ဆောင်းပါး

ဟီလာရီ သမ္မတဖြစ်လာသော် မြန်မာနှင့် နီးပြီး ထိုင်းနှင့် ဝေးမည်

Want create site? Find Free WordPress Themes and plugins.

အမေရိကန် သမ္မတရွေးကောက်ပွဲ နီးကပ်လာသည့် အချိန်တွင် ရွေးကောက်ပွဲ ရလဒ်က အရေးပါသည့် နောက်ဆက်တွဲများ ရှိနိုင်သည့် နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။ (ရွေးကောက်ပွဲအကြို စစ်တမ်းများအဆို ဟီလာရီ ကလင်တန်က ဒေါ်နယ်လ်ထရမ့်ကို အပြတ်အသတ် အနိုင်ရနေခြင်းကြောင့် ဟီလာရီ သမ္မတရွေးကောက်ပွဲ နိုင်ရန် အလားအလာများနေသည်။)

ဒေါ်နယ်လ်ထရမ့်က အရှေ့တောင် အာရှနှင့် ပတ်သက်၍ မှတ်သားလောက်စရာ တစုံတရာ ပြောဆိုခြင်း မရှိသော်လည်း အကြို ဆန္ဒကောက်ယူမှုများတွင် ဦးဆောင်နေသော ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံမှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်မင်ရင်းနှီးသူ ဖြစ်သည်။ ဟီလာရီ အနေဖြင့်လည်း အမေရိကန်၏ အစဉ်အလာ မဟာမိတ် ဖြစ်သည့် ထိုင်းနိုင်ငံကို လက်ရှိ အုပ်ချုပ်နေသော ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရသည် ထက်စာလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးက ပို သက်တောင့်သက်သာ ရှိမည်မှာ သံသယ ရှိ ရန် မလိုပါ။

မြန်မာနိုင်ငံက ယခင်ရှိခဲ့သော တံခါးပိတ်စီးပွားရေး၊ တရုတ်နိုင်ငံနှင့် နိုင်ငံရေး စီးပွားရေး ဆက်ဆံမှုများမှ ခွဲထွက်လာ ပြီး ဒေသတွင်းတွင် အမေရိကန်၏ ဗျူဟာမြောက်မိတ်ဖက်ဖြစ်ရန် လမ်းပွင့်လာသည့် အချိန်တွင် ထိုင်းနိုင်ငံက တရုတ်အစိုးရ နှင့် အနီးကပ်ဆက်သွယ်မှု တိုးတက်လာနေသည်။

ဟီလာရီ၏ ကမ္ဘာအနှံ့မှ တိုင်းပြည်များသို့ သွားရောက်ခဲ့သော ခရီးစဉ်များကို ပြန်ပြောင်း ပြောပြထားသည့် စာမျက်နှာ ၆၅၆ မျက်နှာရှိ “Hard Choices” စာအုပ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အခန်း တခန်းလုံး နီးပါးဖော်ပြထားရာ အာရှ-ပစိဖိတ် ဒေသတခုလုံးတွင် တရုတ်နိုင်ငံမှလွဲ၍ ထိုစာအုပ်တွင် အလွှမ်းမိုးဆုံး ဖြစ်ခဲ့ကြောင်း ရေးသားခဲ့သည်။

ဟီလာရီက “အရှေ့အလယ်ပိုင်း၌ အာရပ်နွေဦး၏ အရှိန်အဝါ ကျဆင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံက အာဏာရှင်စနစ်မှ ဒီမိုကရေစီ သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ကြောင်း ကမ္ဘာသို့ မျှော်လင့်ချက် အသစ် ပေးခဲ့သည်” ဟု ရေးသည်။

စစ်တပ်က အရေးပါသည့် ဝန်ကြီးဌာနများကို ဆက်လက်ထိန်းချုပ်ထားပြီး ဒီမိုကရေစီ နည်းမကျသည့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရေးတွင် ဆက်လက်ပိတ်ဆို့ ထားနိုင်သည့် အတွက် အသွင်ကူးပြောင်းရေးက ပြီးပြည့်စုံရန် ဝေးကွာနေသေးသည်ဟု အများစုက စောဒက တက်ခဲ့ကြသော်လည်း ဟီလာရီက မြန်မာနိုင်ငံကို သူ၏ နိုင်ငံ ခြားရေးဝန်ကြီး သက်တမ်းအတွင်းတွင် အဓိက အကျဆုံး အောင်မြင်မှု အဖြစ် ရှုမြင်ခဲ့သည်။ အမေရိကန် နိုင်ငံက အ ကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့သည်ဟု သူက ဆိုသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် မေလက ပေါ်ပေါက်ခဲ့သည့် စစ်တပ်က အာဏာသိမ်းယူမှု နောက်ပိုင်း အမေရိကန် အနေဖြင့် ထိုင်း အစိုးရနှင့် ဆက်ဆံရာတွင် အကန့်အသတ်များ ထားရှိရန် ဖြစ်လာသည်။ နိုင်ငံခြား အထောက်အကူ ဥပဒေ (Foreign Assistance Act) အရ အမေရိကန် အနေဖြင့် ရွေးကောက်ခံ အစိုးရတခုကို အင်အားသုံး ဖယ်ရှားခဲ့သည့် နိုင်ငံများသို့ အကူအညီပေးခြင်းကို ရပ်ရမည် ဖြစ်သည်။

ဥပဒေအရ အမေရိကန်နိုင်ငံက အာဏာသိမ်းမှုကို ပြစ်တင်ရှုံ့ချရမည် ဖြစ်သော်လည်း သိသာမြင်သာလောက်သည့် လှုပ်ရှားမှု အနေဖြင့် ထိုင်းနိုင်ငံသို့ ပေးရမည့် စစ်ရေးဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၃.၅ သန်းကို ဆိုင်းငံ့ခြင်း၊ အကောင်အထည်ဖော်နေသည့် ရေတပ်လေ့ကျင့်ရေး အစီအစဉ် တခုကို ဖြတ်တောက်ခြင်းနှင့် ရဲတပ်ဖွဲ့ လေ့ကျင့်ရေး အစီအစဉ်တခုကို ဆိုင်းငံ့ခြင်းများလောက်သာ ဆောင်ရွက်ခဲ့သည်ကိုသာ တွေ့ရသည်။

ထိုင်းနိုင်ငံက အမေရိကန်အနေဖြင့် လုံးလုံးလျားလျား ဥပေက္ခာပြု၍ မရသည့် နိုင်ငံတခု ဖြစ်ပါသည်။ သူတို့ ၂ နိုင်ငံက အရှေ့တောင် အာရှ စုပေါင်း ကာကွယ်ရေး စာချုပ် အဖွဲ့ (Southeast Asia Treaty Organization – SEATO) ဖွဲ့ခဲ့သည့် ၁၉၅၄ ခုနှစ်မှ ဖျက်သိမ်းခဲ့သည့် ၁၉၇၇ အထိ တရားဝင် မဟာမိတ်များ ဖြစ်ခဲ့ကြသည်။

အင်ဒိုချိုင်းနား စစ်ပွဲအတွင်းတွင် မြောက်ဗီယက်နမ်ကို ဗုံးကျဲ တိုက်ခိုက်ရန်အတွက် အမေရိကန်က ထိုင်းနိုင်ငံကို အခြေ စိုက် စခန်းတခုအဖြစ် အသုံးပြုခဲ့သည်။ ထိုင်းနိုင်ငံတွင် ၁၉၇၆ ခုနှစ်အထိ အမေရိကန် အခြေစိုက် စခန်းရှိခဲ့သည်။ အာဏာ သိမ်းယူမှု ဖြစ်ပွားခဲ့သော်လည်း အမေရိကန်က ထိုင်းနိုင်ငံကို စစ်ရေး မဟာမိတ်အဖြစ် မြင်ထားဆဲဖြစ်သည်။ ဒေသတွင်းရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံများမှ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်များပါဝင်ပြီး နှစ်စဉ်ပြုလုပ်သည့် Cobra Gold စစ်ရေး လေ့ကျင့်မှု အစီအစဉ်ကိုလည်း ယခုနှစ်တွင် ဦးဆောင် ပြုလုပ်ခဲ့သည်။

သို့သော်လည်း တချိန်တည်းမှာပင် ထိုင်းနိုင်ငံက တရုတ်နိုင်ငံနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးလာနေသည်။ ဥပမာ အားဖြင့် ယခုနှစ် မေလ အတွင်းတွင် ထိုင်းနှင့် တရုတ် ရေတပ်များ ပူးပေါင်း၍ Blue Strike အမည်ရှိ ပူးတွဲ စစ်ရေးလေ့ ကျင့်မှု တခုကို ထိုင်းကမ်းရိုးတန်း တွင် ပြုလုပ်ခဲ့သည်။ ဟောင်ကောင်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Joshua Wong ကို ထိုင်းနိုင်ငံက ပြည်ဝင်ခွင့် ညင်းပယ်ခဲ့ခြင်းက တရုတ်အစိုးရ အတွက် ကျေနပ်စရာ ဖြစ်ခဲ့သည်။

ထိုင်း စစ်တပ်က တရုတ်နိုင်ငံနှင့် ပိုမို နီးကပ်သွားနေပြီး ယခင်က လှိုက်လှဲနွေးထွေးသော ဆက်ဆံရေး ရှိခဲ့သည့် အမေရိ ကန်နှင့် ဝေးကွာလာသည်ဟု သံသယဖြစ်နိုင်ပါသည်။ တိုင်းပြည်၏ အသွင်ကူးပြောင်းရေး ကာလနှင့် အောက်တိုဘာလ ၁၃ ရက်နေ့က ထိုင်းဘုရင် ဘူမိဘောအဒူလျာဒတ် ကွယ်လွန်ခဲ့ပြီး နောက်ပိုင်း မရေရာမှုများထဲတွင် စစ်တပ်က အာဏာအရှိဆုံး နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေပါသည်။

မြန်မာနိုင်ငံမှ တိုးတက်မှုများက (ထိုင်းနိုင်ငံနှင့်) ဆန့်ကျင်ဘက် လားရာသို့ ဖြစ်သည်။ ၂၀၁၃ ခုနှစ်မှ စ၍ မြန်မာနိုင်ငံက Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူအဖြစ် ပါဝင်ခဲ့သည်။ အမေရိကန် စစ်ဘက် အရာရှိကြီးများကလည်း မြန်မာနိုင်ငံမှ စစ်ကျောင်းများသို့ သွားရောက်လည်ပတ်ခဲ့သည်။ ယခုနှစ် မေလ ၉ ရက်နေ့တွင် အရှေ့တောင်အာရှ ဒေသ ဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Patrick Murphy က အမေရိကန် နိုင်ငံ အနေဖြင့် မြန်မာ စစ်တပ်နှင့် ပုံမှန် အပြန်အလှန် ဆက်ဆံရေး ထူထောင်မည် မဟုတ်သော်လည်း ဆက်ဆံရေးတခုကို ဖွင့်လှစ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

၁၉၈၈ ခုနှစ်တွင် မြန်မာစစ်တပ်က ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသည့် အရေးအခင်းကို အကြမ်းဖက်ဖြိုခွဲခဲ့၍ လူပေါင်း ထောင်နှင့် ချီ၍ သေဆုံးခဲ့ရပြီး နောက်ပိုင်းတွင် ဆက်ဆံရေး ဆိုးရွားသွားခဲ့သည်။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနှင့် သံ တမန် ဆက်ဆံရေးကို အဆင့်လျှော့ချ၍ အကူအညီ အားလုံးကို ဖြတ်တောက်ခဲ့သည်။ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ မှုများလည်း ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံလည်း အပယ်ခံ နိုင်ငံတခု ဖြစ်လာပြီး အမေရိကန်နှင့် အနောက်နိုင်ငံ အများစု နှင့် အပြန်အလှန် ဆက်ဆံရေးက အနည်းဆုံး အနေအထားသို့ ရောက်ရှိခဲ့သည်။

သို့သော်လည်း ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် အလှည့်အပြောင်းတခု ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ် ကြီးဟောင်း တယောက် ဖြစ်သည့် ဦးသိန်းစိန် ဦးဆောင်သော အရပ်သားတပိုင်း အစိုးရဖွဲ့စည်းပြီးနောက် သူက နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ယခင်က ငြင်းပယ်ခံခဲ့ရသော ပြည်သူတို့၏ အခွင့်အရေးများ ပြန်ပေးခြင်းကဲ့သို့ သော ပြုပြင်ပြောင်းလဲရေးများ စတင်ပြုလုပ်ခဲ့သည်။ အရေးအပါဆုံးမှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် သမ္မတသစ် ဦးသိန်းစိန်က မြန်မာနိုင်ငံမြောက်ပိုင်းမှ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဘိုးရှိ တရုတ်-မြန်မာ ဖက်စပ် ဆောင်ရွက်နေသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ အဆိုပါ စီမံကိန်း ပြီးမြောက်ခဲ့လျှင် ကမ္ဘာပေါ်တွင်ပဉ္စမမြောက် အကြီးဆုံးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖြစ်လာမည်ဖြစ်ပြီး စတုရန်း ကီလိုမီတာ ၆၀၀ ရှိသည့် သစ်တောများ ရေးဖုံးလွှမ်းသွားမည် ဖြစ်သည်။ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရရှိမည် ဖြစ်သည်။

နောက် ၂ လကြာသည့် အခါ မြန်မာနိုင်ငံသို့ ဟီလာရီ ရောက်လာခဲ့ပြီး ရာစုနှစ်ဝက်ကျော် ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စိတ်လှုပ်ရှားဖွယ်ရာ တွေ့ဆုံခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့်လည်း ဆွေးနွေးခဲ့ခြင်းကလည်း ၂ နိုင်ငံ ဆက်ဆံရေး ပြန်လည်ရှင်သန်စေရန် ကြိုးပမ်းမှုတခု အဖြစ်မြင်ခဲ့ကြသည်။ ထိုခရီးစဉ်ကြောင့် ပင် ၂၀၁၂ ခုနှစ် နိုဝင် ဘာလတွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ် အဖြစ်လာရောက်ခဲ့ပြီး ဟီလာရီလည်း အတူ လိုက်ပါလာခဲ့ကာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ၂၀၁၄ ခုနှစ် မတ်လတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတို့၏ ကျန်းမာရေးနှင့် ပညာရေး အဆင့်မြှင့် တင်ပေးရန် ရည်ရွယ်သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတခု ဖြစ်သည့် စု ဖောင်ဒေးရှင်းကို တည် ထောင်ခဲ့သည်။ ပါဝင်သူများအနက် အထင်ရှားဆုံး ပုဂ္ဂိုလ်များမှာ ဟီလာရီနှင့် အမေရိကန် သမ္မတကတော်ဟောင်း လော်ရာဘုရှ်နှင့် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီးနောက် ဆယ်ကျော်သက် အရွယ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ လာကာ ယခုအခါ ဟာဝိုင်အီမှ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ဦးစီးသည့် Asia-Pacific Centre for Security Studies တွင် ပါမောက္ခအဖြစ် ဆောင်ရွက်နေသော မီမီဝင်းဘာ့ဒ်တို့ ဖြစ်သည်။

ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပါက အရှေ့တောင်အာရှ အတွက် မည်သို့ဖြစ်လာမည်ကို မည်သူမျှ မသိသော်လည်း ဟီလာရီ ကလင်တန်သာ အိမ်ဖြူတော်သို့ ရောက်လာခဲ့လျှင် ကျနော်တို့ အနေဖြင့် ဝါရှင်တန် နှင့် နေပြည်တော်ကြားတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင်တွေ့ရမည် ဖြစ်သည်။ ယခင် မဟာမိတ်ဟောင်း ထိုင်းနိုင်ငံ နှင့် အမေရိကန် ကြားတွင် ဆက်ဆံရေး အေးစက်သွားခြင်းမျိုးကိုပင် ကျနော်တို့ တွေ့ကောင်းတွေ့ရနိုင်ပါသည်။

(South China Morning Post ပါ Bertil Lintner ၏ What Myanmar Stands To Gain – And Thailand Lose – From A President Clinton ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading