ဆောင်းပါး

သီလဝါစီမံကိန်းကြောင့် ဒေသခံ ကျေးရွာသားများ မနစ်နာသင့်

ဦးမြင့်ဝင်း၏ လယ်ကွင်းမှ စပါးပင်များနှင့် ဝါးတဲဟောင်းများကို ဖြတ်သန်း၍ မြောက်ဘက်သို့ ကြည့်လိုက်လျှင် မြန်မာ နိုင်ငံ၏ အကြီးဆုံးမြို့တော် ၏ အပြင်ဘက်မှ ကြီးမားသော စက်မှုဇုန်အသစ် စီမံကိန်း တခုကို အဝေးတွင် မြင်နေရသည်။

သီလဝါအထူး စီးပွားရေးဇုန် စီမံကိန်း၏ ပထမအဆင့် ကာလအတွင်းတွင် အဆောက်အဦးများ ပေါ်ပေါက်လာသည်။ ၆၂၀၀ ဧက ကျယ်ဝန်းသည့် အထူးစီးပွားရေးဇုန်ကို ဂျပန်နှင့် မြန်မာ အစိုးရများနှင့် ပုဂ္ဂလိက ကုမ္ပဏီ အုပ်စုအချို့ ဖက်စပ် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
တည်ဆောက်ပြီးသည့် စက်ရုံများက ကလေး ကစားစရာမှသည် အဝတ်အထည်များအထိ၊ ဆေးပစ္စည်းများမှသည် အီလက်ထရောနစ် ပစ္စည်းများအထိ ထုတ်လုပ်သည်။

ဆယ်စုနှစ်များစွာ စီးပွားရေးတံခါးပိတ်ထားခဲ့ပြီး တိုင်းပြည်ကို စစ်တပ်က တိုက်ရိုက် ထိန်းချုပ်သည့် အခြေအနေမှ ၂၀၁၁ ခု နှစ်ကမှ လွတ်မြောက်လာခဲ့သော မြန်မာကဲ့သို့ ဖွံဖြိုးဆဲ နိုင်ငံများအတွက် အထူး စီးပွားရေးဇုန်များက နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု ကို ဆွဲဆောင်ရန် နှင့် အလုပ်အကိုင်နေရာများ ဖန်တီးရန် နည်းလမ်းတခု ဖြစ်သည်။

နောက်လတွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဘိုးရှိ စီမံကိန်း၏ ဒုတိယ အဆင့်ကို မြေဧက ၅၀၀၀ ခန့်ရှိ နေရာတွင် စတင် အကောင်အထည်ဖော်ရန် ရှိပြီး ဦးမြင့်ဝင်း၏ လယ်လည်း ပါဝင်သွားမည် ဖြစ်သည်။

လယ်မြေတွင် မျိုးဆက် ၄ ခုကြာ နေထိုင်ခဲ့သည့် ဦးမြင့်ဝင်း၏ မိသားစုနှင့် ရာနှင့် ချီသော သူတို့နှင့် ဘဝတူများမှာ ရန်ကုန် မြို့၏ အရှေ့တောင်ဘက် ၁၆ မိုင်ခန့် အကွာတွင်ရှိသော နေရာသစ်သို့ ပြောင်းရွှေ့ပေးရမည် ဖြစ်သည်။

လုပ်ငန်းများစတင်ရန် ရက်သတ္တပတ် အနည်းငယ်သာ လိုတော့သော်လည်း ဘာဖြစ်လာမည်ကို သူ့ကို ပြောထားခြင်း မရှိ သေးကြောင်း အသက် ၅၃ နှစ် အရွယ် ဦးမြင့်ဝင်း ကပြောသည်။
“အဲဒီကိစ္စက ရှိနေတာကြာပြီ။ ဒါပေမယ့် ခုချိန်အထိ သူတို့က ကျနော်တို့ကို ဘာမှ ခိုင်ခိုင်မာမာ မပြသေးဘူး” ဟု သူက အထူးစီးပွားရေးဇုန် နောက်တဆင့် အကောင်အထည်ဖော်မည့် ဖလမ်းကျေးရွာတွင် Thomson Reuters Foundation က ပြုလုပ်သည့် အင်တာဗျူးတွင် ပြောသည်။

ဒေသခံများကို စီမံကိန်း အစီအစဉ်များနှင့် သူတို့၏ အသက်မွေးဝမ်း ကျောင်း ဆုံးရှုံးမှုနှင့် ပြန်လည်နေရာချထားပေးရာတွင် ရရှိမည့် ဝန်ဆောင်မှုများ အကြောင်းနှင့် ပတ်သက်၍ အသိမပေးဘဲ ထားလေ့ရှိကြောင်း မြေယာအခွင့် အရေး တက်ကြွ လှုပ်ရှားသူများက ပြောကြသည်။
သို့သော်လည်း ကျေးရွာနေပြည်သူများကို နစ်နာကြေးပေးပြီး ဖြစ်ကြောင်း၊ ပိုမိုကောင်းမွန်သည့် အိမ်အသစ်များ ပေးပြီး ဖြစ်ကြောင်း နှင့် စက်မှုလုပ်ငန်း အသစ်များတွင် အလုပ်လုပ်နိုင်သည့် အခွင့် အလမ်းလည်း ရှိကြောင်း စီမံကိန်း ဆောင် ရွက် သူများက ပြောကြသည်။

စောဒကတက်

မြန်မာနိုင်ငံတွင် သီလဝါ အပါအဝင် အထူးစီးပွားရေးဇုန် စီမံကိန်း ၃ ခုရှိပြီး ရာစုနှစ်ဝက်ခန့်ကာလအတွင်းတွင် ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးချယ်တင်မြှောက်ခံရသည့် အစိုးရအဖြစ် ယမန်နှစ် နိုဝင်ဘာလ သမိုင်းဝင် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း စီမံကိန်းများကို ထောက်ခံထားသည်။

သီလဝါ အထူးစီးပွားရေးဇုန်မှာ ပထမဆုံးတည်ဆောက်၍ လုပ်ငန်းများဆောင်ရွက်မည့် ဇုန်တခု ဖြစ်လာရန် ရှိနေသည်။ ပထမ အဆင့်မှာ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပြီး သြဂုတ်လ အတွင်းတွင် စက်ရုံ ၁၂ ခု ဖွင့်လှစ်ခဲ့သည်။ မကြာမီ နောက် ထပ် ၂၅ ခု ဖွင့်လှစ်မည် ဖြစ်သည်။

၉၀ ရာခိုင်နှုန်း ပြီးစီးနေသည့် ပထမအဆင့်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အမေရိကန် ဒေါ်လာ သန်း ၇၆၀ ရှိသည်။ သီလ ဝါ အထူးစီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံမှုက ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာတနိုင်ငံလုံး ရင်းနှီးမြှုပ်နှံမှု၏ ၁၂.၅ ရာခိုင်နှုန်းရှိပြီး နိုင်ငံခြားပို့ကုန်၏ ၃ ရာခိုင်နှုန်း ရှိသည်ဟု စီမံကိန်း ဆောင်ရွက်သူများက ဆိုသည်။

Eleven Media Group၏ လတ်တလော အထူးသတင်းတခုတွင် သီလဝါ အထူးစီးပွားရေးဇုန်က ဂျပန်၊ စင်ကာပူ၊ တရုတ်၊ ထိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၊ ပနားမား၊ မလေးရှား နှင့် တောင်ကိုရီးယား အပါအဝင် နိုင်ငံ ၁၃ ခုမှ ရင်းနှီးမြှုပ်နှံမှုများ ရရှိထားသည်ဟု ဖော်ပြခဲ့သည်။

သို့သော်လည်း တည်ဆောက်ရေး လုပ်ငန်းများ စတင်သည့် ၂၀၁၃ ခုက စီမံကိန်း ပထမအဆင့်တွင် မိသားစု ၇၀ နီးပါးကို ၂ မိုင်ခွဲ ခန့်ကွာဝေးသည့် မြိုင်သာယာသို့ ပြောင်းရွှေ့ချထားပေးပြီးနောက် အညင်းပွားစရာများ ဖြစ်ခဲ့သဖြင့် အစ မကောင်း ခဲ့ရပါ။

ရရှိသည့် နစ်နာကြေးငွေက လုံလောက်မှုမရှိဟု ဒေသခံများကပြောကြသည်။ သီလဝါဒေသကို စက်မှုဖွံ့ဖြိုးရေး အတွက် စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်တွင် လျာထားသတ်မှတ်ခဲ့ပြီး ဒေသခံပြည်သူများကို တဧကလျှင် ၂၀၀၀၀ ကျပ်နှုန်း လျော်ကြေးပေး၍ ပြောင်းရွှေ့ချထားခဲ့သည်ဟု သိရပါသည်။

စစ်အစိုးရက စီမံကိန်းကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်ခဲ့သည့်အခါ ပြောင်းရွှေ့ပေးခဲ့ရသူများ ပြန်လည် ရောက်ရှိ လာခဲ့သည်။ သို့သော်လည်း သီလဝါ စီမံကိန်းကို အကောင်အထည်ဖော်သူ အသစ်များက စစ်အစိုးရ၏ သဘောတူညီ ချက်အရ မြေနေရာကို အစိုးရက ပိုင်ဆိုင် ပြီး ဖြစ်ကြောင်း ထို့ကြောင့် မြေပေါ်တွင် စိုက်ပျိုးထားသည့် သီးနှံများအတွက် သာ ပေးလျော်ခြင်းဖြစ်ကြောင်း နှင့် မြေအတွက် မဟုတ်ကြောင်း ပြောကြသည်။

ဒေသခံများက ပြန်လည်နေရာ ချထားရေး အစီအစဉ်၏ တစိတ် တပိုင်းအဖြစ် သူတို့ရရှိသည့် အလုပ်အကိုင် နှင့်ပတ်သက် သည့် သင်တန်းများမှာ အထူးစီးပွားရေးဇုန်တွင် အလုပ်အကိုင် ရရှိရေးအတွက် မလုံလောက်ကြောင်းပြောကြသည်။ သူတို့ အတွက် သန့်ရှင်းရေး နှင့် လုံခြုံရေး အစောင့်ကဲ့သို့သော လုပ်ခနည်းပါးသည့် အလုပ်များသာ ရှိကြောင်းပြောကြသည်။

သန့်ရှင်းသောရေ မရရှိခြင်းကလည်း နောက်ထပ် ပြဿနာတခု ဖြစ်သည်ဟု သူတို့က ဆိုသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီဝင် တဦး ဖြစ်သည့် ဒေါ်စန္ဒာက စောဒက တက်မှုများက သက်သေ အ ထောက်အထား မရှိကြောင်းပြောသည်။ စီမံခန့်ခွဲရေး ကော်မတီသည် အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေးကို စောင့်ကြည့် ကွပ်ကဲ ရသည့် အစိုးရ အဖွဲ့အစည်းတခု ဖြစ်သည်။

ပထမအဆင့် အတွက် ထုတ်ပေးခဲ့သော လျော်ကြေးက ကျေးလက်ပြည်သူများပိုမိုကောင်းမွန်သည့် အိမ်သစ်တည်ဆောက်ရန် လုံလောက်ကြောင်းဒေါ်စန္ဒာက ပြောသည်။ အများအပြားမှာ မပြောင်းရွှေ့မီကပင် အကြွေးတင်နေကြောင်း နှင့် အာဏာပိုင်များက ငွေကြေး အကူအညီပေးခဲ့သည်ဟုလည်း သူက ဆိုသည်။

ဒေသတွင်းမှ စက်ရုံများတွင် အလုပ်အကိုင်ရှာဖွေရန်မှာလည်း ကျွမ်းကျင်လုပ်သား ဖြစ်ရန် မလိုကြောင်း နှင့် လေ့ကျင့် သင် တန်းပေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သူက ပြောသည်။

မြိုင်သာယာတွင် ရေရှားပါးမှု ပြဿနာကိုဖြေရှင်းရန်အတွက် အဝီစိတွင်းများတူးဖော်ပြီး ပိုက်လိုင်းမှ ရေရရှိနိုင်မည့် ရေဖြန့် ဖြူးရေး စနစ်တခုကိုလည်း အကောင်အထည်ဖော်ခဲ့သည်ဟု လည်း ဒေါ်စန္ဒာ ကပြောသည်။

“အဲဒါက မကြာခင် ပြီးစီးပါလိမ့်မယ်” ဟု သူက Thomson Reuters Foundation သို့ အီးမေးလ်မှ တဆင့်ပြောသည်။

စီမံကိန်း ပထမအဆင့် အကောင်အထည်ဖော်ရာတွင် ဝေဖန်စောဒက တက်မှုများ ရှိနေသော်လည်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (Myanmar Centre for Responsible Business) ၏ အကြီးအကဲ Vicky Bowman က အမှန်တကယ်အားဖြင့် အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သမျှထဲတွင် ဆန်းသစ်သော၊ ပွင့် လင်းမြင်သာပြီး ပြည့်စုံသော ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်ရှိသည် ဟု အသိအမှတ်ပြုသင့်ကြောင်း ပြောသည်။

“ဒါပေမယ့် ဒီလိုမျိုး စီမံကိန်းတွေမှာ သင်ယူလေ့လာစရာ သင်ခန်းစာတွေ အမြဲတမ်းရှိပါတယ်။ ဒီလို ကြီးမားတဲ့ စီမံကိန်း ကြီးတွေကို ကိုင်တွယ်ဖို့ အစိုးရရဲ့ စွမ်းဆောင်ရည်က အတော်လေးကို အားနည်းနေပါတယ်” ဟု သူကဆိုသည်။

စီမံကိန်းကို အကောင်အထည်ဖော်နေသော Myanmar Japan Thilawa Development (MJTD) ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Takashi Yanai က “မြေသိမ်းယူခြင်းနှင့် ပြန်လည်နေရာချထားခြင်းများ ဆောင်ရွက်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှု မရှိဘဲဆောင်ရွက်ရန် မြန်မာအစိုးရကို တောင်းဆိုရန် သူတို့တွင် တာဝန်ရှိသည်”ဟု ကုမ္ပဏီက ယုံကြည် ထား ကြောင်း ပြောသည်။

MJTD အနေဖြင့် ပြည်သူများ၏ အသံကို နားထောင်ရန် အချိန်မရွေး အသင့်ရှိနေခဲ့ပြီး လိုအပ်လာလျှင် အဆိုပါ အသံများ ကို မြန်မာ အစိုးရသို့တင်ပြဆွေးနွေး၍ အဖြေရှာသွားမည် ဖြစ်သည်ဟု Takashi Yanai က အီးမေးလ်မှ တဆင့်ပြောသည်။

ပျော်စရာ ရှာမတွေ့ဘူး

သို့သော်လည်း မြေယာအခွင့်အရေး လှုပ်ရှားသူများက သံသယ ရှိနေကြဆဲဖြစ်သည်။
“တကယ်လို့ သီလဝါ စီမံကိန်းရဲ့ ဒုတိယ အဆင့်ကို လက်ရှိအခြေအနေအတိုင်း ရှေ့ဆက်သွားမယ်ဆိုရင် တာဝန်ယူမှု မရှိတဲ့၊ ထိခိုက်နစ်နာစေတဲ့ ရင်းနှီးမြှုပ်နှံမှုကို မီးစိမ်းပြလိုက်သလို ဖြစ်သွားပါလိမ့်မယ်” ဟု Earth Rights International မှ ဥပဒေရေးရာ coordinator ဖြစ်သည့် Katherine McDonnell က Thomson Reuters Foundation သို့ပြောသည်။

၂၀၁၃ ခုနှစ်တွင် မြိုင်သာယာ သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသည့် အသက် ၃၀ အရွယ် စက်ပြင်တဦးဖြစ်သည့် ကိုအေးခိုင် ဝင်းက ကျေးရွာနေ ပြည်သူများသည် မပြောင်းရွှေ့မီက ဆင်းရဲကြသော်လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ခဲ့ကြသည်ဟု ပြောသည်။

“ကျနော်တို့က ဝါးတဲလေးမှာ ဖရောင်းတိုင်ထွန်းပြီး နေခဲ့ရပေမယ့် ကျနော်တို့ မိသားစုမှာ ဘာအပူအပင်မှ မရှိခဲ့ပါဘူး။ အခု ဆိုရင်တော့ ကျနော် အဲဒီဖိအားတွေကို နေ့တိုင်း ခံစားနေရပါတယ်။ ဒီမှာ ပျော်စရာ ရှာလို့ မတွေ့နိုင်ပါဘူး” ဟု သူက ဆိုသည်။

အထူးစီးပွားရေးဇုန်၏ ပထမအဆင့်ကို ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ အုပ်စုတခုဖြစ်သည့် Myanmar Thilawa SEZ Holdings က အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် လအတွင်းက ထုတ်ပြန်ခဲ့သော နှစ်စဉ် အစီရင် ခံစာတခု အရ သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့်အတွက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းက ၂၀၁၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ အထိ ရှိပြီး အလုပ်အကိုင်နေရာ ၄၀၀၀၀ ဖန် တီးပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် အထူးစီးပွားရေး ဇုန်၏ နိုင်ငံခြားတင်ပို့မှုက အမေရိကန် ဒေါ်လာ သန်း ၃၅၀ အထိဖြစ်လာရန်လည်း မျှော် မှန်းထားသည်။

သို့သော်လည်း ပြီးခဲ့သည့် လအတွင်းတွင် သီလဝါ အထူးစီးပွားရေး ဇုန် နှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေး အစီအစဉ်တခု ဖြစ်သည့် JICA အပါအဝင် ရင်းနှီးမြှုပ်နှံသူများကို သူတို့၏ စိုးရိမ်မှုများအား ဖော်ထုတ် ပြသ ရန် ဒေသခံပြည်သူများက ဂျပန်နိုင်ငံ တိုကျိုမြို့သို့ သွားရောက်ခဲ့ကြသည်။

ဒုတိယအဆင့်တွင် ရင်းနှီးမြှုပ်နှံမှု ပြုမပြုကို မှတ်ချက်ပေးမည် မဟုတ်ကြောင်း JICA က Thomson Reuters Foundation သို့ပြောသည်။

ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူ တဦးက ပထမအဆင့် အတွက် ဒေသခံများကို ပြောင်းရွှေ့နေရာချထားပေးခြင်းတွင် JICA ၏ လူမှုရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု အီးမေးလ်မှ တဆင့် ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန်၏ နောက်ထပ်ကျန်နေသည့် အဆင့်များ အကောင်အထည်ဖော်မည့် နေရာတွင် နေထိုင်လုပ် ကိုင် နေသူ ၄၀၀၀ ခန့် ရှိမည်ဟု Earth Rights International ကပြောသည်။

ထိုသူ များထဲတွင် အသက် ၇၀ အရွယ် လယ်သမား တဦးဖြစ်သော ဦးမြလှိုင်လည်းပါဝင်ပါသည်။ လူမှု အသိုင်းအဝိုင်း အခြေပြု Thilawa Social Development Organisation ၏ ခေါင်းဆောင်လည်း ဖြစ်သည့် ဦးမြလှိုင်က ဒုတိယအဆင့် အကောင် အထည်မဖော်မီ ပြောင်းရွှေ့နေရာချထားရေး အတွက် ညှိနှိုင်းဆွေးနွေးမှုများ လုံလုံလောက်လောက် မပြုလုပ် ခဲ့ကြောင်း ပြောသည်။

ဒေသခံများက သူတို့၏ ဘဝရပ်တည်ရေးကို အကာအကွယ်ပေးပြီး ကျန်းမာရေး စောင့်ရှောက်မှု နှင့် ပညာရေးကို သေချာ စေမည့် ပြန်လည်နေရာချထားရေး အစီအစဉ်တခုကို လိုချင်ကြသည်ဟု သူကဆိုသည်။

သူတို့ အဖွဲ့က စီးပွားရေး လုပ်ငန်းများနှင့် ဆက်သွယ်၍ သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ရန် ပြောမည်ဟုလည်း ဦးမြလှိုင်ကပြောသည်။ “တကယ်လို့ သူတို့က သဘောမတူဘူးဆိုရင် ကျနော်တို့ကလဲ ကျနော်တို့ မြေကို မပေးဘူး” ဟုသူကပြောသည်။

(Thomson Reuters Foundation မှ David Doyle ၏ Myanmar’s new economic zone attracts foreign interest but local ire ကို ဘာသာပြန်ဆိုသည်)

Loading