၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက် သောင်္ကြာနေ့ နံနက် အစောပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း နာကျင်မှုကင်းကင်း လျင်လျင် မြန်မြန်ပင် ဦးအောင်ထိုက် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ စက်တင်ဘာ ၂၅ ရက် တနင်္ဂနွေနေ့ သူ၏ ဈာပန အခမ်းအနားကို သည်းထန်သောမိုး၊ လေးလံသော နှလုံးသားများဖြင့် ကျင်းပကြရသည်။
ဦးအောင်ထိုက် ကွယ်လွန် အနိစ္စရောက်ခြင်းသည် သူ၏ ချစ်လှစွာသော မိသားစုအတွက် နာကျင်ခံစားရသော ဆုံးရှုံးမှုဖြစ်သည် သာမက ရန်ကုန်နှင့် အနယ်နယ်အရပ်ရပ်မှ ကျနော်တို့အားလုံး အတွက်လည်း ဆုံးရှုံးမှုဖြစ်သည်။
ငယ်ရွယ်ပြီး စာတော်သော တက္ကသိုလ် ကျောင်းသားတဦး အဖြစ် သူသည် ဆေးပညာဘွဲ့တခု ရလာမည့် လမ်းကြောင်း ပေါ်တွင် မှန်မှန်လျှောက်လှမ်းနေစဉ် ဗိုလ်ချုပ် နေဝင်းက သူ၏ အာဏာချုပ်ကိုင်မှုကို ပိုမိုခိုင်မာအောင် ပြုလုပ်လိုက်သည့် ၁၉၇၄ ခုနှစ် ဆန္ဒမဲ ပေးပွဲများက ငယ်ရွယ်သော ကျောင်းသားအောင်ထိုက်ကို သူ၏ မူလအစီအစဉ်များကို စွန့်လွတ်ပြီး အတိုက်အခံလှုပ်ရှားမှုတွင် ပါဝင်စေရန် တွန်းပို့ခဲ့သည်။
ကျောင်းသား၊ အလုပ်သမား သပိတ်များတွင် ပါဝင်ခဲ့သဖြင့် ၁၉၇၅ ခုနှစ် ဇူလိုင်လတွင် အဖမ်းခံရပြီး နာမည်ဆိုးဖြင့် ကျော်ကြားလှသော အင်းစိန်ထောင်တွင် ထောင် ၈ နှစ် ချခံရသည်။ အင်းစိန်ထောင်တွင်း ကျခံရသည့် ကာလအတွင်း သူသည် ပြင်းထန်သော ဖိနှိပ်ညှင်းပမ်းမှုများ ခံရပြီး သေရာပါသည့် မျက်စိဝေဒနာရခဲ့သည်။
၃ နှစ် ခန့်ကြာသော အခါ ၁၉၇၈ ဧပြီလ ၁၀ ရက်နေ့တွင် သူပြန်လွတ်မြောက်လာသည်။ ရိုက်နှက်ထုထောင်း ခံခဲ့ရ သော်လည်း အရှုံးမပေးသည့် ဦးအောင်ထိုက်သည် ပိုမိုနှိမ့်ချသည့် အသေးစား စီးပွားရေး လုပ်ငန်း ဘဝလမ်းကြောင်း တခုကို ရွေးချယ်ခဲ့ပြီး ဆေးဆိုင် အသေးစား တဆိုင်ဖွင့်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင်မူ သူသည် မြေနီကုန်းတွင် လက်ဖက်ရည် ဆိုင်ငယ်လေးတခုနှင့် လုပ်ငန်းကို စတင်ခဲ့ပြီး နောင်တွင် ရန်ကုန်မြို့၏ တလေးတစား သိမှတ်ထားခံရဆုံးသော နေရာများ အနက်တခု ဖြစ်လာသည်။
ရန်ကုန်တွင် အရွယ်ရောက်သူများ ဖန်တရာတေအောင် သွားရောက်ကြသည့် စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်သည် သီးခြား အစုအဖွဲ့ ရပ်ဝန်းတခု သဖွယ် ဖြစ်လာသလို ဦးအောင်ထိုက်ကိုလည်း စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်၏ ချစ်ခင် လေးစားဖွယ်ရာ ပိုင်ရှင်ဟု စာဖတ်သူ အများစုက သိကြပါလိမ့်မည်။
ရင်းနှီးသူများကမူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မတွန်.ဆုတ်သောထောက်ခံသူ ဒီမိုကရေစီ တိုက်ပွဲဝင် ရဲဘော်အဖြစ် သိကြသည်။ ကျနော်၏ မိသားစုဝင်များအဖို့ မှာတော့ သူသည် လိုအပ်ချက် များပြားသော အချိန်ကာလများအတွင်း ဖြည့်ဆည်း ကူညီပေးသည့် မိတ်ဆွေကောင်းတဦး၊ စစ်တပ်ဖိနှိပ်မှု အမှောင်ခေတ်အတွင်း ချစ်ခင်လေးစားရသော မိတ်ဆွေနှင့် နှစ်လိုဖွယ်ရာ ရဲဘော်ရဲဘက်လည်း ဖြစ်သည်။
တနိုင်လုံး နိုင်ငံရေး ရေငုံ နှုတ်ဆိတ်နေရန် အတင်းအကျပ် ပြုခံရစဉ်အတွင်း စိတ်တိုင်းကျသည် ဒေသထုတ်အကောင်းဆုံး လက်ဖက်ရည်၊ ပဲမုန့်၊ ဆိပ်စွပ်နှင့် အခြား စားစရာတို့ကို ဝန်ဆောင် ရောင်းချပေးရာတွင် အောင်မြင်သော နေရာတခု သာမက အတွေးအခေါ် ပေါင်းစုံတို့ ခိုလှုံရာ နေရာလည်း ဖြစ်ခဲ့ပြီး ဆွေးနွေးငြင်းခုန်မှု အားလုံးမှာ လွတ်လပ်သည်။ လုံခြုံသည်။ ကြိုဆိုခြင်းခံရသည်။
နိုင်ငံရေး စကားပြောဆိုခြင်းကို ကြမ်းကြုတ်သော အာဏာရှင်စနစ်က တားမြစ်ပိတ်ပင်ထားပြီး စစ်ထောက်လှမ်းရေးကို ကြောက်ရွံ့ရခြင်းမှာ လူတိုင်း၏ ပုခုံးများပေါ်တွင် ရစ်ဝဲနေသော ခေတ်တွင် ဦးအောင်ထိုက်သည် သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် ထောက်ခံခြင်းအမှုကို လုံးဝ တွန့်ဆုတ်ခြင်း မရှိခဲ့ပေ။ နံနက်ခင်းတိုင်း လက်ဖက်ရည်ဆိုင်တွင် သူရှိနေခြင်းမှာ ဘဝအလွှာစုံမှ စားသုံးသူများ အတွက် ကြိုဆိုမှုတခု ဖြစ်သည်။
ခေတ်ပေါ်ဈေးမြင့် ဆိုင်သစ်များ တမြို့လုံး ပေါ်ပေါက်လာချိန်တွင် သူ၏ လက်ဖက်ရည်ဆိုင်မှာ အစဉ်အလာ ပုံစံဟောင်း အတိုင်းသာ ဖြစ်ပြီး ယနေ့အထိ အလုပ်သမားအလွှာအတွက် အခိုင်အမာကျန်ရှိနေသည်။ နေ့စဉ် အရုဏ်တက် အစောပိုင်း ကာလတွင် ဖွင့်ပြီး ဆိုင်တံခါးမပိတ်သလောက်ပင် ဖြစ်ကာ စီးပွားရေး အတက်အကျ ကာလများစွာ ရှိသည့်တိုင် စိတ်တိုင်းကျတွင် အပြောင်းအလဲ မရှိသလောက်ပင် ဖြစ်သည်။
အခြားသော စီးပွားရေးပိုင်ရှင်များသည် မိမိဆိုင်အတွင်း အနှောက်အယှက် ဖြစ်စေသည့် အနေအထားမျိုးနှင့် အန္တရာယ်ရှိသော ယှဉ်ပြိုင်ခြင်းတို့ အတွက် အခြား ပိုမိုဆင်းရဲသော ဈေးသည်များကို တားဆီးပိတ်ပင်ရန် စိတ်ထက်သန်ခဲ့ကြ ပေလိမ့်မည်။ သို့သော် ဦးအောင်ထိုက်ကမူ ထိုသို့သောဈေးသည်များ အားလုံးကို သူ့ဆိုင်အမိုးအောက်တွင် အခိုင်အမာ ဆိုင်တည်ခွင့်ပြုသည်။ ထိုဈေးသည်များမှာ ယနေ့တိုင် ဆိုင်ဝင်ပေါက်တိုင်းတွင် ဈေးထိုင်ရောင်းနေကြဆဲ ဖြစ်သည်။
မြေနီကုန်းရှိ ပင်ရင်း စိတ်တိုင်းကျသို့ ပုံမှန်လာသူများသည် သတင်းစာရောင်းသူ ဒေါ်ပြုံး၊ မုန့်ဟင်းခါးသည် ဦးမင်းဟန်နှင့် နောက်ဆုံး ကားရပ်ရန်နှင့် နေရာချထားပေးရန် ခန့်ထားသော ခြေတဖက်သာ ရှိသော်လည်း ရွှင်လန်းသော အပြုံးပိုင်ရှင် ကိုခင်မောင်လွင်တို့ကို ယှဉ်တွဲ မှတ်မိကြပါလိမ့်မည်။
ဦးအောင်ထိုက်၏ ရက်ရောမှုနှင့် လှူချင်တန်းချင်စိတ်ကို သူ မကွယ်လွန်မီ ၂ ရက် အထိ လက်ဖက်ရည်ဆိုင် လုပ်ငန်းမှာ ဘဝမြှုပ်နှံလုပ်ဆောင်ခဲ့မှုကို ကြည့်ခြင်းဖြင့် သိမြင်နိုင်ပါသည်။ ဤသို့သော မြှုပ်နှံလုပ်ကိုင်ခြင်းသည်ပင် အပြုသဘော ဆောင်သော နိုင်ငံရေး အပြောင်းအလဲများ အတွက် သူ၏ ပြင်းထန်သော ဆုံးဖြတ်ချက်နှင့် ဆက်စပ် နေပေသည်။
နာဂစ်မုန်တိုင်း အပြီး သူ၏လက်ဖက်ရည်ဆိုင်မှာ မုန်တိုင်းဒဏ်ခံ ပြည်သူများ အတွက် အလှူငွေ လက်ခံရာ၊ ပြန်လည်ဖြန့်ဖြူးရာ အလှူခံဌာန ဖြစ်လာသည်။ လူအင်အားများသော သူ၏ ဆိုင်မှ အလုပ်သမားများသည်လည်း အလုပ်ကြိုးစားသော စားပွဲထိုး ဝန်ဆောင်သူများ၊ ချက်ပြုတ်သူများသာမက အမျိုးမျိုးသော အများပြည်သူ လှူဒါန်းရေးအဖွဲ့များ၊ လိုအပ်သူများအတွက် သွေးလှူဒါန်းရေး လှုပ်ရှားမှုများ အတွက် ဝန်ဆောင်မှုပေးသော စေတနာ့ဝန်ထမ်းများလည်း ဖြစ်သည်။
သူ၏ အောင်မြင်ပြီး ကျေနပ်လက်ခံဖွယ်ရာ စီးပွားရေး ဘဝတလျှောက် ဦးအောင်ထိုက်သည် ဒီမိုကရေစီရေးကို မတွန့်မဆုတ် ထက်သန်စွာ ထောက်ခံသူ ဖြစ်သည်။ အခြားမည်သည့် လုပ်ငန်းရှင်နှင့်မျှ မတူ။ သူသည် သူကိုယ်တိုင် သွားရောက်ပြီး စားသုံးသူများကို ကြိုဆိုသည်။ ၎င်းတို့၏ နေ့စဉ်ဘဝများကို စိတ်ရှည်လက်ရှည် နားထောင်သည်၊ သူကြားသိရသမျကို မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲကို တဆင့်မြှင့်တင်ရန် အတွက် စွမ်းအားများအဖြစ် ပြောင်းလဲယူသည်။
ဤအတွက် ဦးအောင်ထိုက်သည် ကြီးမားသော တန်ဖိုးတခု ပေးဆပ်ခဲ့ရပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်လက် ထောက်ပံ့သောကြောင့် ၂၀၀၃ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့တွင် အဖမ်းခံရသည်။ သူသည် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ဆက်လက်ကူညီသည်။ ပညာတော်သော ဆေးကျောင်းသားများကို ၎င်းတို့၏ ပညာရေး ဘဝတလျောက်လုံး ထောက်ပံ့သည်။ ၂၀၀၅ ခုနှစ်တွင် မွေးရပ်မြေသို့ ပြန်ပြီး ဆေးရုံတရုံ တည်ဆောက်ရန် ကူညီခဲ့သည်။
လူတဦး၏ ဘဝတန်ဖိုးကို သေခြင်းတရားဖြင့် တန်ဖိုးမဖြတ်ဘဲ သူ၏ လုပ်ရပ်နှင့် သူရွေးခဲ့သော ဘဝဖြတ်သန်းမှုဖြင့်သာ တန်ဖိုးဖြတ်ရမှာ ဖြစ်ကြောင်း ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ဦးအောင်ထိုက်အား ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ဦးအောင်ထိုက်သည် သူရဲကောင်း ပီသသော ကိုယ်ကျိုးစွန့်မှုများနှင့် ထူးကဲသော လုပ်ဆောင်သူမျှသာ မဟုတ်၊ လူ့အဖွဲ့အစည်းသို့ သူ၏ ဝေပုံကျ အကျိုးဆောင်မှုထက် ကျော်လွန်ပေးဆပ်ခဲ့ရာ၌ သူရောက်နေရာမှ ကမ္ဘာလောကကို ပိုမိုကောင်းမွန်သော နေရာသို့ ရောက်ရန် နေ့စဉ်ခြေလှမ်းငယ်များ လှမ်းခဲ့ခြင်းကြောင့် သူသည် နေ့စဉ်ဘဝ၏ သူရဲကောင်း လည်း ဖြစ်ပေသည်။
အသက် ၆၅ နှစ်အရွယ် ဦးအောင်ထိုက်သည် ဤလောက၌ ဘဝ မတိုတောင်းခဲ့ပါချေ။ ကျနော်တို့ မသေဆုံးမီ သူ့အကြောင်း အနည်းငယ်မျှ သိရခြင်းသည် ကျနော်တို့၏ ကံကောင်းမှု ဖြစ်သည်။ သူသည် သူ၏ စီးပွားရေးကို ထူထောင်ပြီး ဘဝတလျှောက်လုံး အခြားသူများကို ကူညီကာ စိတ်အား တက်ကြွစေသော နေ့စဉ် သူရဲကောင်း စံနမူနာပြပုဂ္ဂိုလ် ဖြစ်သည်။ သူသည် ကျနော်တို့ကို ပေးခဲ့သော အမွေဖြင့်သာ ရှင်သန်အောင်မြင်ခဲ့သည်။ ထိုအမွေမှာ သူ၏ ဘဝခရီးတလျှောက် များပြားလှစွာသော သူကူညီခဲ့သည့် ပုဂ္ဂလိက ဘဝများနှင့် ရှင်သန်နေထိုင်ခြင်းသာဖြစ်သည်။
ဤမျှ တည်ငြိမ်ဂုဏ်သိက္ခာ ရှိပြီး သူတပါးကို ကူညီကာ ဘဝကို အသုံးချခဲ့သူ ဦးအောင်ထိုက်သည် ယခုအခါ ပိုမိုကောင်းမွန်သော နေရာတခုသို့ရောက်ရှိနေမည်ကို သံသယမရှိ ယုံကြည်မိသည်။
(ဤဆောင်းပါးသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော သုတေသနနှင့် အမြင်များ ပေါ်ပေါက်ရေး အတွက် အောက်စဖို့ဒ် တက္ကသိုလ်မှ လက်ခံကျင်းပသော လက်ဖက်ရည်ဝိုင်း အမည်ရှိ ဆွေးနွေးချက်များမှဖြစ်သည်။)