အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) ခေါ် မိုင်းလားအဖွဲ့ ထိန်းချုပ်နယ်မြေထဲက စစ်ရေးအရ အရေးပါတဲ့ လွယ်ကျူဆိုင်းနဲ့ လွယ်ဆမ်ဆုမ် တောင်ကုန်းတွေကို ညီနောင်မဟာမိတ်ဖြစ်တဲ့ ဝ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့က စက်တင်ဘာလ ၂၈ ရက်နေ့မှာ အင်အား ၆၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့တာ အခုဆိုရင် တလတင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါတယ်။
မိုင်းလားအဖွဲ့ အနေနဲ့ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ခံပြီး NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးလိမ့်မယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်မှုတွေရှိနေတဲ့ UWSA ဟာ တပ်ပြန်ဆုတ်မပေးတဲ့အပြင် တပ်အင်အားတွေ ထပ်မံဖြည့်တင်းနေတဲ့ အတွက် အခုဆိုရင် အင်အား ၁ ထောင်ကျော် အထိရှိနေပြီလို့ မိုင်းလား စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်၊ တြိဂံတိုင်း စစ်ဌာနချုပ်က မိုင်းလားထိန်းချုပ်နယ်မြေထဲ ဝင်စီးထားတဲ့ ဝ တပ်ဖွဲ့တွေ နောက်ကြောင်းပြန်ဆုတ်ခွာပေးဖို့ အောက်တိုဘာလ ၂၄ ရက် နောက်ဆုံးထားပြီး ရာဇသံပေးခဲ့ပါတယ်။ ဒါပေမယ့် ရာဇသံ ရက်ကျော်လာတဲ့ အထိ ဝ တပ်ဖွဲ့ကတော့ လုံးဝ ဆုတ်ခွာခြင်းမရှိသေးပါဘူး။
ဝနဲ့ မိုင်းလားတို့ ညီနောင်နှစ်ဖွဲ့အကြားမှာ ဖြစ်ပွားနေတဲ့အခြေအနေကို အချင်းချင်း ပြေလည်မှုရအောင် ရင်းနှီးပွင့်လင်းစွာဆွေး နွေးကြဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပက်သက်ပြီး နှစ်ဖွဲ့လုံးအား ဆက်လက်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရဲ့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း က နှစ်ဖွဲ့လုံးကို အောက်တိုဘာလ ၁၈ ရက်နေ့က စာပို့ခဲ့ပါတယ်။
ဝနဲ့ မိုင်းလားအကြား ဖြစ်ပွားနေတဲ့ ပြဿနာကို ဆက်လက်မကြီးထွားစေဖို့ အောက်ခြေတပ်ဖွဲ့တွေကို ညွှန်ကြားထားပြီး နှစ်ဘက် ပြေလည်မှုရရန် ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ကြောင့်နဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့လက်တွဲပြီး နိုင်ငံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို စောလျှင်စွာ ဖော်ဆောင်ဖို့ မျှော်လင့်တဲ့ အကြောင်း UWSP ဥက္ကဌ ဦးပေါက်ယူချမ်း က အစိုးရကို အောက်တိုဘာ ၂၁ ရက်နေ့မှာ အကြောင်းပြန်စာပေးပို့ခဲ့ပါတယ်။
ဝ တပ်တွေ မိုင်းလားထိန်းချုပ်နယ်မြေကနေ ပြန်ဆုတ်ခွာပေးဖို့ အတွက် တပ်မတော်က ရာဇသံပေးခဲ့တဲ့ ၂၄ ရက်နေ့မှာဘဲ ဝ နဲ့ မိုင်းလား နှစ်ဘက် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ နှစ်ဘက်လုံးက သတင်း ထုတ်ပြန်ခြင်း မရှိပေမယ့် နယ်မြေအတွင်းမှာ ဝ တပ်တွေဆုတ်ခွာသွားခြင်းတော့မရှိသေးတာကတော့ အသေအချာပါပဲ။
မိုင်းလားထိန်းချုပ်နယ်မြေကနေ ဝ တပ်တွေ ဘယ်တော့ ဆုတ်ခွာမလဲ၊ ရာဇသံပေးထားတဲ့ တပ်မတော်ရဲ့ စစ်ရေးပြင် ဆင်မှုအခြေအနေ စတာတွေနဲ့ ပက်သက်ပြီးတော့ မဖြေလိုသေးပေမယ့် ဒေသခံတွေအကြားမှာတော့ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ မိုင်းလားအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးကြည်မြင့် က ဆိုပါတယ်။
ဦးကြည်မြင့် က “မိုင်းလားမှာ အခုတော့ ဘာမှ ထူးထူးခြားခြားမရှိပါဘူး။ သူတို့ အေးအေး ဆေးဆေးပဲ နေပါတယ်။ ရုံးဆင်း ရုံးတတ် အကုန် ပုံမှန်ပါပဲ” လို့ ဆိုပါတယ်။
ဝ တပ်ဖွဲ့အပေါ် ရာဇသံပေးရက်အလွန် ၄ ရက်အကြာမှာဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ် အဖွဲ့ဟာ အိမ်နီးချင်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် အောက်တိုဘာလ ၂၈ ရက်နေ့မနက်ပိုင်းမှာ နေပြည်တော် လေဆိပ်က တဆင့်ထွက်ခွာသွားပါတယ်။
ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွင်း အင်အားအကြီးဆုံးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်တဲ့ “ဝ” တပ်ဖွဲ့နဲ့ တပ်မတော်တို့ အကြား ရှမ်းပြည်နယ်ထဲမှာ စစ်ရေးတင်းမာမှုဖြစ်နေတဲ့ အချိန်ဖြစ်ပါတယ်။
တပ်မတော်ဘက်က ထုတ်ပြန်ချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ဗဟို စစ်ကော်မရှင်အဖွဲ့ဝင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ် Fang Fenghui ရဲ့ ဖိတ်ကြားချက် အရ သွားရောက်တာ ဖြစ်ပြီး ဒီခရီးစဉ် အတွင်း တရုတ်နိုင်ငံ စစ်ဘက် ဆိုင်ရာ အကြီးအကဲတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်မှာ ဖြစ်တယ် လို့ဆိုပါတယ်။
တပ်ချုပ်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ တပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေပဲ လိုက်ပါသွားကြတာဖြစ်ပါတယ်။ တပ်ချုပ်ရဲ့ ခရီးစဉ်မှာ အဖွဲ့ဝင်တွေအဖြစ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော် အရာရှိကြီးတွေ လိုက်ပါသွားကြပါတယ်။
တပ်ချုပ်ရဲ့ ခရီးစဉ်မှာ တရုတ်-မြန်မာ နယ်စပ်တကြောမှာ အခြေစိုက်ထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အရေးကို ဆွေးနွေးဖြစ်လိမ့်မယ်လို့ ဖက်ဒရယ်နဲ့ တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်တဲ့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက တန့်ယန်းမှာ၊ မြစ်ကြီးနားမှာ အစရှိသ၍ တရုတ်တပ်ကိုယ်စားလှယ်တွေ လာပြီးတော့ ဆွေးနွေးတာတွေ ရှိတယ်လေ။ အဲဒါအပြီးမှာ ပေါ်လာတာပဲ။ အဲတော့ ဒီကိစ္စမှာတော့ နယ်စပ်ကိစ္စ၊ တပ်ကိစ္စ အားလုံး ပါမှာဘဲ။ ဝ ကိစ္စ၊ မိုင်းလားကိစ္စတွေတင်မကဘူး။ KIA ကိစ္စ၊ ကိုးကန့် ကိစ္စ အားလုံးတော့ ပါမှာဘဲ။ ဒါပေမယ့် အများတွက်ထားသလိုပေါ့၊ ဝနဲ့မိုင်းလား ကိစ္စကလည်း အလေးထားပြီးပြောဖို့ ရှိကောင်းရှိနိုင်ပါတယ်” လို့ ဦးမောင်မောင်စိုး က ဆိုပါတယ်။
တရုတ်-မြန်မာနယ်စပ် တကြောမှာ အခြေစိုက်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထဲမှာတော့ ဝ နဲ့ မိုင်းလားအဖွဲ့ အပြင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)နဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA) တွေရှိပါတယ်။
ဝ တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့အတိုင်း မဟာမိတ်အချင်းချင်းအကြားမှာ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတဲ့ အပေါ် အစိုးရအနေနဲ့ စောင့်ကြည့်နေသလို ဒီကိစ္စ အပေါ်မှာ တရုတ်အစိုးရနဲ့လည်း သံတမန်နည်းလမ်းအရ ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။
“ဝ ရဲ့ Statement မှာ ပါတယ်။ သူတို့ မိုင်းလားနဲ့ မဟာမိတ်ချင်း ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတာ ပါတယ်။ အဲဒီလို မိုင်းလားနဲ့ မဟာမိတ်ချင်း ညှိနှိုင်းဆောင်ရွက်မယ့်အပေါ် ကျနော်တို့ စောင့်ကြည့်နေတယ်။ သံတမာန် နည်းလမ်း ကိစ္စတွေကလည်း လုပ်သင့်လုပ်ထိုက်တာတွေကို တောက်လျှောက်လုပ်နေတယ်။ တရုတ်နိုင်ငံနဲ့ကလည်း အမြဲတန်း အဆက်အသွယ် ရှိနေတယ်” လို့ ဆိုပါတယ်။
လက်နက်အင်အား၊ တပ်အင်အား ၁ ထောင်ကျော်နဲ့ ဝင်စီးထားတဲ့ လွယ်ကျူဆိုင်းနဲ့ လွယ်ဆမ်ဆုမ် တောင်ကုန်းတွေကနေ ဝ တပ်ဖွဲ့တွေ နောက်ကြောင်း ပြန်ဆုတ်သွားစေလိုတဲ့ အကြောင်း မိုင်းလားအဖွဲ့က လိုလားနေပါတယ်။
ဒါပေမယ့် ဒီနေရာကနေ ဆုတ်ပေးလိုက်လို့ တပ်မတော် စစ်ကြောင်းတွေ ဝင်ပြီးနေရာယူလာရင် စစ်ရေးအရ စိုးမိုးမှုခံရမှာ၊ “ဝ” တောင်ပိုင်းစစ်ဒေသနဲ့ မြောက်ပိုင်းစစ်ဒေသအကြား အဆက်အသွယ်တွေပြတ်တောက်သွားမှာ၊ စီးပွားရေးအရ ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားမှာကို ဝ ခေါင်းဆောင်တွေက စိုးရိမ်တဲ့အတွက် ဒီနေရာကနေ လွယ်လွယ်နဲ့တော့ ဆုတ်ပေးမှာ မဟုတ်ပါဘူး။
“တပ်အင်အား သူလျှော့၊ ကိုယ်လျှော့ လျှော့မှဘဲ ပြေလည်လိမ့်မယ်လို့ ထင်ပါတယ်။ အစိုးရတပ်တွေ ရှိနေရင်လည်း ဝ တပ်တွေ က ဆုတ်မှာမဟုတ်ဘူး။ ဝ တပ်တွေရှိနေရင်လည်း အစိုးရတပ်တွေက ဆုတ်မှာမဟုတ်ဘူး။ အဲတော့ ညှိပြီး ဆုတ်မှ ရလိမ့်မယ်လို့ ထင်တယ်” လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။
ဝနဲ့ မိုင်းလားအကြား အချင်းချင်း တိုက်ပွဲတွေဖြစ်မလာအောင်တော့ မညှိနှိုင်းနိုင်ဘဲ တကယ်လို့ သေနက်ပေါက်ခဲ့ရင်တော့ စစ်ရေးမှာ တပ်မတော်က ဝင်ရောက် ပါဝင်လာနိုင်ဖွယ် ရှိတယ်လို့ အကဲခတ်တွေကတော့ သုံးသပ်နေကြပါတယ်။
ဝနဲ့ မြန်မာ့တပ်မတော်ကြား သေနတ်ပေါက်ပြီဆိုရင်လည်း တရုတ်-မြန်မာ-ထိုင်း နယ်စပ် ရှမ်းပြည် အရှေ့ပိုင်းတကြောလုံး စစ်မီးပြန့်ပွားဖွယ် ဖြစ်တာမို့ စစ်ရဲ့ နောက်ဆက်တွဲ ၂ ဘက် တပ်သားတွေ သေကျေရမှု၊ ဒုက္ခသည်အရေး၊ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းမှု၊ တရုတ်နဲ့ သံတမန်ရေးအရ မျက်နှာပျက်ရမယ့်အရေးတို့လို ဆိုးကျိုးတွေက ဆက်တိုက်ဖြစ်လာနိုင်တာကိုလည်း ထည့်တွက်ကြရပါမယ်။
ဒီအကြောင်းချင်းရာတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်အစိုးရနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင်များ နားလည်သဘောပေါက်ကြပြီး ဝနဲ့ မိုင်းလားအရေးကို သိမ်သိမ်မွေ့မွေ့နဲ့ စနစ်တကျ ကိုင်တွယ်သွားနိုင်မယ်လို့ ယူဆမိပါကြောင်း။