ဆောင်းပါး

မြန်မာ့ ဒီမိုကရေစီ စိန်ခေါ်မှုများ ဆွေးနွေးကြတဲ့ မြန်မာ့အရေး ညီလာခံ

အရပ်သား အစိုးရတရပ် အာဏာရရှိလာပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများ ရှိနေကြောင်း ပြီးခဲ့သည့် သီတင်းပတ် ကုန်ရက်များတွင် အမေရိကန်နိုင်ငံရှိ မြောက်ပိုင်း အီလီနွိုက် တက္ကသိုလ် (Northern Illinois University – NIU) ၌ ပြုလုပ်ခဲ့သော ၁၂ ကြိမ်မြောက် နိုင်ငံတကာ မြန်မာ့အရေး လေ့လာရေး (International Burma Studies) ညီလာခံတွင် သုတေသီများက ပြောကြသည်။

အီလီနွိုက် ပြည်နယ်၊ ဒက်ကလပ်ဘ် (DeKalb) မြို့ရှိ NIU ၏ မြန်မာနိုင်ငံ လေ့လာရေး စင်တာနှင့် ပူးပေါင်း၍ အောက်တိုဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်ခဲ့သော အခမ်းအနားသို့ ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ နှင့် မြန်မာ့ အနုပညာ၊ သမိုင်း၊ နိုင်ငံရေးနှင့် ဘာသာရေး လေ့လာသည့် ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြသည်။ ၃ ရက် အတွင်း ဆွေးနွေးပွဲ ၃၅ ခု ကျင်းပခဲ့ပြီး နိုင်ငံရေးပါဝင်မှု နှင့် အမွေအနှစ် ထိမ်းသိမ်းစောင့်ရှောက်ရေးမှသည် ဘာသာရေး ဖော်ပြသတ်မှတ်ခြင်း အထိ အကြောင်းအရာ ခေါင်းစဉ် အမျိုးမျိုး ပါဝင်ခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မြို့များဖြစ်သည့် သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင် နှင့် လားရှိုးမြို့များတွင် လတ်တလော ကွင်းဆင်း လေ့လာခဲ့သည့် အချက်အလက်များကို အခြေပြု၍ Human Rights Watch အဖွဲ့၏ အာရှဌာနခွဲမှ အကြီးတန်းသုတေသီ ဒေးဗစ် မက်သီဆန် (David Mathieson) က မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများ လေ့လာအကဲဖြတ်မှုကို ဦးတည်သည့် ဆွေးနွေးမှုတွင် ဟောပြောခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မှ လက်တွေ့ အခြအနေများ နှင့် မြန်မာနိုင်ငံ လေ့လာရေး ပညာသင်ဆု တို့ကို ထပ်မံချိတ်ဆက်နိုင်ရန် ဆွေးနွေးမှုကို ပုံဖော်ခဲ့ခြင်း ဖြစ်ကြောင်း အခမ်းအနားကို စီစဉ်ကျင်းပသူများက ပြောသည်။

“မြန်မာနိုင်ငံမှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ရတာတွေ ဆက်လက်ပြီး ရှိနေတာကို လုံလုံလောက်လောက် အလေးပေး အာရုံစိုက်မှု မရရှိပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းက အဲဒါကို အာရုံစိုက်သင့်ပါတယ်” ဟု ဒေးဗစ် မက်သီဆန်က ပြောသည်။ မြန်မာ နိုင်ငံ မြောက်ပိုင်းမှ ပဋိပက္ခဖြစ်ပွားနေသည့် နေရာများတွင် လုပ်ကိုင်နေသည့် လူမှုအသိုင်းအဝိုင်း အခြေပြု အဖွဲ့များမှ လတ်တလော ကောက်ယူခဲ့သည့် အကြမ်းဖက်မှုဆိုင်ရာ သက်သေ အထောက်အထားများကို သူက ထောက်ပြခဲ့သည်။ အဆိုပါ ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်များကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ လက်တွေ့မျက်မြင် အခြေအနေကို အခြေခံသည့် သုတေသန ပြုလုပ်ခြင်း အလွန်နည်းပါးနေသည်ဟု ယူဆကြောင်းလည်း ဒေးဗစ် မက်သီဆန်က ပြောသည်။

ကွန်ဖရင့်ကို စီစဉ်သူများထဲမှ တဦးဖြစ်သည့် သြစတြေးလျ အမျိုးသား တက္ကသိုလ် (ANU) မှ ကထိက ဒေါက်တာ ဂျိန်း ဖာဂူဆန် (Jane Ferguson) ကလည်း လူမှုရေး သိပ္ပံနယ်ပယ်မှ မြန်မာ့အရေး လေ့လာကြသည့် ပညာရှင်များက ကွဲပြားခြားနားသည့် ချဉ်းကပ်မှုများ ပေါင်းစပ် ဆောင်ရွက်ခြင်းက လက်နက်ကိုင် ပဋိပက္ခကို နားလည်ရန် အတွက် အထောက်အကူ ဖြစ်ကြောင်း ပြောခဲ့သည်။

“ဒီကွန်ဖရင့်က အဲဒီ အမြင်တွေကို တယောက်နဲ့ တယောက် ပြောဆိုဆွေးနွေးနိုင်မယ့် ကွန်ဖရင့်မျိုးပါ” ဟု သူက ဧရာဝတီ သို့ အောက်တိုဘာလ ၁၀ ရက်နေ့က ပြောသည်။

လက်နက်ကိုင် ပဋိပက္ခနှင့် ပတ်သက်သည့် ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ၀ါရှင်တန် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ ကျောင်းသား တဦးဖြစ်သော ဂျွန် ဘူချာနန် (John Buchanan) က မြန်မာနိုင်ငံ၏ ကာလ ရှည်ကြာခဲ့ပြီ ဖြစ်သော ပြည်တွင်းစစ်ကို နောက် ထပ်လေ့လာ သုံးသပ်မှုများ ပြုလုပ်ရန် ထောက်ခံခဲ့သည်။

“တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှု အများအပြားက ဒီမိုကရေစီခေတ်လို့ ဆိုနိုင်တဲ့ ကာလတခု အတွင်းမှာ စတင်ခဲ့တာ ဖြစ်ပါတယ်” ဟု သူက ထောက်ပြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါစ ဝန်ကြီးချုပ် ဦးနု ဦးဆောင်သည့် ၁၉၅၀ နှစ် များအတွင်းကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ ထိုကာလ အတွင်းမှာပင် ရှမ်းပြည်နယ်၌ စစ်ရေးလှုပ်ရှားမှုနှင့် စစ်အုပ်ချုပ်မှု တိုးလာခြင်း၊ အရပ်သား လွတ်လပ်ခွင့်များ ရပ်ဆိုင်းသွားခြင်းနှင့် အဓမ္မ စစ်မှုထမ်းခိုင်းခြင်း များရှိနေခဲ့သည်ဟု ဂျွန် ဘူချာနန်က ထပ်ပြောသည်။

အဆိုပါ ကိစ္စများ၏ ဂယက်ရိုက်မှုများ ကြီးမားကြောင်း၊ တိုင်းပြည်အတွင်းမှ ကွဲပြားခြားနားသည့် နိုင်ငံရေး တိုက်ပွဲများနှင့် လိုလားချက်များကို အသိအမှတ်ပြုမှုတခု လိုအပ်ကြောင်း သူက ပြောသည်။

“မြန်မာနိုင်ငံ အတွက် စိန်ခေါ်မှုတွေက ဒီမိုကရေစီ အစိုးရတခု ရှိလာဖို့ထက် ပိုနိုင်ပါတယ်” ဟု ဂျွန် ဘူချာနန် က ပြော သည်။

၀ါရှင်တန် တက္ကသိုလ်မှ မနုဿဗေဒ ပါရဂူတန်း ကျောင်းသူ တယောက်ဖြစ်သည့် ဂျူအန် လူး (Juan Luo) က တရုတ် -ကချင် နယ်စပ်မှ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် နိုင်ငံရေး အသွင်ကူးပြောင်းမှု စတင်သည့် အချိန်မှစ၍ ဒေသတွင်း အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများအပေါ် အသိအမှတ်ပြုမှုက ပိုပြီး ခက်ခဲလာသည် ဟု ပြောသည်။

“အကူအညီပေးရေး အဖွဲ့အစည်းတွေက ကချင်ပြည်နယ် အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်ရပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ဗဟို အစိုးရကနေ တဆင့်သွားနေရတယ်” ဟု သူက ပြောသည်။ နိုင်ငံရေး စနစ်ကို ဒီမိုကရေစီ အဖြစ် ပြောင်းလဲ ဖြစ်ပေါ်လာရေးအတွက် “တနိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ အဆင့်အတန်းကို တိုးမြှင့်ပေးရပါမယ်” ဟု ဂျူအန် လူးက ထောက်ပြသည်။

Human Rights watch ကဲ့သို့သော အဖွဲ့အစည်းများ ပဋိပက္ခဒေသများတွင် သုတေသန လုပ်နိုင်လာခြင်း ကဲ့သို့သော တိုးတက်မှုများကို အသိအမှတ် ပြုသော်လည်း နိုင်ငံရေး အသွင်ကူးပြောင်းမှုတွင် ကန့်သတ်ချက်များ ရှိနေကြောင်း ကွန်ဖရင့်ကို ဦးဆောင် ကျင်းပသူများက အလေးထား ပြောကြားခဲ့ကြသည်။

“အစိုးရကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ဝေဖန်လို့ရပါတယ်။ ဒါပေမယ့် ရှေ့တန်းမှာ မြန်မာ စစ်တပ်ရဲ့ ပြုမူဆောင်ရွက်ပုံနဲ့ ပတ်သက်လို့ ဝေဖန်လို့ မရဘူး” ဟု ဒေးဗစ် မက်သီဆန်က ပြောသည်။ တိုင်းရင်းသူ အမျိုးသမီး အဖွဲ့အစည်းများက ရှမ်းပြည်နယ်တွင် တပ်မတော်၏ ညှဉ်းပမ်း နှိပ်စက်မှုများ နှင့် တရားလက်လွတ် သတ်ဖြတ်မှုများကို မှတ်တမ်း ကောက်ယူရာတွင် ကန့်သတ်တားမြစ်မှုများ ရှိခဲ့သည်ကို သူက ထောက်ပြသည်။

နိုင်ငံရေး အကျဉ်းသားဟောင်း ၃ ဦး ဖြစ်သည့် စာရေးဆရာမ ဒေါက်တာ မသီတာ၊ ဧရာဝတီ၏ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး နှင့် ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့ ပါဝင်ခဲ့သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုမှ မီဒီယာ၏ အခန်းကဏ္ဍနှင့် ပတ်သက်သော ဆွေးနွေးပွဲတွင်လည်း စိန်ခေါ်မှုများ ဆက်လက်ရှိနေကြောင်း အသိအမှတ်ပြုခဲ့သည်။ “ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း” စာနယ်ဇင်း လွတ်လပ်ခွင့် နှင့် ပတ်သက်သည့် ဆွေးနွေးမှု တခုတွင် သူတို့က ပြောသည်။ အစိုးရပိုင် သတင်းမီဒီယာများ ဆက်လက် ရှိနေခြင်းက တိုင်းပြည်၏ နိုင်ငံရေး အပြောင်းအလဲတွင် ကန့်သတ်မှုများ ရှိနေကြောင်း ဖော်ပြခြင်း ဖြစ်သည်။

“ကျမတို့က စစ်အစိုးရ မဟုတ်တဲ့ အရပ်သား အစိုးရတခုကိုပဲ လိုချင်တာ မဟုတ်ပါဘူး။ ကျမတို့က စစ်မှန်တဲ့ အပြောင်းအလဲ ကိုလိုချင်တာပါ” ဟု မသီတာ ကပြောသည်။ တဦးချင်း အခွင့်အရေးများကို အခိုင်အမာ ကာကွယ်ပေးခြင်း နှင့် နိုင်ငံရေးတွင် အောက်ခြေ မှ ပိုမို၍ ကျယ်ကျယ် ပြန့်ပြန့် ပိုမိုပါဝင်နိုင်ရေး လိုအပ်ကြောင်းကိုလည်း သူက အလေးအနက် ပြောသည်။

မြန်မာနိုင်ငံ လေ့လာရေး နယ်ပယ်အတွင်း၌ ကွန်ဖရင့် နောက်ပိုင်းနှင့် အနာဂတ်တွင် ဆောင်ရွက်ရမည်များ နှင့် ပတ်သက်၍ တက်ရောက်လာကြသူများက အားလုံးပါဝင်နိုင်ရေးကို ထောက်ခံခဲ့ကြသည်။

ဒစ်ကင်ဆန် ကောလိပ် (Dickinson College) မှ ဒုတိယနှစ် ကျောင်းသူ နန်းမိုဆိုင် က အရင်းအမြစ်များ ခေတ်မမီတော့ခြင်းမှသည် ဘာသာပြန်သူများ လိုအပ်နေခြင်း၏ သုတေသီများ ရှင်းပြသွားသည့် စိန်ခေါ်မှုများကို နားထောင်ပြီးနောက် မြန်မာနိုင်ငံကို လေ့လာသည့် နိုင်ငံတကာ ကွန်ရက်က သုတေသန လုပ်ငန်းများ ဆောင်ရွက်သည့်အခါ မြန်မာနိုင်ငံမှ ပြည်တွင်း ကျောင်းသား ကျောင်းသူများ နှင့် ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း သို့မှသာ အဆိုပါလုပ်ငန်းများက မြန်မာပြည်သူများအတွက် တန်ဖိုးပိုမို ကျယ်ပြန့်လာမည် ဖြစ်ကြောင်း ပြောသည်။ သူက လားရှိုးနှင့် ရန်ကုန်တွင် နေထိုင်ခဲ့သူ ဖြစ်သည်။

ဒေသတွင်းတွင် အသိပညာ ဖလှယ်ရေးနှင့် နိုင်ငံတကာ ပညာရှင်များနှင့် အသိပညာဖလှယ်ရေးက မြန်မာ နိုင်ငံဆိုင်ရာ လေ့လာရေး အစီအစဉ်၏ အစိတ်အပိုင်းတခု ဖြစ်သည်ဟု ဂျိန်း ဖာဂူဆန် က ပြောသည်။

အသက် ၁၉ နှစ်အရွယ် နန်းမိုဆိုင်က မြန်မာနိုင်ငံမှ တခြားလူငယ်များ၏ တင်ဆက်မှုများကို မြင်ရခြင်း နှင့် လူမျိုးစုံလင်စွာ တက်ရောက်ခဲ့သည်ကို မြင်ရသည့်အတွက် ဂုဏ်ယူကြောင်း ပြောသည်။ ကွန်ဖရင်းသို့ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ၂၆၀ ကျော် တက်ရောက်ခဲ့သည်။

“ရနိုင်သမျှ အရင်းအမြစ်တွေ၊ ပြင်ပက အကူအညီတွေနဲ့ ကျမတို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ကျမတို့ ရဲ့ အကြီးမားဆုံး ဆန္ဒကတော့ ကွန်ဖရင့်မှာ တတ်နိုင်သလောက် ပါဝင်လာကြဖို့ ဖြစ်ပါတယ်” ဟု ဂျိန်း ဖာဂူဆန်က ပြောသည်။ ကျောင်းသူ ကျောင်းသားများအတွက် စာရင်းသွင်း မှတ်ပုံတင်ကြေးကို လျှော့ချပေးခဲ့ကြောင်းလည်း သူက ပြောတယ်။

The International Burma Studies ကွန်ဖရင့်ကို ၂ နှစ် တကြိမ် ကျင်းပခြင်းဖြစ်ပြီး NIU က ၄ နှစ် တကြိမ် အိမ်ရှင် အဖြစ် လက်ခံပြုလုပ်ပေးသည်။ နောက်ဆုံး ကျင်းပခဲ့သည်မှာ ၂၀၁၄ ခုနှစ်က စင်ကာပူနိုင်ငံတွင် ဖြစ်သည်။ ၂၀၁၈ ခုနှစ် တွင် ပြုလုပ်မည့် နေရာကိုမူ အတည် မပြုရသေးပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Sally Kantar ၏ Burma Studies Conference Highlights Limits to Democratic Change ကို ဘာသာပြန်ဆိုသည်။)

Loading