လူတိုင်းက ဘဝတလျှောက်မှာ စိတ်ဖိစီးမှုကို အကြောင်းတခုမဟုတ် တခုနဲ့တော့ ကြုံကြရတာချည်းပါပဲ။ စိတ်ဖိ စီးမှု ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က အဓိပ္ပာယ်ဖွင့်ဆိုရာမှာတော့ “လိုအင်ဆန္ဒနဲ့ ဖိအားတွေ၊ စိန်ခေါ်မှုတွေ က ဖြေရှင်းနိုင်တဲ့ စွမ်းရည်နဲ့ မကိုက်ညီတဲ့အခါ ဖြစ်ပေါ်လာတဲ့ လူသားရဲ့တုံ့ပြန်မှု” လို့ အကျဉ်းချုပ်ပြောရမှာပါ။
တနည်အားဖြင့်တော့ ကိုယ့်ရဲ့စွမ်းဆောင်နိုင်တဲ့ အကန့်အသတ်ကနေ ကျော်လွန်ပြီး အတွန်းခံရတဲ့အခြေအနေပေါ့။ ဒါကလည်း ရင်ဆိုင်ကျော်လွှားဖို့ ကြိုးစားရင်း အရည်အသွေးမြင့်စေတာမျိုး ဖြစ်သလို လက်လျှော့လိုက်ရင် လဲပြိုသွားတတ်တာ မျိုးပါ။ စိတ်ဖိစီးချိန်မှာ ပြေလျော့မှုရအောင် နည်းလမ်းရှာကြဖို့လည်း လိုအပ်ပါတယ်။
စိတ်ဖိစီးရင် ကိုယ်မှာ ဘာဖြစ်သလဲ
စိတ်ဖိစီးမှုကြုံသူတွေအဖို့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ပေါ်လာပါတော့တယ်။ အမယ်စုံဖြစ်တော့တာပါ။ ခေါင်းကိုက်တယ်၊ အိပ်တဲ့အချိန် သွားကြိတ်တယ်။ ပခုံး၊ လည်ပင်းနဲ့ခါးတွေ နာကျင်တယ်၊ အာခေါင်တွေ ခြောက်ပြီး အစာမျိုရခက်တယ်။
အစာမကြေဘူး၊ ပျို့တယ်၊ ဝမ်းလျှော ဒါမှမဟုတ် ဝမ်းချုပ်၊ အိပ်မပျော်ဘူး၊ အသက်ရှူမဝဘူး၊ ရင်တုန်တယ်၊ နှလုံးခုန်မြန် တယ်၊ ခြေဖဝါး လက်ဖဝါးတွေ အေးစက်ပြီး ချွေးတွေထွက်မယ်၊ ဝက်ခြံပေါက်တာ၊ နှင်းခူဖြစ်တာလို အရေပြားရောဂါတွေပါ ရလာတတ်ပါတယ်။
ဖြေလျော့နည်း
စိတ်ဖိစီးမှုကို ကိုယ်ရောစိတ်ပါ ပြေလျော့အောင် လုပ်နိုင်မှ ရင်ဆိုင်ဖြေရှင်းနိုင်ပြီး အရည်အသွေးတွေ မြင့်မားပြီး ခံနိုင်ရည်ရှိ လာမှာပါ။ အဲဒီအတွက် ရိုးရှင်းတဲ့ အပြုအမူလေးတွေ နေ့စဉ် အနည်းဆုံး တခုလောက် တကြိမ်လောက်လုပ်ပေးသင့်ပါတယ်။
ကိုယ့်ရဲ့ကြင်ဖော်နဲ့ပွေ့ပိုက်နွေးထွေးပြီး နေပါ
သဘာဝ အလှတွေ ကြည့်ရှုခံစားဖို့ အချိန်ပေးပါ
ဂီတ သီချင်းတွေ နားထောင်ပါ
သစ်ပင်စိုက်တာလို၊ ပန်းပင်ပြုစုတာလိုမျိုး ဥယျာဉ်အလုပ်လေးတွေလုပ်ပါ
မိတ်ဆွေကောင်းတွေနဲ့ စကားစမြည်ပြောဖို့အချိန်ပေးပါ
အိမ်မွေး တိရိစ္ဆာန်လေးတွေနဲ့ ဆော့ကစားပါ
ဟာသရုပ်ရှင်ကောင်းကောင်းတွေ ကြည့်ပါ (ပေါတောတောတွေ ကြည့်မိရင် စိတ်အနှောင့်အယှက် ပိုဖြစ်ပါတယ်)
တရားထိုင်ပါ
အဲဒီလို ပြေလျော့စေရာလေးတွေ လုပ်ပေးမှ ဦးနှောက်လည်း အေးဆေးငြိမ်သက်ပြီး အပြုသဘောအတွေးတွေ၊ အကောင်း မြင် စိတ်တွေ ဖြစ်လာပါလိမ့်မယ်။ နှလုံးခုန်နှုန်းတွေ လျော့ကျပြီး ပုံမှန်ဖြစ်လာပါမယ်။ အစာအိမ်မှာ သွေးလည်ပတ်မှု ပုံမှန် ဖြစ်လာပြီး အစာချေလမ်းကြောင်း အဆင်ပြေလာပါမယ်။
ကြွက်သားတွေ တင်းမာရာကနေ လျော့ပြေလာပြီး အရေပြားအပူချိန်တွေ ပုံမှန်ဖြစ်။ သွေးလည်ပတ်မှုတွေ ကောင်းလာပြီး နေရထိုင်ရတာလည်း ကောင်းလာပါလိမ့်မယ်။
အဲဒီလို ဖြစ်လာတဲ့ အခါကျတော့ စိတ်ဖိစီးမှုကြုံနေရတာကို ဖြေရှင်းဖို့ နည်းလမ်းတွေ၊ အတွေးအကြံတွေ ရလာပြီး အရည် အသွေးတွေ မြင့်မားလာမှာတော့ သေချာပါတယ်။