ဆောင်းပါး

မြိုင်ကြီးငူ

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ် ဘားအံ မြို့မှ ကားဖြင့် ၁ နာရီကျော် သွားလိုက်ရင် မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ထိန်းချုပ်တဲ့ နေရာ ဖြစ်တဲ့ စုံနံ့သာမြိုင်ဆွေမြို့တော် မြိုင်ကြီးငူ အထူး ဒေသ ကို ရောက်ရှိမည်။

ထိုဒေသ သွားရာ လမ်းတလျှောက်မှာ ကတ္တရာလမ်းများဖြစ်ကာ လိုင်စင်မဲ့ကားများ လည်း သွားလာနိုင်သည်။ ။ ယင်းနေရာသည် ယခင်က DKBA ထိန်းချုပ်ခဲ့သည့် ဒေသ ဖြစ်ခဲ့ပြီး ယခု နောက်ပိုင်းတွင် နယ်ခြား စောင့်တပ် BGF စခန်းချနေရာ ဖြစ်သည်။

မြိုင်ကြီးငူ ဆရာတော် ထိန်းချုပ်သော နေရာ ဖြစ်သည့် စုံနံ့သာမြိုင်ဆွေမြို့တော် အဝင် တွင် ဧည့်သည်များ သား၊ ငါးများ ယူဆောင်လာမည်ကို စိုးရိမ်စိတ်သဖြင့် မေးမြန်းမှုလည်း ရှိသည်။

စုံနံသာမြိုင်ဆွေမြို့တော် အဝင်သို့ ရောက်သည့်အခါ မြိုင်ကြီးငူ ဘုန်းကြီးကျောင်း အတွက် အလှူခံ ကောက် ခံသည့်နေရာတွင် ကားသမား က ခဏ ရပ်ပေးပြီး၊ အလှူခံ ဌာနမှ ပန်းရောင် အန္တရာယ်ကင်း ပရိတ်ကြိုး များကို ခရီးသွားသူတိုင်းကို တခုစီ ပေးသည်ကိုလည်း တွေ့ခဲ့ရသည်။

ယင်းဒေသတွင် နာမည်ကြီးသလို ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သော ကျုံထော်ရေတံခွန်လည်း ရှိသည်။

စက်တင်ဘာလ ပထမအပတ်ကစပြီး ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဖာပွန်ခရိုင်နဲ့ ထိစပ် နေတဲ့ နယ်မြေ မယ်သဝေါ ဒေသ ဖြစ်ပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နဲ့ တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်း စစ်ဆင်ရေးများ၊ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် စစ် ကင်းမဲ့ဇုံ ဖြစ်တဲ့ စုံနံ့သာမြိုင် မြို့တော် မြိုင်ကြီးငူ ဆရာတော် ဘုန်းကြီးကျောင်း ကို စစ်ဘေးရှောင် ၄၀၀၀ ကျော် လာရောက် တိမ်းရှောင်မှုများလည်း ရှိနေသည်။

စုံနံ့သာမြိုင် မြို့တော် မြိုင်ကြီးငူ အထူး ဒေသကို ၁၉၉၅ ခုနစ်တွင် စတင်တည်ထောင်ခဲ့သည်။ သားသတ်လွတ် စားသည့်နေရာ တခု ဖြစ်သလို စစ်ကင်းမဲ့ဇုံ အဖြစ် သတ်မှတ်သည့် နေရာ တခုလည်း ဖြစ်တယ်လို့ စုံနံ့သာမြိုင် မှာ နေထိုင်သည့် အသက် ၇၀ ကျော် ဦးမောင် က ပြောသည်။

လွန်ခဲ့တဲ့ ၁၀ နှစ်က စာရင်းအရ အိမ်ခြေ ၃၇၀၀၊ ရပ်ကွက် ၁၇ ကွက်ရှိခဲ့သော်လည်း လက်ရှိတွင် အိမ်ခြေနှင့် လူဦးရေများ တိုးလာကြောင်း ဦးမောင် က ပြောပြသည်။

သူက “ စုံနံသာမြိုင် ငြိမ်းချမ်းရေး နယ်မြေမှာတော့ လယ်ယာတွေ စိုက်ပျိုးရေးတွေ မရှိဘူူး။ အဓိကတော့ ကျပန်း အလုပ် ဖြစ်တဲ့ ဆရာတော် ဘုရားတည်တာတွေမှာ ကူလုပ်ပေးတယ်။ ဆိုင်ကယ် အငှားလိုက်တယ်။ စက်လှေ မောင်းတယ်” ဟု ရှင်းပြသည်။

အဆိုပါ ဒေသတွင် အစိုးရ မှ ပေးထားသည့် လျှပ်စစ်မီးလည်း ယနေ့အထိ မရသဖြင့် မီးစက်ဖြင့် မီးပေးစနစ်သာ ကို အားကိုးနေရကြောင်း၊ မီးအသုံးပြုမှုစရိတ်အဖြစ် တလလျှင် တအိမ်ကို၂၀၀၀ ကျပ် ပေးဆောင်နေရကြောင်း မြိုင်ကြီးငူ ဒေသခံများက ပြောပြသည်။

“လျှပ်စစ်မီးက တလ ၂၀၀၀ ကျပ်ပေးရတယ်။ ဘယ်လောက်သုံးသုံး တလ ၂၀၀၀ ကျပ်ပဲ။ အရင်တုန်းက ၅၀၀ ကျပ်ပဲရှိတယ်။ အစိုးရ လျှပ်စစ်မီးတော့ မရသေးဘူး။ မီးစက်နဲ့ပဲ တရွာလုံးကို ပေးနေတာ။ မီးစက်မီးက မနက် ၅နာရီ မှာ ခဏ လာတယ်။ ပြီးတော့ ည ၆ နာရီကနေ ၈ နာရီ ထိလာတယ်” ဟု ဦးမောင်က ပြောသည်။

မြိုင်ကြီးငူ ဆရာတော် ထိန်းချုပ်သည့် နေရာအားလုံးတွင် အသားများ၊ မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကား သုံးစွဲမှု မရတဲ့ နေရာတခုလည်း ဖြစ်ကြောင်း၊ အသား၊ ငါး စားလိုသူများက တခြား နေရာ သို့ သွားရောက် စားသောက်ရကြောင်း သိရသည်။

မြိုင်ကြီးငူ ဒေသအတွင်းနေထိုင်သူများမှာ မြိုင်ကြီးငူဆရာတော် ၏ အမိန့် ကို နာခံရကြောင်း၊ ကျောင်းသားများ ကိုလည်း ဆရာတော်က ပညာသင်ကြားပေးထားကြောင်း ဒေသခံများကပြောသည်။

 မြိုင်ကြီးငူမြို့ တွင်းပုံများ
မြိုင်ကြီးငူမြို့ တွင်းပုံများ

“ ကျနော်တို့ကို ဆရာတော်က အုပ်ချုပ်တာ။ ဆရာတော် ပြောစရာပဲ နားထောင်မယ်။ ဆရာတော် က ကောင်းစေချင်လို့ ပြောတာပဲ။ ဆရာတော်ရဲ့စကားကို လိုက်နာရမယ်” ဟု မြိုင်ကြီးငူ စုံနံသာမြိုင် ဒေသတွင် နေထိုင်သည့် အမျိုးသားတဦးက ပြောသည်။

မြိုင်ကြီးငူ ဒေသသို့လိုက်ပို့သည့် ကားဆရာ ကလည်း “ ဒီဒေသက လူတွေက ဆရာတော် အမိန့်မရရင် ဘယ်မှ မသွားဘူး။ ဆရာတော် အမိန့်မရဘဲ မြို့ပေါ်တက်တုန်း နေမကောင်းတွေ ဖြစ်ရင် သူတို့က ဆရာတော်ကို အာခံလို့ နေမကောင်းတာဆိုပြီး မြိုင်ကြီးငူကို ပြန်သွားတာတွေ ရှိတယ်” ဟု ဆိုသည်။

မြိုင်ကြီးငူ ဆရာတော် ဦးသုဇန သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မှ ပိုးကရင် လူမျိုး ဖြစ်ပြီး လူငယ် ဘဝတွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တွင် ရဲဘော်အဖြစ် အမှုထမ်းခဲ့ဖူး သူတဦးဖြစ်ကြောင်း၊ သက်တော် ၂၀ တွင် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ကာ ဒေသအတွင်း ရှိ ဘုရား ပုထိုးများ ပြန်လည် ပြုပြင်မှုများပြုလုပ်ခဲ့သူဖြစ်သည်။

၁၉၈၂ တွင် သားသတ်လွတ် ဗုဒ္ဓဘာသာဝင် အသိုင်းအဝန်းကို တည်ထောင်ခဲ့သည့် သာမည ဆရာတော် ၏ သာဝက ရဟန်းတပါး ဖြစ်သည်။

ဗုဒ္ဓဘာသာ တည်တံ့ပြန့်ပွားရေးနှင့် ငြိမ်းချမ်းပြီး သာယာသော နေရာတခု တည်ဆောက်ရန် ဆရာတော်က မိန့်ကြားခဲ့ဖူးသည်။

မြိုင်ကြီးငူမြို့ တွင်းပုံများ
မြိုင်ကြီးငူမြို့ တွင်းပုံများ

နှစ်ပေါင်း၂၀ အတွင်း ဘုရားပုထိုးစေတီပေါင်း ၇၀ ကျော် တည်ခဲ့သည်။ အဖြူရောင်စေတီ အဆူ ၅၀ တည်ဆောက်ပြီးပါက ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ရရှိလိမ့်မည်ဟု ဆရာတော်က နိမိတ်ဖတ် မိန့်ကြားခဲ့ဖူးသည်။

ဧပြီ ၂၄ ရက်နေ့ က လှိုင်းဘွဲ့ မြို့နယ်၊ ကွမ်းတောကျေးရွာ၊ ရှင်မာကု အင်္ဂလီကန် ဘုရားကျောင်းဝင်း အတွင်း၌ စေတီတဆူကို ၂ ရက်ဖြင့် အပြီး တည်ခဲ့ကြောင်း၊ ဧပြီ ၂၆ ရက်နေ့ ကလည်း ရွှေဂွန်းကျေးရွာရှိ မရ်ကဇ် ဗလီ မွတ်စလင် ဝတ်ပြုကျောင်း ၏ နံဘေးလမ်းကြားတွင်လည်း စေတီငယ်တဆူကို ထပ်မံ တည်ထားခဲ့သည်။

ယင်းကိစ္စအပေါ် ဒေသခံ ဘာသာခြားများက စိတ်အလိုမကျ ဖြစ်ကာ အငြင်းပွားမှု တချို့ ရှိခဲ့သည်။ သို့သော် မြိုင်ကြီးငူ ဆရာတော် က ဒေသအတွင်း သြဇာလွှမ်းမိုးမှု ကြီးမားသဖြင့် ဘာသာခြား ဒေသခံ များက ပြဿနာ ကြီးကြီးမားမား ပြုလုပ်ခြင်းမရှိခဲ့ပါ။

၁၉၉၄ ခုနှစ်တွင် ထိုနေရာကို DKBA ၏ ဗဟိုဌာနချုပ်အဖြစ် အသုံးပြုခဲ့ပြီး ဝင်းအတွင်း နေထိုင်သူများသည် ဆရာတော်၏ ကိုယ်ကျင့်တရား စည်းကမ်းကို လိုက်နာရသည်။

ထိုစည်းကမ်းများမှာ ငါးပါးသီလကို တင်းတင်း ကျပ်ကျပ် လိုက်နာရန်၊ အမျက်ဒေါသမထားရန်၊ ခိုက်ရန်မဖြစ်ရန်၊ နိုင်ငံရေး မပတ်သက်ရန်၊ ဘာသာရေးအရ မတူကွဲပြားမှု များ နှင့်ပတ်သက်၍ ဆွေးနွေးခြင်းမပြုရန် နှင့် အတင်းအဖျင်း မပြောရန် စသည့် စည်းကမ်းများဖြစ်သည်ဟု ဒေသခံများက ပြောပြသည်။

သက်တော် ၆၈ နှစ်ရှိ မြိုင်ကြီးငူ ဆရာတော် ၏ လက်ရှိ ကျန်းမာရေးမှာ မကောင်းမွန်သဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် ရန်ကုန်တွင်သာ နေထိုင်ပြီး ဆေးကုသခံနေရကြောင်းလည်း သိရသည်။

မြိုင်ကြီးသူ ဆရာတော် အုပ်ချုပ်သည့် ယင်းနေရာသည် ပြည်သူများကို သြဇာလွှမ်းမိုးနိုင်ဆဲသည့်နေရာ၊ လက်ရှိ တိုက်ပွဲကြောင့် ဒုက္ခသည်များ နားခိုရာ စစ်ကင်းမဲ့ဇုံနေရာတခုပင် ဖြစ်သည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading