ဆောင်းပါး

RSO နှင့် မူဂျာဟစ်ဒင် နောက်ခံသမိုင်း

ရခိုင်ပြည်နယ် မောင်တော တိုက်ခိုက်ခံရမှုတွင် RSO (Rohingya Solidarity Organization) ဆိုသော လက်နက်ကိုင်အဖွဲ့၏ အမည်က ပြန်လည်ပေါ်ထွက်လာခဲ့သည်။ သို့သော် အစိုးရကမူ RSO ၏ လက်ချက်ဟု အတိအလင်း ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိသေးပေ။

မောင်တောရဲကင်းများ တိုက်ခိုက်ခံရခြင်းသည် RSO လက်ချက်လား လူအများက သိချင်ကြသလို RSO ဆိုတာ ဘယ်လိုအဖွဲ့လည်း စိတ်ဝင်စားလာကြသည်။

RSO လက်နက်ကိုင်အဖွဲ့ မပေါ်ပေါက်ခင် ရခိုင်ပြည်နယ်ရှိ မေယုခရိုင် (ဘူးသီးတောင်-မောင်တော) တွင် မူဂျာဟစ်ဒင် ခွဲထွက်ရေး လက်နက်ကိုင်သောင်းကျန်းသူများ ရှိခဲ့ဖူးသည်။
မူဂျာဟစ်ဒင် လက်နက်ကိုင် သောင်းကျန်းသူများသည် ရခိုင်မြောက်ပိုင်းကို ကြီးစိုးနေခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။ ဒီနေရာတွင် ၁၉၄၀ ကာလများက ရခိုင်ပြည်နယ်၏ အနေအထားသမိုင်းကြောင်းကို အနည်းငယ်တော့သိဖို့လိုသည်။

ရခိုင်အပါအဝင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်တွင် ကျရောက်နေချိန်ဖြစ်သည်။ လွတ်လပ်ရေးကိုကြိုးပမ်းနေသော ကာလဖြစ်သည်။ ဗြိတိသျှ အုပ်ချုပ်စဉ်ကာလမှာလည်း မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာ၊ ရခိုင်နှင့် အခြားတိုင်းရင်းသားများ အကြားတွင် ပဋိပက္ခများ ရှိနေခဲ့ပြီးသားဖြစ်သည်။

ဂျပန်တွေ မြန်မာပြည်သိမ်းပြီး ဗြိတိသျှနယ်ချဲ့တွေ ဆုတ်ပြေးတဲ့ အချိန်မှာ ရခိုင်၏ အုပ်ချုပ်ရေးပျက်ခဲ့သလို လက်နက် ခဲယမ်းမီးကျောက်နှင့် ဒုစရိုက်မှုများလည်း အခြားနယ်များမှာကဲ့သို့ အများအပြားရှိခဲ့တာ တွေ့ရသည်။

၁၉၄၂ ဧပြီလအတွင်း ဗြိတိသျှတွေက ရခိုင်နယ်စပ်တွင် Force V ကို တည်ထောင်ပြီး မွတ်ဆလင်တွေကို အဲဒီတပ်ထဲကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ Force V ရဲ့ အဓိက အလုပ်ကတော့ မြေပြင်ထောက်လှမ်းရေး သတင်းရှာဖွေခြင်း၊ ဗြိတိသျှ လေတပ်က ပျက်ကျတဲ့ လေယာဉ်တွေ၊ ပိုင်းလော့တွေ ရှာဖွေကယ်ဆယ်ရေးလုပ်ခြင်း၊ ကင်းလှည့်ခြင်းနဲ့ ဂျပန်တွေနဲ့ ပူးပေါင်းသူတွေကို ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆိုသည့် အလုပ်များဖြစ်သည်။

၁၉၄၄ ဇန်နဝါရီလတွင် ဗြိတိသျှတပ်များ မြန်မာပြည်ကို ပြန်သိမ်းသည့်အခါတွင်လည်း ရခိုင်ပြည်မှာလည်း တိုက်ပွဲများ ပြန်ဖြစ်ခဲ့သည်။ မောင်တောကို ဗြိတိသျှတပ်များက ပြန်သိမ်းသည့်အခါတွင် Force V ၏ အခန်းကဏ္ဍက အရေးကြီးသည့် နေရာမှ ပါဝင်ခဲ့သည်ဟု သမိုင်းဆရာအချို့က မှတ်တမ်းတင်ခဲ့သည်။

ဘူးသီးတောင်ကို ၁၉၄၄ ဒီဇင်ဘာလတွင် သိမ်းယူနိုင်ခဲ့ပြီး ၁၉၄၅ ဇန်နဝါရီလမှာ ရခိုင်ပြည်ဟ ဗြိတိသျှလက်ထဲကို ပြန်ရောက်ခဲ့ရသည်။ ဗြိတိသျှက သူ၏ မဟာမိတ် မွတ်ဆလင်များကို ဘယ်လိုကတိတွေပေးခဲ့လဲဆိုသည့် သမိုင်း အထောက်အထားမရှိသော်လည်း မောင်တော ဒေသကိုတော့ ၎င်းတို့၏ အုပ်ချုပ်ပိုင်ခွင့်ရနိုင်မည့် နေရာဒေသလို့ မွတ်ဆလင် ခေါင်းဆောင်များက ထင်မြင်ယူဆ တွေးဆခဲ့ကြောင်းသိရသည်။

ထိုမြောက်ပိုင်းရခိုင်ဒေသတွင် မွတ်ဆလင်က လူအများစုဖြစ်သည့် အတွက် အုပ်ချုပ်ရေးပိုင်းကိုလည်း သူတို့ကိုပဲ ဗြိတိသျှများက ခန့်အပ်ခဲ့သည်ဟု သိရသည်။ ထိုဒေသများတွင် စစ်တကောင်း (Chittagong) ဖက်မှ ကူးပြောင်းလာသော မွတ်ဆလင် ရွှေ့ပြောင်းများကြောင့် လူဦးရေ များပြားလာခဲ့သလို စစ်ဒဏ်ကြောင့် လုယက်မှု၊ ရာဇဝတ်မှုများလည်း အများအပြားဖြစ်ခဲ့သည်။

ထိုဒေသမှ မွတ်ဆလင်ခေါင်းဆောင်များက ပါကစ္စတန် နိုင်ငံသစ်၏ အောက်တွင် သြဇာခံယူ ပူးပေါင်းလိုသော ကြေညာချက်များ ထုတ်ပြန်ခဲ့ဖူးသည်။ ၁၉၄၆ တွင်ဖြစ်ခဲ့သော ထိုလှုပ်ရှားမှုကို ဦးဆောင်သူများထဲမှ ထင်ရှားသူမှာ Moulvi Lookman Sahib ဆိုသူ ဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစ ၁၉၄၈ အစပိုင်းတွင် ရခိုင်ပြည်၏ အခြေအနေသည် ပိုပြီးဆိုသည်ဟုသုံးသပ်ရမည်။ ထိုအချိန်တွင် Jihad ဆိုသောစကားအသုံးအနှုံးကို မွတ်ဆလင်များအကြားတွင် ကြားရသလို မူဂျာဟစ်ဒင် လက်နက်ကိုင်များ၏ အဓိက ပစ်မှတ်မှာ မြန်မာအစိုးရမဟုတ်သေးဘဲ ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားများ ဖြစ်သည်။

သို့သော်လည်း ၁၉၄၈ ဧပြီလတွင် ဖြစ်ပွားခဲ့သော အရေးအခင်းတွင် လူစုလူရုံးကို ဖြိုခွင်းရန် ကြိုးစားသော ရဲများ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုနေရာမှာပင် မူဂျာဟစ်သူပုန်တို့၏ လက်နက်ကိုင်ပုန်ကန်မှု စသည်ဟု ဆိုရမည်ဖြစ်သည်။ မူဂျာဟစ်ဒင် ဆိုသည်မှာ Arabic အာရဗီ အသုံးအနှုန်းဖြစ်ပြီး ထိုဒေသက မွတ်ဆလင်လက်နက်ကိုင်ခေါင်းဆောင်များက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူတို့၏ အင်အားက ၂၀၀၀ မှ ၅၀၀၀ အတွင်း ရှိခဲ့သည်ဟု ခန့်မှန်းခဲ့ကြပြီး စစ်တပ်ဝန်ထမ်းဟောင်းများလည်း ပါဝင်ပြီး စစ်သင်တန်းများကို ဘူးသီးတောင် ဒေသနှင့် မောင်တော ဒေသကြားတွင် ပေးခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။ ထိုအချိန်တွင် ရိုဟင်ဂျာ ဆိုသော အသုံးအနှုံးက စတင်သုံးစွဲနေပြီဟု သိရသည်။

ဦးနုအစိုးရက လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ဖြစ်သော မူဂျာဟစ်များနှင့် တွေ့ဆုံညှိနှိုင်းမှုများ ရှိခဲ့ဖူးသည်။ သို့သော် မအောင်မြင်ခဲ့။ ထိုစဉ်က ရန်ကုန် ဗြိတိသျှ သံရုံး၏ အစီရင်ခံစာအရ ရခိုင်တွင် မွတ်ဆလင်လှုပ်ရှားမှု ၂ စုရှိသည်ဟု သုံးသပ် ထားသည်။ ပထမကတော့ မူဂျာဟစ်ခွဲထွက်ရေး လှုပ်ရှားမှုဖြစ်ပြီး ပါကစ္စတန်ကို ယိမ်းသည်ဟု ဆိုသည်။ ဒုတိယ အုပ်စုကတော့ ရခိုင်ပြည်တွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်သော အုပ်စုဟု ဆိုသည်။

၁၉၄၈ နှစ်ကုန်ပိုင်းတွင် မြန်မာ့တပ်မတော်က ထိုးစစ်အရှိန်ကို မြှင့်တင်ခဲ့သည်။ ဘူးသီးတောင်၊ မောင်တော ဒေသတွင်ဖြစ်ပြီး လက်နက်ကိုင်မူဂျာဟစ်တွေ အကျအဆုံးများခဲ့သည်။ ဒုက္ခသည် အများအပြား နတ်မြစ်ကိုဖြတ်ကူးပြီး တဖက်နိုင်ငံသို့ ပြေးဝင်ခိုလှုံခဲ့ကြရသည်။

ဝန်ကြီးချုပ် ဦးနုနှင့် ကာကွယ်ရေးဦးစီးချုပ် စမစ်ဒွန်းတို့ စစ်တွေဒေသကို သွားရောက်လေ့လာကြသည်။ ထိုအချိန်က ဘင်္ဂလားဒေရှ့်သည် ပါကစ္စတန်မှ ခွဲမထွက်ရသေးသော အရှေ့ပါကစ္စတန်ဖြစ်သည်။ ထိုခရီးစဉ်အတွင်း လက်နက်ခဲယမ်းများကို တဖက်နိုင်ငံမှ ရရှိခဲ့ကြောင်း စုံစမ်းလေ့လာ ခဲ့သည်ဟု သိရသည်။ ရန်ကုန်တွင် အခြေစိုက်သော အိန္ဒိယသံရုံးကလည်း မူဂျာဟစ်လက်နက်ကိုင်တွေကို ပါကစ္စတန်က ထောက်ပ့ံနေသည် ဆိုသော သတင်းနှင့် ကောလဟလများကို အသေအချာဖြန့်သည်။

၁၉၄၉ မေလတွင် မြန်မာအစိုးရက Peace Committee for North Arakan ဆိုတာကို ဖွဲ့စည်းပေးခဲ့ပြီး မွတ်ဆလင် လက်နက်ကိုင်တွေကို ထိတွေ့ခဲ့သည်။ အစိုးရက လက်နက်ချပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုတာတွေကို ရပ်ဆိုင်း စေချင်သည်။ မြန်မာအစိုးရဖွဲ့ထားသော Arakan Territorial Units အဖွဲ့များကလည်း မွတ်ဆလင် လက်နက်ကိုင်များနှင့် လူမျိုးများကို သေသေချာချာ ကြပ်မတ်ကိုင်တွယ်ခဲ့သည်။

၁၉၅၀ မှာ ရန်ကုန်အခြေစိုက် ပါကစ္စတန်သံအမတ် လိုက်ပါပြီး ဦးနု မောင်တော ဒေသကိုသွားရောက်ခဲ့သည်။ သို့သော်လည်း အခြေအနေက ငြိမ်သက်မသွားဘဲ မွတ်ဆလင်များ ညှင်းပန်း နှိပ်စက်ခံနေရပါသည်ဆိုသော သတင်းများက ထိုစဉ်က ပါကစ္စတန်သတင်းစာများတွင် ဆက်ပြီး ဖော်ပြပါရှိခဲ့သည်။

၁၉၅၁ မှစပြီး ၁၉၅၄ အထိ မြန်မာ့တပ်မတော်က ထိုးစစ်ကို ဘူးသီးတောင်၊ မောင်တော ဒေသများတွင် အသေအချာ ဆင်နွှဲခဲ့ သည်။ မူဂျာဟစ်သူပုန်များ အကျအဆုံး များခဲ့သည်။ ထိုအကြောင်းကို ဝန်ကြီးချုပ်ဟောင်း သူရဦးထွန်းတင် ကလည်း ရေးသားခဲ့ သည်။ သူ၏ စာအုပ်ဖြစ်သော “ကျနော်ကျင်လည်ခဲ့ရသော မြန်မာနှင့် ကမ္ဘာ” တွင် ဖော်ပြခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးလည်း ထိုဒေသတွင် မူဂျာဟစ်သူပုန်များကို နှိမ်နင်းရန် တာဝန်ကျခဲ့သည်။

ထိုအချိန်က မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်နွှဲမှုကြောင့် မူဂျာဟစ်သူပုန်များ အင်အား အတော်ကို လျော့ပါးသွားခဲ့သည်ဟု ဆိုသည်။ တပ်မတော်၏ Operation Monsoon သည် နံမည်ကြီးသည်။ မေယု၊ မုတ်သုန် စသော စစ်ဆင်ရေးကြီးများနှင့် နှိမ်နင်းပြီးချိန်တွင် မူဂျာဟစ်များ လက်နက်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ အမှတ် ၅ ဗမာ့သေနက်ကိုင်တပ်ရင်းနှင့် အမှတ် ၂ အရေးပေါ် ချင်းတပ်များက စစ်ဆင်ရေးများကို ဦးစီးခဲ့သည်ဟု သိရသည်။

၁၉၆၁ မှာ မူဂျာဟစ်လက်နက်ကိုင်အုံကြွမှုဟာ အဆုံးသတ်ခဲ့သည်။ ထိုစဉ်က တပ်မတော်၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီးက လက်နက်ချ သောင်းကျန်းသူတွေကို လက်ခံခဲ့ပြီး ဘူးသီးတောင်၊ မောင်တော ဒေသမှာ အခြေချ နေထိုင်ခွင့် ပေးခဲ့သည်။ ထိုအချိန်တွင် အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) နှင့် မြန်မာ အစိုးရတို့ နယ်စပ်မျဉ်းသတ်မှတ်ခြင်း၊ ဆက်ဆံရေး တိုးမြှင့်ခြင်း၊ စသည့်အကြောင်းအချက်များကလည်း လက်နက်ကိုင်သောင်းကျန်းသူများကို အင်အားလျော့နည်းစေခဲ့သည်။

၁၉၆၆ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက် တရားမဝင် ဝင်ရောက်နေထိုင်သူများနှင့် ပတ်သက်၍ ကျီးကန်း၊ မြတ်မွန်၊ စံပယ်၊ ရွှေကျီး စသည်စစ်ဆင်ရေးများ ပြုလုပ်ခဲ့သော်လည်း ပိုမိုများပြားလာသည့်အတွက် ၁၉၇၈ခုနှစ် ဖေဖေါ်ဝါရီလတွင် နဂါးမင်း၊ ထိုနောက် ဟင်္သာစသည့် စစ်ဆင်ရေးများကို ပြုလုပ်ခဲ့သော်လည်း မူဂျာဟစ်၏ လက်နက်လှုပ်ရှားမှု အဆုံးသတ် ဆုံးခန်းတိုင် တော့ မဟုတ်။ မြေအောက်လှုပ်ရှားမှုများ လက်နက်ကိုင် ထကြွရန် ကြံစည်မှုများက ဆက်ပြီးရှိခဲ့သည်။ သို့သော် မအောင်မြင်ခဲ့။

၁၉၈၀ နှစ်များ အစောပိုင်းတွင် ရိုဟင်ဂျာ မျိုးချစ် တပ်ဦး (Rohingya Patriotic Front- RPF) မှ ခွဲထွက်လာသော အယူအဆပိုမို ပြင်းထန်သူများက RSO ကို ထူထောင်ခဲ့ကြ ပြီး RPF ၏ အတွင်းရေးမှူးချူပ်ဟောင်း မိုဟာမက်ယူနွတ်ဆိုသူက ဦးဆောင်သည်။

မကြာမီမှာပင် ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်တွင် အဓိက အကျဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်လာခဲ့သည်။ RSO က ဘာသာရေး အပေါ်တွင် အခြေပြုခဲ့သည့် အတွက် ရလဒ်အနေဖြင့် ကမ္ဘာ့ မွတ်ဆလင် အဖွဲ့အစည်း များထံမှ အထောက်အပံ့ အမျိုးမျိုး ရှလာခဲ့သည်။ အထောက် အပံ့ပေးသူများထဲတွင် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် မှ JeI၊ အာဖဂန်နစ္စတန်မှ Gulbuddin Hekmatyar ၏ Hizb-e-Islami (HeI)၊ အိန္ဒိယ ပြည်နယ်များဖြစ်သည့် Jammu နှင့် Kashmir မှ Hizb-ul-Mujahideen (HM) နှင့် မလေးရှားနိုင်ငံမှ Angkatan Belia Islam sa-Malaysia (ABIM) နှင့် မလေးရှား အစ္စလမ်လူငယ်များ အဖွဲ့တို့ အပါအဝင် ဖြစ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလင့်တနာက ရေးခဲ့သည်။

၁၉၉၀ နှစ်များ အစောပိုင်းတွင် RSO အဖွဲ့၏ စစ်စခန်းများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း Cox’s Bazaar ခရိုင်တွင် တည်ရှိခဲ့သည်။ RSO အဖွဲ့တွင် အပေါ့စား စက်သေနတ်များ၊ AK-47 ရိုင်ဖယ်များ၊ RPG-2 လောင်ချာများ၊ မိုင်းများနှင့် ဖောက်ခွဲရေး ပစ္စည်းများပိုင်ဆိုင်ထားကြောင်း ၁၉၉၁ ခုနှစ်တွင် ကွင်းဆင်းလေ့လာခဲ့သည့် သတင်းထောက် ဘာတေးလင့်တနာက ဆိုသည်။ အာဖဂန် နစ္စတန်မှ တာလီဘန် သင်တန်းဆရာများက ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်ရှိ RSO စခန်း အချို့တွင် လေ့ကျင့်သင်တန်းပေးနေသည်ကို မြင်တွေ့ရသည်ဟု စွပ်စွဲမှုများလည်း ရှိခဲ့သည်။

၁၉၈၀ နှစ်များ နောက်ပိုင်းနှင့် ၁၉၉၀ နှစ်များ အစောပိုင်းတွင် RSO က အင်အားတိုးချဲ့မှုများ ပြုလုပ်ခဲ့သည့်အတွက် မြန်မာ အစိုးရက ဘင်္ဂလားဒေ့ရှ် -မြန်မာ နယ်စပ်တွင် ကြီးမားသော တန်ပြန်ထိုးစစ်တရပ်ကို ဆင်နွဲ၍ RSO အဖွဲ့ကို တိုက်ခိုက် နှိမ်နင်းခဲ့သည်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာစစ်သားများက နယ်စပ်ကို ဖြတ်ကျော်လာပြီးနောက် ဘင်္ဂလားဒေ့ရ်ှ စစ် စခန်းတခုကို မတော်တဆ တိုက်ခိုက်မိခဲ့သည်။ အဆိုပါ မတော်တဆမှုက ဘင်္ဂလားဒေ့ရှ် -မြန်မာ ဆက်ဆံရေးတွင် အဓိက ကျသည့် အစွန်းအထင်းတခုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါဒေသတွင် စစ်ဆင်ရေးများ တိုးမြှင့်လာသည့် အတွက် ၁၉၉၂ ခုနှစ် ဧပြီလအထိ အရပ်သား ၂၅၀၀၀၀ ကျော် ထွက်ပြေးခဲ့ကြရသည်။

၁၉၉၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် RSO နှင့် ARIF တို့ ပူးပေါင်း၍ ရိုဟင်ဂျာ အမျိုးသားကောင်စီ (Rohingya National Council -RNC) ကို ဖွဲ့စည်းခဲ့သည်။ ရိုဟင်ဂျာ အမျိုးသား တပ်မတော် (Rohingya National Army -RNA) ကို ၎င်း၏ လက်နက်ကိုင် အဖွဲ့ အဖြစ် ဖွဲ့စည်းခဲ့သည်။

၂၀၀၂ ခုနှစ်က အာဖဂန်နစ္စတန်ရှိ အယ်လ်ကိုင်းဒါးအဖွဲ့၏ မော်ကွန်းတိုက်မှ CNN သတင်းဌာနက ရရှိခဲ့သည့် ဒါဇင်နှင့် ချီသော ဗီဒီယို တိပ်ခွေ များထဲမှ တခုတွင် “မြန်မာနိုင်ငံမှ မွတ်ဆလင် ညီနောင်များ”က အာဖဂန် နစ္စတန်တွင် လေ့ကျင့်မှုများ ပြုလုပ်နေသည်ကို တွေ့ခဲ့ရသည်။ အချို့ ဗီဒီယို တိပ်ခွေ များမှာ ၁၉၉၀ နှစ်များအတွင်းက ဘင်္ဂလားဒေ့ရှ် -မြန်မာ နယ်စပ်ရှိ RSO စခန်းများတွင် ရိုက်ကူးခဲ့သည်ဟု ယူဆရပါသည်။

ဦးသိန်းစိန်အစိုးရလက်ထက် တိုင်းပြည်ဖွင့်ပြီးနောက်ပိုင်း ရိုဟင်ဂျာလှုပ်ရှားမှုများ ပြည်တွင်း၊ ပြည်ပတွင် ပြန်လည်အားယူ ခေါင်းထောင်လာသည်ကိုတွေ့ရသည်။ သို့သော်လည်း လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုတို့ကို မတွေ့ခဲ့ရ။ အခု လတ်တလော ဖြစ်ခဲ့သော ဖြစ်ရပ်သည် မူဂျာဟစ်ထကြွမှု နောက်ပိုင်း ပထမဆုံး အကြိမ် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုဟု ဆိုရမည်ဖြစ်သည်။

ကိုးကား
– Moshe Yegar ၏ The Muslims of Burma

– တပ်မတော်သမိုင်း စတုတ္ထအတွဲ ၁၉၄၈-၁၉၆၂

– “Bangladesh Extremist Islamist Consolidation” by Bertil Lintner

– “Bangladesh: Breeding ground for Muslim terror” by Bertil Lintner

Loading