ဆောင်းပါး

မသန်စွမ်းသူများကို ရန်ကုန်က ထည့်စဉ်းစားရဲ့လား

Want create site? Find Free WordPress Themes and plugins.

“ကူးလို့ရပြီ” ဟု အနီးအနားရှိ တယောက်ယောက်၏ ပြောသံမကြားမချင်း လမ်းတဖက်တွင် အားမီစာ တယောက် ငြိမ်သက်စွာ ရပ်နေသည်။ ကားများကို အင်မတန်ကြောက်သဖြင့် လမ်းဖြတ်ကူးခြင်းသည် သူမအတွက် ကြီးမားသော စိန်ခေါ်မှုတခု ဖြစ်နေသည်။

“အဝေးကြီးတော့ တယောက်ထဲ တခါမှ မသွားဖူးဘူး။ တယောက်ထဲဆိုလည်း ဆရာမတွေက မလွှတ်ဘူး။ သွားလဲမသွားရဲဘူး” ဟု အားမီစာက ပြောပြသည်။

အားမီစာသည် မန္တ လေးတိုင်း၊ မိုးကုတ်မြို့ ဇာတိဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် လီဆူး အမျိုးသမီးတဦး ဖြစ်သည်။ သူမ အသက် ၈ နှစ် အရွယ်တွင် အပြင်းဖျားခဲ့ပြီး အမြင်အာရုံ ချို့ယွင်းသွားခဲ့ရသည်။ တဖန် ခွဲစိတ်ကုသမှု အမှားအယွင်းကြောင့် အမြင်အာရုံ လုံး၀ ဆုံးရှုံးသွားခဲ့သည်။

ထို့နောက် ၂၀၀၇ ခုနှစ်တွင် ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းသို့ ရောက်လာခဲ့ပြီး မျက်မမြင်စာနှင့် အခြား အသက်မွေးဝမ်းကျောင်းပညာများ သင်ယူလျက်ရှိသည်။ ယင်းကျောင်းနှင့် ချိတ်ဆက်ထားသော အင်းစိန်မြို့နယ်ရှိ အစိုးရ အလယ်တန်းကျောင်း တကျောင်းတွင်လည်း အဌမတန်း တက်ရောက်နေသည်။

“ရန်ကုန်က လူသွားလမ်း ပလက်ဖောင်းတွေက အရမ်းကျဉ်းတယ်။ ကားတွေက လူသွားတဲ့ လမ်းပေါ်မှာ ကပ်ရပ်ထားတာတွေလည်းရှိတယ်။ အဲဒီတော့ လမ်းလျှောက်ရင် ဝင်ဝင်တိုက်မိတယ်။ ပလက်ဖောင်းဘေးမှာ ရပ်ထားရင်လည်း ပလက်ဖောင်းက အရမ်းကျဉ်းတော့ ဝင်ဝင်တိုက်မိတယ်။ တခါတလေဆို ဓာတ်တိုင်တွေ ဝင်ဝင်တိုက်မိတယ်” ဟု ကျောင်းသွားရာလမ်းတွင် သူမနေ့စဉ် ကြုံတွေ့ရသော အခက်အခဲကို ပြောပြသည်။

သြဂုတ်လနှောင်းပိုင်းက ခဝဲခြံမျက်မမြင်ကျောင်းသို့ ရောက်ခဲ့စဉ် ခပ်မြန်မြန် ယုံကြည်မှုရှိရှိဖြင့် ကျောင်းဝင်းအတွင်း တုတ်တချောင်းဖြင့် လမ်းလျှောက်သွားနေသော အားမီစာကို တွေ့ခဲ့ရသည်။ အမြင်အာရုံ တစိတ်တပိုင်း ချို့ယွင်းနေပုံ ပေါ်သည့် အခြား အမျိုးသမီးငယ်တဦးကိုလည်း သူမနှင့်အတူ တွေ့ခဲ့ရသည်။

သူမနေထိုင်ရာ ခဝဲခြံ မျက်မမြင်ကျောင်းနှင့် အလှမ်းမဝေးသည့် ကျောင်းသို့ သွားသည့်အခါတွင်ပင် သူမနည်းတူ အမြင်အာရုံ ချို့ယွင်းနေသည့် အခြားသူငယ်ချင်းများနှင့် အဖော်ပြုကာ အတူသွားရခြင်းဖြစ်ပြီး ခဝဲခြံနှင့် ဝေးသော ရန်ကုန်မြို့ထဲသို့ ဘတ်စ်ကားနှင့် သွားရန်မှာ သူမအတွက် မဖြစ်နိုင်သေးဟု ဆိုသည်။

“အဖော်မပါဘဲ ကားစီးဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး” ဟု အားမီစာက ပြောသည်။

မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းအရ အားမီစာသည် တနိုင်ငံလုံး မသန်စွမ်းသူ အရေအတွက်၏ ၁၀ ရာခိုင်နှုန်းခန့်တို့ နေထိုင်ရာ ရန်ကုန်ရှိ မသန်စွမ်းသူပေါင်း ၂ သိန်းခွဲ အနက်မှ တဦးသာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အတွေ့ရ အများဆုံးသော မသန်စွမ်းမှုအမျိုးအစားမှာ အမြင်အာရုံ တစိတ်တပိုင်း သို့မဟုတ် လုံးဝဆုံးရှုံးမှု ဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၂ ဒဿမ ၅ ရာခိုင်နှုန်းခန့် ရှိသည်။

မြို့လယ်မှ ဝေးကွာလှသော တက္ကသိုလ် ကျောင်းများသို့ တယောက်တည်း ဘတ်စ်ကားစီးပြီး ကျောင်းသွားတက်နိုင်ကြသည့် ခဝဲခြံမျက်မမြင်ကျောင်းမှ ကျောင်းသား တချို့ကို အားကျမိသည်ဟု လည်း အားမီစာက ပြောပြသည် ။ အထက်တန်း ကျောင်းပြီးလျှင် သူမလည်း ထိုသို့ သွားတက်နိုင်လိမ့်မည်ဟု မျှော် လင့်သည်ဟု ဆိုသည်။

ထိုသို့ နေ့စဉ် ကျောင်းသွားတက်နေသူများအနက်မှ တဦးမှာ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်တွင် ဒဿနိကဗေဒ ဘာသာရပ်ဖြင့် တက္ကသိုလ် ဒုတိယနှစ် တက်နေနေသာ အသက် ၂၅ နှစ် အရွယ် ကိုသန်းထွန်းဝင်း ဖြစ်သည် ။ သူသည် မွေးရာပါ မျက်မမြင်တဦး ဖြစ်သည်။ ဝေးလံသော တက္ကသိုလ်သို့ ကူးလူးသွားလာရခြင်းမှာ အားမီစာ ထင်ထားသည်ထက် ပိုမိုခက်ခဲနေသည်။

ရန်ကုန်လူဦးရေ၏ ၁ ဒဿမ ၇ ရာခိုင်နှုန်းသည် အမြင် အာရုံချို့ယွင်းမှု တမျိုးမျိုး ရှိနေပြီး အများစုမှာ သွားလာရေး အတွက် ဘတ်စ်ကားများကို အားထားနေကြရသော်လည်း အများသုံးဘတ်စ်ကားများ၏ လက်ရှိအခြေအနေမှာ မသန်စွမ်း ခရီးသည်များအတွက် သင့်လျော်မှုမရှိဘဲ ကြီးမားသော အခက်အခဲတခု ဖြစ်လျက်ရှိသည်။

အမြင်အာရုံ မသန်စွမ်းသူများ ဘတ်စ်ကားစီးကြသည့်အခါ စပယ်ယာများက မှတ်တိုင်အော်ပေးသည်ကိုသာ ဂရုတစိုက် နားထောင်ရပြီး စပယ်ယာများက မှတ်တိုင်မအော်ဘဲ ကျော်သွားသည့်အခါတွင် ဖြစ်စေ၊ မှတ်တိုင်တွင် မရပ်သည့်အခါတွင် ဖြစ်စေ၊ ဘတ်စ်ကားများ တစီးနှင့်တစီး အပြိုင်အဆိုင် မောင်းကြသည့်အခါတွင်ဖြစ်စေ မျက်မမြင် ခရီးသည်များအတွက် အခက်အခဲ ကြုံရတတ်သည်ဟု ကိုသန်းထွန်းဝင်းက ပြောပြသည်။

ထိုကဲ့သို့သော အခြေအနေမျိုးကို ကိုသန်းထွန်းဝင်းတယောက် မကြာခဏ ကြုံရတတ်ပြီး အခြားခရီးသည်များကို အကူအညီ တောင်းယူရကြောင်း ပြောပြသည်။ အများသုံးဘတ်စ်များ အသုံးပြုရန် ခက်ခဲသည့်အတွက် တက္ကစီများဖြင့် သွားလာရန် ကြိုးစားလျှင်လည်း မလွယ်ကူကြောင်း ဆိုသည်။

“ကိုယ့်ဘာသာကိုယ်တော့ ဘယ်လိုနည်းနဲ့မှ သွားလာလို့မရဘူး။ တက္ကစီက ဘယ်တက္ကစီ လွတ်တယ်ဆိုုတာ မသိဘူးလေ။ မသိတဲ့အခါ ဘေးကလူကို အကူအညီတောင်းရင်တောင်း၊ မဟုတ်ရင် သိတဲ့ တက္ကစီရဲ့ ဖုန်းနံပါတ် ယူထားရပါတယ်” ဟု ပြောပြသည်။

ခဝဲခြံ မျက်မမြင်ကျောင်းမှ အခြား ကျောင်းသားများကို စကားပြောကြည့်သည့်အခါတွင်လည်း အလားတူ အခက်အခဲများကို ပြောပြကြသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးအတွက် ကြိုးပမ်းသည့် အသင်းအဖွဲ့များသည် မသန်စွမ်းသူများ၏ ဖော်ပြပါကဲ့သို့သော အခက်အခဲများကို ပိုမိုကျယ်လောင်စွာ တင်ပြလာကြသည်။

ငယ်စဉ်က ပိုလီယို ရောဂါခံစားခဲ့ရပြီး ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းသူ ကိုနေလင်းစိုးသည် မြန်မာနိုင်ငံတဝှမ်းမှ မသန်စွမ်းသူများ အမှီအခိုကင်းမဲ့စွာ နေထိုင်နိုင်စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့ (Myanmar Independent Living Initiative) ကို လွန်ခဲ့သော ၅ နှစ်က စတင် ထူထောင်ခဲ့သည်။

မသန်စွမ်းသူများအတွက် လိုက်လျောညီထွေဖြစ်စေသော အများပြည်သူသုံး အခြေခံအဆောက်အအုံများ မြန်မာနိုင်ငံ၏ အဖွံ့ဖြိုးဆုံးသော စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် မရှိခြင်းမှာ မသန်စွမ်းသူများအတွက် အခြေခံကျသော ရုပ်ပိုင်းဆိုင်ရာ အတားအဆီး ဖြစ်နေသည်ဟု ကိုနေလင်းစိုးက ပြောပြသည်။

ရန်ကုန်၏ အများပြည်သူ သယ်ယူပို့ ဆောင်ရေးစနစ်တွင် အမြင်နှင့် အကြားအာရုံ မသန်စွမ်းသူများ အတွက် မည်သည့် အထောက်အကူပစ္စည်းမျှ မပါဝင်ဘဲ ဘတ်စ်ကားများ၊ ရထားများတွင်လည်း ဘီးတပ်ကုလားထိုင် သုံးစွဲသူများ အတက်အဆင်းလုပ်ရန် Slope နှင့် Ramp များ တပ်ဆင်ပေးထားခြင်းများ မရှိခြင်းကြောင့် မသန်စွမ်းသူများ ကူးလူးသွားလာရေး ခက်ခဲနေသည်ဟု ဆိုသည်။

“အိမ်နယ်နိမိတ်ကို ကျော်ပြီးတော့ အပြင်ထွက်လိုက်တာနဲ့ public transportation တွေ လမ်းတွေက ကျနော်တို့အတွက် ထည့်သွင်းစဉ်းစား တည်ဆောက်ထားခြင်း မရှိတော့ အရမ်းကို အခက်အခဲ ဖြစ်နေတယ်” ဟု ကိုနေလင်းစိုးက ဆိုသည်။

“ကားတွေ ရထားတွေက ရပ်လိုက်ရင် မသန်စွမ်းတွေ တက်လို့ရအောင် မလုပ်ပေးထားဘူး။ နားမကြားတဲ့သူတွေ အဆင်ပြေအောင်၊ မျက်စိမမြင်တဲ့သူတွေ အဆင်ပြေအောင် ဘာ facility မှ မရှိဘူး” ဟု သူက ဆက်လက်ရှင်းပြသည်။

ရန်ကုန်တွင် ပြေးဆွဲလျက်ရှိသော ဘတ်စ်ကား အများစုမှာ မသန်စွမ်းသူများအတွက် ပစ္စည်းကိရိယာများ မပါဝင်သည့် မော်ဒယ်အဟောင်းများ ဖြစ်သည်ဟု ရန် ကုန်တိုင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဝန်ခံပြောကြားထားသည်။

ရန်ကုန်မြို့၏ ပထမဆုံး BRT (Bus Rapid Transit system) စနစ်ကို စတင်လိုက်သည့် YBPC (Yangon Bus Public Company) ၏ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်နေသည့် ဒေါက်တာမောင်အောင်က စီးပွားရေး မြို့ တော် ရန်ကုန်၏ အသုံးအများဆုံး ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးစနစ်ကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးမည်ဟု ကတိပြုထားသည်။ သို့သော် ၎င်း၏ ဘတ်စ်ကားများသည်လည်း ရန်ကုန်ရှိ မသန်စွမ်းသူများနှင့် လိုက်လျောညီထွေ မဖြစ်သေးပေ။

BRT စနစ် အတွက် တင်သွင်းလာသော ဘတ်စ်ကားအသစ်အချို့တွင် ဘီးတပ်ကုလားထိုင် ခါးပတ်အထိန်း၊ ဘီးတပ်ကုလားထိုင် တက်ရန် ramp များနှင့် မသန်စွမ်းခရီးသည်များအတွက် အခြားကိရိယာများ ပါဝင်ထားပြီးဖြစ်သည့်အတွက် နောက်ပိုင်းတွင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

“နောက်ပိုင်းကျရင်တော့ လုပ်ပေးမယ်လေ၊ အခုလောလောဆယ်က bus reform ကိုတောင် တော်တော်လေး လုပ်နေရတာ။ အများကြီး အခက်အခဲတွေရှိတယ်” ဟု ဒေါက်တာမောင်အောင်က ဧရာဝတီကို ပြောသည်။

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) ဒုတိယ ဌာနမှူး ဦးလင်းခိုင်က မြို့အတွင်းရှိ ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်အတွင်း ဆောက်လုပ်ခဲ့သော လူသွားစင်္ကြန် ပလက်ဖောင်းအများစုကို ဆင်ခြေလျှောများ ထည့်သွင်းဆောက်လုပ်ထားသည်ဟု ဆိုသော် လည်း ဘတ်ဂျက်အခက်အခဲကြောင့် အများဆုံး အခြေခံ အဆောက်အအုံတိုင်းကိုမူ ထည့်သွင်းဆောက်လုပ်ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ပြောပြသည်။

ဖော်ပြပါကဲ့သို့သော ရုပ်ပိုင်းအတားအဆီးများအပြင် ခွဲခြားဆက်ဆံမှုများနှင့် မသန်စွမ်းသူများအပေါ် လူမှုအသိုင်းအဝိုင်းက ထားရှိသော အတွေးအခေါ်များကလည်း ၎င်းတို့ကို နေအိမ်ပြင်ပထွက်ရန် အားလျော့စေသည်ဟု ကိုနေလင်းစိုးက ထပ်မံ ရှင်းပြသည်။

ဘီးတပ် ကုလားထိုင် အသုံးပြုသူများ လမ်းပေါ် တက္ကစီ ထွက်ငှားသည့်အခါ ယာဉ်မောင်းများက မသန်စွမ်းသူများသည် ဆေးကုသရန်မှအပ အခြားကိစ္စဖြင့် သွားလာရန် မရှိနိုင်ဟု တထစ်ချ မှတ်ယူထားကြပြီး မဆိုင်းမတွပင် “ဘယ်ဆေးရုံလိုက်ပို့ပေးရမလဲ” ဟု မေးတတ်ကြသည်ဟု သူက ရှင်းပြသည်။

“ကျနော်တို့သည် ရောဂါသည် လူနာတွေ မဟုတ်ဘူး၊ ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေးကိစ္စတွေ အကုန်လုံးမှာ ပါဝင်ဆောင်ရွက်နိုင်စွမ်း ရှိတယ်။ ကျနော်တို့မှာ အရည်အချင်း (ability) တွေ ရှိတယ်။ အဲဒီလိုမျိုး ထင်တဲ့ အထင်အမြင်တွေဟာ အတားအဆီးတွေပါ” ဟု ကိုနေလင်းစိုးက ဆိုသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ် (Myanmar National Federation of People with Disabilities) ၏ ဥက္ကဋ္ဌ ကိုအောင်ကိုမြင့် ကလည်း ကိုနေလင်းစိုး၏ အမြင်များကို ထောက်ခံ ပြောကြားသည်။ အမြင်အာရုံ မသန်စွမ်းသူ တဦးအနေဖြင့် ကိုအောင်ကိုမြင့်က သူ၏ ကူးလူးသွားလာရေး အခက်အခဲနှင့် အတွေ့အကြုံကို မျှဝေသည်။

“လမ်းတွေက အဆင်ပြေတဲ့ လမ်းမျိုးလို့ ပြောလို့မရဘူး။ ပလက်ဖောင်းရဲ့ အလယ်မှာ ဓာတ်တိုင်တွေ ရှိနေတာမျိုး၊ ပလက်ဖောင်းတွေမှာ မီးစက်တွေ ရှိနေတာမျိုး တချို့ကျတော့ ဈေးဆိုင်တွေ ချရောင်းနေတာမျိုး။ ဒါတွေဟာ မျက်စိမမြင်တဲ့သူတွေအတွက် ကြီးမားတဲ့ အန္တရာယ်ပဲ” ဟု အမြင်မသန်စွမ်းသူများ အပြင်သွားသည့်အခါ လမ်းပေါ် ခြေစစချချင်း တွေ့ကြုံရသည့် အခက်အခဲများကို ပုံဖော်ပြောပြသည်။

အများပြည်သူသုံး လမ်းပန်းဆက်သွယ်ရေးစနစ်များ ဖြစ်သည့် ဘတ်စ်ကားနှင့် ရထားအနက် ဘတ်စ်ကားများကသာ မသန်စွမ်းသူများ အသုံးပြုနိုင်သည့် အနေအထား ရှိပြီး ရထားများကမူ သန်စွမ်းခရီးသည်များအတွက်ပင် များစွာဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း သူက ဆက်လက်ပြောပြသည်။

ဘတ်စ်ကား စပယ်ယာများက မသန်စွမ်း ခရီးသည်များကို “နေမကောင်းသူများ” ၊ “ကလေးများ” ဟု ခေါ်ဝေါ်တတ်ကြောင်းလည်း ပြောပြသည်။

“မသန်စွမ်းတွေကို နေမကောင်းတဲ့သူ တက်မယ်၊ ဆင်းမယ်၊ အီကြာကွေးတွေပေါ့၊ အချိန်ဆွဲတယ်၊ အချိန်ကြာတယ်ပေါ့။ တချို့ကလည်း ကလေးဆိုပြီး ခေါ်တာရှိတယ်” ဟု ကိုအောင်ကိုမြင့်က ပြောသည်။

သို့သော် ဘတ်စ်ကားများသည် သူတို့ကို ကားပေါ်သို့ တင်ဆောင်ရန် ယခင်ကကဲ့သို့ ငြင်းပယ်ခြင်းမျိုးများ လျော့နည်းသွားကြောင်း တိုးတက်မှုတခုအဖြစ် အကောင်းဘက်မှ မြင်ကာ ပြောပြသည်။

မသန်စွမ်းသူများသည် လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်သည့် အလုပ်များစွာ လုပ်ဆောင်နိုင်သော်လည်း စနစ်နှင့် ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများက ၎င်းတို့ကို နေအိမ်တွင်း၌သာ နေရန် ဖိအားပေးနေသကဲ့သို့ ဖြစ်နေသောကြောင့် မသန်စွမ်းသူ အသိုင်းအဝိုင်း၏ လုပ်အားကို အလဟဿ ဖြစ်စေသည်ဟု ကိုအောင်ကိုမြင့်က ရှင်းပြသည်။

ကိုအောင်ကိုမြင့် ဦးဆောင်သည့် မြန်မာနိုင်ငံ အမြင်အာရုံ မသန်စွမ်းသူများအသင် း (Myanmar National Association of the Blind) သည် ရန်ကုန်တိုင်းမှ မော်တော်ယာဉ် လိုင်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ လက်အောက်မှ စပယ်ယာများနှင့် ယာဉ်မောင်းများအား အမြင်အာရုံ မသန်စွမ်း ခရီးသည်များကို တင်ဆောင်ရာတွင် ထိရောက်စွာ အကူအညီပေးနိုင်ရေးနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲများကို ၂၀၁၅ နှင့် ၂၀၁၆ နှစ်နှစ်အတွင်း ၃ ကြိမ်အထိ ပြုလုပ်ပေးခဲ့သည်။

မထသ ဥက္ကဋ္ဌ ဖြစ် သော ဦးလှအောင်က ၎င်းတို့ကော်မတီသည် ထိုကဲ့သို့သော သင်တန်းများ အပြီးတွင် ဘတ်စ်ကား စပယ်ယာများနှင့် ယာဉ်မောင်းများသည် အမြင်အာရုံ မသန်စွမ်းခရီးသည်များအပေါ် ကူညီမှု တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့သော သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ပိုမိုပြုလုပ်ပေးနိုင်ရန် စိတ်အားထက်သန်ကြောင်း ဧရာဝတီကို ပြောပြသည်။

ရန်ကုန်မြို့၏ တိုက်တာအဆောက်အဦ အပြောင်းအလဲများနှင့် လျင်မြန်သော ဖွံ့ဖြိုးမှုများက မသန်စွမ်းသွားလာသူများအတွက် ရုပ်ပိုင်းဆိုင်ရာ အနေအထားများနှင့် တည်နေရာများ မှတ်သားခြင်းကို ပိုမိုခက်ခဲစေကြောင်း သိရသည်။ ထို့ကြောင့် မော်တော်ယာဉ်အရေအတွက် နည်းပါးပြီး အပြောင်းအလဲနည်းသော ကျေးလက်ဒေသများက မသန်စွမ်းသွားလာသူများအတွက် ပိုမိုအန္တရာယ်ကင်းနေသည်ဟုပင် ဆိုနိုင်ကြောင်း ကိုအောင်ကိုမြင့်က ပြောပြသည်။

စနစ်ကျသော ဥပဒေ အကာအကွယ်ကသာ မသန်စွမ်းသူများအတွက် ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများကို လျှော့ချရန်နှင့် ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ရာတွင် အခြေခံ အကျဆုံးနှင့် အထိရောက်ဆုံး ဖြစ်နိုင်လိမ့်မည်ဟု ကိုအောင်ကိုမြင့်က ယုံကြည်သည်။

မသန်စွမ်းသူများအတွက် အခွင့်အရေး ဥပဒေသစ်ကို ၂၀၁၅ ခုနှစ် ဇွန်လက ပြဌာန်းခဲ့ပြီး ယခုလက်ရှိတွင် မသန်စွမ်းသူများ အဖွဲ့အစည်း အသီးသီးနှင့် တိုင်ပင်ဆွေးနွေးကာ နည်းဥပဒေပြဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးဝင်းမြတ်အေးက လွှတ်တော်တွင် ပြောဆိုထားသည်။

သို့သော်လည်း ထိုဥပဒေသည် ယေဘုယျဆန်လွန်းပြီး မသန်စွမ်းမှု တမျိုးစီကို ထည့်သွင်းစဉ်းစားထားခြင်း မရှိသည့်အတွက် အပြည့်အဝ စိတ်တိုင်းမကျကြောင်း ကိုအောင်ကိုမြင့်က ဆိုသည်။

ယင်းဥပဒေအရ လူသွားပလက်ဖောင်းများ၊ ခုံးကျော်တံတား၊ လူကူးတံတားများ၊ ကျောင်းများ၊ ဆေးရုံများ အပါအဝင် အများပြည်သူသုံး အခြေခံ အဆောက်အအုံများကို မသန်စွမ်းသူများ အသုံးပြုနိုင်အောင် ထည့်သွင်း စဉ်းစားကာ တည်ဆောက်ထားရမည်ဟု ဆိုထားသော်လည်း ထိုအချက်ကို ပျက်ကွက်ပါက ရရှိမည့် ပြစ်ဒဏ်များ ဖော်ပြထားခြင်း မရှိပါ။

“အစိုးရက ပြည်သူတွေ အားလုံးအတွက် တခုခုစဉ်းစား ဆောင်ရွက်တဲ့အခါ ပြည်သူတွေထဲမှာ မသန်စွမ်းတဲ့သူတွေလည်း ပါတာ ထည့်သွင်းစဉ်းစားဖို့လိုတယ်။ နိုင်ငံသားအားလုံးအတွက် အလုပ်လုပ်တယ် ပြောတဲ့အခါ သန်စွမ်းတဲ့ နိုင်ငံသားတွေအတွက်ပဲ အရင် ဦးစားပေးလုပ်မယ်၊ မသန်စွမ်းတွေက ခဏနေပါဦး မရဘူး” ဟု ကိုနေလင်းစိုးက ပြောသည်။

မူဝါဒချမှတ်သူများ အနေဖြင့် လူတိုင်းအကျုံးဝင်သော ပညာရေးနှင့် အလုပ်အကိုင်များအကြောင်း ပြောကြသည့်အခါ မသန်စွမ်းသူများသည် ယင်းအကျုံးဝင် ကျောင်းများ၊ လုပ်ငန်းခွင်များသို့ ရောက်ရှိလာစေရေးအတွက် လူတိုင်းအကျုံးဝင်သော အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်၏ အရေးပါမှုကို နားလည်ရန် လိုအပ်ကြောင်း ကိုနေလင်းစိုးက ရှင်းပြသည်။

“လူတိုင်းမှာ ချို့ယွင်းချက် ရှိတယ်။ ကျနော်တို့က မြင်ရတဲ့ ချို့ယွင်းချက်တွေ ရှိနေတယ်၊ ဒီချို့ယွင်းချက်ကို မကြည့်ပါနဲ့၊ ကျနော်တို့ရဲ့ အရည်အချင်း (ability) ကို ကြည့်ပါ” ဟု ကိုနေလင်းစိုးက ဆိုသည်။

ယခင် အစိုးရ အဆက်ဆက်က နိုင်ငံတဝှမ်းရှိ မသန်စွမ်းသူများ အတွက် ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့သည့်အတွက် ယခုအခါ ပြန်လည်လုပ်ဆောင်ပေးစရာရှိနေသည်များကို မသန်စွမ်းသူများက တောင်းဆိုနေခြင်းသည် “အထူးအခွင့်အရေးများ” တောင်းဆိုနေခြင်း မဟုတ်သည်ကို အစိုးရနှင့် အများပြည်သူများ နားလည်ရန် လိုအပ်ကြောင်း ကိုအောင်ကိုမြင့်က ဆိုသည်။

ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများကို ကျော်လွန်သွားပြီးနောက်တွင် သန်စွမ်းပြည်သူများက မသန်စွမ်းပြည်သူများအပေါ် ထားရှိသည့် အယူအဆများလည်း ပြောင်းလဲရန် လိုအပ်ကြောင်း ကိုအောင်ကိုမြင့်က ဆက်လက်ရှင်းပြသည်။ မသန်စွမ်းအခွင့်အရေး တောင်းဆိုသည့် အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ၏ ပညာပေး အစီအစဉ်များကြောင့် ယခင်က အယူအဆများ အနည်းငယ် ပြောင်းလဲသွားသော်လည်း ထိုသို့လုပ်ဆောင်ခြင်းသည် သန်စွမ်းသူများထံမှ သနားမှု တောင်းခံလိုခြင်း မဟုတ်ကြောင်း ဆိုသည်။

“သနားပြီး ကူညီတာမျိုး မဟုတ်ဘဲ စာနာပြီး ကူညီသွားဖို့ကို လိုလားတယ်” ဟု ကိုအောင်ကိုမြင့်က ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Tin Htet Paing ၏ Can Rangoon Become a Disabled-Friendly City? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading