ဆောင်းပါး

ကလေးတွေကို ပြစားနေသူများ သတိထား

Want create site? Find Free WordPress Themes and plugins.

ရန်ကုန် တဘက်ကမ်း ဒလမြို့အနီး မြစ်ကမ်းဘေး ကျေးရွာကလေးများတွင် ကမ္ဘာလှည့် ခရီးသည်များအတွက် လှုပ်ရှားသွားလာစရာ အများအပြား ရှိသည်။ အချို့က သစ်သီးဈေးနား တဝိုက်တွင် ဆိုက်ကားစီးကြသည်၊ သို့မဟုတ် ဘုရားများသို့ သွားကြသည်၊ အချို့ကမူ ပုဂ္ဂလိကများက ဖွင့်လှစ်ထားသော မိဘမဲ့ဂေဟာများသို့ သွားကြပြီး ကလေးတဦးနှင့် ကြီးကြပ်မှု မရှိ တနေ့တာ လွတ်လပ်စွာ နေထိုင်ကြသည်။

“ကမ္ဘာလှည့် ခရီးသွားတွေက ကလေးတွေကို ရန်ကုန်မြို့ထဲတို့၊ တိရိစ္ဆာန်ရုံတို့ကို ခေါ်သွားကြတယ်” ဟု ကလေး ၁၆ ယောက်ရှိသော မိဘမဲ့ဂေဟာတခု၏ အကြီးအကဲက ပြောသည်။ ထိုဂေဟာမှာ ရေလွှမ်းမိုးနေသော ကွင်းပြင်တွင် ခြေတန်ရှည် ဆောက်ထားသော သေးငယ်သည့် ပျဉ်ထောင်အိမ်ကလေးသာ ဖြစ်သည်။

ဆယ်စုနှစ်များစွာ ကျရောက်ခဲ့သော စစ်အုပ်ချုပ်ရေးကာလ အလွန်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် အလုံးအရင်းနှင့် ဝင်ရောက်လာသည်ကို ကြုံတွေ့လာရသောကြောင့် ယူနီဆက်ဖ် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ က “မိဘမဲ့ကလေး ခရီးသွားလုပ်ငန်း (orphanage tourism)” ကြီးထွားမှုနှင့် ပတ်သက်၍ သတိပေး နေရသည်။

ကလေးသူငယ်များအား စောင့်ရှောက်သော လုပ်ငန်းသည် စီးပွားရေးပုံစံသစ်တမျိုး ဖြစ်လာကာ ဆင်းရဲသော မိသားစုများမှ ကလေးများကို မိဘမဲ့များအဖြစ် သရုပ်ဆောင်စေကာ သဘောရိုးသော ကမ္ဘာလှည့်ခရီးသည်များထံမှ ငွေကို ဆွဲထုတ်ယူကြသည်။

ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတွင် ကလေးများကို ၎င်းတို့၏ မိသားစုများမှ ခွဲထားပြီး ရန်ပုံငွေ ရှာဖွေရေး ကိရိယာအဖြစ် အမြတ်ထုတ် အသုံးချကြပြီး တခါတရံ လာရောက် ကြည့်ရှုသူ ဧည့်သည်များထံမှ အလှူငွေ ထွက်လာစေရန် ကလေးများ၏ နေထိုင်မှုအခြေအနေကို တမင်မမြင်ရက်အောင် ပြုလုပ်ထားသည်။

အဆိုးဆုံးမှာ ကလေးများထံမှ လိင်မုဆိုးများက အမြတ်ထုတ် အသုံးချခွင့်ကို အကန့်အသတ်မရှိ ရရှိသွားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံဟာ ရှေ့လာမယ့် ဆယ်စုနှစ်မှာ မိဘမဲ့ ဂေဟာတွေ ဆပွားတိုးများလာမယ့် အလားအလာ ရှိတယ်။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေ သွားလာတဲ့ ဒေသတွေမှာပေါ့” ဟု မြန်မာနိုင်ငံ ယူနီဆက်ဖ်မှ ကလေး ကာကွယ်ရေး အကြီးအကဲ Aaron Greenberg က The Guardian သတင်းစာသို့ ပြောသည်။

“အဲဒီလို မိဘမဲ့ ဂေဟာတွေ များပြားလာတာဟာ မြန်မာကလေးငယ် ထောင်ပေါင်းများစွာရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ဖို့ ဖြစ်လာနိုင်တယ်။ မိဘမဲ့ဂေဟာတွေရဲ့ လှပတဲ့ ရှုခင်းမှာ အမည်းစက်တွေ ဖြစ်မလာခင် ကျနော်တို့ လုပ်စရာရှိတာ လုပ်ဖို့ လိုတယ်” ဟု သူက ဖြည့်စွက်ပြောသည်။

ဆင်းရဲသော ဘဝနောက်ခံမှ ကလေးများကို လူငယ်သင်တန်းကျောင်းဟု ခေါ်သော အစိုးရက စီမံသော ဂေဟာများ တွင် ထားခဲ့သော အစဉ်အလာ မြန်မာပြည်တွင် ရှိပြီးဖြစ်သည်။ ထို သင်တန်းကျောင်းများတွင် ကလေးများသည် ပိုမိုကောင်းမွန်သော ပညာရမည် ဟု ၎င်းတို့၏ မိဘများက ထင်ခဲ့ကြသည်။ ထို့အပြင် ကလေးထောင်ပေါင်းများစွာမှာ ဘုန်းတော်ကြီး ကျောင်းများတွင် အားကိုးနေထိုင်ကြသည်။

မှတ်ပုံတင်မထားသော မိဘမဲ့ဂေဟာ မြန်မာနိုင်ငံတွင် မည်မျှရှိသည်ကို မသိရသော်လည်း ထိုကဲ့သို့သော ခရီးစဉ်များ ကို တောင်းဆိုမှု များလာသည်ဟု ဧည့်လမ်းညွှန်များနှင့် ဟိုတယ်များက ပြောကြသည်။ ရန်ကုန်မှ ကြယ် ၅ ပွင့် ဟိုတယ် တခုသည် ၎င်း၏ မြစ်ကြောင်း ခရီးစဉ်တခုတွင် မိဘမဲ့ဂေဟာတခုသို့ ပို့ဆောင်သော ခရီးစဉ် ထည့်သွင်းခဲ့ ဖူးသော်လည်း ချက်ချင်း ရပ်ဆိုင်းထားခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့်ခရီးသည် အများအပြားမှာ ၎င်းတို့ဒေါ်လာနှင့် ယူရိုငွေများကို လှူသင့် လှူထိုက်လျှင် လှူသည့် လူမှုတာဝန်သိစိတ်ရှိသော ကိန်းခန်းမကြီးသည့် ခရီးသည်များ သို့မဟုတ် အငြိမ်းစားများ ဖြစ်ကြသည်။

အကောင်းဆုံးသော အဖွဲ့အစည်း စောင့်ရှောက်မှုသည်ပင် ကလေးသူငယ်များကို အခွင့်အရေး ချိုးဖောက်ခံရမှု အန္တရာယ် ကျရောက်စေနိုင်ပြီး စိတ်ပိုင်းနှင့် ဖွံ့ဖြိုးမှု ကမောက်ကမများ ကြုံတွေ့စေနိုင်ကြောင်း နှစ် ၁၀၀ ကြာ သုတေသနက ပြသနေသည်ဟု ယူနီဆက်ဖ်က ထောက်ပြသည်။

မိဘမဲ့ဂေဟာများတွင် ကြမ်းတမ်းသော ဆက်ဆံမှုမှာ မိသားစုများထက် မြင့်မားကြောင်း သိရသည်ဟု ယူနီဆက်ဖ်က ပြောသည်။ မိဘမဲ့ဂေဟာများတွင် လူလားမြောက်ခဲ့ကြသော ကလေးများသည် အရွယ်ရောက်ပြီး ဘဝတွင် ကောင်းမွန်သော လူမှုသံယောဇဉ် တည်ဆောက်ရာ၌ ပြဿနာရှိကြောင်း တွေ့ရပြီး မူးယစ်ဆေးသုံးစွဲမှုနှင့် ဥပဒေနှင့် ပဋိပက္ခဖြစ်နိုင်ခြေ ပိုများသည်။ မိဘမဲ့ဂေဟာများ၏ စောင့်ရှောက်မှုသည် ကလေးများ၏ အသိဉာဏ်နှင့် စိတ်ခံစားမှုပိုင်း တိုးတက်မှုအပေါ် ထိခိုက်စေသည် ဟုလည်း ယူနီဆက်ဖ်က ပြောသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မိဘမဲ့ဂေဟာများမှ ကလေးငယ် ၁၇၃၂၂ ဦး၏ ၂၇ ရာခိုင်နှုန်းသာ အမှန်တကယ် မိဘမဲ့များ ဖြစ်ကြသည်ဟု ယူနီဆက်ဖ်က တွေ့ရှိခဲ့ရပြီး ကလေးများသည် များသောအားဖြင့် မိဘတဦး သို့မဟုတ် နှစ်ဦးစလုံး ရှိနေနိုင်ကြသေး၍ “မိဘမဲ့ဂေဟာ” ဟူသော စကားလုံးသည်ပင် မသင့်တော်သော ဝေါဟာရဖြစ်သည်ဟု ယူနီဆက်ဖ်က ဆိုသည်။

မိဘမဲ့ကလေး ခရီးသွားလုပ်ငန်း ကြီးထွားလာခြင်းသည် ပိုမိုများပြားသော ကလေးငယ်များကို ၎င်းတို့၏ မိသားစုများထံမှ ခွဲထုတ်ပစ်မည်ကို ယူနီဆက်ဖ်က စိုးရိမ်နေသည်။

The Guardian သတင်းစာက သွားရောက်ခဲ့သော ဂေဟာများမှ ကလေးများသည် ကျန်းမာရေး ကောင်းပုံ ရပြီး ကြမ်းပေါ် ထိုင်ကာ စာအုပ်များတွင် ပုံဆွဲကြသည်၊ ကစားကြသည်။ ဂေဟာပိုင်ရှင် ခရစ်ယာန်ဘုန်းတော်ကြီးက သူသည် တနိုင်ငံလုံးမှ ကလေးများကို ကူညီရန် လွန်ခဲ့သည့် ၁၈ နှစ်မှ စတင်၍ ထိုမိဘမဲ့ဂေဟာကို ထူထောင်ခဲ့သည် ဟု ပြောသည်။

သို့သော် သူက မိဘမဲ့ဂေဟာသို့ ဝင်ဝင်ခြင်းပင် ဧည့်သည်များသည် ပုံမှန်အားဖြင့် လှူဒါန်းကြကြောင်းနှင့် မိဘမဲ့ဂေဟာ၏ နိမ့်ကျသော အခြေအနေများ၊ မီးဖိုချောင် ကျဉ်းကျဉ်း၊ အိမ်သာတလုံးနှင့် ကလေး ၁၆ ယောက်လုံး အိပ်ရသည့် အိပ်ယာကို စိတ်ထိခိုက်စွာ ပြောကြားကြသည်ဟု သူက ဆိုသည်။ ကမ္ဘာလှည့်ခရီးသည်များက မည်သို့မည်ပုံ လှူဒါန်းကြသည် ပြောပြီး ချီးကျူးသည်။ အချို့ဆန်အိတ်များ ဝယ်လာပြီး ဂေဟာတွင် လာထားပေးသည် ဟုလည်း ပြောသည်။

ကလေးများကို တနိုင်ငံလုံးမှ တွေ့ရပြီး ၎င်းတို့ကို မစောင့်ရှောက်နိုင်ဟု ယူဆရသော ဦးလေး အဒေါ် အဖိုးအဖွားများ ထံမှ ခေါ်လာသည် ဟု သူက ပြောသည်။ တခါတခါ အဖေက အရက်သမားဟု ဆိုပြန်သည်။

ယူနီဆက်ဖ်နှင့် အခြားသော အကူအညီပေးရေး အဖွဲ့များသည် ဆွေမျိုးသားချင်း စောင့်ရှောက်မှုကို ပိုမိုအားပေးသည်။ ထိုမှတဆင့် ကလေးသည် မိဘ သို့မဟုတ် အခြား တအိမ်တည်းနေ ဆွေမျိုးများ၏ စောင့်ရှောက်မှုရနိုင်သည်။ ထိုကဲ့သို့သော တအိမ်တည်းနေ ဆွေမျိုးများကို ယူနီဆက်ဖ်က ငွေကြေးအကူအညီနှင့် လူမှုဝန်ထမ်းများ၏ မကြာခဏ ကြီးကြပ်မှု ပံ့ပိုးပေးသည်။ ကုန်ကျစရိတ်မှာ ဂေဟာတွင် စောင့်ရှောက်မှုထက် များစွာ သက်သာနေဆဲ ဖြစ်သည် ဟု ယူနီဆက်ဖ်က ဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် ဤသို့သော အနေအထားမှ တပါး အခြားရွေးစရာ မရှိဟု Greenberg က ပြောသည်။ “လောလောဆယ် မြန်မာနိုင်ငံမှာ ကလေးတွေကို ဂေဟာတွေမှာပဲ ကြီးပြင်း လူလားမြောက် စေတာကို တားဆီးတဲ့ ဗျူဟာမျိုး မရှိဘူး” ဟု သူက ပြောပြီး မြန်မာအစိုးရသည် ထိုကိစ္စကို အစီအစဉ်ထဲထည့်ရန် စိတ်ဝင်စားနေသည်ဟု ဆိုသည်။

ဧည့်သည်များ အနေဖြင့် မိဘမဲ့ဂေဟာများကို မသွားရန် သတိပေးသော လက်ကမ်းစာစောင်များကို ဟိုတယ်များနှင့် လေဆိပ်များတွင် ထားရှိသည်။ ထို့အပြင် မိဘမဲ့ကလေး ခရီးသွားလုပ်ငန်း၏ ဆိုးကျိုးများကို အစိုးရအား သတိပေးရန် ယူနီဆက်ဖ်သည် အဆင့်မြင့် အရာရှိများ၏ ကိုယ်စားလှယ်အဖွဲ့ တခု ကမ္ဘောဒီးယာနိုင်ငံသို့ သွားရောက်ရန် ၂၀၁၄ ခုနှစ်က စီစဉ်ပေးခဲ့သည်။ ကမ္ဘောဒီယားနိုင်ငံသည် ၁၅ နှစ်ကြာ မိဘမဲ့ကလေး ခရီးသွားလုပ်ငန်းကြောင့် အမြစ်တွယ် နေသော အကျပ်အတည်းများကို ရင်ဆိုင်နေရသည်။

ကမ္ဘောဒီးယားမှ ထောင်ပေါင်းများစွာသော ကလေးများ၏ ဘဝ ပျက်စီးခဲ့ရခြင်းသည် မြန်မာအတွက် တုန်လှုပ်စရာ သာဓက ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ကမ္ဘောဒီးယာသို့ ကမ္ဘာလှည့် ခရီးသည် ၇၅ ရာခိုင်နှုန်း တိုးတက်ပြီး မိဘမဲ့ဂေဟာ များလည်း ပေါ်ပေါက်လာသည်။

အသက် ၂၆ နှစ်အရွယ် ကမ္ဘောဒီးယားနိုင်ငံသူ Sinet Chan ၏ မိဘနှစ်ပါးမှာ အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးခဲ့ပြီး၊ သူမ အသက် ၉ နှစ် အရွယ်တွင် အိမ်နီးချင်းများက မိဘမဲ့ဂေဟာသို့ ခေါ်သွားခြင်း ခံရပြီး ချက်ချင်းပင် အနီးရှိ လယ်ယာတွင် အလုပ်စေခိုင်းခံရကာ မကြာခဏ အပြစ်ပေးခံခဲ့ရသည့်အပြင် အစားအစာ မကျွေးဘဲ ထားသည် ဟု ပြောသည်။
မိဘမဲ့ဂေဟာ၏ ဒါရိုက်တာက သူမကို အဓမ္မပင် ပြုကျင့်ခဲ့သည် ဟု သူက ပြောသည်။

ကမ္ဘာလှည့် ခရီးသွားများသည် ကလေး ၁၀၀ ပတ်ဝန်းကျင်ရှိ မိဘမဲ့ဂေဟာများသို့ နေ့ချင်းပြန် သွားရောက်ပြီး ငွေကြေး လှူဒါန်းခဲ့ကြသည်။ လှူဒါန်းမှုကို ထိုဒါရိုက်တာက အိပ်ထဲ ထည့်သည်။ စာအုပ်၊ အဝတ်အစားနှင့် စားစရာလှူလျှင် ဈေးတွင် ပြန်ရောင်းသည်ဟု Chan က ပြောသည်။

“အဲဒီ ဒါရိုက်တာက ကျမတို့ကို နုံနုံချာချာပဲ ဝတ်စေချင်တယ်။ ကျမတို့က ကပွဲတခုမှာ ကမ္ဘာလှည့်ခရီးသည်တွေ ပျော်ရွှင်အောင် ဖျော်ဖြေပေးရ သလိုမျိုး ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

အချို့သော ကမ္ဘာလှည့် ခရီးသည်များသည် လအတန်ကြာ သူမတို့နှင့် နေထိုင်ကာ စေတနာ့ဝန်ထမ်း အဖြစ် လုပ်ကိုင်ကြ၍ ကြီးမားသော သံယောဇဉ် ဖြစ်ရသော်လည်း သူတို့ပြန်သောအခါ စွန့်ပစ်ခံခဲ့ရသလိုမျိုး ခံစားရသည် ဟု သူမက ပြောသည်။

ထိုသို့သော စေတနာ့ဝန်ထမ်း တဦးမှာ Chan နှင့် မိဘမဲ့ ဂေဟာရောက် ကလေးများ အခြားကလေးများကို ကယ်တင်ပြီး ၎င်းတို့၏ မိသားစုများ ပြန်လည်ပေါင်းစည်းပေးရန် ကမ္ဘောဒီးယား ကလေးငယ်များ ရန်ပုံငွေကို တည်ထောင်သူ သြစတြေးလျအမျိုးသမီး Tara Winkler ဖြစ်သည်။

“ဒီကလေးတွေဟာ မိဘမဲ့ လုံး၀ မဟုတ်ဘူး။ သူတို့လေးတွေက မိဘတွေကို သတိရအောက်မေ့နေတာ ကျမတို့ ချက်ချင်း သိတယ်” ဟု သူက ပြောသည်။

“အရေးအကြီးဆုံး အချက်က ဒီအဖွဲ့အစည်းဟာ အကျင့်ပျက်ခြစား နေပြီး ကလေးတွေ ဆင်းရဲအောင် တမင်ထားတာ။ အဲဒါက အဆိုးတကာ့ အဆိုးဆုံး။ ဒါပေမယ့် အကောင်းဆုံး အဖွဲ့အစည်းတောင်မှ ကလေးတွေ အတွက် အန္တရာယ် ဖြစ်စေနိုင်တယ်။ ဒီအဖွဲ့အစည်းက ဘယ်လို ကလေးတွေကို ထိခိုက်စေလဲ ဆိုတာ အရေးမပါတော့ပါဘူး။ သူတို့က ကလေးတွေနဲ့ မိဘတွေကို ခွဲတယ်။ ထိခိုက်မှုက မျိုးဆက်နဲ့ချီပြီး ကြာတယ်” ဟု သူမက ပြောသည်။

မြန်မာနိုင်ငံသည် ရှေ့လများတွင် ယူနီဆက်ဖ်၏ အကူအညီဖြင့် မိဘမဲ့ဂေဟာများကို ပိုမို သုတေသနပြုရန်နှင့် မြန်မာ အဆင့်မြင့် အရာရှိများသည် ကမ္ဘောဒီးယား အဆင့်မြင့်အရာရှိများနှင့် နိုဝင်ဘာလတွင် မလေးရှားတွင် ကျင်းပမည့် ကလေးသူငယ် အခွင့်အရေး ညီလာခံတွင် တွေ့ဆုံဆွေနွေးရန် စီစဉ်ထားသည်။

လက်တွေ့တွင် မှတ်ပုံမတင်ဘဲ မိဘမဲ့ဂေဟာ ထူထောင်ရန် ဖြစ်နိုင်စေကာမူ မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီယားမှ ပြန်လာပြီးနောက် အစိုးရသည် မိဘမဲ့ကလေးဂေဟာသစ် ထူထောင်လျှင် မှတ်ပုံတင်ရန် လိုအပ်သော ယာယီအမိန့်ထုတ်သည်။

ဆွစ်ဇာလန်မှ အကူအညီပေးရေး အေဂျင်စီ Terre Des Hommes သည် မြန်မာကလေးများ မိသားစုများနှင့် ပြန်လည် ပေါင်းစည်းရေးကို လုပ်ဆောင်နေပြီ ဖြစ်သည်။ အစိုးရက စီမံသော လူငယ်လေ့ကျင့်ရေး သင်တန်းများမှ အစပြုကာ ကလေး ၇၀၀ ကျော်ကို အိမ်ပြန်ပို့ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အနက် အချို့မှာ ရဲတပ်ဖွဲ့က လမ်းမများပေါ်တွင် မိဘမဲ့များ အဖြစ် ခေါ်ဆောင်ခံရသူများ ဖြစ်သည်။

အသင်းဝင် ၄၀၀၀ ခန့်ရှိသော မြန်မာဧည့်လမ်းညွှန်အသင်း အတွင်းရေးမှူး ဒေါ်ရွှေဇင်ဦးက သူ၏ အသင်းသည် ခရီသွားလုပ်ငန်း အနေဖြင့် မိဘမဲ့ဂေဟာ များသို့ သွားရောက်လည်ပတ်သည့် ခရီးများ ရပ်တန့်ရန် ကြိုးပမ်း နေသည် ဟု ပြောသည်။

ရန်ကုန့်မြို့၏ တနေရာတွင်မူ ကိုရီးယားလူမျိုး တဦး စီမံသော မိဘမဲ့ဂေဟာတခု ရှိသည်ဟု သူက ပြောသည်။

“သူက စီးပွားရေးလို လုပ်နေတာ။ ကလေး ၂၀ ကနေ ၃၀ လောက် အဲဒီအိမ်မှာ အဖမ်းခံထားရတယ်” ဟု သူမက ပြောသည်။

သို့သော် ခရီးသွားလုပ်ငန်း ထွန်းကားလာခြင်းနှင့် အတူ အချို့ ဧည့်လမ်းညွှန်များသည် တသီးပုဂ္ဂလ အနေဖြင့် လုပ်ကိုင်နေကြသဖြင့် မိဘမဲ့ကလေး ခရီးသွားလုပ်ငန်းသည် မည်မျှအန္တရာယ် ကြီးမားကြောင်း မသိကြဟု သူက ပြောသည်။

(www.theguardian.com တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Oliver Holmes ၏ ‘Orphange tourism’: fears of child exploitation boom as Myanmar opens up ကို ဘာသာပြန် ဖော်ပြခြင်း ဖြစ်သည်။ Oliver Holmes သည် ဂါးဒီယန်းသတင်းဌာန၏ အရှေ့တောင်အာရှရေးရာ သတင်းထောက် တဦးဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်တွင် နေထိုင်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading