ဆောင်းပါး

ဝနဲ့ မိုင်းလား ပဋိပက္ခကို အနီးကပ်ကြည့်ရှုခြင်း (ဒုတိယပိုင်း)

မူလ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ၈၁၅ စစ်ဒေသတွင် ဆီလူးဒေသ ပါဝင်ခြင်းမရှိပေ။ ၁၉၈၉ ခုနှစ် ဧပြီလမှစ၍ CPB ၈၁၅ စစ်ဒေသအဖြစ်မှ NDAA အဖြစ်သို့ ခွဲထွက်ပြီးနောက်ပိုင်းမှ NDAA နှင့်ပေါင်းစည်းလိုက်သောဒေသနှင့် တပ်ဖြစ်သည်။

မူလဇစ်မြစ်ဆိုရသော် ၁၉၅၈ ခုနှစ် နွမ်စစ်ဟန် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းစတင်ကတည်းကဖြစ်သည်ဟု ဆိုရမည်။ နွမ်စစ်ဟန် ရှမ်းလက်နက်ကိုင် ပုန်ကန်မှု များစတင်ပြီးနောက် ကျိုင်းတုံ၊ မိုင်းယန်း၊ ဆီလူးဒေသများတွင် ရှမ်းလက်နက် ကိုင်ပုန်ကန်မှု ပေါ်ပေါက်ခဲ့သည်။

ထိုဒေသ၌ ခေါင်းဆောင်သူမှာ ဘုန်းကြီးလူထွက် စဝ်ငါးခမ်း ခေါ် ကျောက်ငါးခမ်းဖြစ်သည်။ ကျောက်ငါးခမ်းသည် ၁၉၆၄ ခုနှစ် ဇွန်လခန့်၌ နွမ်စစ်ဟန်မှ စဝ်ဟန်စစ်တိုင်း (SNA ) ဟူသောအမည်ဖြင့် ခွဲထွက်ပြီး ကျိုင်းတုံ မိုင်းယောင်း မိုင်းလား ဆီလူးဒေသတွင် လှုပ်ရှားခဲ့သည်။

ခွဲထွက်ပြီးနောက် ကျောက်ငါးခမ်း၏ စဝ်ဟန်စစ်တိုင်း အဖွဲ့သည် တပ်ရင်း ၇ ရင်းခန့် ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၆၅ ခုနှစ်ခန့်တွင် ကျောက်ငါးခမ်း လုပ်ကြံသတ်ဖြတ်ခံရပြီး ယခင် ကျိုင်းတုံစော်ဘွား၏ ငွေတိုက်မှူးဟောင်း ဦးဘသိန်းက ဆက်လက် ခေါင်း ဆောင်သည်။ သူ့နောက်တွင် အွန်ကျန်းက ဆက်လက်ခေါင်းဆောင်သည်။

သို့နှင့် ၁၉၆၆ နှစ်လယ်ခန့်တွင် စဝ်ဟန်စစ်တိုင်းမှ တပ်ရင်း ၃ ရင်း ပျက်သွားခဲ့သည်ဟု ဆိုသည်။ စစ်ရဲတပ်မှ တောခိုသော ဝ လူမျိုး ဗိုလ်မောင် ဦးစီးသည့် တပ်ရင်းသည်လည်း ၁၉၆၆ ခန့်တွင် ကျောက်ငါးခမ်း အဖွဲ့မှ ခွဲထွက်လှုပ်ရှားခဲ့ပြီးနောက် လက်နက်ချသွားခဲ့သည်။ ထို့ကြောင့် မိုင်းမ၊ မိုင်းယန်း၊ ပျက်ကန်နယ်မြေများတွင် တပ်ရင်းတရင်းစီသာ ကျန်တော့သည်။

၁၉၆၇ ခုနှစ်တွင် “စဝ်ဟန်စစ်တိုင်း”မှ အိုက်မြင့် ခေါ် စဝ်ခွန်မြင့်နှင့် စိုင်းနော်ပန်းတို့”တပ်ဟန်စစ်တိုင်း” အမည်ဖြင့် ထပ်မံခွဲ ထွက်သည်။ ထို့နောက် ၁၉၇၀ ခန့်တွင် စဝ်ဟန်စစ်တိုင်း ဒုခေါင်းဆောင် နန်ဆိုင်ကျောက်နှင့် အင်အား ၆၀ ခန့် လက်နက်ချ သည်။

စဝ်ဟန်စစ်တိုင်း ခေါင်းဆောင် အွန်ကျန်းနှင့် လက်ကျန်အင်အားအနည်းစုကတော့ လာအိုနယ်စပ်ကို ဖြတ်၍ ထွက်ခွာသွား ပြီးနောက် ကျောက်ငါးခမ်း၏ စဝ်ဟန်စစ်တိုင်း (SNA) ပြိုကွဲသွားခဲ့သည်။ ကျောက်ငါးခမ်း၏ SNA တပ်ဖွဲ့မှ မူလကတည်းက လာအိုအခြေစိုက် CIA တပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိပေရာ ထိုအဆက်အသွယ်ဟောင်းများထံ ခိုလှုံသွားသည်ဟု ယူဆ ရပါသည်။

သို့ဖြစ်ရာ ထိုဒေသ၌ ကျောက်ငါးခမ်းအဖွဲ့မှ ခွဲထွက်သည့် စဝ်ခွန်မြင့်ဦးစီးသည့် တပ်ဟန်စစ်တိုင်းအဖွဲ့သာ ကျန်ခဲ့့ပြီး ၁၉၇၂ နှစ်ကုန်ပိုင်းခန့်တွင် ၎င်းတို့သည် CPB ၏ ၈၁၅ တပ်ဖွဲ့နှင့်စတင် ဆက်စပ်ဆက်ဆံခဲ့ပြီးနောက်ပိုင်းတွင် CPB ဗဟို အစီအစဉ် ဖြင့် တပ်မဟာ ၇၆၈ အဖြစ် ပြောင်းလဲဖွဲ့စည်းရပ်တည်ခဲ့ပြီး ဆီလူးဒေသ၌ လှုပ်ရှားသည့် CPB ၏ ရှမ်းလူမျိုး အခြေပြုတပ်မ ဟာ ဖြစ်ခဲ့သည်။

၁၉၈၉ ခုနှစ် ဧပြီလ CPB ပြိုကွဲပြီးနောက် ဆီလူးဒေသ တပ်မဟာ ၇၆၈ အတွင်း ခေါင်းဆောင်ပိုင်းများဖြစ်ကြသည့် တပ်မဟာနိုင်ငံရေးမှူး စိုင်းနော်ပန်း တပ်မဟာမှူး ခွန်ဆာတို့ လုပ်ကြံသတ်ဖြတ်ခံရသည့် ရှုပ်ထွေးမှုများနောက်ပိုင်းတွင် အဆိုပါ တပ်မဟာနှင့် ဆီလူးဒေသသည် NDAA မိုင်းလားနှင့် ပူးပေါင်းခဲ့ကြသည်။ ထို့ကြောင့် လက်ရှိ NDAA ထိန်းချုပ်ရာဒေသ၌ ရှမ်းလူမျိုး နေထိုင်ရာဒေသက ပိုလာသည်ဟု ဆိုရမည်။

ပူးပေါင်းလိုက်ပြီးနောက် တပ်မဟာ ၇၆၈ အား NDAA ၏ တပ်မဟာ ၃၆၉ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ အဆိုပါ တပ်ဖွဲ့အား ဦးဆောင်သည့် စဝ်ခွန်မြင့်သည် NDAA ၏ ဒုဥက္ကဌအဖြစ် ၂၀၁၃ ခုနှစ် ၎င်းကွယ်လွန်သည်အထိ တာဝန်ယူခဲ့သည်။

ထိုသို့ အဓိက အခါနှင့် ရှမ်းလူမျိုးများအပြင် ပလောင်၊ လားဟူများပါ စုပေါင်းနေထိုင်အုပ်ချုပ်သည့် ဒေသဖြစ်လာသည်။ ထို့ကြောင့် အဖွဲ့နာမည်အား PSC ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကောင်စီဟူ၍လည်းကောင်း တပ်ဖွဲ့အမည်အား NDAA အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်ဟူ၍လည်းကောင်း ခေါ်ဆိုထားခြင်းဖြစ်သည်။ ထို့အတူ ခေါင်းဆောင် ပိုင်းတွင် အခါများ ရှမ်းများ ယခင် CPB လက်ထက်မှ တပ်မှူးဟောင်းများ စသဖြင့် လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ် ပေသည်။

NDAA နှင့် NCA

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လက်မှတ်ထိုးရန် လိုအပ်သည်ဟု တပ်မတော်နှင့်အတူ NLD အစိုးရကလည်း ရပ်ခံလိုက်သည်။ ထိုအခြေအနေအောက်တွင် NCA လက်မှတ်ထိုးရေးနှင့် ပတ်သက်၍ UWSA နှင့် NDAA ကြားသဘော ထားကွဲလွဲမှုကြောင့် ဤပဋိပက္ခပေါ်လေသလောဟူ၍ စောကြောသူများရော သုံးသပ်သူများပါပေါ်လာသည်ကို တွေ့ရ သည်။

ပထမအချက်အနေနှင့်ဆိုကြသည်မှာ ၂၁ ရာစုပင်လုံတွင် UWSA မှ အဓိက ခေါင်းဆောင်များ မလာသော်လည်း NDAA မှ အဓိကခေါင်းဆောင်များလာသည့် အခြေခံပေါ်မှနေ၍ တွက်ချက်ကြခြင်းဖြစ်သည်။ ဤသို့လာခြင်း မလာခြင်းပေါ်မှနေ၍ တွက်ချက်ရန်မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၂၁ ရာစုပင်လုံညီလာခံသို့ NCA လက်မှတ်ထိုးထားသည့် RCSS
ခေါင်းဆောင် စဝ်ရွက်ဆစ်လည်း တက်ရောက်ခြင်းမရှိပေ။ သို့ဖြစ်ရာ စဝ်ရွက်ဆစ်ကိုယ်တိုင် မတက်သည်နှင့် RCSS သည် NCA ဖောက်ဖျက်လိမ့်မည်ဟု သုံးသပ်ရန် မဖြစ်နိုင်ပေ။

၂၁ ရာစုပင်လုံညီလာခံ မတိုင်မီရော ညီလာခံအပြီးမှာ ပြုလုပ်သည့် အစည်းအဝေးများတွင် NDAA ခေါင်းဆောင်များသည် သူတို့အနေနှင့် ၁၉၈၉ခုနှစ် ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးကတည်းက မည်သည့်တိုက်ပွဲမှ မဖြစ်သည်ကို ၎င်း ၂၀၁၁ ခုနှစ် တွင် အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့်လက်မှတ် ၃ ကြိမ်တိုင်ထိုးပြီးပြီဖြစ်၍ NDAA အနေနှင့်ထပ်မံ ထိုး ရန်မလိုကြောင်း တရားဝင်ပြောဆိုခဲ့သည်။

အကဲခတ်အချို့ထောက်ပြစရာဖြစ်ခဲ့သည့်၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယနေ့တွင် NDAA အတွင်းရေးမှူးဦးကြည်မြင့် မှ အစိုးရ NCA ကိစ္စအား ထောက်ခံပြောကြားသည်ဆိုရာ၌လည်း ၎င်းတို့ NDAA အနေနှင့် NCA လက်မှတ်ထိုးသွားမည်ဟု လုံးဝထည့်သွင်း ပြောဆိုခြင်းမရှိခဲ့ပေ။

အင်အားအနေဖြင့် တပ်မဟာ ၃ ခုသာရှိပြီး ၎င်းထက် အင်အားများစွာ သာလွန်သည့် UWSA နှင့် နယ်မြေချင်း ဆက်စပ်နေ ရုံသာမက ပန်ဆန်း ဝ ဒေသနှင့် မိုင်းဆတ် ခရိုင်တွင်းရှိ UWSA ၁၇၁ စစ်ဒေသကြားရှိ စစ်ရေးအရ အရေးပါသောနေရာ တွင် NDAA ရှိနေသည်။ သို့ဖြစ်ရာ NCA လက်မှတ်ထိုးရေးကဲ့သို့ အရေးကြီးသည့် ကိစ္စရပ်များတွင် UWSA နှင့်ညှိနှိုင်းရန် လိုအပ်သည်ကို ကောင်းစွာ သိကြသူများဖြစ်သည်။

UWSA တပ်ဖွဲ့ NCA လက်မှတ်မထိုးဘဲ NDAA လက်မှတ်ထိုးရန် မဖြစ်နိုင်ပေ။ ထိုသို့ ကွဲလွဲမှု ကြီးမားပါက NDAA ဒေသ တွင်း မတည်ငြိမ်မှုများ ဖြစ်ပွားလာနိုင်ပြီး ရလဒ်ကောင်း မထွက်နိုင်သည်ကို ကောင်းစွာသိပြီးဖြစ်သည်။ ဤအခြေအနေကို တပ်မတော်ကလည်း ကောင်းစွာ သဘောပေါက်နိုင်ပေသည်။

ထိုသို့သောအခြေအနေတွင် NDAA ခေါင်းဆောင်များ ၂၁ ပင်လုံသို့ လာပြီး UWSA ခေါင်းဆောင်များ မလာခြင်းနှင့် ပတ် သက်၍ သုံးသပ်ရလျှင် ထိုအဖွဲ့များ၏ အင်အားအခြေအနေပေါ်တွင် တည်သည်ဟု ဆိုရမည်။ နိုင်ငံရေးဆွေးနွေးပွဲများတွင် အင်အားကြီးသူက မိမိရည်မှန်းချက်အတွက် မာမာထန်ထန် ရပ်တည်လေ့ရှိသော်လည်း အင်အားနည်းသူ (ဝါ ) အင်အား မလုံလောက်သူများအနေနှင့် ပျော့ပျောင်းစွာ ရပ်တည်ပြီး မိမိရည်မှန်းချက်အား အကောင်အထည်ဖော်လေ့ရှိကြသည်ဟု ဆိုရပါမည်။

မိုင်းလားဒေသ အုပ်ချုပ်ရေးပုံစံနှင့် ရှမ်းပြည်နယ်အခြားဒေသများ

NDAA ထိန်းချုပ်ရာဒေသ အုပ်ချုပ်ရေးပိုင်းတွင် ရှမ်း၊ အခါနှင့် ယခင် CPB ကာလက တိုက်ခိုက်ရေးအတွေ့အကြုံရှိ တပ်မှူး ဟောင်းများ မျှပြီး ဖွဲ့စည်းထားသည်ဟု ဆိုခဲ့ပြီးဖြစ်ပါသည်။ ဆီလူးဒေသ ပါဝင်ဖွဲ့စည်းပြီးနောက် လက်ရှိအခြေအနေတွင် လူဦး ရေ၏ သုံးပုံတပုံက အခါများ သုံးပုံနှစ်ပုံက ရှမ်းများဖြစ်နိုင်ပါသည်။

အချို့က ဒေသတခုကို ကြည့်လျှင် အဓိအများ စုလူမျိုးက ဘယ်လူမျိုးစုဖြစ်သည်ဆိုသည့်အမြင်နှင့် ကြည့်ကြသည်။ သို့ သော် အုပ်ချုပ်ရေးပုံစံတွင် မိုင်းလားဒေသကဲ့သို့ လူမျိုးစုံ ရောပြွန်းနေသည့် ဒေသများတွင် အချိုးပါဝင်သည့် အုပ်ချုပ်ရေး ပုံစံသည် လိုအပ်ပြီး တည်ငြိမ်မှုပေးသည်ကို သတိပြုရန် လိုအပ်ပါသည်။

မိုင်းလားပုံစံသည် အသစ်မဟုတ်ပါ။ တရုတ်ပြည်ရှိ လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများတွင် သုံးလေ့ရှိသည့် ပုံစံဖြစ် သည်။ မြန်မာနိုင်ငံ မူဆယ်ခရိုင်နှင့် ဆက်စပ်နေသည့် ရွှေလီဒေသသည် တေဟုန်တိုင်း ရှမ်းကချင် ကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်းလက်အောက်ခံဖြစ်သည်။

တိုင်းမြို့တော်သည် ရွှေလီမှ ကီလိုမိုင် ၈၀ ခန့်အကွာတွင်ရှိသည့် မန်စီခေါ် မုန်းခွမ်ဖြစ်သည်။ အဆိုပါ တေဟုန်တိုင်း အောက်တွင် ရှမ်းကချင် ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်များဖြစ်သည့် ရွှေလီ၊ လုံချွမ်၊ ယင်ကျန်း စသည့်ခရိုင်များရှိသည်။ အဆိုပါ ရှမ်းကချင်ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းအတွင်း အစိုးရရုံးဆိုင်းဘုတ်များ လမ်းညွှန်အားလုံးကို တရုတ်၊ ရှမ်း၊ ကချင်ဘာသာ စကား ၃မျိုးဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

ထိုဒေသတွင် ရှမ်းပြည်ကဲ့သို့ပင် မြေပြန့်တွင် ရှမ်းရွာများ မြို့များရှိကြပြီး တောင်တန်းအားလုံးလိုလိုတွင် ကချင်လူမျိုးများ နေထိုင်ကြသည်။ သို့ဖြစ်ရာ လူမျိုး နှစ်မျိုးလုံးနှင့် သက်ဆိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းအဖြစ် သတ်မှတ်ပြီး အုပ်ချုပ် ရေး ဥပဒေပြုရေးတို့တွင် ထိုလူမျိုးနှစ်ခုလုံးအား ကိုယ်စားပြုသူများ ပါဝင်ခွင့်ရရှိခဲ့သည်။

ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုးသာမက အခြားတိုင်းရင်းသားလူမျိုးများရှိနေကြသည်။ ၂၀၀၈ အခြေခံဥပဒေအရ “ဝ” ကိုယ် ပိုင်အုပ်ချုပ်ရေးဒေသ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ပလောင်ကိုယ်အုပ်ချုပ်ရေးဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ရေး ဒေ သ၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဟူ၍ ရှမ်းပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၅ ခု ရှိသည်။ သို့သော် ထိုအထဲမှ ဝ၊ ပအို့ဝ်၊ ပလောင်တို့က ပြည်နယ်အဆင့်ထိ တိုးမြှင့်ပေးရန် တောင်းဆိုနေသည်ကို တွေ့ရသည်။

ပြဿနာတခုမှာ ထိုရှမ်းပြည်နယ်တွင်းရှိ အချို့မြို့နယ်များတွင် လူဦးရေအချိုးအစားသည် မတိမ်းမယိမ်း ရောယှက်နေ သည်ကို တွေ့ရရာ တိုင်းရင်းသားပြဿနာကို ဖြေရှင်းရာတွင် စဉ်းစားဖွယ်ဖြစ်သည်။ ဥပမာအားဖြင့် နမ်ခမ်းမြို့နယ်သည် ရှမ်းပြည်နယ်အတွင်းရှိပြီး ရှမ်းမြို့ဟု လူသိများသည်။

အမှန်ပင် မြို့ပေါ်၌ ရှမ်းလူဦးရေ များသည်။ သို့သော် လူဦးရေ တသိန်း တသောင်းခန့်ရှိသည့် နမ့်ခမ်းမြို့နယ်တွင် ရှမ်းက ငါးသောင်းငါထောင်ခန့် ပလောင် ငါးသောင်းခန့်နှင့် အခြား ငါးထောင် ခန့်ရှိသည်ဟုဆိုပါသည်။ ရှမ်းနှင့် ပလောင် လူဦးရေ ငါးထောင်ခန့်သာ ကွာသည်ဖြစ်ရာ ကွာခြားမှု သိပ်မကြီးဟု ဆိုနိုင်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

ဆက်စပ်ဖတ်ရှုရန် ။ ။ ဝနဲ့ မိုင်းလား ပဋိပက္ခကို အနီးကပ်ကြည့်ရှုခြင်း (ပထမပိုင်း)

Loading