ဆောင်းပါး

ကင်ဆာကို ဖိတ်ခေါ်နေသော ရောနှောဆီ နှင့် ပြန်ကြော်ဆီများ (၃)

ဈေးကွက်ထဲက ဆီတွေကို ဘယ်လိုစစ်ဆေး အရေးယူသလဲ

မြေပဲဆီဟု တံဆိပ် ကပ်ထားပြီး မြေပဲဆီမဟုတ်ဘဲ စားအုန်းဆီနှင့် အခြားစားသုံးဆီ အရောများကို စစ်ဆေးတွေ့ရှိရ၍ တော်ဝင်နဒီ၊ Lucky ၊ SS၊ ရွှေမိုး၊ စိန်သရဖူ၊ စံထိပ်တန်း၊ ရွှေစင်၊ ရွှေကမ္ဘာ၊ Family စသည့် အမှတ်တံဆိပ် ၁၈ မျိုးကို ဈေးကွက်အတွင်းမှ အမြန်ဆုံးပြန်လည် ရုပ်သိမ်းရန်နှင့် ဆက်လက် ထုတ်လုပ်နေပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ (၂၈) ခ အရ အရေးယူသွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က ထုတ်ပြန် ထား သည်။

ယင်းကဲ့သို့ အမှတ်တံဆိပ်ကပ် ပါကင်ဘူးများကို အရေးယူရ လွယ်ကူသော်လည်း ခွက်ခြင်ဖြင့် ရောင်းချသော ဆီများကို စစ်ဆေး အရေးယူရာတွင် အခက်ခဲရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်ချို က ပြောသည်။

“Lose Cargo(အမှတ်တံဆိပ် မပါသောပုံးဆီ) ကိုလည်း FDA နဲ့ပေါင်းပြီးတော့ ဈေးကွက်ထဲမှာ ကြည့်တဲ့အခါ လူတွေ စားသုံးရန် သင့်လား၊ မသင့်ဘူးလား၊ ဘေးဥပါဒ်ဖြစ်လား။ ဖြစ်နိုင်ရင်တော့ ဒါမျိုးတွေကို Action ယူသွားဖို့ရှိတယ်”ဟု လည်း ၎င်းက ပြောပြသည်။

အဆိုပါကုန်ပစ္စည်းသည် စားသုံးသူ ထိခိုက်နစ်နာပြီး ဈေးကွက်တွင် ဆက်လက်မဖြန့်သင့်ဟု စားသုံးသူရေးရာ ဦးစီးဌာန က ဆုံးဖြတ်ပါက အရင်ဆုံး သတိပေးသည့် အပိုင်းကို လုပ်ဆောင်ကြောင်း ဦးမြင့်ချိုက ဆက်လက် ပြောဆိုသည်။

“ဒါမှမရရင် ပြင်းပြင်းထန်ထန် သတိပေးတယ်။ ဈေးကွက်ထဲမှာရှိနေတဲ့ ပစ္စည်းတွေ ပြန်သိမ်းခိုင်းတယ်။ နစ်နာမှုရှိခဲ့ရင် လျော်ကြေးပေးခိုင်းမယ်။ ဒီအပိုင်းတွေကိုကျော်ပြီး သူက မလိုက်နာဘူးဆိုရင် ဥပဒေအရ တရားစွဲပြီး အရေးယူမယ်”ဟု လည်း ၎င်းက ဆိုသည်။

လက်ရှိ အချိန်ထိ ဈေးကွက်အတွင်းမှ ဆီများကို စစ်ဆေးအရေးယူမှု အပိုင်းအား ထိထိရောက်ရောက် မလုပ်နိုင်သေး ကြောင်း၊ ထို့အပြင် စားသုံးဆီဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်သည်လည်း အတည်မပြုနိုင်သေးကြောင်း၊ Food Adaptation law ကိုလည်း ရေးဆွဲနေဆဲဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှသာ လွှတ်တော်သို့ တင်နိုင်မည်ဖြစ်ကြောင်း နေပြည်တော် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ပြောသည်။

ဆီလုပ်ငန်းလုပ်ကိုင်ပါက ပထမအဆင့်အနေဖြင့် စက်မှုကြီးကြပ် လိုင်စင်နှင့် စည်ပင်သာယာ လုပ်ငန်းလိုင်စင် ရှိထားရ မည်ဖြစ်ပြီး နောက်တဆင့်တွင် FDA ထောက်ခံချက် ရယူထားရမည် ဖြစ်သည်။

ခွက်ခြင် ရောင်းချသူများအနေဖြင့် မည်သည့်နေရာက ဝယ်ယူကြောင်း အထောက်ထားပြေစာ (ငွေရှင်း ဘောက်ချာ) ရယူထားရန်လိုပြီး တာဝန်ရှိသူများ စစ်ဆေးသည့်အခါ ယင်း အထောက်အထားကို ပြသနိုင်ရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်စောလှ က ပြောသည်။

ပြန်ကြော်ဆီ နှင့် ကင်ဆာ

ဆီကို ထပ်ခါထပ်ခါ အသုံးပြု ကြော်လှော်ခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သော ဓာတု ဓာတ်ပေါင်းအဖြစ်သို့ ပြောင်းလဲ သွားနိုင်ကြောင်း သိရှိသူ နည်းပါးလှသည်။

မြောင်းဆီနှင့် အကြိမ်ကြိမ် အသုံးပြု ကြော်လှော်သောဆီတွင် ခဲ၊ အာဆင်းနစ်နှင့် ကင်ဆာ ဖြစ်စေသော Dioxin ဓာတ် ပါဝင်ပြီး ယင်းသည် အပြင်းထန်ဆုံးသော ကင်ဆာဖြစ်စေသည့် ဓာတ်ဖြစ်ကြောင်း WHO က သတ်မှတ်ထားသည်။

အကြိမ်ကြိမ် ပြန်လည်ပြုလုပ်ထားသော မြောင်းဆီတွင် Formaldetyde (ဖော်မလင် ဓာတ်ပစ္စည်း)နှင့် Bleaching Agents (ချွတ်ဆေး ဓာတ်ပစ္စည်းများ) ပါဝင် ဖြစ်ပေါ်လာပြီး စားသုံးမိပါက သွေးဖြူဥများ ပျက်စီးခြင်း၊ အစာခြေ လမ်းကြောင်း အင်္ဂါများ၏ အမြှေးပါးပျက်စီး၍ အစာအဆိပ်သင့်ခြင်း၊ ယင်းမှတဆင့် ကင်ဆာဖြစ်စေနိုင်ခြင်း၊ ခဲဓာတ်နှင့် အာဆင်းနစ် ဓာတ် သည် အချိန်တိုအတွင်း အသည်းကို အဆိပ်သင့်စေပြီး ကလေးများတွင် ကြီးထွားမှုနှေးကွေးခြင်း စသည်တို့ ဖြစ်လာ နိုင်ကြောင်း အစားအသောက် ပညာရှင် ဒေါက်တာ စိုးခိုင်က ပြောသည်။

မြန်မာနိုင်ငံအတွင်း မြောင်းဆီခေါ် ပြန်ကြော်ဆီကို လွန်ခဲ့သည့် ၅ နှစ်ခန့်က မန္တလေးဘက်တွင် စတင်သိရှိ ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းဆီမှာ နယ်စပ်လမ်းကြောင်းမှ ဝင်ရောက်လာခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကိုကြီး က “မြောင်းဆီ၊ ပြန်ကြော် ဆီ ဆိုတာ အသုံးပြုပြီးသားတွေကို ပြန်ချက်ထားတဲ့ဆီ၊ သူ့ကို သုံးစွဲခြင်းအားဖြင့် ကင်ဆာတွေဘာတွေ ဖြစ်ဖို့ တော်တော်လေး များတယ်”ဟု ပြောသည်။

အဆိုပါ မြောင်းဆီဝင်ရောက်လာသည့် လမ်းကြောင်းကို စုံစမ်းရာ တရုတ်ပြည်ဘက်မှ ဝင်လာသည်ကို တွေ့ရှိရကြောင်း၊ ထို့နောက် မိုဘိုင်းတင်း(Mobile Team) ဖြင့် စစ်ဆေး အရေးယူမှုများ ပြုလုပ်သောကြောင့် ဝင်ရောက်မှု အနည်းငယ် လျော့ကျလာကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကင်ဆာရောဂါ ဖြစ်စေနိုင်ပြီး အန္တရာယ်ကြီးသော ပြန်ကြော်ဆီကို FDA ကလည်း တားမြစ်ထားသည်။

စားသောက်ကုန် လုပ်ငန်းများမှ ထွက်လာသော အသုံးပြုပြီး ဆီများကို သီးသန့်အမှတ်အသား ပြုလုပ်ပြီး စနစ်တကျ စွန့်ပစ် ရန် လည်း ညွှန်ကြား ထားသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးပိုင်ဖြိုးသန့်က “ကျနော်တို့က ဒီလို သုံးတဲ့ ပုံစံတွေကအစ ပြောင်းရမယ်။ တချို့အကြော်ဆိုင်တွေ ကြည့်လိုက်၊ ဆီက မည်းတူးနေအောင် ကြော်တာ။ ဒီလိုမျိုး လုပ်ရင်တော့ ဘာဆီပဲစားစား ဒီလိုစားရင် သေမှာပဲ။ ဘယ်လောက် ကောင်းမွန်တဲ့ ဆီဖြစ်ပါစေ၊ ဒီလိုမျိုး သုံးနေရင်တော့ အန္တရာယ်ရှိမှာပဲ”ဟု ပြောဆိုသည်။

စားသုံးရန် သင့်လျော်သည့် ဆီအမျိုးအစား ဆိုတာ

စားသုံးရန် အသင့်လျော်ဆုံး ဆီမှာ မပြည့်ဝဆီ အမျိုးအစားဖြစ်ပြီး ပြောင်းဖူး၊ ပဲပိစပ်၊ နေကြာ၊ မုန်ညင်း၊ အုန်းသီး၊ နှမ်း နှင့် မြေပဲ၊ ဖွဲနု တို့မှ ရရှိသော နေကြာဆီ၊ ပဲပိစပ်ဆီ၊ မုန်ညင်းဆီ၊ သံလွင်ဆီ၊ အုန်းဆီ၊ ပဲဆီ၊ နှမ်းဆီ၊ ဖွဲနုဆီများ ဖြစ် သည်။

မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကိုကြီးက “အဓိက ပဲဆီ၊ နှမ်းဆီက မြန်မာတပြည်လုံးက ကြိုက်လည်း ကြိုက်တယ်။ နှစ်ပေါင်းရာချီပြီး စားလာလည်း ဘာမှ အန္တရာယ်မရှိဘူး။ WHO က လည်း ဒီဆီတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ နှလုံး သွေးတိုး မဖြစ်ဘူးဆိုတဲ့ ထောက်ခံချက်တွေ ရတယ်”ဟု ပြောသည်။

လူဦးရေ တိုးပွားလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာသော ယနေ့ခေတ်အခါတွင် ပဲဆီ၊ နှမ်းဆီ စစ်စစ်မှာ လူတိုင်းစားနိုင် သည့် အရာ မဟုတ်တော့ပေ။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ ရရှိသော စာရင်းများအရ မြန်မာနိုုင်ငံသား ၁ ဦးသည် ၁ နှစ်လျှင် ဆီ ၆ ပိဿာနှုန်း သုံးစွဲရာ၊ ပြည်တွင်းလိုအပ်ချက် တန်ချိန် ၆ သိန်း ကျော်၊ ဟိုတယ်၊ စားသောက်ကုန် စသည့် လုပ်ငန်းများ အပါအဝင် ၁ နှစ်လျှင် ဆီလိုအပ်ချက်မှာ တန်ချိန် ၁ သန်း ခန့်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ ပဲဆီ ထုတ်လုပ်နိုင်မှုသည် တန်ချိန် ၃ သိန်းခန့်၊ နှမ်းဆီ၊ နေကြာဆီ အပါအဝင် အခြားဆီ ထုတ်လုပ်နိုင်မှု သည် တန်ချိန် ၁ သိန်း၊ စုစုပေါင်း တန်ချိန် ၄ သိန်းခန့်သာ ထုတ်လုပ်နိုင်၍ ပြည်ပမှ နှစ်စဉ် တန်ချိန် ၆ သိန်း ခန့် တင်သွင်းနေရ သည်။

စားအုန်းဆီ တင်သွင်းခဲ့သည်မှာ စစ်အစိုးရလက်ထက် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဖြစ်သည်။

ဝင်ငွေ၊ ထွက်ငွေ မမျှတသော အခြေခံ လူတန်းစားများအတွက် ဈေးနှုန်းချိုသာသော စားအုန်းဆီသည် ပစ်မှတ်တခု ဖြစ်လာခဲ့သည်။

လက်ရှိတွင်လည်း စားအုန်းဆီသည် ပြည်တွင်း ဆီဈေးကွက်၏ ၉၀ ရာခိုင်နှုန်း နီးပါးကို ရယူထားနိုင်သည်။

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်ချိုက “နိုင်ငံအတွက် လိုနေတဲ့ စားသုံးဆီကို ဖြည့်ဖို့အတွက် အကောင်းဆုံးက စားအုန်းဆီပဲ။ ဈေးနှုန်းအရရော၊ ကျနော်တို့က စားအုန်းဆီမှ တင်သွင်းခွင့် ပြုထားတာ မဟုတ်ဘူး။ ဘယ်ဆီဖြစ်ဖြစ် တင်သွင်းခွင့်ပြုထားတယ်။ ဈေးနှုန်းအရ ဖြန့်ချိဖို့ အသင့်ဆုံးက စားအုန်းဆီ ဖြစ်တဲ့ အတွက် စားအုန်းဆီပဲ ပေးသွင်းတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချနေသော စားအုန်းဆီများ ၏ အနိမ့်ဆုံး အရည်အသွေးကို (Cloud Point) CP 8 ဟု သတ်မှတ်ထားသည်။

ယင်းအမှတ်ထက် မြင့်ပါက စက်မှုကုန်ကြမ်း အဖြစ်သာ အသုံးပြုသင့်ပြီး လက်ရှိ ဈေးကွက်ထဲတွင် CP 8 နှင့် CP 6 ကို တင်သွင်းမှု များကြောင်း စားအုန်းဆီ တင်သွင်းရောင်းချသော လုပ်ငန်းရှင် တဦးထံမှ သိရသည်။

ဥပဒေဆိုင်ရာ အငြင်းပွားမှုလည်းရှိ

ရောနှောဆီများနှင့်ပတ်သက်၍ အရေးယူမှုအပိုင်းတွင် FDA နှင့် စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေကြား အငြင်း ပွားစရာလည်း ဖြစ်နေသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA) က မည်သည့် ပစ္စည်း၊ ဆီ အမျိုးအစားများနှင့် ရောနှောကြောင်း အာဟာရ တန်ဖိုး စာရင်း Nutrition Fact တွင် တရားဝင်ဖော်ပြပါက ရောနှောခွင့် ပြုထားသည်။

စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေ ပုဒ်မ ၁၀ (စ) တွင် အမျိုးအစားတူ အရည်အသွေးနိမ့် ကုန်စည်ကို ရောနှော ရောင်းချခြင်းနှင့် အမျိုးအစားမတူ စားသုံးရန် မသင့်သော ကုန်စည်ကို ရောနှော ရောင်းချခြင်းဖြင့် စားသုံးသူအား လိမ်လည် လှည့်ဖြားခြင်း မပြုရန် တားမြစ်ထားသည်။

တားမြစ်ချက်အား ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်း ၅၀ ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပြဌာန်းထားသည်။

ယင်းစားသုံးသူ အကာအကွယ် ပေးရေး ဥပဒေကိုလည်း အသစ်ပြန်လည် ရေးဆွဲနေကြောင်း သိရသည်။

“အဓိကက စားသုံးဆီကို ဓာတ်ခွဲစမ်းသပ်တဲ့အဖြေက စကားပြောတယ်”ဟု ယခင်က ဗဟိုတရားရုံး ရှေ့နေ တဦး ဖြစ်ပြီး လက်ရှိ ဥပဒေပညာရပ် ဆိုင်ရာ စာရေးဆရာ ဦးနေမင်းက ပြောသည်။

အမျိုးအစားနှစ်ခု ရောနှောရာတွင် ကျန်းမာရေးကို မထိခိုက်စေနိုင်ကြောင်း တိကျသည့် ဓာတ်ခွဲခန်း အဖြေထွက်ပါက ရောနှောခြင်းသည် ပြဿနာ မရှိနိုင်ကြောင်း၊ သို့သော် စားသုံးရန် မသင့်လျော်ဘဲ လူကို အန္တရာယ် ဖြစ်စေနိုင်သော ရောနှောခြင်းကိုမူ ခွင့်မပြုသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

မည်သည့် စားသောက်ကုန် ပစ္စည်းမဆို ပါဝင်ပစ္စည်းများကို ပါကင်ပေါ်တွင် ဖော်ပြရန်လိုကြောင်း၊ စားသုံးဆီများ တွင် လည်း မည့်သည့်ဆီ အမျိုးအစားများ ရောနှောထားကြောင်း စံနှုန်းသတ်မှတ်ကာ တိတိကျကျ ဖော်ပြပြီး ရောင်းချပါက အကောင်းဆုံး ဖြစ်ကြောင်းလည်း ဦးနေမင်းက ပြောသည်။

“အဲဒီစံနှုန်း သတ်မှတ်ချက်ကို စားသောက်ကုန် စစ်ဆေးတဲ့အဖွဲ့တွေက ထောက်ခံတယ်၊ အတည်ပြုတယ်ဆိုတဲ့ ထောက်ခံ ချက် လက်မှတ်။ အဲဒီ သက်သေခံ လက်မှတ်လေးလည်းပါရင် အကောင်းဆုံး ထုတ်လုပ်မှုနဲ့ ဈေးကွက်မှာလည်း စားသုံးသူ တွေအတွက် စိတ်ချရတဲ့ အနေအထားရှိမှာပေါ့”ဟုလည်း ဦးနေမင်းက ပြောဆိုသည်။

ယင်းကဲ့သို့ စိတ်ချရသော ထုတ်လုပ်မှုပုံစံကို သေချာစွာ မလုပ်ဆောင်နိုင်သမျှ ကာလပတ်လုံး မြန်မာနိုင်ငံတွင် မကျော့ တို့လို လူပေါင်းများစွာထံသို့ ရောဂါမျိုးစုံက မဖိတ်ခေါ်ဘဲ ရောက်လာနေဦးမည်သာ။ ။

(သက်ထားဆွေ သည် အလွတ် သတင်းထောက် တဦးဖြစ်ပြီး ယခု ဆောင်းပါးကို ကိုယ်တိုင် ကွင်းဆင်းလေ့လာ၍ Investigative Reporting ရေးသား တင်ပြထားခြင်း ဖြစ်ပါသည်။ ၂၀၁၅ – ၂၀၁၆ အခြေအနေများကို အဓိက လေ့လာ ရေးသား ထားခြင်းလည်း ဖြစ်ပါသည်။)

Loading