စစ်မက်ဖြစ်ပွားနေသည့် ဇုန်တခု၏ အရိပ်အရောင် အငွေ့အသက် အားလုံးကို ခံစားရသည်။ အဝေးပြေး လမ်းမကြီး တလျှောက် စစ်ကားများ က တသီတတန်း။ ဒီမိုကရက်တစ် ကရင်တပ်မတော် (Democratic Karen Benevolent Army – DKBA) ခွဲထွက်အဖွဲ့ တခု၏ တပ်ဖွဲ့များ ရှိနေသော တောင်တန်းများပေါ်သို့ ၁၂၀ မမ အမြောက်များနှင့် ချိန် ရွယ် ထားသည်။ ဒေသခံများမှာ နေအိမ်များကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြပြီး ထိုအိမ်များကို မြန်မာစစ်တပ် ကျော ထောက်နောက်ခံပြု နယ့်ခြားစောင့် တပ်ဖွဲ့တခု ဖြစ်သော (Border Guard Force –BGF) က သိမ်းယူထားသည်။
နယ်ခြားစောင့်တပ်များနှင့် အတူ စွန့်ခွာထားခဲ့ကြသော ကျေးရွာများကို ဖြတ်သန်းပြီး ၎င်းတို့၏ေ ရှ့တန်းစစ်မြေပြင်သု့ိ လိုက်ပါ လာခဲ့သည်။ မကြာသေးမီက တိုက်ပွဲများ အတွင်း သေဆုံးခဲ့သည့် စစ်သား ၄၀ ကို မြှုပ်နှံထားသော နေရာကို စစ်သားတယောက်က မညွန်ပြမီကတည်းက အပုတ်နံ့ရနေသည်ဟု အတူပါလာသော အမျိုးသမီး သတင်းထောက် တဦးက ပြောသည်။ အများစုမှာ မြန်မာတပ်မှ စစ်သားများ ဖြစ်သည်ဟု ထိုစစ်သားက ပြောသည်။ နောက်ဆုံး ဖြစ်ခဲ့သော တိုက်ပွဲများ အတွင်း အသေအပျောက် စာရင်းကိုမူ မသိရပေ။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါ ဒေသတွင် DKBA ခွဲထွက်အဖွဲ့နှင့် နယ်ခြားစောင့် BGF အဖွဲ့တို့ကြား တိုက်ပွဲများမှာ စက်တင်ဘာ ၂ ရက်နေ့ကစတင်ပြီး စက်တင်ဘာ ၁၉ ရက်နေ့တွင် ငြိမ်ကျသွားသည်။ မြန်မာစစ်တပ်၏ ထောက်ကူမှုဖြင့် နယ်ခြားစောင့်တပ်သည် ကားဖြင့် ၂ နာရီ ခရီးခန့်ရှိ မဲသဝေါနှင့် မြိုင်ကြီးငူ အဝေးပြေးလမ်းကို ထိန်းချုပ်ထားသည်။ မဲသဝေါသည် ထိုင်းနယ်စပ်တွင် ရှိပြီး အသေးစား နယ်စပ်ကုန်သွယ်ရေး စခန်းလည်း ဖြစ်သည်။
ထိုဒေသတွင် မြေမြှုပ်မိုင်းများ ပေါများလွန်း၍ ရှေ့တန်းစစ်မြေပြင်သို့ ခရီးအတွင်း ကားပေါ်မှ မဆင်းဝံ့သလို လမ်းလည်း ချော်ထွက် မသွားရဲပေ။ ထိုသို့ မြေမြှုပ်မိုင်း ပေါများခြင်းနှင့် DKBA ခွဲထွက်အဖွဲ့၏ ပြောက်ကျားစစ် ကျွမ်းကျင်မှုကြောင့် ၎င်းတို့ကို တောတွင်းအထိ လိုက် မတိုက်နိုင်ဟု နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ပြောသည်။
သူတို့အနေဖြင့် အောင်ပွဲခံသည်ဟု ယူဆကောင်း ယူဆနိုင် သော်လည်း လက်တွေ့တွင် နယ်ခြားစောင့်တပ်သည် အဝေးပြေး လမ်းမကြီးကိုသာ ထိန်းချုပ်နိုင်ပြီး DKBA ခွဲထွက်အဖွဲ့က မည်သည့်အချိန်တွင် နောက်တကြိမ် ထိုးစစ်ဆင်လာမည်ကို မည်သူမျှ မသိနိုင်ကြပေ။
အသေအပျောက် များပြီး တိုက်ပွဲကို အကန့်အသတ်နှင့်သာ အနိုင်ရသော်လည်း နယ်ခြားစောင့် တပ်မှ စစ်သားများက သတင်းထောက်များကို အပြုံးဖြင့် ကြိုဆိုကြသည်။ နယ်ခြားစောင့် တပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးကြီးစောချစ်သူ၏ လက်ထောက် ဗိုလ်မှူးနိုင်မောင်ဇော်က ယခုတိုက်ပွဲသည် သူတို့အဖွဲ့အတွက် နောက်ဆုံးတိုက်ပွဲ ဖြစ်သည်ဟု ယုံကြည်မှုရှိရှိနှင့် သတင်းထောက်များကို ပြောသည်။
ကရင်ပြည်နယ်မှ တိုက်ပွဲများသည် DKBA ခွဲထွက်အဖွဲ့၏ ခေါင်းဆောင် ဗိုလ်မှူးနားမကြားသည် သူ ဖမ်းဆီးထားသည့် ဆင်ဦးစီး၏ လက်တွင် အသတ်ခံခဲ့ရရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်မှူးနားမကြားသည် မြန်မာစစ်တပ်၏ အလိုရှိသူ စာရင်းတွင် ပါဝင်နေသဖြင့် ထိုကိစ္စတွင် မြန်မာစစ်တပ် ပါဝင်ပတ်သက်သည်ဟု DKBA ခွဲထွက်အုပ်စုက စွပ်စွဲသည်။ ပဋိပက္ခအရှိန် မြင့်လာပြီး ခွဲထွက် အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးစောဆန်းအောင်က စစ်မျက်နှာသစ်များ ဖွင့်မည်ဟု စက်တင်ဘာလ ၉ ရက်နေ့က ကြေညာခဲ့သည်။
နယ်ခြားစောင့် တပ်ဖွဲ့၏ အမြင်တွင်မူ ဤကိစ္စသည် ကြီးမားသော အမှားဖြစ်သည်။
“စောဆန်းအောင်က ပြဿနာ ကောင်။ သူက ဘယ်ရောက်ရောက် တိုက်ပွဲ ဖန်တီးတယ်။ သူအခုပြေးနေရပြီ” ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ရှေ့တန်းတနေရာတွင် ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးစောဆန်းအောင်နှင့် အခြား ခွဲထွက်အုပ်စု ခေါင်းဆောင်တဦး ဖြစ်သူ ဗိုလ်မှူးချုပ် ကျော်သက်တို့သည် ငြိမ်ငြိမ် သက်သက်ဖြင့် ၎င်းတို့ ထိန်းချုပ်ဒေသမှ ရရှိသော အကျိုးကျေးဇူးများကို ခံစားနေခဲ့သင့်ကြောင်း နယ်ခြားစောင့် တပ် ခေါင်းဆောင်များက ပြောဆိုကြသည်။
ဗိုလ်မှူးစောဆန်းအောင်က သူသည် ငြိမ်းချမ်းရေး လိုလားပြီး သြဂုတ်လ ကုန်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ကျင်းပသည့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက် ချင်ခဲ့သည် ဟု လူမှုကွန်ရက်မှ ဖြန့်ဝေသည့် ဗီဒီယိုဖိုင်တွင် ပြောဆိုထားသည်။ သို့သော် အစိုးရသစ်က သူတို့အုပ်စုကို ညီလာခံသို့ ဖိတ်ကြားခြင်း မရှိဟု ဆိုသည်။ “ကျနော်တို့ကို ငြိမ်းချမ်းရေးညီလာခံ တက်ခွင့် မပေးရင် ကျနော်တို့ သူပုန်လိုပဲ ဆက်လုပ်နေရမှာပဲ” ဟု ဗိုလ်မှူးစောဆန်းအောင်က ပြောကြားထားသည်။
“DKBA ခွဲထွက် အုပ်စုက ကျနော်တို့ကို အရင်လာတိုက်တော့ ကျနော်တို့က ပြန်တိုက်ရတာ” ဟု ရှေ့တန်း စစ်မျက်နှာ တွင် တွေ့ခဲ့ရသော နယ်ခြားစောင့်တပ်မှ အခြားခေါင်းဆောင်တဦး ဖြစ်သူ ဗိုလ်မှူးကြီးမြင့်ဝေက ပြောသည်။
နယ်ခြားစောင့်တပ်က ၎င်းတို့၏ စစ်ဆင်ရေးကို စက်တင်ဘာလ ၁၃ ရက်နေ့က စတင်ပြီး ဗဂွေးကုန်းရှိ တောင်ပေါ် စခန်းများကို သိမ်းရန် ၃ ရက်ကြာတိုက်ခိုက်ခဲ့ရသည်။ “ဒီနေရာ ရောက်မှ မြန်မာစစ်တပ်က ကျနော်တို့နဲ့ ပေါင်းတာ၊ ဒါပေမယ့် ရှေ့တန်းတိုက်ခိုက်မှုကိုတော့ ကျနော်တို့ပဲ လုပ်တာ” ဟုသူက ဆက်ပြောသည်။
“ရိက္ခာကုန်းနဲ့ မဲထွယ်ကုန်းကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကျနော်တို့ သိမ်းတယ်။ ရိက္ခာကုန်းမှာ သူတို့ဘက်က ၂ ယောက် သေတယ်” ဟု သူက ဆိုသည်။
လတ်တလောတွင် နယ်ခြားစောင့်တပ်နှင့် မြန်မာစစ်တပ်တို့သည် မဲသဝေါဒေသကို ဆက်လက် ထိန်းချုပ်ထားပုံ ရသည်။ နယ်ခြားစောင့်တပ်နှင့် မြန်မာစစ်တပ်သည် မဲသဝေါမြို့ကို တည်ထောင်ပြီး နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ကာ ပြည်နယ်မြို့တော် ဘားအံနှင့် လမ်းသစ်ဖောက်နိုင်သည်။ မဲသဝေါဒေသ ဆက်လက် ငြိမ်းချမ်းနေလျှင် သံလွင်မြစ် ပေါ်ရှိ ဟက်ကြီးရေကာတာ စီမံကိန်းမှာ ထပ်မံဆောင်ရွက်မည့် နောက်တဆင့်ဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်နိုင်သည်။
DKBA ခွဲထွက်အုပ်စုသည် ဤဒေသရှိ ၎င်းတို့၏ လက်ရှိစခန်းများကို ဆက်ထိန်းထားရန် အခက်အခဲ ကြုံရနိုင်သည်။ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး KNU သည်ပင် မဲသဝေါဒေသအပေါ် ထိန်းချုပ်နိုင်စွမ်း မရှိသလောက်ပင် ဖြစ်ပြီး ယခု ပိုမိုသြဇာ ကျဆင်းလာသည်။
KNU ၏ လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သော ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (Karen National Defense Organization – KNDO) မှ ဗိုလ်ချုပ်နာဒါမြ ဦးဆောင်သည့် တပ်မဟာ ၅ သည်လည်း ထိုနေရာအနီးတွင် ကြီးမား သော စခန်းတခုရှိကာ ယခု အိမ်နီးချင်း သစ်များ ၏ ဖိအားကို စတင်ခံစားလာရသည်။
နယ်ခြားစောင့် တပ်ဖွဲ့တွင် မြန်မာစစ်တပ်က သုံးသော ဂျီသရီးထက် သာသည့် အမ် ၁၆ ရိုင်ဖယ်များဖြင့် လက်နက် တပ်ဆင် ထားသည်။ မြန်မာ စစ်သားများနှင့် မတူခြားနားသည့် ယင်း စစ်သားများမှာ ပို၍ စစ်သားပုံ ပေါက်ပြီး စစ်ယူနီဖောင်း၊ စစ်သုံးဓားရှည်၊ မျက်မှန်နက်များနှင့် လိုက်ဖက်သည်။ ကွန်မန်ဒို အထူးတပ်သားများနှင့် တူသည်။
နယ်ခြားစောင့်တပ်သည် မြန်မာစစ်တပ် ဗိုလ်ချုပ်များနှင့် နီးကပ်သော ဆက်ဆံရေး ရှိသဖြင့် ကရင်ပြည်နယ်တွင် မကောင်းသော ဂုဏ်သတင်းကြီးနေသည်။ ၎င်းတို့သည် မြန်မာစစ်တပ်၏ ရုပ်သေးရုပ်များ ဖြစ်သည်ဟု ဝေဖန်သူများ က ဆိုသည်။
အများစုမှာ မြန်မာထိုင်း နယ်စပ်မြဝတီတွင် စီးပွားရေးအခွင့်အလမ်းများဖြင့် သိမ်းသွင်းခံရသော နယ်ခြားစောင့် တပ်တွင် တာဝန်ထမ်းဆောင်ရန် သဘောတူခဲ့ကြသော DKBA အဖွဲ့ဝင်ဟောင်းများ ဖြစ်သည်။ နယ်ခြား စောင့်တပ် ခေါင်းဆောင်များသည် မြဝတီတွင် မကြာခဏ ဆိုသလို ရွှေလက်စွပ်များ၊ အဆောင်များ ဝတ်ဆင်လျက် ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုကို ဝါကြွားကြသည် ဟု ဆိုသည်။ နယ်ခြားစောင့်တပ်သည် ထိုဒေသတွင် သြဇာကြီးမား သဖြင့် မြန်မာစစ်တပ်ကပင် ၎င်းကို မဆန့်ကျင်ရဲပေ။
အကွက်ချ စီစဉ်ထားသော စည်းရုံးရေး အနေဖြင့် သတင်းထောက်များ၏ ရှေတန်း စစ်မြေပြင် ခရီးစဉ်သည် မဲသဝေါ ဒေသကို ၎င်းတို့ မည်သို့ စီမံခန့်ခွဲနေသည်ကို ပြသရန် နယ်ခြားစောင့် တပ်ကို အခွင့်အရေးပေးသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို စားသောက်ဖွယ်ရာလှူဒါန်းပြီး အပြန်အလှန် ပစ်ခတ်စဉ် ပျက်စီးသွားပြီး ယခု ပြန်လည် ပြင်ဆင်နေသော ဘုရားတဆူကို သတင်းထောက်များအား ပြသသည်။ မြိုင်ကြီးငူ ဘုန်းကြီးကျောင်းမှ ဒုက္ခသည် စခန်းအတွက် လှူဒါန်းမှုများကိုလည်း ပြသသည်။
ပိုမိုကြီးမားသော အခွင့်အရေး အတွက် မြန်မာစစ်တပ်ကို အတူတကွ ဖိအားမပေးဘဲ လူမျိုးစု ကရင်အုပ်စုတခုကို တိုက်ခိုက်နေသောကြောင့် ကရင်လူထုခေါင်းဆောင်များကလည်း နယ်ခြားစောင့်တပ်ကို ပြစ်တင်ဝေဖန်သည်။ အမှန်တော့ နယ်ခြားစောင့်တပ်တွင် မြန်မာအစိုးရ ဝန်ထမ်းဟောင်းများ အပါအဝင် အခြားလူမျိုးစုများလည်း ပါဝင်သည်။
ဗိုလ်မှူးနိုင်မောင်ဇော်သည် မွန်လူမျိုးဖြစ်သည်။ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ အဓိက စိုးရိမ်မှုမှာ ကိုယ်ကျိုးစီးပွားသာ ဖြစ်ပုံရသည်။ ၎င်းတို့သည် လူမျိုးစုအခွင့်အရေး အတွက် တိုက်ပွဲဝင်နေသော မြန်မာနိုင်ငံမှ အခြားလူမျိုးစု လက်နက်ကိုင် များနှင့် ခြားနားနေသည်။
သီတင်း ၂ ပတ်ကြာ ပဋိပက္ခကြောင့် အရပ်သား ၄၀၀၀ ခန့်မှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးပြီး ဒေသတွင်း အခြားနေရာများတွင် ခိုလှုံရာရှာကြရသည်။ နေရပ်စွန့်ခွာ ထွက်ပြေးရသူ အများအပြားမှာ အမျိုးသမီးများနှင့် ကလေး များ ဖြစ်သည်။
မြန်မာစစ်တပ်က ကြိုးစားနေသည့်တိုင် အများစုက အိမ်ပြန်ရန် ငြင်းကြသည်။ ရပ်ရွာ အကြီးအကဲများမှာလည်း ပဋိပက္ခကို ဟန့်တားရန်အာဏာ မရှိပေ။ သြဇာကြီးမားသော ဆရာတော်တပါး ဖြစ်ပြီး မူလပထမ DKBA ကို ထူထောင်သူ ဦးသုဇနက သူ၏ ကျောင်းတွင် ဒုက္ခသည် အများအပြားကို လက်ခံထားရသည်။ သူ၏ ငြိမ်းချမ်းရေး မေတ္တာရပ်ခံချက်မှာ ပစ်ပယ်ထားခံရသည်။
ကရင်လူမျိုးစု အချင်းချင်း တိုက်ခိုက်နေရသဖြင့် မည်သို့ ခံစားရသည်ကို ရှေ့တန်းစစ်မျက်နှာတွင် နယ်ခြားစောင့် တပ်မှ ဗိုလ်မှူးကြီးမြင့်ဝေကို မေးသည်။ “ကျနော်တို့က ငြိမ်းချမ်းရေး လိုချင်တယ်။ DKBA က ဘာလိုချင်တာလဲ ဆိုတာ သိဖို့ခက်တယ်။ DKBA ဆိုတာ ကျနော်တို့ ညီအကိုတွေပါ။ အတူစား၊ အတူသွား၊ အတူနေခဲ့ဖူးတယ်။ ကျနော်တို့ အားလုံးသာ ငြိမ်းငြိမ်းချမ်းချမ်း နေရင် ကရင်ပြည်သူတွေ အလွယ်တကူ သွားလာလို့ ရမယ်” ဟု သူ က ပြန်လည် ဖြေဆိုသည်။
ငြိမ်းချမ်းရေးကို ထိခိုက်၍ စိတ်ထိခိုက်ရသော်လည်း DKBA ခွဲထွက်အုပ်စု၏ ရန်စမှုကို တုံ့ပြန်ရန် နည်းလမ်း တခုသာ ရှိသည် ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
“ကျနော်တို့က ကျနော်တို့ မိသားစုတွေကို ထည့်စဉ်းစား ရတယ်။ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ရင် ကျနော်တို့ မိသားစုတွေ ချမ်းသာပြီး ဂုဏ်ရှိရှိနေကြရမယ်” ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။