF နဲ့ တပ်မတော်က မြိုင်ကြီးငူ ဒေသ နှင့် မယ်သဝေါ ဒေသ လမ်းပိုင်း တလျှောက်ကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ BGF အဖွ့ဲက ဆိုပါတယ်။
တပ်မတော်နဲ့ BGF တပ်ဖွဲ့တို့ နယ်မြေ ထိန်းချုပ်နိုင်တဲ့ မယ်သဝေါဒေသနဲ့ မြိုင်ကြီးငူ ဒေသ ကားလမ်းတလျှောက်က ယခင် DKBA အဖွဲ့ စခန်းချခဲ့တဲ့နေရာတခု ဖြစ်ပါတယ်လို့လည်း BGF တပ်ဖွဲ့က ဆိုပါတယ်။
အဲဒီလမ်းပိုင်းမှာ ထိန်းချုပ်နေတဲ့ တပ်မ ၂၂ နဲ့ တပ်မ ၄၄ က တပ်မမှူးတွေ၊ ဗျူဟာမှူးတွေက မြိုင်ကြီးငူ ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေကြပါတယ်။
ဒါပေမယ့် တိုက်ပွဲမှာ အသုံးပြုတဲ့ မြေမြုပ်မိုင်းတွေ ကို လောလောဆယ်မှာ ရှင်းလင်းမှု မပြီးသေးဘူးလို့ BGF ရဲ့ စစ်ဆင်ရေး တပ်ဖွဲ့ ဗိုလ်မှူး နိုင်မောင်ဇော် က ပြောပါတယ်။
အဲ့ဒီ လမ်းတွေကို လုံခြုံရေး ယူနေတဲ့ တပ်သားတွေ ကိုယ်တိုင် လည်း မိုင်းတွေ အများကြီး ရှိသေးတဲ့အတွက် အပေါ့၊ အလေးကို လမ်းမပေါ်မှာ လုပ်နေရတယ်။ တချို့ ကျည်တွေ မဖောက်တာတွေလည်း အများကြီး ရှိနေသေးတယ်လို့ နယ်မြေ စိုးမိုးရေး အတွက် လုံခြုံရေး ယူထားတဲ့ တပ်သား တွေက ပြောပါတယ်။
“မိုင်းကတော့ တောင်ယာသမားတွေအတွက် ရွာအလိုက် နယ်မြေအလိုက် ရှင်းရမယ့်အနေအထားမျိုး တွေပါ။ မိုင်းကတော့ မှိုလို ပေါက်အောင် မြုပ်ထားပါတယ်။ သူတို့ အသုံးပြုတာ အများဆုံးက ပိုက်တွေနဲ့ လုပ်ထားတာတွေ၊ ပြီးတော့ M150 အချိုရည် ပုလင်းတွေနဲ့ ုလုပ်ထားတဲ့ လက်လုပ်မိုင်းတွေပါ” လို့ ဗိုလ်မှူး နိုင်မောင်ဇော် က ပြောပါတယ်။
မြိုင်ကြီးငူ ဘုန်းကြီးကျောင်း မှာ လာရောက်တည်းခိုနေတဲ့စစ်ဘေးဒုက္ခသည် တွေကတော့ မိမိနေရပ်ကို မပြန်ရဲသေးကြောင်း၊ မြေမြုပ်မိုင်း တွေက ရွာအနီးအနားတဝှိက်မှာ ရှိနေသေးတာကြောင့် ရွာပြန်ရင် မြေမြုပ်မိုင်း နင်းမိမှာကို စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ပြောကြပါတယ်။
ကျုံထော်ကျေးရွာ က ရွာသူကြီး တဦး မြေမြုပ်မိုင်း နင်းမိပြီး စက်တင်ဘာ ၁၆ ရက်နေ့က သေဆုံးခဲ့တယ်။ အသက် ၂၀ ကျော် အရွယ် အမျိုးသား တဦးက တော့ နှားထင်မှာ မြေမြုပ်မိုင်းစ ဒဏ်ရာ ရခဲ့တယ်လို့ မြိုင်ကြီးငူ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် တွေကို ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ ကျန်းမာရေးမှူး တဦးက ပြောပါတယ်။
“ ကျုံထော် ရွာသူကြီးကတော့ မိုင်းနင်းမိရာ သွေးလွန်လို့ လမ်းမှာဘဲ ဆုံးသွားတယ်။ မိုင်းစမှန်တဲ့ ကောင်လေးက ဖြစ်ဖြစ်ချင်း ရောက်လာတာ မဟုတ်ဘူး။ ကျနော်တို့ ဆီကို ရောက်လာတာ နောက်ကျတယ်။ အခု သူ ကြောက်နေတယ်။ ကျနော်တို့ ဆေးကုပေးရင်တောင် လက်မခံချင်ဘူး” လို့ ကျန်းမာရေးမှူး က ဆိုပါတယ်။
မိုင်းစထိမှန်တဲ့ ကျုံထော်ကျေးရွာက အမျိုးသား ဘယ်ဝါးက “ ကျနော်တို့ သေနတ်သံ တွေကြားလို့ ရွာကနေ ထွက်ပြေးလာတဲ့အချိန်မှာ ကျနော်တို့ ရွာသူကြီးက မြေမြုပ်မိုင်း နင်းမိတယ်။ အဲ့မှာ မြေမြုပ်မိုင်းစက ကျနော်ထိ တာပဲ။ ၅ ရက်လောက်ရှိပြီ ထင်တယ်” လို့ သူကြုံတွေ့ရတာ တွေကို ပြောပြပါတယ်။
ခရီးသွား ဧည့်သည်အများစု စိတ်ဝင်စားနေတဲ့ မြိုင်ကြီးငူ ကျုံထော်ရေတံခွန် အနီးတဝှိက်တွင် မိုင်းများ ရှိနေတယ်။ ကျုံထော်ဒေသ ရွာသူကြီးတဦးမိုင်းနင်းမိသေဆုံးသလို ရွာသားတဦးကလည်း မိုင်းစ ထိမိတဲ့အတွက် ကျုံထော်ရွာကို ပြန်ဖို့ ဒေသခံတွေ စိုးရိမ်မကင်းဖြစ်နေကြပါတယ်။
“မယ်သဝေါ သွားလမ်းတလျှောက်တော့ မိုင်းတွေ ကျနော်တို့ ရှင်းပြီးသွားပြီ။ အရင် သူတို့(DKBA) တွေစခန်းချတဲ့နေရာ ဆက်ကြေးကောက်တဲ့နေရာတွေမှာတော့ မိုင်းတွေရှင်းပြီးပါပြီ။ အခုဆိုရင် တိုက်ပွဲမဖြစ်တာ ၃ ရက်ရှိပါပြီ” လို့ တပ်မ ၄၄ မှ ဗိုလ်ကြီး တဦးက ရှင်းပြပါတယ်။
BGF နဲ့ DKBA က လွန်ခဲ့တဲ့ ၂၀၁၅ ဇူလိုင်အစောပိုင်းတွေမှာ တပ်ဖွဲ့တခုတည်း ဖြစ်ခဲ့ပါတယ်။ DKBA ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ အတွင်းက BGF ၊ တပ်မတော်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အပေါ် တပ်တွင်း မကျေလည်မှုတွေ ဖြစ်ပြီးနောက် ဗိုလ်မှူးချုပ် စောကျော်သက် ဦးစီးသည့် တပ်ရင်း နဲ့ ကလို့ထူးဘော စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စောဆန်းအောင် တို့ကို DKBA ဗဟိုက ထုတ်ပယ်ခဲ့တာပါ။
ထုတ်ပယ်ခံရပြီး နောက်ပိုင်းမှာ DKBA ဗဟို က ၎င်းတို့ တပ်ဖွဲ့များအပေါ် တာဝန်ယူမှု မရှိတာကြောင့် ခွဲထွက်မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပြီး တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) အမည်နဲ့ အဖွ့ဲသစ် ထူထောင်ခဲ့လိုက်ပါတယ်။
အဖွဲ့သစ်ထူထောင်ပြီး နောက်ပိုင်းမှာ DKBA ခွဲထွက်အဖွဲ့ နဲ့ တပ်မတော်၊ BGF တပ်ဖွဲ့ တို့က မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲများပြင်းထန်မှုကြောင့် မြိုင်ကြီးငူ ဘုန်းကြီးကျောင်းအတွင်း စစ်ဘေးရှောင် ဒုက္ခသည် ၄၀၀၀ ခန့် စစ်ဘေးရှောင်နေရတယ်။ ဒုက္ခသည်တွေအတွက် စခန်း ၂ ခု ဖြစ်တဲ့ အေးလင်းသာယာ ကျောက်စာကွင်း နှင့် မြစ်ပန်းဝတ်မှုံ ခန်းမဆောင် နေရာ ထားထားပါတယ်။
တချို့ ဒေသခံတွေက ထိုင်းနယ်စပ် ဘက်မှာ သွားရောက် ခိုလုံနေကြတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင် ဒုက္ခသည်တွေ အတွက် အချိန်တို စားနိပ်ရိက္ခာ လုံလောက်မှု ရှိတယ်။ ကျန်းမာရေး ကို မြို့နယ် သူနာပြုများ ဆရာမတွေက လာရောက်ကြည့်ရှု့ပေးတယ်၊ စစ်ရှောင် ကလေးငယ်တွေရဲ့ ပညာရေး မပြတ်အောင် စခန်းတွေမှာ ကျောင်းဖွင့်ပြီး သင်ကြားပေးနေပ၏တယ် လို့ စစ်ဘေးရှောင် ဒုက္ခသည် စခန်း ကွပ်ကဲရေး အဖွဲ့ ခေါင်းဆောင် ကိုနေလင်းထက် က ပြောပါတယ်။
“ အခက်အခဲ မရှိရအောင် ဆိုပြီး စတင်ရောက်ရှိလာတဲ့ ရက်ကနေ ဆရာတော်ကြီးတွေက နေရာ ချထားပေး ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးတွေရဲ့ လမ်းညွန်မှုတွေနဲ့ ဆောင်ရွက်ပေးနေတယ်။ စားရေး သောက်ရေး ကြတော့ ပရဟိတ အဖွဲ့တွေ ကရင်ပြည်နယ် အစိုးရ လမ်းညွန်ချက်နဲ့အတူ ကာလတိုကိုတော့ အကောင်းဆုံး ဆောင်ရွက်ထားပါတယ်” လို့ သူက ရှင်းပြတယ်။
မြိုင်ကြီးငူ ဘုန်းကြီးကျောင်း စစ်ဘေးရှောင် စခန်းကို ရောက်လာတဲ့ ကျေးရွာ ၂၂ ရွာက ဒေသခံတွေဟာ စစ်ဘေးက ထွက်ပြေးလာတဲ့ အချိန်မှာ အဝတ်အစား ပါမလာကြောင်း၊ တိုက်ပွဲ ကြီးမားမယ်လို့ မထင်သလို ဆရာတော်က ကားနဲ့လာကြိုတာကြောင့် ထွက်ပြေးလာကြတယ်လို့ စစ်ဘေးရှောင် စခန်းမှာနေတဲ့သူတွေက ပြောပါတယ်။
“ဆရာတော်ကားလာတဲ့အချိန် မှာ ကျမနဲ့ ကလေးတွေက ထမင်းစားနေတာပါ။ ကားပေါ် တက်တက် စစ်ဖြစ်တော့မယ် ဆိုလို့ လိုက်တက်လာတာ။ ကျမ ရဲ့ ခန္ဒာကိုယ်မှာ ဝတ်ထားတဲ့ အဝတ်ပဲ ပါတယ်” လို့ အသက် ၄၅နှစ် အရွယ် ဂူးသောင်းဘူကျေးရွာ နေထိုင်တဲ့ ဒေါ်နော်မု က ထွက်ပြေးလာတဲ့အဖြစ်အပျက်ကို ပြောပြပါတယ်။
တပ်ပိုင်းဆိုင်ရာတွေက စစ်ဘေးရှောင် ဒုက္ခသည်တွေထဲက နေရပ်ပြန်ချင်တဲ့ ပြည်သူတွေကို ပြန်ပို့မယ်လို့ စီစဉ်ကြပေမယ့် ဆရာတော်ရဲ့ အမိန့် အာဏာ မရရင် ဒေသခံတွေက မိမိနေရပ်ကို မပြန်ဘူး လို့ ပြောတာတွေရှိပါတယ်။
“ တပ်တွေက ဘယ်လောက်ပဲ ပြန်ပို့ ဖို့ လုပ်လုပ် ကျနော်တို့ မယ်သဝေါ ကျေးရွာက လူတွေကတော့ မပြန်ဘူး။ ဆရာတော် က ပြန်ဖို့ လာခေါ်မှ ပြန်မယ်။ ကျနော်တို့ကို ဆရာတော် က အုပ်ချုပ်တာ။ ဆရာတော် စကားပဲ နားထောင်ပါမယ်” လို့ မယ်သဝေါ ကျေးရွာ က မောင်ဝင်း က ပြောပါတယ်။
စစ်ဘေးရှောင် စခန်းမှာ ၁၂ နှစ်အောက် ကလေးငယ် ၁၅၀၃ ဦး ရှိပြီး ကျောင်းသား တွေ အတွက် စာသင်ကျောင်းတွေ လည်း ဖွင့်လှစ်ပေးထားပါတယ်။
“ အရင်က တိုက်ပွဲတွေ က ဒီလို ရက်မကြာဘူး။ တရက် နှစ်ရက် ဖြစ်ပြီး၊ ရပ်သွားတယ်။ ဒီတခါက တိုက်ပွဲဖြစ်တာ ရက်ရှည်တယ်။ ကျမတို့ ဘယ်တော့မှ ပြန်ရမယ်ဆိုတာကတော့ မသိသေးဘူး။ ဒါပေမယ့် အခု ကလေးတွေ အတွက် စခန်းမှာ ကျောင်းဖွင့်ထားပေးပါတယ်။ ကျမ ကတော့ အစိုးရစစ် ဖြစ်တဲ့ ၄ တန်း ကလေးတွေ အတွက် အရမ်းစိုးရိမ်ရတယ်” ဟု မယ်သဝေါ ကျေးရွာမှ မူလွန် ကျောင်းဆရာမ ဒေါ်လင်းပပအောင် က ဆိုပါတယ်။
တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် ကတော့ မသေချာသေးကြောင်း၊ လက်ရှိမှာ တပ်မတော်နဲ့ BGF တပ်ဖွဲ့က မယ်သဝေါ လမ်းပိုင်းကို နယ်မြေစိုးမိုးထားနိုင်ပေမယ့် တခြား တောတောင်တွေကို မစိုးမိုးနိုင်သေးဘူးလို့ မယ်သဝေါဒေသ ရှိ ရိက္ခာကုန်းမှာ တာဝန်ကျနေတဲ့ BGF တပ်သားတဦးက ပြောပါတယ်။
မယ်သဝေါ သွားရာလမ်းတလျှောက် တပ်သားတွေ ကလည်း လက်နက်အပြည့်အစုံ၊ အမြောက်ကြီးများ နဲ့ ရှေ့နောက် လုံခြုံရေး ယူဆောင်နေကြတာတွေ ကို မြင်တွေ့ခဲ့ရပြီး လုံခြုံရေး အပြည့် ယူနေကြပါတယ်။
ကရင်ပြည်နယ် မှာ မြေမြုပ်မိုင်းကြောင့် ကရင်လူမျိုးပေါင်းများစွာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ဆုံးရှုံးခဲ့ရတယ်။ အသက်အန္တရာယ်တွေ ဆုံးရှုံးမှုများစွာကြုံခဲ့ရတယ်။ အရင်က မြုပ်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေလည်း ယခုထိ မဖော်နိုင်သေးတာတွေ ရှိပါတယ်။ အခုလို ထပ်ပြီး မြေမြုပ်မိုင်းသုံးရင် ကရင်လူမျိုးတွေကို လူမျိုးတုန်းအောင် လုပ်နေသလိုပါပဲ လို့ စစ်ဘေးရှောင် စခန်းတွင် ဒုက္ခသည် ကျန်းမာရေးကို ကြည့်ရှုပေးနေတဲ့ သူနာပြု ဆရာမ တဦးက ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေ ရပ်ဆိုင်းပေမယ့် ဆိုင်းဘုတ်အနီရောင်ပေါ်က အရိုးခေါင်းပုံ နှင့် “ အန္တရာယ် မိုင်း” တွေ ဆိုတဲ့ ဆိုင်းဘုတ်က ပြည်သူတွေ အိမ်ပြန်ဖို့ ခြိမ်းခြောက်နေတဲ့ အရာတခု ဖြစ်နေဆဲပါ။ ။