မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်အနီး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲစခန်း ၃ ခုကို အောက်တိုဘာ ၉ ရက်က သီးခြားစီ ချိန်ကိုက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ဓားများ၊ လေးခွများနှင့် သေနတ်တချို့ ကိုင်ဆောင်ထားကြသည့် အင်အား ၅၀၀ မှ ၈၀၀ ရှိသော လူများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ရဲ ၉ ဦးသေဆုံးပြီး တိုက်ခိုက်သူ ၈ ဦးသေဆုုံးကာ အနည်းဆုံး လက်နက် ၅၀ နှင့် ကျည် ၁၀၀၀၀ ခန့် လုယူခံခဲ့ရသည်။ ထိုမှစ၍ လုံခြုံရေး တပ်ဖွဲများသည် တိုက်ခိုက်သူများကို လိုက်လံဖမ်းဆီးပြီး ပျောက်ဆုံး လက်နက်များကို ပြန်လည် သိမ်းယူရန် ကြိုးပမ်းစဉ် အသေအပျောက်များသော ပဋိပက္ခများ ဆက်လက် ဖြစ်ပွားကာ နှစ်ဖက်လုံး ထပ်မံ သေဆုံး ခဲ့ရသည်။
ဤဒေသမှ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်သည် ကာလကြာရှည်စွာ ဖိနှိပ်ခံနေရသော ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ကြသော မွတ်စလင်များ ဖြစ်သည်။ ယခုမူ ထိုတိုက်ခိုက်သူများသည် ဒေသခံ ရွာသားများ ဖြစ်သည်မှာ သေချာသလောက်ရှိပြီး နယ်စပ်တဖက် အများအပြား ခိုလှုံနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အကူအညီ တမျိုးမျိုးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သလို ထိုထက်ပို၍ ဝေးသော နေရာမှ အကူအညီလည်း ဖြစ်နိုင်သည်။
၎င်းတို့ကို မည်သို့ စုစည်းခဲ့သည် (သို့မဟုတ်) ယင်းဖြစ်ရပ်သည် မူဂျာဟစ်ဒင် လက်နက်ကို်င်အုပ်စုသစ် ပေါ်ပေါက် လာခြင်း ဖြစ်သည် (သို့မဟုတ်) အဖွဲ့အစည်းမဲ့ ဒေသတွင်း အုံကြွမှု ဖြစ်သည် စသည့် အချက်တို့မှာ မရှင်းသေးပေ။ သို့သော် တိုက်ခိုက်သူ အင်အား များပြားခြင်းနှင့် ၎င်းတို့၏ အဆင့်မြင့် နည်းပရိယာယ်များကမူ ယခုအချိန်အထိ ပဋိပက္ခတွင် ယခင်မကြုံဘူးသော ကြိုတင်ပြင်ဆင်မှု အဆင့်ကို ပြသနေသည်။ ရိုဟင်ဂျာတို့ ဘက်မှ ယခုကဲ့သို့ စနစ်တကျ အကြမ်းဖက် တိုက်ခိုက်နိုင်မှုမျိုး အရင်က အနည်းငယ်မျှပင် မမြင်ဘူးပေ။
ပိုမိုကျယ်ပြန့်သော စိုးရိမ်စရာမှာ အကြမ်းဖက် တိုက်ခိုက်မှု အဆင့်သစ်တခု ပြီးဆုံးသွားပြီဖြစ်ပြီး နှစ်ပေါင်းများစွာ ဖိနှိပ်မှု၊ မုန်းတီးမှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများသည် အကြမ်းဖက် လက်တုံ့ပြန်မှုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီ ဟူသော အချက်ဖြစ်သည်။ စုစည်းခုခံမှု အတွေးအခေါ်ကို တချို့သော ရိုဟင်ဂျာ အသိုင်းအဝန်းကြား ရွေးချယ်စရာ နည်းလမ်းတခုအဖြစ် ဆွေးနွေးခဲ့ကြသည်မှာ အနည်းဆုံး ၂၀၁၂ ခုနှစ် ကတည်းက ဖြစ်သည်။
သို့သော် လက်တွေ့ အခက်အခဲများမှာ အကြမ်းဖက် တုံ့ပြန်ခြင်းသည် ဆန့်ကျင်ဘက် သက်ရောက်မည်ဟု အများစုက မြင်ကြခြင်းနှင့် အစိုးရသစ် လက်ထက်တွင် ပိုမိုကောင်းမွန်သော ဘဝမျှော်လင့်ချက် အစွန်းအစကို မြင်ကြခြင်းတို့ ဖြစ်သည်။
လွန်ခဲ့သောနှစ်အတွင်း ဘာမျှ ပြောင်းလဲတော့မည် မဟုတ်သော အသိများ တဖြည်းဖြည်းပေါ်နေကာ မလေးရှားသို့ တရားမဝင် ဝင်ရောက်ရန် လွတ်မြောက်ရေးနည်းသည်လည်း မလေးနှင့် ထိုင်းတွင် ဖြိုခွဲခံရပြီးနောက် အကြီးအကျယ် ပိတ်ဆို့ခံထားရသည်။ ရက်စက်ကြမ်းကြုပ်သော အမှန်တရားနှင့် ရင်ဆိုင်ရလာပြီး မနက်ဖြန်အတွက် မျှော်လင့်ချက် မရှိတော့သောအခါ တချို့သော ရိုဟင်ဂျာများအတွက် အစွန်းရောက် တော်လှန်လိုသော ဖြေရှင်းမှုက ပိုပိုဆွဲဆောင် လာသည်မှာ အ့ံသြဖွယ်ရာ မဟုတ်ပေ။
အဆင့်ဆင့် လျှောကျခြင်း
ဤအသိုင်းအဝိုင်း၏ အများစုနှင့် ဘာသာရေး ခေါင်းဆောင်များသည် အကြမ်းဖက်မှုကို ဆက်လက် ရှောင်ရှားကြ သည်။ သို့သော် လပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ဟန်ရှိသော နောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုမှာ ထို အသိုင်း အဝန်းမှ လူအများစုကို အသေအပျောက် များသော ထိပ်တိုက်တွေ့မှုများ၊ လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက် ဖြိုခွင်းမှု များနှင့် ဒေသခံ ရပ်ရွာအဖွဲ့အစည်းနှင့် အာဏာပိုင်များတို့ကြား အဆိပ်အတောက် ပြင်းသော ဆက်ဆံရေးတို့သို့ အဆင့်ဆင့် လျှောကျစေရန် ခြိမ်းခြောက်နေသည်။
အနိုင်ရသူ ရှိလိမ့်မည်မဟုတ်ဘဲ သာမန်မွတ်စလင် ရွာသားများသည်သာ ဆုံးရှုံးမှု အများဆုံးသူများ ဖြစ်မည်မှာ သေချာပါသည်။ လုံခြုံရေး တပ်ဖွဲ့များသည် ဤဒေသတွင် ၎င်းတို့ကို ရန်သူ မိတ်ဆွေ ထိထိရောက်ရောက် ခွဲခြားရန် အထောက်အကူ ပြုသော ရပ်ရွာဆက်ဆံရေး မရှိကြပေ။ ဤသည်မှာ အရွယ်ရောက်ပြီး မွတ်စလင် အားလုံးသည် သံသယဖြင့် ဆက်ဆံခံရပြီး အခြေအနေကို ပိုမို အစွန်းရောက်စေကာ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ချိုးဖောက်ခံရမည်ဟု အဓိပ္ပါယ် သက်ရောက်နေသည်။
တနိုင်ငံလုံး အဆင့်၌ ရခိုင်ပြည်နယ်၏ အဆင့်ဆင့် တိုးတက်ရေး အားလုံးကို ပိတ်ဆို့လိုက်သကဲ့သို့ ဖြစ်စေပြီး ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံကို ပိုမို အလယ်အလတ်ကျသော၊ သည်းခံသော ဦးတည်ရာဘက်သို့ မောင်းနှင်ရန် အားထုတ်မှုသည် နောက်ပြန်ဆုတ် သွားရသည်။ မကြာသေးမီက တိုက်ခိုက်မှုသည် ဒေသဆိုင်ရာ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ ဂျီဟတ်လှုပ်ရှားမှုနှင့် အဆက်အသွယ် ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဗုဒ္ဓဘာသာ အများစု နေထိုင်ကြသည့် နိုင်ငံတွင် အစ္စလာမ္မစ်ခြိမ်းခြောက်မှု အပေါ် စိုးရိမ်မကင်း ဖြစ်မှုကို ပိုမို ကြီးမားစေမည် ဖြစ်သည်။
ရွေးကောက်ပွဲ အပြီး အမျိုးသားရေး ဝါဒီအများစုသည် အတင့်ရဲလာကာ ထိုဖြစ်ရပ်ကို အကြောက်တရား နိုးဆွရန် အသုံးပြုပြီး ဖြစ်သည်။ ယခုအခါ အလယ်အလတ် ဝါဒီများ၏ အာဘော်ကို နားထောင်ရန် ပိုမို ခက်ခဲလာနေသည်။
တချိန်တည်းတွင် ရခိုင်ဖြစ်ရပ်နှင့် မဆက်စပ်ဘဲ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခသည် တဖန် အရှိန် မြင့်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘေးအန္တရာယ် ကျရောက်စေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး အစီအစဉ်သည် သူ၏ အစိုးရအာဏာရစ ယခုနှစ် အစောပိုင်းတွင် အစကောင်းသည်။ စက်တင်ဘာလ အစောပိုင်း သူ၏ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံသည် လက်နက်ကိုင်အုပ်စုများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့် ရရေး အတွက် အရေးပါပြီး ဤသည်မှာ ယခင်အစိုးရများ မအောင်မြင်ခဲ့သောကိစ္စလည်း ဖြစ်သည်။
သို့သော် စိန်ခေါ်မှုများမှာ ကြီးမားလှသည်။ အုပ်စုအများအပြားက ညီလာခံသို့ တက်ရောက်ကြသည်မှာ ထိုလုပ်ငန်းစဉ်ကို ထောက်ခံ၍ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ ကျယ်ပြန့်သော ပြည်တွင်းပြည်ပ ထောက်ခံမှုနှင့် တရားဝင်ဖြစ်မှုများ အရ တခြားရွေးစရာ မရှိတော့ဟု ယူဆကြ၍ ဖြစ်သည်။ အများအပြားက ၎င်းတို့သည် အနှိမ်ခံပြီး ဆက်ဆံခံရသည်ဟု ထင်ကြပြီး ညီလာခံကို ညံ့ဖျင်းစွာ စီစဉ်ထားသည်။ အကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခု ဖြစ်သည့် ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီကိုယ်စားလှယ်များကို ဒုတိယတန်း ကိုယ်စားလှယ်များ အဖြစ် နေရာပေးထား သဖြင့် ဒုတိယနေ့တွင် အစည်းအဝေးမှ ထွက်ခွာသွားခဲ့ကြသည်။
မြန်မာစစ်တပ်က လေကြောင်း စစ်ဆင်ခြင်းနှင့် တာဝေးပစ် အမြောက်ကြီးများ အသုံးပြုကာ မကြာသေးမီ ရက်သတ္တပတ်များ အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲအရှိန် မြင့်လာခြင်းသည် အထူးသဖြင့် အရပ်ဘက် ပစ်မှတ်များကို ထိမှန်သဖြင့် ယုံကြည်မှုကို ထပ်မံ တိုက်စားလိုက်သည်။ သေဆုံးသွားသော ကလေးငယ်တဦးနှင့် တရုတ်နိုင်ငံဘက်ရှိ ဆေးရုံတရုံပေါ်တွင် ဆိုးရွားလှသော ဒဏ်ရာများကို ကုသမှုခံယူနေသည့် လူများ၏ ဓာတ်ပုံများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိကြပြီး လူမျိုးစု အသို်င်းအဝိုင်းများအတွင်း ဒေါသကြီးထွားစေသည်။
ဤမှစ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပိုမိုခက်ခဲလာသည်။ ၆ လ တကြိမ် ၂၁ ရာစု ပင်လုံညီလာခံများ ကျင်းပရေး (နောက်တကြိမ်သည် ၂၀၁၇ ဖေဖော်ဝါရီတွင် ကျရောက်သည်) ကြေညာချက်မှာ အတားအဆီးများကို ကျော်လွှားရန် လိုအပ်သော ပြုလွယ်ပြင်လွယ် ဖြစ်မှုကို ကန့်သတ်သော တင်းကျပ်သည့် အချိန်ဇယား ချမှတ်လိုက်ပြီး ဖျက်ဆီးလိုသူများ အတွက် လွယ်ကူသော ပစ်မှတ် ဖြစ်လာသည်။
အစိုးရနှင့် စစ်တပ် နှစ်ဘက်စလုံးက အတိအလင်း ပြောကြားထားသော အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ဆက်စပ်နိုင်ငံရေး ဆွေးနွေးပွဲများ တက်ရောက်ရန် အခြေခံစည်းမျဉ်း တခုဖြစ်သော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်နက်ကိုင် အုပ်စုအများစု ယုံယုံကြည်ကြည် ပါဝင် လက်မှတ်ထိုးရေး ခက်ခဲသော ညှိုနိုင်းဆွေးနွေးမှုများ လိုအပ်လိမ့်မည်။ ယခုအချိန် အထိ ထိုစာချုပ်ကို အဖွဲ့ ၁၈ ဖွဲ့အနက် ၈ ဖွဲ့သာ လက်မှတ်ရေးထိုးသေးသည်။
ပျက်ဆီးသွားသော ဘဝများ
တိုးတက်မှု ဖြစ်ပေါ်ရေးမှာ ဘက်အားလုံး မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စဖြစ်သင့်သည်။ လက်ရှိ အစိုးရ၏ ၅ နှစ် သက်တမ်းမှာ လူမျိုးစုအသိုင်းအဝန်းများ၏ ဘဝများကို ဖျက်ဆီးခဲ့ပြီး တနိုင်ငံလုံးကို နောက်ပြန်ဆွဲထားသည့် နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းစစ်အတွက် နိုင်ငံရေး ညှိုနှိုင်းဖြေရှင်းမှု ရရန် အကောင်းဆုံးအချိန် ဖြစ်ဖွယ်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖက်ဒရယ်နိုင်ငံ ထူထောင် ဖြေရှင်းရေးကို အခိုင်အမာ ထောက်ခံကြောင်း ဖော်ပြထားပြီး အထူးသဖြင့် မြန်မာ လူများစုများကြားတွင် ထိုကိစ္စကို ဆောင်ရွက်ရန် ပြိုင်ဘက် မရှိသော အခွင့်အာဏာရှိသူ ဖြစ်သည်။
ယခုအချိန်မှာ အခွင့်အလမ်းကို ဆုပ်ကိုင်ပြီး ထိုကိစ္စ အဆင့်ဆင့်ကို စတင်ဆွေးနွေးရန် အချိန်ဖြစ်သည်။ သို့သော် ယုံကြည်မှု ကင်းမဲ့နေခြင်းမှာ တိုးတက်မှုကို နှေးကွေးစေပြီး ကွဲပြားခြားနားသော အစီအစဉ်များ ရှိကြသည့် လက်နက်ကိုင် အဖွဲ့အနည်းဆုံး ၁၈ ဖွဲ့ပါသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ရှုပ်ထွေးမှုမှာ လွန်စွာ ကြီးမားလှသည်။ နောက်ထပ် လ အနည်းငယ်အတွင်း ကြီးမားကျယ်ပြန့်သော တိုးတက်မှုများ ဖြစ်လာမည်ဟု အကောင်းဘက်မှ အမြင်များလည်း မှေးမှိန်လာသည်။
ရခိုင်ပြည်နယ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်မူ အစိုးရ၏ အရပ်ဘက်နှင့် စစ်ဘက် ဌာနခွဲများအကြား ဆက်ဆံရေးမှာ အလွန် အရေးကြီးသည်။ ထိုနှစ်ဖက်အကြား ထိပ်တိုက်ဆက်ဆံရေး ဖြစ်ပေါ်မည် သို့မဟုတ် စစ်ဘက်သည် ဒေါ်အောင်ဆန်းစုကြည် အင်အားချည့်နဲ့အောင် လုပ်လိမ့်မည်ဟူသော ကနဦး စိုးရိမ်မှုများမှာ လျှော့နည်းသွားပြီ ဖြစ်သည်။ ယခုအခါ သူမနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ အကြား ကျိုးကြောင်းဆီလျှော်သော အပြုသဘော ပူးပေါင်း ဆောင်ရွက်မှု ရှိသည်မှာ ထင်ရှားလာပြီ ဖြစ်သည်။ ထိုထက်ပို၍ စိုးရိမ်စရာမှာ ထိုအပြုသဘော ဆက်ဆံရေးများ၏ နောက်ကွယ်မှ အခြေခံမှာ နှစ်ဖက်စလုံးက အခြားတဖက်၏ နယ်ပယ်တွင် ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရေး ဟူသည့် အချက် ဖြစ်နေခြင်းပင် ဖြစ်သည်။
ပဋိပက္ခများ အရှိန်မြင့်လာခြင်းသည် အပစ်ခတ်ရပ်စဲရေးကို ၎င်းတို့ လက်မှတ်ထိုးစေရန် စစ်တပ်က ၎င်း၏ အင်အားကိုသုံး၍ ဖိအားပေးရန် အားထုတ်မှုဟု အချို့ လက်နက်ကိုင် အုပ်စုများက ယူဆကြသည်။ လက်ရှိ ပကတိ အနေအထားမှာမူ ပို၍ပင် စိုးရိမ်စရာကောင်းသေးသည်။ ထိုအချက်မှာ ဤသို့သော အခြေအနေတွင် လိုအပ်နေသည့် နီးကပ်ပြီး သေနင်္ဂဗျူဟာကျသည့် စစ်ဘက်အရပ်ဘက် ညှိနှိုင်းဆောင်ရွက်မှု မရှိခြင်းဖြစ်သည်။
ထိုထက် ပိုဆိုးသည်မှာ စစ်ဘက်၏ လုံခြုံရေး အစီအစဉ်ကို အထိန်းအကျောင်း မရှိ ဆက်လက်လုပ်နေသကဲ့သို့ ၎င်းတို့၏ လုပ်ရပ်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု အလားအလာများကို အရင်ကလည်း ထိပါးနေနိုင်သကဲ့သို့ပင် အခုလည်း ထိပါးနေလျှင် ရှေ့လည်း မတိုးသာ၊ နောက်လည်း ဆုတ်မရ အခြေအနေ ဖြစ်လာပေမည်။ အရေးကြီးသော အဓိက အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ အကြား နီးကပ်ပြီး တနေ့ချင်း တရက်ချင်း ညှိနှိုင်းဆောင်ရွက်မှု ရှိမှသာလျှင် သို့မဟုတ် ပို၍ကောင်းသည်မှာ စစ်ဘက်အပေါ် အရပ်ဘက်ထိန်းချုပ်မှု ရှိမှသာလျှင် အခြေအနေ အကောင်း အဆိုးကို လျှော့သင့်လျှော့ တင်းသင့်တင်း ချဉ်းကပ်မှုဖြင့် ချင့်ချိန်ညှိနှိုင်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ယင်းကဲ့သို့ စစ်ဘက် အရပ်ဘက်ချင်း ချင့်ချိန် ထိန်းညှိမှု မရှိသည့် အနေအထားတွင် လတ်တလော တိုက်ပွဲများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ခြိမ်းခြောက် နှောင့်ယှက်သကဲ့သို ဖြစ်နေသည်။
ရခိုင်ပြည်နယ်တွင် ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်း အဆင့်သို့ လျောကျသွားပြီး ရှေ့လာမည့်ရက်များ ရက်သတ္တပတ်များ အတွင်း အကြမ်းဖက်မှုများ ကြီးထွားလာမည် ဟုတ် မဟုတ်ကို သုံးသပ်ရာတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ဆောင်ရွက်ချက်များ သည် လွန်စွာ အရေးပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယင်းဖြစ်စဉ် အခြေအနေနှင့် စပ်လျဉ်း၍ ကောင်းမွန်သည့် မှာကြားချက်များ ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံရေး ရည်ရွယ်ချက်နှင့် တိုက်ရိုက် ပတ်သက်သော လုံခြုံရေးဆိုင်ရာ ပဓာနကျသည့် တုံ့ပြန်မှုမျိုး မပါဝင်ခဲ့ပေ။
ရခိုင်ပြည်နယ်မှ တိုက်ခိုက်မှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အခက်အခဲများက မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ ဖြစ်ပြီး အစိုးရသစ်အနေဖြင့် ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် ပိုမိုကောင်းမွန်သည့် မူဝါဒများ ကိုင်စွဲထားသည့်တိုင် အလွယ်တကူ ဖြေရှင်းနိုင်မည် မဟုတ်ဟု သတိပေးနေကြသည် ။ ၎င်းတို့မှာ လွတ်လပ်ရေး ရစဉ်ကပင် နိုင်ငံကို ဒုက္ခပေးနေသော ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ နက်ရှိုင်းသော ပြဿနာများ ဖြစ်သည်။ ဤကြမ်းတမ်းသော အမှန်တရားသည် ယခုရှေ့တန်း ရောက်လာသည်။ အစိုးရ၏ ပျားရည်ဆမ်းခရီးမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
(ဤဆောင်းပါးသည် asia.nikkei.com တွင် ဖော်ပြထားသော ရန်ကုန်အခြေစိုက် နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဆောင်းပါးရှင် Richard Horsey ၏ Reality bites for Aung San Suu Kyi amid surging violence ဆောင်းပါးကို ဘာသာပြန်သည်။)