ဆောင်းပါး

ဝနဲ့ မိုင်းလား ပဋိပက္ခကို အနီးကပ်ကြည့်ရှုခြင်း (နိဂုံး)

၂၀၁၅ ရွေးကောက်ပွဲတွင် ၂၀၀၈ အခြေခံဥပဒေအရ နမ့်ခမ်းမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ၂ ဦး၊ ပြည်သူ့ လွှတ်တော်အမတ် ၁ ဦး၊ အမျိုးသားလွှတ်တော်အမတ် ၁ ဦး ရွေးချယ်ခွင့်ရခဲ့သည်။ ၂၀၁၅ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြရာ လူဦးရေ ငါးထောင် ပိုနည်းသည့် ပလောင်လူမျိုးများအား ကိုယ်စားပြုသည့် TNP တအန်းအမျိုးသား ပါတီ က အမတ် ၄ နေရာလုံးတွင် အနိုင်ရခဲ့သည်။

ဤသို့ အနိုင်ရခဲ့ခြင်းသည် တအန်းပလောင်တို့၏ အမျိုးသားစိတ်ဓာတ်နိုးကြားမှုကြောင့်နှင့် ဆိုင်သကဲ့သို့ လူဦးရေ ငါး ထောင်ခန့် ပိုများသည့် ရှမ်းလူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီများ က ကျားခေါင်းနှင့် ကျားဖြူ ဟူ၍ ကွဲပြားနေ၍လည်း ဖြစ်သည်။

အကယ်၍သာ နောက်တကြိမ် ရွေးကောက်ပွဲတွင် ရှမ်းလူမျိုးကိုယ်စားပြု ပါတီများ ညီညွတ်သွားပါက လူဦးရေအရ ရှမ်း ပါ တီများ အနိုင်ရဖွယ်ရှိသည်ဟု ဆိုရပါမည်။ သို့သော်စဉ်းစားရမည်က ဤကဲ့သို့သော ဒေသမျိုးတွင် လူမျိုးတခုကို ကိုယ်စား ပြု ပါတီတခု အနိုင်ရခြင်းသည် တရားမျှတပါ၏ လောမှန်ကန်ပါ၏လော။ ဒေသတွင်း လူမျိုးစုပြည်သူများကို အမှန်တကယ် ကိုယ်စားပြုပါ၏လော၊ ပြဿနာကို အမှန်တကယ်ဖြေရှင်းနိုင်ပါ၏လော ဆိုခြင်းဖြစ်ပါသည်။

တကယ်တမ်းအားဖြင့်ဆိုလျှင် ထိုသို့သော မြို့နယ်များတွင် ရှမ်းပါတီ သို့မဟုတ် တအန်းပါတီ တခုခုသာ အုပ်ချုပ်ရေး ဥပ ဒေပြုရေးတွင် နေရာရရှိပါက ထိုဒေသအုပ်ချုပ်ရေး တည်ငြိမ်ရေးအရဖြစ်စေ ကိုယ်စားပြုမှုအရ ဖြစ်စေ မျှတမည်မဟုတ်ပေ။

ထိုလူမျိုး နှစ်ခုစလုံးမှ အချိုးကျ ပါဝင်နိုင်မှသာ မျှတပေမည်။ လူဦးရေအချိုးအစားအရ မတိမ်းမယိမ်း မဟုတ်တောင်မှ သုံးချိုးတချိုး သို့မဟုတ် လေးချိုးတချိုးဖြစ်တောင်မှ ဥပဒေပြုရေး အုပ်ချုပ််ရေးတွင် အချိုးကျ ပါဝင်နိုင်မှသာ မျှတမည်။ ထိုဒေ သအား တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်ပေမည်။ ထို့ကြောင့် အဓိက ဟုဆိုသည့် အင်္ဂလိပ်ဘာသာဖြင့် မေဂျာရတိီက မည် သူလူမျိုးဖြစ်သည်ဆိုသည်နှင့် ပြဿနာ မဖြေရှင်းနိုင်။ ဒေသ တည်ငြိမ်အေးချမ်းမှုကို ဖန်တီးမပေးနိုင်။

သို့ဖြစ်ရာ NDAA ဒေသ အုပ်ချုပ််ရေးပုံစံဖြစ်သည့် လူမျိုးများ အချိုးကျ စုပေါင်းအုပ်ချုပ််သည့်ပုံစံသည် မြန်မာပြည်ရှိဒေသ အချို့ ရှမ်းပြည်နယ်ရှိဒေသအချို့အတွက် သင့်လျော်မှု ရှိမရှိအား ထည့်သွင်းတွက်ချက်သုံးသပ်ကြရန် လိုအပ်ပေလိမ့်မည်။ အချက်အလက် မှန်ကန်ဖို့ လိုသည်။

လက်ရှိကာလတွင် အကြောင်းအချင်းအရာတခုအား အထူးပြုလေ့လာသည့် နိုင်ငံရေး လေ့လာသုံးသပ်သူများသည် လည်း ကောင်း အကြီးတန်းသတင်းထောက်များသည်လည်းကောင်း သုံးသပ်ချက်များအား ရေးသားဖော်ပြလေ့ရှိကြသည်။

ထိုသို့ သုံးသပ်ရာတွင် မတူသော အမြင်အယူအဆများကို တွေ့ရသည်မှာ သဘာဝကျသည်ဟု ဆိုရမည်။ သို့သော် မည် ကဲ့သို့ ယူဆသုံးသပ်သည်ဖြစ်စေ မြေပြင်အချက်အလက် သမိုင်းအချက်အလက်များ မှန်ကန်ရန်တော့ လိုအပ်သည်။ မှားယွင်းသောအချက်အလက်များပေါ်မှ မှန်ကန်သော သုံးသပ်ချက်မရရှိနိုင်ပေ။

ယခုတလော ဖြစ်ပွားနေသည့် ဝ/ မိုင်းလားဒေသ သတင်းများနှင့် ပတ်သက်၍ သုံးသပ်ချက်များစွာ တွေ့ရသည်။ သတင်း ထောက်တဦး သုံးသပ်ချက်မှာမူ မှားယွင်းသော သမိုင်းအချက်အလက်များကို အသုံးပြုထားသည်ကို တွေ့ရသည်။

ပထမအချက်အနေနှင့် သူ၏ သုံးသပ်ချက်တနေရာတွင် “ရှမ်းလက်နက်ကိုင်တို့၏ ပင်မအဖွဲ့အစည်းဖြစ်သည့် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီမှာလည်း ဗကပ လက်အောက်ခံဖြစ်ခဲ့သည်” ဟူ၍ လည်းကောင်း၊ “ဗကပ အောက်သို့ ရှမ်း ပြည်တိုးတက်ရေးပါတီ SSPP/SSA ရောက်ပြီး နောက်တွင်လည်း ထိုင်းနယ်စပ်ရှိ ဗိုလ်မိုးဟိန်း၏ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ SURA နှင့် ဗကပ လက်အောက်ရှိ SSPP/SSA တပ်များ ရံဖန်ရံခါ တိုက်ခိုက်မှုများ ရှိခဲ့ပါသည်”ဟူ၍ လည်းကောင်း ဖေါ်ပြခဲ့ သည်။

တကယ်တမ်းအားဖြင့်ဆိုလျှင် SSPP/SSA သည် မည်သည့်အခါကမှ ဗကပ လက်အောက်ခံ ဖြစ်ခဲ့ခြင်း မရှိခဲ့ပေ။ SSPP/ SSA သည် ၁၉၇၃ နှစ်ကုန်ပိုင်းမှစ၍ ဗကပနှင့် တွေ့ဆုံဆွေးနွေး၍ တပ်ပေါင်းစု ဖွဲ့ခဲ့သည်။ လက်နက်ခဲယမ်းမီး ကျောက် အကူအညီရယူခဲ့သည်။ တစုံတရာ ဒေသအလိုက် စစ်ရေးအရ ပူးတွဲလှုပ်ရှားမှု ရှိခဲ့သည်မှန်သော်လည်း မည်သည့်အခါမှ ဗကပ လက်အောက်ခံတပ်မဟုတ်ခဲ့ပေ။

SSPP /SSA တပ်ဖွဲ့စည်းခြင်း တာဝန်ပေးခြင်း ဒေသအုပ်ချုပ်ခြင်း ဘဏ္ဍာအခွန်ကိစ္စနှင့် လူထုစည်းရုံးခြင်း ကိစ္စအားလုံးအား ၎င်းတို့အဖွဲ့အစည်းက သာ လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ SSPP/SSA ခေါင်းဆောင်များ ဖြစ်ကြသည့် စဝ် ဆေထင်၊ စဝ်ပန်ဖတို့သည် မည်သည့်အခါမှ ဗကပ လက်အောက်ခံတပ်မှူးများ မဟုတ်ခဲ့ကြပေ။

အဆိုပါသတင်းထောက် မှားယွင်းနေသည်မှာ ဗိုလ်မိုးဟိန်း၏ SURA နှင့် မှားယွင်းနေပုံရသည်။ SURA ဗိုလ်မိုးဟိန်းနှင့် သူ့ တပ်သည် ၁၉၆၉ ခုနှစ်တွင် ခွန်ဆာ၏ လွယ်မော် ကာကွယ်ရေးတပ်နှင့် ပူးပေါင်းခဲ့ပြီး ခွန်ဆာ၏ MTA မုန်တိုင်းအာမီခေါ် ရှမ်းပြည်တပ်မတော်၏ တပ်ဖွဲ့ဝင်များ တပ်မှူးများ ဖြစ်ခဲ့ကြသည်။

ထို့ပြင် အဆိုပါ ခွန်ဆာ၏ MTA မှ ၁၉၉၅ ခုနှစ်တွင် ပြန်လည်ခွဲထွက်ခဲ့သော ယခင်ဗိုလ်မိုးဟိန်းအဖွဲ့ဝင် ဗိုလ်ကမ်းရွဲ ဦးစီးသည့် SSNA Shan State National Armyနှင့် ၁၉၉၆ တွင် ခွန်ဆာ၏ MTA မှ ခွဲထွက်ခဲ့သော စဝ်ရွက်ဆစ်ဦးစီး SSA-S ရှမ်းပြည်တောင်ပိုင်းတပ်မတော် တပ်မှူးများ တပ်ဖွဲ့ဝင်များသည်သာ ခွန်ဆာဦးစီး MTA လက်အောက်ခံတပ်ဖွဲ့များ ဖြစ်ခဲ့ကြ သည်။ တပ်ပေါင်းစုနှင့် လက်အောက်ခံတပ်ဖွဲ့ဝင်မှာ များစွာ ကွာခြားပေသည်။

အဆိုပါ သတင်းထောက်သည် SSPP /SSA နှင့် သတင်းအချက်အလက် မှားယွင်းဖေါ်ပြခဲ့ခြင်းမှာ ၂ ကြိမ်ရှိပြီဖြစ်သည်။ ၂၀၁၆ ဇူလိုင်လ ၂၆ မှ ၃၀ ရက်တွင်း ကျင်းပသည့် မိုင်ဂျာယန် ညီလာခံကျင်းပစဉ်ကာလကလည်း အဆိုပါညီလာခံအတွင်း “UWSA က ဝ ပြည်နယ်တောင်းဆိုသည်ကို SSPP က ကန့်ကွက်သည် ” ဟူ၍ သတင်းမှား ထုတ်ပြန်ခဲ့ဖူးသည်။

SSPP နှင့်UWSA တို့မှာ ကောင်းမွန်သော ဆက်ဆံရေးရှိရာ အဆိုပါ SSPP က ပြောဆိုခြင်းမရှိသည့် သတင်းမှားကြောင့် အဆိုပါ အဖွဲ့ ၂ ခုကြား ဆက်ဆံရေးထိခိုက်နိုင်၍ ညီလာခံတက်နေသော SSPP ကိုယ်စားလှယ်အဖွဲ့၏ သတိပေးခြင်းကို ခံခဲ့ဖူးသည်။

ထိုအခါက အဆိုပါ သတင်းထောက်သည် သတင်းပြန်ဖြုတ်ပေးခဲ့ရပြီး တောင်းပန်ခဲ့ရဖူးသည်။ အဆိုပါ သတင်းထောက် သတိပြုရန် လိုအပ်သည်မှာ မှားယွင်းသော သတင်းအချက်အလက်များ အသုံးပြုခြင်းသည် ကောက်ချက်ချမှားရုံမက အထင်လွဲမှားမှုနှင့် မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည် ဆိုခြင်းဖြစ်သည်။

ဒုတိယအချက်အနေနှင့် SSPP/SSA မှ မိုးဟိန်း ဦးစီးသော SURA ခွဲထွက်၍ ပဋိပက္ခဖြစ်ပွားခြင်းသည် ၁၉၆၉ ခုနှစ်က ဖြစ် ပြီး SSPP/SSA က ဗကပ နှင့်တပ်ပေါင်းစုဖွဲ့ခြင်းသည် နောက် ၄ နှစ်အကြာ ၁၉၇၃ ခုနှစ်မှ ဖြစ်သည်။ သတင်းထောက်က ရှမ်းပြည်ပဋိပက္ခများအား ဗကပ စနက်ကြောင့်ဟု ဆိုလိုချင်သည်ကို တွေ့ရသည်။

ဗကပတွင် အမှားများရှိသည်မှာ ငြင်းပယ်စရာမရှိပေ။ အမှားများရှိ၍ ပြိုကွဲခဲ့ရခြင်းဖြစ်သည်။ သို့သော် ရှမ်းပြည်ရှိ လက် နက်ကိုင်တပ်ဖွဲ့များ၏ ပဋိပက္ခများနှင့် ပတ်သက်၍ ဗကပကို ပုံချနေ၍ ပြဿနာ မဖြေရှင်းနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှမ်းပြည်နယ်တွင် အရှေ့မြောက် ဗကပတို့ အခြေမချနိုင်မီကပင် ရှမ်းတပ်နှင့် ပအို့ဝ်တို့ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြဖူးသည်။
အလားတူ ဗကပ ပြိုကွဲပြီးနောက်တွင်လည်း UWSA နှင့် MTA ကြား ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြဖူးသည်။ ထို့ပြင် ယခုချိန်ထိ RCSS နှင့် TNLA တိုက်ခိုက်နေကြဆဲဖြစ်သည်။ ပြဿနာဖြစ်သည့် အကြောင်းရင်းမှန်ကို ထောက်ပြနိုင်မှ ပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်ပေမည်။

သို့ဖြစ်ရာ လက်ရှိဖြစ်ပေါ်နေသော ဝ/ မိုင်းလားဒေသ သတင်းများအား သုံးသပ်ကြမည်ဆိုလျှင် သတင်းအချက်အလက် မှန် ကန်ရန်လိုသည်။ သမိုင်းအချက်အလက် မှန်ကန်ဖို့ လိုသည်။ သို့မှသာ မှန်ကန်သောကောက်ချက်ကို ရနိုင်သည်။ သတိပြု ရန် လိုအပ်သည်မှာ ဝ/ မိုင်းလားဒေသ အခြေအနေသည် ထူးခြားချက်မဟုတ်ပေ။

ရှမ်းလူမျိုးအများစုရှိနေသော ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများစွာ ရှိနေသည့်အချက် တိုင်းရင်းသား လက်နက် ကိုင်များစွာရှိနေသည့်အချက် ထိုအဖွဲ့များကြားမှ ပွတ်တိုက်မှုများအား သေချာစွာ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ သို့မှသာ တည်ရှိသည့် ပြဿနာကို မှန်ကန်စွာကြည့်မြင် ဖြေရှင်းနိုင်မည်။

ရှမ်းပြည်နယ်မှ လူမျိုးများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ

ဝ/ မိုင်းလားဒေသမှ သတင်းများထွက်ပေါ်လာပြီးနောက် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်မှာ ရှမ်းပြည်နယ်တွင်းရှိ တိုင်း ရင်းသားလူမျိုးများ ပြဿနာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ပြဿနာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် UWSA နှင့် NDAA တို့၏ ပွတ်တိုက်မှုမျိုးသည် ရှမ်းပြည်နယ်အတွင်း၌ ထူးခြားဖြစ်စဉ်မဟုတ်ဘဲ အကြိမ်ကြိမ်အခါခါ ဖြစ်ပွားနေသော ပြဿနာဖြစ်သည်။

ရှမ်းပြည်နယ်တွင်းရှိ အဓိကအများစုဖြစ်သော ရှမ်းလူမျိုးများကိုယ်စားပြု လက်နက်ကိုင်အဖွဲ့ကြီး ၂ ခုရှိသည်။ ပသစ (ပြည် သူ့ စစ်) ပုံစံနှင့် အဖွဲ့များစွာရှိသည်။ ထို့ပြင် ရှမ်းပြည်နယ်ရှိ အခြားတိုင်းရင်းသားလူမျိုးများဖြစ်ကြသည့် ကချင်၊ ပလောင်၊ ကိုးကန့်၊ ဝ၊ ပအို့ဝ်၊ အခါ၊ လားဟူ စသည့် လူမျိုးတိုင်းလိုလို လက်နက်ကိုင်အဖွဲ့များရှိသည်။

အချို့တိုင်းရင်းသားလူမျိုးဆိုလျှင် နှစ်ဖွဲ့မှ သုံးဖွဲ့ရှိတတ်သည်။ လူဦးရေ တသိန်းပြည့်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် တိုင်း ရင်းသားလူမျိုးထဲမှ လက်နက်ကိုင်အဖွဲ့မရှိ၊ ပသစ မရှိသည်မှာ ဓနုလူမျိုး တမျိုးသာရှိသည်။

ထို့ပြင် ရှမ်းပြည်နယ်ရှိ ဒေသအတော်များများမှာ ဒေသခံတိုင်းရင်းသားလူမျိုး တမျိုးမက နေထိုင်ကြသည်။ သို့ဖြစ်ရာ ကိုယ်စားပြု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားရာနယ်မြေများမှာလည်း ဒေသခံ တိုင်းရင်းသားလူမျိုးများ နေထိုင်မှုပုံစံအရလည်းကောင်း စစ်ရေးအရအချက်အချာကျမှုအပေါ် မူတည်၍လည်းကောင်း ရောထွေးပွတ်တိုက်မှု ရှိ သည်။

တဖက်တွင်လည်း ထိုတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် အစိုးရ တပ်မတော်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်ခြင်းမရှိသေးရာ စစ်ရေးအရ တင်းမာမှုများ စစ်ရေးတိုက်ပွဲအကြီး၊ အသေးများ ရင်ဆိုင်နေကြပေရာ ရှုပ်ထွေးမှု များစွာရှိပေသည်။

စစ်ရေးသည် နိုင်ငံရေး၏အဆက် ဟု ဆိုကြသည်။ နိုင်ငံရေးအရ မဖြေရှင်းနိုင်၍ စစ်ရေးအရ ဖြေရှင်းကြရသည်ဟု ဆိုကြ သည်။ လက်တွေ့ကျသည့် နိုင်ငံရေးပြဿနာမှာ ရှမ်းပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ပကတိ တည်ရှိနေ သော အခြေအနေများကို လက်တွေ့ကျကျ လေ့လာသုံးသပ်၍ အုပ်ချုပ််ရေး ဥပဒေပြုရေးတို့တွင် ဒေသခံတိုင်းရင်းသား လူ မျိုးများ ကိုယ်စားပြုသည့် ပါဝင်သည့် ဖက်ဒရယ်စနစ်တရပ် ဖော်ဆောင်ရေးဖြစ်သည်။

ထို အခြေအနေသစ်တရပ် ဖန်တီးထားသည့် အခြေအနေအောက်တွင် စစ်ရေးတိုက်ပွဲများကို လည်းကောင်း လက်နက်ကိုင် တပ်ဖွဲ့ချင်း ပွတ်တိုက်မှုများကိုလည်းကောင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များပြဿနာကိုလည်းကောင်း တဆင့်ချင်း ဖြေရှင်းသွားရန် လိုအပ်ပေလိမ့်မည်။

နိဂုံး

စစ်ပွဲများ တိုက်ပွဲများဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြားဖြစ်ပွားသော ပွတ်တိုက်မှုများမှ ဖြစ်ပေါ်လာတတ် သော လက်နက်ကိုင်ပဋိပက္ခများဖြစ်စေ ဆိုးကျိုးသာဖြစ်ပွားစေသည်။ တိုက်ရိုက်အားဖြင့် ဒေသခံများ စစ်ဘေးစစ်ဒဏ် တိုက်ရိုက်သင့်စေသည်။ တပြည်လုံး စစ်အသုံးစားရိတ်ဒဏ် ပိစေပြီး တိုင်းပြည်ကို ဆင်းရဲတွင်းထဲသို့ ဆွဲသွင်းပေလိမ့်မည်။

တိုင်းရင်းသားပြဿနာကို မှန်ကန်စွာကြည့်မြင် သုံးသပ်ဖြေရှင်းနိုင်မှသာလျှင် တိုင်းရင်းသားဒေသ စစ်ပွဲပြဿနာကို ဖြေရှင်း နိုင်ပေလိမ့်မည်။ ထို့အတူ ပြဿနာကို ပြေလည်စွာ ဖြေရှင်းနိုင်ရေးကို ရှေ့ရှုရန် လိုသည်။ ပြဿနာကို ပိုမိုကြီးထွားစေရန် မီးမွှေးပါက လူထုအကျိုးမရှိဟု သုံးသပ်ရပေသည်။

(မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)

ဆက်စပ်ဖတ်ရှုရန်

ဝနဲ့ မိုင်းလား ပဋိပက္ခကို အနီးကပ်ကြည့်ရှုခြင်း (ပထမပိုင်း)

ဝနဲ့ မိုင်းလား ပဋိပက္ခကို အနီးကပ်ကြည့်ရှုခြင်း (ဒုတိယပိုင်း)

Loading