ဆောင်းပါး

မဲခေါင်မြစ် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှု ဗီယက်နမ် ကြုံတွေ့နေရပြီ

Want create site? Find Free WordPress Themes and plugins.

ဗီယက်နမ်နိုင်ငံကို မကြာသေးခင်က ရောက်ရှိရာတွင် မဲခေါင်မြစ်၏ သဘာ၀ ပတ်ဝန်းကျင် ပြောင်းလဲမှုနှင့် ပတ်သက်ပြီး တနှစ်ထက်တနှစ် ပိုပြီး သိသိသာသာ ကြုံတွေ့ ခံစားလာရသည့် အခြေအနေကို သိခဲ့ရပါသည်။
အသက် ၅၂ နှစ်အရွယ်ရှိ ဗီယက်နမ် အမျိုးသမီး တဦးဖြစ်သော ဘမ်ထရီ က “ကျမတို့ ငယ်ငယ်ကတည်းက ဒီရေပေါ် မှာ ကြီးပြီး၊ ဒီရေနဲ့ပဲ လုပ်ကိုင်စားခဲ့တာပါ။ အခုဆို ငယ်ငယ်က ရေ အခြေ အနေ နဲ့ မတူတော့ဘူး။ ရေအမြင့်ပေက လည်း တော်တော် နိမ့်ကျသွားပြီ”ဟု ပြောပြသည်။

ဘမ်ထရီသည် ဗီယက်နမ်နိုင်ငံ ဘမ်ထိုင်းမြို့တွင် နေထိုင်ပြီး မဲခေါင်မြစ်ကို အမှီပြု၍ စိုက်ပျိုးရေး လုပ်ငန်းဖြင့် ကြီးပြင်း ခဲ့ရသူ ဖြစ်သည်။

ဘမ်ထရီ၏ မိသားစု နေထိုင်ရာ အိမ်သည် မဲခေါင်မြစ်မှ ထိုးထွက်နေသည့် မြစ်ငယ်ကို အမှီပြုပြီး မြစ်ဘေးတွင် တည် ဆောက် ထားသောကြောင့် မြစ်ခေါင်မြစ်ရေ အခြေအနေမှာ နှစ်စဉ် ပြောင်းလဲလာသည်ကို ဘမ်ထရီ အနေနှင့် သတိထားမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ရေတွေက သောက်သုံးလို့ မရတော့ဘူး။ မဲခေါင်မြစ်ရေကလည်း ပိုပြီး နည်းနည်းသွားတယ်။ ၁၀ နှစ်လောက် အတွင်း မှာ တော်တော် သိသာတယ်”ဟုလည်း ဘမ်ထရီက ပြောသည်။

မဲခေါင်ရေကို အသုံးမပြုနိုင်တော့၍ သောက်သုံးရေအတွက် သူနေထိုင်ရာ အိမ်၏ အနောက်ဘက်တွင် သောက်သုံးရေ များ သီးသန့် သိုလှောင်ထားသည့် စဥ့်အိုးများကို ညွှန်ပြရင်းလည်း ဘမ်ထရီက ရှင်းပြပါသည်။
မဲခေါင်မြစ်၏ ပြောင်းလဲသွားသည့် အကျိုးဆက်ကို စိုက်ပျိုးရေး လုပ်ငန်းတင်မက မဲခေါင်မြစ်ပေါ်တွင် ငါးမွေးမြူရေး လုပ်ကိုင် နေသူများအပေါ်လည်း သက်ရောက်မှု ရှိကြောင်း ငါးမွေးမြူရေး လုပ်ကိုင်နေသူ တဦးက ရှင်းပြသည်။

“ငါးမွေးတဲ့ လုပ်ငန်းကို လုပ်ကိုင်လာတာ ဆယ်နှစ်ရှိပြီ။ အရင်က ငါးမွေးတာ အမျိုးအစား ၁၀ မျိုးလောက် မွေးတယ်။ အခုတော့ ၇ မျိုးလောက်ပဲ မွေးလို့ရတယ်။ နောက်ပြီး ငါးဖော်တဲ့အခါ အသားတိုးနှုန်း လျော့သွားတာ တွေ့ရတယ်။ ရေ အရောင်ကလဲ ကျဆင်းလာတယ်”ဟု ဗီယက်နမ်နိုင်ငံ အမ်ဇိုင်းမြို့တွင် နေထိုင်သည့် ငါးမွေးမြူရေး လုပ်ငန်းရှင် ခိုတန်ဟို က ပြောသည်။

ဗီယက်နမ် နိုင်ငံ၏ အဓိက အသားဓာတ်ရရှိမှုသည် ငါးစားသုံးမှုမှ ရရှိခြင်းဖြစ်ကြောင်း၊ ငါး ထုတ်လုပ်မှုသည်လည်း မဲခေါင် ဒေသတွင်းမှာ အများဆုံး ရရှိခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဗီယက်နမ်နိုင်ငံ၏ လူဦးရေ ၂၂ သန်းသည် မဲခေါင်မြစ်တလျှောက်ရှိ မဲခေါင်ဒေသတွင် နေထိုင်နေပြီး ဗီယက်နမ်နိုင်ငံ၏ အစားအစာ ဖူလုံရေးအတွက် မဲခေါင်ဒေသသည် အရေးကြီးသည့် ဒေသတခု ဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်ပေါ်တွင် ငါးဖမ်းခြင်း၊ ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း အပါအဝင် မဲခေါင်မြစ်ကို အသုံးပြုပြီး စိုက်ပျိုး ရေး လုပ်ငန်းများမှ ရရှိလာသည့် သီးနှံထွက်ကုန်များကို ဖြန့်ဖြူးရောင်းချခြင်း စသည့် စီးပွားရေး လုပ်ငန်းအများစုသည် မဲခေါင်မြစ်ကို အမှီပြု လုပ်ကိုင်နေသည်ကိုလည်း တွေ့ခဲ့ရသည်။

မဲခေါင်မြစ်သည် အာရှတွင် ၇ ခုမြောက် အရှည်ဆုံး မြစ်ကြီးတခု ဖြစ်ပြီး မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ နိုင်ငံများမှာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများ ဖြစ်ကြသည်။

အရှေ့တောင် အာရှ၏ ကုန်သွယ်လုပ်ငန်းအတွက် မဲခေါင်မြစ်သည် အားထားရသည့် မြစ်ကြီးတခု ဖြစ်ပြီး တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများအတွက်လည်း နိုင်ငံအလိုက် ကုန်သွယ်ရေး၊ စားဝတ်နေ ရေး၊ စီးပွားရေးအတွက် နည်းလမ်းအမျိုးမျိုးနှင့် ခွဲယူသုံးစွဲနေသည့် မြစ်ကြီးတခု ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ပတ်ခန့်က ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်တလျှောက်ကို အမှီပြု လုပ်ကိုင်စားသောက်နေကြသည့် မဲခေါင် ဒေသ တချို့သို့ မြန်မာနိုင်ငံမှ သတင်းထောက် ၆ ဦး ၅ ရက်ကြာ သွားရောက် လေ့လာခွင့်ရခဲ့ပါသည်။
မဲခေါင်မြစ်၏ ရေရှည်တည်တံ့ရေး အတွက် ရေကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာ မြို့များ၏ အာဏာပိုင်များက ထိထိရောက်ရောက် ဆောင်ရွက်ထားကြောင်းကိုလည်း သိရှိခွင့် ရခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ အမ်ဇိုင်းမြို့၏ ရေကြောင်းဆိုင်ရာ ဒုတိယအကြီးအကဲ မစ္စတာ လတ်တ် က“မဲခေါင်မြစ်ရေ ထိန်းသိမ်း ရေး လုပ်ငန်းတွေကို မြို့တွေမှာ တာဝန်ယူထားတဲ့ အစိုးရတွေက စီမံခန့်ခွဲခွင့်ရတယ်။ ကျနော်တို့ အမ်ဇိုင်းမြို့ဆို ရေမြုပ် တာ အများဆုံး ကြုံတွေ့ရတော့ အဲဒီအခြေအနေကို ဖြေရှင်းဖို့ သီးသန့် ငွေကြေးသုံးစွဲတာတွေ လုပ်ထား တယ်”ဟု ပြောပြပါသည်။

ဗီယက်နမ်လူမျိုးများအတွက် ရေသုံးစွဲမှု ၁၁ ရာခိုင်နှုန်းခန့်သည် မဲခေါင်မြစ်ရေကို အားထားနေရပြီး အသုံးပြုနေသည့် မဲခေါင်မြစ်ရေ ဧရိယာသည် ကီလိုမီတာ ၆၅၀၀၀ ရှိကြောင်း သိရသည်။

ဗီယက်နမ် နိုင်ငံတွင် လူဦးရေ ၉၃ သန်းခန့် နေထိုင်ပြီး ဗီယမ်နမ်နိုင်ငံ၏ စီးပွားရေးတွင် ပို့ကုန်တင်ပို့မှုသည် အဓိက စီးပွားရေး တခု ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ အနေဖြင့် နိုင်ငံတကာ ဈေးကွက်ကို ငါးတင်ပို့မှု၊ အသီးအနှံ တင်ပို့မှုနှင့် ဆန်တင်ပို့မှု လုပ်ငန်းများဖြင့် အဓိက စီးပွားရေး ထိုးဖောက်နေခြင်းလည်း ဖြစ်သည်။

ဗီယက်နမ် တနိုင်ငံလုံးရှိ ဆန်ထွက်ရှိမှု ထပ်ဝက်ကျော်သည် မဲခေါင်ဒေသမှ စိုက်ပျိုးရရှိခြင်း ဖြစ်ပြီး အသီးအနှံ စိုက်ပျိုး ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းသည် မဲခေါင်ဒေသမှ စိုက်ပျိုးထုတ်လုပ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အမ်ခေါင်မြို့ရဲ့ စိုက်ပျိုးရေးနှင့် ကျေးလတ်ဖွံ့ဖြိုးရေး၊ ဆည်မြောင်းဌာနမှ မစ္စတာ မိုင်ဗမ်လတ် ကလည်း “ဗီယက်နမ် နိုင်ငံမှာ ဆန်စိုက်ပျိုးတာက အရင်ကဆို တနှစ်မှာ သုံးသီး စိုက်တယ်။ အခုတော့ နှစ်သီးပဲ စိုက်နိုင်တော့တယ်။ မိုးရွာ သွန်းမှုကလဲ မမှန်တော့ဘူး။ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို စိုက်ပျိုးရေးသမားတွေ သိသိသာသာ ခံစားနေရပြီ”ဟု ပြော သည်။

ဗီယက်နမ်နိုင်ငံကို ဖြတ်သန်းစီးဆင်းသည့် မဲခေါင်မြစ်၏ ရေအမြင့်သည် ယခုနှစ်တွင်ပို၍ ကျဆင်းသွားကြောင်း၊ မဲခေါင် မြစ် အထက်ဘက်တွင် တည်ဆောက်ထားသည့် ရေကာတာကြီးများ၏ အကျိုးဆက်ကြောင့်လည်း မြစ်အောက် တွင် တည်ရှိနေသည့် ဗီယက်နမ်နိုင်ငံအနေနှင့် ပြောင်းလဲမှု အကျိုးဆက်ကို ခံစားနေရခြင်း ဖြစ်ကြောင်း ရေကာတာများ ကြောင့် ရရှိလာသည့် အကျိုးဆက်နှင့် ပတ်သက်ပြီး လေ့လာသုတေတန ပြုလုပ်နေသည့် ကမ်သို တက္ကသိုလ်မှ ပါမောက္ခ လီဟမ်တောင် က ပြောပြသည်။

“ရေကာတာ ဆောက်ပြီဆိုကတည်းက နောက်ဆက်တွဲအနေနဲ့ သဘာ၀ ပတ်ဝန်းကျင်တွေကို သိသိသာသာ ပြောင်း လဲ သွားနိုင်တယ်။ အပူချိန်တွေ မြင့်လာမယ်။ မိုးရွာနှုန်းတွေ လျော့ကျလာမယ်။ ပင်လယ်ရေတွေ တိုးလာမယ်။ နောက် ပြီး မိုးခေါင်မှုတွေ ဖြစ်လာမယ်။ မြစ်ရေ တိုက်စားမှုတွေ ပိုများလာမယ်”ဟုလည်း မစ္စတာ လီဟမ်တောင်က ဆိုသည်။

ယခုဆိုလျှင် ဗီယက်နမ်နိုင်ငံ အတွင်းက မဲခေါင်ဒေသအများစုတွင် မိုးခေါင်ခြင်းကို ခံစားနေရပြီး တချို့နေရာများတွင် ကားလမ်းများသည် မြစ်ရေတိုက်စားခြင်းများကြောင့် သွားလာရေး အခက်အခဲများ ကြုံတွေ့ရကြောင်း၊ မဲခေါင်မြစ်ရေ လျော့ကျလာသည့်အတွက် ပင်လယ်ပြင်နှင့် နီးသည့် ဒေသများရှိ စိုက်ပျိုးမြေများအတွင် ပင်လယ်ရေငန် ဝင်ရောက် မှု ကြောင့် စိုက်ပျိုးမရတော့သည့် အခြေအနေများနှင့် ကြုံတွေ့လာရကြောင်း အမ်ခေါင်မြို့၏ အမျိုးသား အရင်းအမြစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ပြောသည်။

နောက်ပြီး မဲခေါင်မြစ်အတွင်း နေထိုင်ကျက်စားနေသည့် ငါးမျိုးစိတ် ၁၃၀ တွင် ၇ မျိုး ပျောက်ကွယ်သွားကြောင်း၊ မဲခေါင်မြစ်အတွင်း ယခင် ကျက်စားခဲ့သည့် ဧရာဝတီလင်းပိုင်များသည်လည်း ယခုဆိုလျှင် လုံး၀ မတွေ့ရှိရတော့ ကြောင်းလည်း သိရသည်။

ရေအားလျှပ်စစ် စီမံကိန်းအတွက် ရေကာတာ တည်ဆောက်ရာတွင် စီမံကိန်းအသေးစား တည်ဆောက်ခြင်းသည် သဘာ၀ ပတ်ဝန်းကျင် ပြောင်းလဲမှုကို အနည်းငယ်ခန့်သာ အကျိုးသက်ရောက်ပြီး ရေကာတာ အကြီးစား တည် ဆောက် မှုကြောင့်သာ သဘာ၀ ပတ်ဝန်းကျင်းပြောင်လဲမှု အကျိုးဆက်သည် ပိုများနိုင်ကြောင်း မစ္စတာ လီဟမ်တောင် က ပြောသည်။

ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ရရှိရေးအတွက် အဓိက ထုတ်လုပ်မှု အခြေအနေကို ကြည့်မည်ဆိုလျှင်လည်း ရေအား လျှပ် စစ် စီမံကိန်းငယ်များ တည်ဆောက်ပြီး ထုတ်ယူသုံးစွဲခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ဗီယက်နမ် နိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် ရေကာတာ အကြီးစား တည်ဆောက်မှု တခုမှ လုပ်ဆောင်ထားခြင်း မရှိသေးကြောင်း အမ်ဇိုင်းမြို့၏ ရေကြောင်းဆိုင်ရာ ဒုတိယအကြီးအကဲ မစ္စတာ လတ်တ် က ပြောသည်။

နိုင်ငံ ၆ နိုင်ငံကို ဖြတ်သန်း စီးဆင်းနေသော မဲခေါင်မြစ်၏ ဧရိယာအရှည်သည် ၇၉၅၀၀၀ ကီလိုမီတာ ရှိသည်။

ထို မဲခေါင်မြစ် တလျှောက်တွင် ရေအားလျှပ်စစ် ထုတ်လုပ်သည့် ရေကာတာ အကြီးစား ၁၁ ခု တည်ဆောက်ထားပြီး ယင်းရေကာတာများသည် တရုတ်နိုင်ငံ ရေပိုင်နက်၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံများ၏ ရေပိုင်နက်ထဲတွင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်ကို အသုံးပြုပြီး ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရန် ရေကာတာကြီးများ တည်ဆောက် အသုံးပြုနေသလို တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများ၏ မဲခေါင်မြစ် ဧရိယာအနီးဝန်းကျင် တွင်လည်း စီမံကိန်းဇုံများ တည် ဆောက် ထားရှိခြင်း ရှိသည့်အတွက်ကြောင့်လည်း မဲခေါင်မြစ်၏ မြစ်ကြောင်း ပြောင်းလဲမှုများ၊ မြစ်ရေတိုက်စား မှုများ အစရှိသည့် ပတ်ဝန်းကျင်ပြောင်းလဲမှု အကျိုးဆက်များကို မဲခေါင်မြစ်အောက်ပိုင်းတွင် တည်ရှိသည့် ဗီယက်နမ်နိုင်ငံ အနေ နှင့်လည်း တနှစ်ထက်တနှစ် သိသိသာသာ ခံစားလာရကြောင်း မစ္စတာ လီဟမ်တောင်က ပြောပါသည်။

ဗီယက်နမ်နိုင်ငံ၏ မဲခေါင်မြစ် ဧရိယာအတွင်း ရေကာတာကြီးများ တည်ဆောက်ခြင်းစီမံကိန်း မရှိသော်လည်း မဲခေါင် မြစ် အထက်ပိုင်းတွင် တည်ဆောက်ထားသည့် ရေကာတာကြီးများ၏ အကျိုးဆက်သည် ဗီယက်နမ်နိုင်ငံ၏ မဲခေါင် ဒေသ စီးပွားရေးအတွက် သဘာ၀ အရင်းအမြစ်အဖြစ် အားထားအသုံးပြုနေရသည့် မဲခေါင်မြစ် ရေရှည် တည်တံ့ နိုင်ရေးကို နောက်နှစ်များစွာတွင် ပိုပြီး ခြိမ်းခြောက်လာနိုင်ကြောင်း ဗီယက်နမ် ပညာရှင်များက သုံးသပ်နေကြသည်။

မဲခေါင်မြစ်ဝှမ်း ဒေသတွင် ပါဝင်သော မြန်မာနိုင်ငံတွင်လည်း အဓိက မြစ်ကြီး တစင်းဖြစ်သည့် ဧရာဝတီမြစ် အထက် ဘက် ရှိ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီး ရှိနေပြီး လတ်တလောတွင် ကန့်ကွက်မှုများကြောင့် ခေတ္တရပ်ဆိုင်း ခံထားရသည်။

ဧရာဝတီမြစ်၏ မြစ်ဆုံ၊ မြစ်ဝှမ်း၊ မြစ်ညှာတွင် ရှိသည့် စီမံကိန်းများကို ၁၀ နှစ်ကျော်ကြာ လေ့လာသုတေသန လုပ်နေ သည့် ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက် ဥက္ကဋ္ဌ ဦးစာဂျီက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို လုံးဝ မတည်ဆောက် သင့် ကြောင်း ပြောဆိုသည်။

“ချီဖွေချောင်းမှာ ဆောက်ထားတဲ့ ၉ မီဂါဝပ် ထုတ်လုပ်တဲ့ ရေအားလျှပ်စစ်တခုက မြစ်ကြီးနား ဝိုင်းမော်မြို့ကို ပေးနိုင် တယ်။ ရေကာတာ တည်ဆောက်တကည်းက သဘာ၀ ပတ်ဝန်းကျင်တော့ ထိခိုက်တာပဲ။ သေးရင် နည်းနည်းထိမယ်။ ကြီးရင် ဒီထပ်ပိုဆိုးမယ်။ ကျနော်တို့ အနေနဲ့တော့ မြစ်ဆုံ ရေကာတာ တည်ဆောက်မှုကို လုံး၀ မလုပ်သင့်ဘူးလို့ ပြော ရ မှာပဲ”ဟုလည်း ဦးစာဂျီက ပြောသည်။

သံလွင်မြစ်ပေါ်တွင်လည်း ရေအားလျှပ်စစ် စီမံကိန်း ၆ ခုခန့် တည်ဆောက်ရန် စီစဉ်နေရာ သဘာ၀ ပတ်ဝန်းကျင် ပြောင်းလဲမှု ဒဏ်ကို နှစ်အနည်းငယ် အတွင်း သိသိသာသာ ကြုံတွေ့ ခံစားလာရနိုင်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ ရာသီဥတု ပြောင်းလဲမှု အခြေအနေသည် သစ်တော ပြုန်းတီးမှု ဒဏ်ကြောင့် ရေကြီးခြင်း၊ မိုး အဆက် မပြတ် ရွာသွန်းခြင်း စသည်များ တနှစ်ထက်တနှစ် ပိုမိုခံစားလာရပြီး မြစ်ဆုံလို ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်း ပြီးဆုံးလျှင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် သဘာ၀ ပတ်ဝန်းကျင် ပြောင်းလဲမှု အခြေအနေသည် ဗီယက်နမ် နိုင်ငံ ထက် ပိုပြီး လျင်လျင်မြန်မြန်နှင့် ဆိုးဝါးလာနိုင်ကြောင်းလည်း ပညာရှင်များက သုံးသပ် ထောက်ပြနေကြပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading