ရေချိုးတာကလူရောစိတ်ပါ လန်းဆန်းစေတဲ့အလုပ်ပါ။ မနက်ခင်းမှာရေချိုးရင် သွေးလည်ပတ်စီးဆင်းမှုကောင်းမွန် စေပြီး ကြွက်သားတွေတင်းနေတာလျော့စေတယ်၊ ပခုံးနဲ့ လည်ပင်းတွေတောင့်နေတာမျိုးပြေစေပါတယ်။
အရေပြားပေါ်က အဆီပိုတွေဆေးကြောရာလည်းရောက်ပါတယ်။ အိပ်ရာဝင် ရေချိုးတာကျပြန်တော့လည်းအိပ်မပျော် တဲ့ရောဂါတွေသက်သာစေသလိုတနေ့တာစိတ်ဖိစီးမှုတွေလျော့ပြေစေတယ်လို့ ဆိုပြန်ပါတယ်။
ဒီတော့ မနက်စောစောရေချိုးမလား၊ ညအိပ်ရာဝင် ချိုးမလားဆိုတာကလည်းမေးစရာဖြစ်လာပါတယ်။ တခုချင်းစီရဲ့ ကောင်းခြင်းတွေကြည့်ကြရအောင်ပါ။
နံနက်ခင်းရေချိုးခြင်းရဲ့ကောင်းခြင်းဖြာဖြာ
သွေးလည်ပတ်မှု – မနက်စောစောရေချိုးတဲ့အခါ ကိုယ်တွင်းကအင်္ဂါစုံကိုသွေးစီးဆင်းလည်ပတ်မှုတွေများပြားကောင်းမွန်စေပါသတဲ့။
ကြွက်သားတောင့်တင်းလျော့ပြေခြင်း – ရေနွေးလေးနဲ့ မနက်ပိုင်းရေချိုးတာက ကြွက်သားတောင့်တင်းတာတွေလျော့ပြေစေတာမို့လည်ပင်း၊ ပခုံးတွေနာကျင် တောင့်တင်းတာသက်သာစေပါသတဲ့။
အဆီများတဲ့ အရေပြားပိုင်ရှင်တွေ – အရေပြားမှာအဆီထွက်များသူတွေကျတော့ အဆီပေါက်လေးတွေမပိတ်ဖို့ အရေးကြီးပါတယ်။ နံနက်ခင်းရေအေးအေးချိုးပေးတာကအဲဒီအဆီပေါက်လေးတွေဟာဖုန်တွေ၊ အဆီတွေကိုဖယ်ရှားပေးရာရောက်ပါတယ်တဲ့။
အိပ်ရာဝင် ရေချိုးခြင်းရဲ့အကျိုးကျေးဇူးတွေ
လျော့လျော့ ပြေပြေ – အိပ်ခါနီးရေချိုးရင် တနေ့တာလုပ်ငန်းခွင်ကစိတ်ဖိစီးမှုတွေပြေစေသလိုသွေးတိုးတက်တာကိုလည်းကျစေပါသတဲ့။
အိပ်ဆေး – အိပ်ရာဝင် ရေနွေးလေးနဲ့ရေချိုးတာကတော့ သေချာပေါက် အမြန် အိပ်ပျော်စေပါသတဲ့။
အိပ်ရာသန့်ဆေး – အိပ်ရာဝင် ရေချိုးတော့ အရေပြားမှာကပ်ငြိနေတာတွေဆေးကြောပြီးသားဖြစ်တာမို့အိပ်ရာခင်းလည်းသန့်ရှင်းစေတယ်လို့ဆိုပါတယ်။
ကဲ…ဘယ်အချိန် ရေချိုးချင်ပါသလဲ။ ဖြစ်နိုင်ရင် နှစ်ကြိမ်လုံးချိုးတာကပိုကောင်းလေမလားလို့ ယုံကြည်မိပါရဲ့။