ဆောင်းပါး

ဝနဲ့ မိုင်းလား ပဋိပက္ခကို အနီးကပ်ကြည့်ရှုခြင်း (ပထမပိုင်း)

၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က UWSA တပ်ဖွဲ့ အင်အားအချို့မိုင်းလားဒေသသို့ ဝင်ရောက်လာပြီး ပဋိပက္ခအချို့ဖြစ်ပွားခဲ့သည်ဟူသော သတင်းများသည် အောက်တိုဘာ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ သျှမ်းသံတော်ဆင့် သတင်းဌာနမှ အစပြု၍ သတင်းစာမျက်နှာများပေါ်တွင် တွေ့ရသည်။

မဝေးလှသော အတိတ်ကို ပြန်ကြည့်လျှင် နအဖ အစိုးရလက်ထက် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အစီအစဉ်အား UWSA နှင့် NDAA မိုင်းလား အဖွဲ့ ၂ ခု စလုံးမှ လက်ခံခဲ့ခြင်း မရှိသဖြင့် ၂၀၀၉ ခုနှစ်တွင် နအဖအစိုးရနှင့် ထို ၂ ဖွဲ့စလုံးတို့ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သည်။ နယ်မြေဆက်စပ်မှုအရ လည်းကောင်း အစဉ်အလာဆက်ဆံရေးကောင်းမွန်မှု အရလည်းကောင်း အဆိုပါ ပြဿနာကို ပူးပေါင်းရင်ဆိုင်ခဲ့ကြသည်။ NDAA တပ်ဖွဲ့အနေနှင့်တပ်အင်အားအရ တပ်မဟာ ၃ ခုသာရှိသည်ဖြစ်ရာ UWSA မှ တပ်မဟာ ၁ ခုအား မိုင်းလားဒေသ တွင်းသို့ အင်အားဖြည့်တင်းပေးထားခဲ့သည်။

ဒေသအားဖြင့်ဆိုလျှင် NDAA ထိန်းချုပ်ရာ မြောက်ဘက်စွန်းရှိ ဆီလူးဒေသနှင့် UWSA ထိန်းချုပ်ရာ တောင်ဘက်စွန်းရှိ မိုင်းပေါက်ဒေသသည် ဆက်စပ်နေသည်။ မူလကဆိုလျှင် မိုင်းပေါက်မှ ဆီလူးဒေသသို့ ကားဖြင့်သွားလျှင် တပ်မတော်မှ ထိန်းချုပ်ထားသည့် မိုင်းယန်းကွင်းအတွင်းသို့ ဖြတ်သန်းသွားရသည်။

ယခုအခါ မိုင်းပေါက်မှ ဆီလူးသို့ တောင်ပေါ်ကားလမ်းဖောက်လုပ်ထားသဖြင့် တပ်က ထိန်းချုပ်ထားသည့် မိုင်းယန်းကွင်းအား ဖြတ်သန်းစရာ မလိုတော့ပေ။ သို့သော် စစ်ရေးအရကြည့်လျှင် UWSA နှင့် NDAA ချုပ်ကိုင်ရာ ဒေသ ၂ ခုအား ဆီလူး နှင့် မိုင်းပေါက်ကြားရှိ မိုင်းယန်းကွင်းမှတဆင့် တပ်မတော်မှ ဖြတ်တောက်ထိန်းချုပ်နိုင်သည်ကို တွေ့မြင်နိုင်သည်။ ထို့ ကြောင့်လည်း UWSA နှင့် NDAA တပ်ဖွဲ့များသည် ၎င်းတို့ဒေသ ၂ ခုကြား ဖြတ်တောက်ခြင်းမခံရအောင် အထူးအလေးပေးခဲ့ပုံရသည်။

ထို့ကြောင့် UWSA မှ တပ်မဟာ ၁ ခုသည် နှစ်ဖက်ခေါင်းဆောင်များသဘောတူညီချက်ဖြင့် ၂၀၀၉ ခုနှစ်မှစ၍ NDAA အုပ် ချုပ်သည့်ဒေသတွင်း ဝင်ရောက်နေရာယူ တပ်စွဲထားသည်မှာ ယခုတိုင်ဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်ရာ ဤအချက်မှတွေ့ နိုင်သည်မှာ NDAA ချုပ်ကိုင်သည့်ဒေသတွင်းသို့ UWSA တပ်မဟာ ၁ ခုဝင်ရောက်တပ်စွဲခဲ့သည်မှာ ယခုမှ မဟုတ်ဘဲ ၂၀၀၉ ခုနှစ်ကတည်းက ဖြစ်ပြီး နှစ်ဖက်သဘောတူညီချက်အရ ဖြစ်သည်ကို တွေ့နိုင်ပါသည်။

သို့သော် ဤတကြိမ် UWSA တပ်လဲလှယ်ချထားရာတွင် မလိုလားအပ်သည့် ပဋိပက္ခအချို့ ဖြစ်ပွားခဲ့ပုံရသည်။ သို့ရာတွင် နှစ်ဖက်တပ်ဖွဲ့ခေါင်းဆောင်များက ဤပြဿနာအား ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့ပုံရသည်။

UWSA တပ်ဖွဲ့ ကလည်း စစ်ရေးလေ့ကျင့်မှု တခုပြုလုပ်သည်ဟုသာ ထုတ်ပြန်ခဲ့သကဲ့သို့ NDAA တပ်ဖွဲ့ကလည်း စစ်လေ့ ကျင့်ရေးဆောင် ရွက်ရာတွင် အောက်ချက်တပ်ဖွဲ့အချို့ညွှန်ကြားချက်အား ဆောင်ရွက်ရာတွင် ကြီးမားသည့် လွဲချော်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆိုးဝါးသည့် ဂယက်ရိုက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း အောက်တိုဘာ ၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုတပ်ဖွဲ့ ၂ ခုစလုံးသည် ထိုသို့ တရားဝင်သတင်းထုတ်ပြန်မှုမှလွဲ၍ အခြား အလွတ်သဘောပြောဆိုမှုများကို ရှောင်ရှားခဲ့သည်ကို တွေ့ရပါသည်။ သို့ဖြစ်ရာ ပြဿနာရှိခဲ့သော်လည်း ထိုပြဿနာအား မကြီးထွားစေဘဲ လက်နက်ကိုင်ပဋိပက္ခ အဆင့်ထိ မရောက်စေဘဲ ထိန်းညှိဖြေရှင်းရန် နှစ်ဖက်စလုံးက သဘောထားကြိုးစားခဲ့သည်ဟု သုံးသပ်ရသည်။

ထိုသို့သော အခြေအနေအောက်တွင် ပဋိပက္ခကို ပိုမိုကြီးထွားစေသည့် အပြုအမူ၊ အပြောအဆိုတို့သည် တိုင်းပြည်အတွက် တိုက်ရိုက်အားဖြင့် ဒေသခံလူထုအတွက် အကျိုးယုတ်စေသည်ကို သတိပြုကြရန်လိုပါသည်။

ပဋိပက္ခဖြေရှင်းခြင်း

မြန်မာပြည် ပြည်တွင်းစစ်သမိုင်းတွင် များစွာသော လက်နက်ကိုင်တပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ထိုလက်နက်ကိုင်အဖွဲ့ များ၏ အဓိကပစ်မှတ်သည် အစိုးရနှင့် တပ်မတော်ဖြစ်သော်လည်း ထိုလက်နက်ကိုင်အဖွဲ့များချင်းလည်း ပွတ်တိုက်များဖြစ် ပွားခဲ့သည်သာဖြစ်သည်။

ထိုသို့ဖြစ်ပွားရခြင်းမှာ လူမျိုးအရသော်လည်းကောင်း မျိုးနွယ်စုအရသော်လည်းကောင်း နယ်မြေထိမ်းချုပ်ရန်ကြိုးပမ်းမှုများ အရသော်လည်းကောင်း၊ အကျိုးစီးပွား ပြဿနာများကြောင့်သော်လည်းကောင်း အယူဝါဒအရသော် လည်းကောင်း၊ ဘာသာရေး ကြောင့်သော်လည်းကောင်း အောက်ခြေအဆင့်များ၏ နားလည်မှု လွဲချော်မှု အရည်အချင်းမပြည့်ဝမှု စသည့် မြောက်မြား စွာသော အကြောင်းများကြောင့် ပွတ်တိုက်မှုများဖြစ်ပွားကြသည်။

ထိုအခြေအနေကို မထိန်းသိမ်းနိုင်ပါက လက်နက်ကိုင်ပဋိပက္ခအဆင့်သို့ ရောက်သွားကြပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ ပြင်းပြင်း ထန်ထန်တိုက်ခိုက်ခြင်းမှသည် ဒေသခံလူထုပါ စစ်ဒဏ်ခံရသည့် အခြေအနေမျိုးအား ကြုံရလေ့ရှိပေသည်။

သို့ဖြစ်ရာ လက်နက်ကိုင်တပ်ဖွဲ့ချင်း ပွတ်တိုက်မှု ဖြစ်ပွားခြင်းမှာ ထူးဆန်းသည့် ကိစ္စမဟုတ်ဟု ဆိုရမည်။ အဓိက အာရုံ စိုက်ရမည့်ပြဿနာမှာ မည်သို့ ဖြေရှင်းကျော်လွှားကြသည် ဆိုသည်သာ အရေးကြီးပေသည်။

ထို့ပြင် လက်ရှိ မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ လက်နက်ကိုင် ပဋိပက္ခဖြေရှင်းခြင်း သက်သက် သာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ချင်း လက်နက်ကိုင်ပဋိပက္ခမဖြစ်ပွားအောင်လည်း တွန်းအားပေး ဝိုင်းဝန်းကြရန် လိုအပ်ပေသည်။ ထိုသို့ လက်နက်ကိုင် ပဋိပက္ခအထိ ဖြစ်ပွားပါက ဒေသခံများပါ စစ်ဒဏ်ခံရပြီး အတိဒုက္ခ ရောက်ကြ၍ ဖြစ်သည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ NDAA ချုပ်ကိုင်ရာ ဒေသတွင်းသို့ UWSA တပ်ဖွဲ့ဝင် ၆၀၀ ဝင်ရောက် တပ်စွဲပြီး အောက်တိုဘာ ၄ ရက်နေ့တွင် နောက်ထပ် ၁၅၀ ခန့်ဝင်ရောက်လာသည်ဟု ဆိုပါသည်။ သို့သော် ယနေ့အထိ သေနတ်သံ တချက်မထွက်ဘဲ ဖြေရှင်းနိုင်နေကြသည်ကို ကြိုဆိုရမည်ဖြစ်သကဲ့သို့ ထိုသို့ ဖြေရှင်းခြင်းကိုလည်း အားပေးထောက်ကူရန် လိုအပ်သည်။

ချိန်ထိုးနှိုင်းယှဉ်စရာများ ရှိပါသည်။ ပြီးခဲ့သည့် ၂၀၁၅ နှစ်ကုန်ပိုင်းက NCA လက်မှတ်ထိုးထားသည့် စဝ်ရွက်ဆစ် ဦးစီး RCSS တပ်ဖွဲ့ များက ကျောက်မဲ၊ နမ့်ဆန်၊ နမ့်ခမ်းဒေသရှိ TNLA တအန်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသတွင်းသို့ ဝင်ရောက်လာခဲ့သည်။ စဝ်ရွက်ဆစ်၏ တရားဝင်ပြောကြားချက်အရ RCSS တပ်ဖွဲ့ဝင် ၂၅၀၀ ခန့် ဝင်ရောက်ခဲ့သည်ဟု ဆိုပေရာ လက်ရှိ မိုင်းလား ဒေသသို့ UWSA ဝင်ရောက်သည့် အင်အားထက် ၃ ဆကျော် ဝင်ရောက်ခဲ့သည်ဟု ဆိုရပါမည်။

ထိုြ့ပင် RCSS တပ်များ ဝင်ရောက်လာပြီး ယခု UWSA နှင့် NDAA ကဲ့သို့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြင်းမရှိဘဲ လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်မှာ ၁ နှစ်နီးပါးရှိပြီ ဖြစ်သည်။ ထိုသို့ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန် ကြာမြင့်စွာ ဖြစ် ပေါ်ခြင်းကြောင့် ဒေသတွင်း၌ စစ်ဘေးဒုက္ခသည် လူဦးရေ သောင်းနှင့်ချီ ပေါ်ပေါက်လာပြီး သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ့် ခမ်း၊ နန့်ဖတ်ကာမြို့များသို့ လနှင့်ချီ၍ ထွက်ပြေးခိုလှုံခဲ့ရသည်။

သို့ဖြစ်ရာ ယခု UWSA နှင့် NDAA ကြား ပွတ်တိုက်မှုက လက်နက်ကိုင်ပဋိပက္ခထိ မရောက်ရှိဘဲ ဒေသခံပြည်သူများကို လည်း ထိခိုက်မှုမရှိပေရာ RCSS တပ်ဖွဲ့များ TNLA ထိန်းချုပ်ရာဒေသသို့ ဝင်ရောက်သည်ထက် များစွာသက်သာသည့် ကိစ္စ တရပ်ဟု ဆိုရပါမည်။ ထို့ပြင် ထိုထက်ပိုကောင်းသည့် တည်ငြိမ်သည့် အခြေအနေဘက်သို့ ဦးလှည့်နိုင်ရန်သာ လိုအပ်ပေသည်။

NDAA ၏ ထူးခြားချက်

လက်ရှိတည်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် NDAA သည် ထူးခြားမှု ရှိသော တပ်ဖွဲ့တခုဟုဆိုရ မည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားလုံးလုံးလိုလိုသည် လူမျိုးတမျိုးပေါ် အခြေခံဖွဲ့ စည်းကြသော်လည်း NDAA ကား လူမျိုးတမျိုးပေါ် အခြေခံ၍ ဖွဲ့စည်းထားခြင်း မဟုတ်၍ ဖြစ်သည်။

NDAA သည် CPB ၏ ၈၁၅ စစ်ဒေသမှ ပေါက်ဖွားလာခြင်းခြင်းဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် CPB တို့သည် အခါဒေသနှင့် အခါ တိုင်းရင်းသားလက်နက်ကိုင်များကို စည်းရုံ၍ ၈၁၅ စစ်ဒေသကို ဖွင့်လှစ်ခဲ့သည်။ လက်ရှိမိုင်းလား၏ အရှေ့ဘက် အရှေ့တောင်ဘက်တကြော မဲခေါင်မြစ်နှင့် လာအိုနယ်စပ်တကြောသည် အခါဒေသဖြစ်ရာ ထိုတောတောင်ထူထပ်သော အခါဒေသအား စစ်ရေးအရ ဆုပ်ကိုင် အခြေပြုခဲ့ကြခြင်းဖြစ်သည်။

သို့နှင့်ထို အခါဒေသအား စည်းရုံးပြီး ၁၉၇၅ ခုနှစ်တွင် တပ်ရင်း ၄ ရင်း အင်အားတထောင်ကျော်ထိ တိုးပွားလာခဲ့သည်။ ထိုစဉ် ၈၁၅ စစ်ဒေသဌာနချုပ်မှာ တောင်ပေါ်ရှိ မန်ဖိုင်ရွာတွင်ဖြစ်သည်။

ထိုနောက် ဝ ဒေသတွင်း CPB တပ်အင်အား ကြီးထွားလာပြီးနောက် CPB ဗဟ်ို၏ အစီအစဉ်နှင့် ၇၅၁၀ စစ်ရေးလှုပ်ရှားမှု အား ၁၉၇၅ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည်။ ၎င်းစစ်ရေးလှုပ်ရှားမှုတွင် အရှေ့မြောက်စစ်ဒေသမှ တပ်မဟာ ၈ သည် မိုင်းပေါက်မှ ဆီလူးကို ဖြတ်ကာ ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်းဂွင်အတွင်းတွင် ၈၁၅ စစ်ဒေသတပ်များနှင့်တွဲ၍ လှုပ်ရှားခဲ့သည်။

ထို စစ်ဆင်ရေးတွင် နန့်လွေချောင်းနှင့် အခါတောင်ကြောများကြားရှိ ရှမ်းလူမျိုးများ နေထိုင်ရာ မိုင်းမကွင်းအား သိမ်းပိုက် နိုင်ခဲ့သည်။ ထို စစ်ဆင်ရေးအပြီးတွင် အရှေ့မြောက်မှ တပ်ဖွဲ့များ ပြန်လည်ထွက်ခွာသွားပြီး မိုင်းမကွင်းအား ၈၁၅ စစ်ဒေသ အတွင်းသို့ ထည့်သွင်းခဲ့သည်။

ထိုစဉ်က မိုင်းလားမှာ မိုင်းမကွင်းအတွင်းရှိ တရုတ်နယ်စပ်မှ ရွာလေးတရွာသာဖြစ်သည်။ သို့သော် ယခုအခါ မြို့ပြအဖြစ် စည်ပင်လာခြင်းကြောင့်လည်းကောင်း ဌာနချုပ် ပြောင်းရွှေ့စိုက်ခဲ့၍လည်းကောင်း မိုင်းလားဒေသဟု လူသိများပြီး မိုင်းမကွင်းဟူသော မူလအခေါ်က မှေးမှိန်သွားတော့သည်။

ထိုအချိန်မှစ၍ ၈၁၅ စစ်ဒေသသည် မူလ အခါဒေသအားပြုထားရာမှ အခါရော ရှမ်းဒေသပါ လူမျိုး ၂ ခုပေါင်း အားပြုသည့် ဒေသဖြစ်လာသည်။ ထိုစဉ် ၈၁၅ စစ်ဒေသတွင်း အခါနှင့် ရှမ်းလူဦးရေချင်း မတိမ်းမယိမ်းခန့်ရှိမည်ဟု ခန့်မှန်းရပေသည်။ အခြား ပလောင်၊ လားဟူ စသည့်လူမျိုးများလည်း ရှိကြသည်။

ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)

Loading