ယခုလပိုင်းအတွင်း ကချင်ပြည်နယ်ရှိ နာမည်ကျော် ခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီတောင်များကို ကျော်လွန်၍ လူ သိများသော တောင်ကြောတခုမှာ အင်ခရမ်တောင်ကြောနှင့် ၎င်းတောင်ကြောပေါ်ရှိ ပေ ၃၃၀၀ ကျော် မြင့်သည့် ဂီဒွန် တောင်ဟု ဆိုရပါမည်။
ထိုတောင်သည် စိမ်းစိုလှပသော သဘာဝပတ်ဝန်းကျင်ရှိပြီး နိုင်ငံခြားခရီးသွားများဖြင့် စည်ကားသည်တော့ မဟုတ်ပေ။ အမြောက်သံ၊ ဗုံးသံများဖြင့် စစ်ပွဲကြောင့် ကျော်ကြားလာခဲ့ရခြင်းဖြစ်သည်ကတော့ စိတ်မချမ်းမြေ့ဖွယ်ရာဟု ဆိုရပါမည်။
စိမ်းစိုသော အင်ခရမ်တောင်ကြောအောက်ခြေတွင် ဒဘတ်ခ ချောင်းက ရစ်ခွေစီးဆင်းနေသည်။ မြစ်ကြီးနား၌ သွယ်တန်း ထားသော လျှပ်စစ်မီးသည် ထိုဒဘတ်ခမှ ဖြစ်သည်။ ဂီဒွန်တောင်သည် လိုင်ဇာမှ ၂၃ မိုင်ကျော်ဝေးပြီး မြောက်ဘက် ဆဒုံးနှင့် တောင်ဘက် လိုင်ဇာတို့ကြား အလယ်လောက်တွင် ရှိသည်။ ဂီဒွန်သည် ဗန်းမော်- မြစ်ကြီးနားကားလမ်း (မလန်းယန်) တဝိုက်မှ အဖြောင့်တိုင်းတာလျှင် ၇ ကီလိုမီတာခန့်သာ ဝေးကွာပါသည်။
ဆွေးနွေးပွဲနှင့် စစ်ပွဲ
KIO/KIA သည် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် UNFC အဖွဲ့ဝင်ဖြစ်သည်။ NCA လက်မှတ်ထိုးထားသော အဖွဲ့၈ ဖွဲ့နှင့် သာမက NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော အဖွဲ့များနှင့်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထည့် သွင်း ဆွေးနွေးရန် NLD အစိုးရသစ်၏ သဘောထားအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့ပြီး ၂၀၁၆ သြဂုတ်လ ၃၁ ရက်နေ့မှစတင်ခဲ့သည့် ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင်လည်း KIO/KIA ကိုယ်စားလည်အဖွဲ့ ပါဝင်တက် ရောက်ခဲ့သည်။
ထိုသို့ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၂၁ ရာစုပင်လုံသို့တက်ရောက်ပြီး သူတို့၏သဘောထားများကို တင်ပြခွင့်ရပြီးနောက် ငြိမ်းချမ်းရေးအခြေအနေ တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု အများက အကောင်းမြင်မျှော်လင့်ထားခဲ့ကြသည်။ သို့သော် မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။
တကယ်တော့ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံမစမီကပင် KIA နှင့် တပ်မတော် တိုက်ပွဲငယ်များဖြစ်ပွားနေခဲ့ပြီဖြစ် သည်။ ၂၁ ရာစုပင်လုံ ညီလာခံအပြီး တိုက်ပွဲအရှိန် လျှော့ချနိုင်ကြလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း အထင်နှင့် အမြင် တက်တက်စင် လွဲချော်ခဲ့သည်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ တဖြည်းဖြည်းကြီးထွားလာသည်ကို တွေ့ရသည်။
၂၁ ရာစုပင်လုံ အပြီး တနိုင်းဒေသ၊ ဖားကန့်ဒေသနှင့် ဗန်းမော်ဒေသတို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်ထိ ဂီဒွန်တောင်ကုန်းတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ကို ကြားသိနေရပါသည်။
ဂီဒွန်တိုက်ပွဲ
ဂီဒွန်တိုက်ပွဲများ အစသည် ၂၁ ပင်လုံမကျင်းပမီ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ စတင်သည်။ သြဂုတ် လ ၁၇ ရက်နေ့နှင့် ၁၈ရက်နေ့များတွင် KIA ဂီဒွန်စခန်း၏ရှေ့ ကာကင်းဖြစ်သော ဂီဒွန်စခန်းမှ ပေ ၃၀၀၀ ကျော်အကွာတွင် ရှိ သည့် အင်ခရမ်စခန်းငယ်အား တပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အင်ခရမ်စခန်းမှ KIA တပ်သားများလည်း ဂီဒွန် စခန်းသို့ ပြန်လည် ပူးပေါင်းခဲ့သည်ဟု ဆိုသည်။ ထို့နောက် သြဂုတ်လ ၂၃ ရက်မှစ၍ ဂီဒွန်စခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်၍ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအပြီးတွင်လည်း တိုက်ပွဲအရှိန် ဆက်လက်မြှင့်တင်ခဲ့သည်။ လက်နက်ကြီး ပစ်ကူများ အပြင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပြင် တိုက်လေယာဉ် အချို့အသုံးပြု၍ တိုက်ခိုက်ကာ လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူတို့ ပေါင်းစပ်၍ KIA ဂီဒွန် စခန်း အား တိုက်ခိုက်ခဲ့သည်။
KIA ၏သတင်းများအရ သြဂုတ်လ ၁၆ ရက်မှ အောက်တိုဘာ၁၄ ရက်နေ့ထိ ၂ လနီးပါး ကာလအတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲကြီးငယ် ၁၄၀ ခန့် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ထို့ပြင် မြေပြင်သတင်းများအရလည်း လက်နက်ကြီးတင် သံချပ်ကာကားများ တင့်ကားများ ပြည်မမှနေ၍ ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်ဒေသသို့ ထွက်ခွာနေကြောင်း ကြားသိနေရသည်။ တပ်မတော်မှ စစ်မက်အင်အားများစွာလည်း တိုက် ပွဲဖြစ်ပွားရာဒေသသို့ တိုးမြှင့်ရောက်ရှိလာနေကြောင်း မြေပြင်သတင်းများအရ သိရပါသည်။
ဤသို့ မြေပြင်မှ လက်နက်ကြီးများဖြင့် လည်းကောင်း လေကြောင်းတိုက်ခိုက်မှုများဖြင့် လည်းကောင်း ပေါင်းစပ်၍ ပြင်းထန် စွာ တိုက်ခိုက်နေသည်မှာ ယခုအချိန်ဆိုလျှင် ၃ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ယခုအထိတော့ ဂီဒွန်စခန်းတွင် KIA တို့ ခုခံတိုက်ခိုက်နိုင်စွမ်းရှိနေသေးသည်ကို တွေ့ရသည်။
မတ်စောက်သော ဂီဒွန်တောင်ကုန်း၏ မြေအနေအထားသည် KIAတို့ ခံစစ် ဆင်နိုင်ရန်အတွက် သဘာဝကပေးသည့် အား သာချက်ဟု ဆိုရပါမည်။ သို့သော် တပ်မတော်ကလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်တန့်ခြင်း မရှိသေးရာ ဂီဒွန်တောင် ကုန်း၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သည်။
အချက်အချာလော၊ ဂုဏ်သိက္ခာလော
ဤမျှ အချိန်ကြာမြင့်စွာ ဂီဒွန်တောင်ကုန်းအား တိုက်ခိုက်နေပေရာ အဘယ်ကြောင့် တိုက်ခိုက်နေရသနည်း၊ ထိုဂီဒွန်စခန်း ၏အရေးပါမှု မည်မျှ ရှိသနည်းဆိုသည့် အချက်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ ဗန်းမော်- မြစ်ကြီးနားကားလမ်းလုံခြုံရေး စိုးမိုးထားနိုင်ရေးအတွက် ကားလမ်း၏ အရှေ့ဘက်တောင်ကြောရှိ KIA ဂီဒွန်စ ခန်းအား တိုက်ခိုက်သည်ဟု ယူဆရဖွယ်ရှိသည်။
တကယ်တော့ အဆိုပါအင်ခရမ်ဘွမ် တောင်ကြော၏ တောင်ဘက်တွင် ဂီဒွန်တောင်၏ တောင်ဘက် ၅ ကီလိုမိုင်ခန့် အကွာ တွင် အမြင့်ပေ ၄၀၀၀ ကျော်ရှိသည့် ပွိုင့် ၁၃၉၄ ဟုခေါ်သည့် ကာဂန်ဘွမ် ရှိသည်။ ၎င်းတောင်ထိပ်တွင် အင်္ဂလိပ်ခေတ် ကာလကပင် ခံတပ် တည်ဆောက်ထားပြီး ယခုအခါ တပ်မတော်က တပ်စွဲထားသည်။
ဂီဒွန်စခန်းအား အထက်စီးက စိုးမိုးထားသည်ဟု ဆိုနိုင်သည်။ သို့သော် ၎င်း ကာဂန်ဘွမ်ထက် ပေ ၇၀၀ ကျော်နိမ့်သော ဂီဒွန် စခန်းက ဒဘတ်ခချောင်းဘက်ခြမ်းမှ တဆင့် မလန်းယန်၊ ဒဘတ်ယန်၊ ဂါရာယန်၊ ကဇူး စသည့် ဗန်းမော် မြစ်ကြီးနား ကား လမ်းကြောင်း တလျှောက်အား လှုပ်ရှားစိုးမိုးနိုင်သည်ကို ဟန့်တားဖြတ်တောက်နိုင်ရန် ရည်ရွယ်ပုံရသည်ဟု သုံးသပ် ရပါ သည်။
ထို့အပြင် ကာဂန်ဘွမ်၏အရှေ့ဘက် ၆ ကီလိုမိုင်ခန့်အကွာတွင်ရှိသော ပွိုင့် ၁၃၇၉ ဆမား တဖန် ၎င်းဆမားမှ အရှေ့စူးစူး တရုတ်နယ်စပ်အထိ ၅ ကီလိုမိုင်အရောက်တွင် တရုတ်နယ်စပ်သို့ ရောက်ရှိပြီဖြစ်သည်။ ထိုလမ်းကြောင်းအား တပ်မတော် မှ ထိန်းချုပ်ထားနိုင်ရေးအတွက် ဂီဒွန်တောင်ကုန်းသည် အရေးပါနေ၍လော စဉ်းစားဖွယ်ဖြစ်သည်။
ဗန်းမော်-မြစ်ကြီးနား ကားလမ်း မလန်းယန်တောင်ဘက် ၆ ကီလိုခန့်အကွာမှ အရှေ့စူးစူး ကားလမ်းမှ ၆ ကီလိုမိုင်ခန့် အကွာရှိ ကာဂန်ဘွမ် ၎င်းမှ ဆမားနှင့် တရုတ်နယ်စပ်ထိ စုစုပေါင်း ၁၇ ကီလိုမိုင်ခန့်လမ်းကြောင်းအား တပ်မတော်က ချုပ် ကိုင်နိုင်ရန် ရည်ရွယ်ချက်ထားရှိ၍လော စဉ်းစားဖွယ်ဖြစ်သည်။
ထိုလမ်းကြောင်းအား ချုပ်ကိုင်နိုင်ပါက KIA တပ်မဟာ ၅ အား အလယ်မှ ပိုင်းခြားနိုင်သည့်အပြင် KIA ဗဟိုဌာနချုပ် လိုင် ဇာနှင့် မြောက်ပိုင်းရှိ KIA တပ်မဟာ ၁/တပ်မဟာ ၇ အား ဖြတ်တောက်ပိတ်ဆို့ရန် ရည်ရွယ်သည်လော စဉ်းစားဖွယ် ဖြစ်သည်။
ဤသို့နှင့် KIO/KIA ဌာနချုပ် လိုင်ဇာအား ချိနဲ့သွားစေရန် ရည်ရွယ်ပုံသည်ဟု ဆိုရမည်။ ဂီဒွန်စခန်းနှင့် လိုင်ဇာမှာ ၂၃ မိုင် ခန့်ကွာဝေးသည် ဖြစ်ရာ လိုင်ဇာဌာနချုပ်အား တိုက်ရိုက်ခြိမ်းခြောက်ခြင်း မဟုတ်ဟူ၍တော့ ဆိုနိုင်ပါသည်။ လိုင်ဇာဌာနချုပ် အား ထိန်းချုပ်နိုင်သည့် ခါယာဘွမ်အား ၂၀၁၁ စစ်ပွဲကာလက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပြီး ဖြစ်သည်။
KIA အတွက်လည်း မြစ်ကြီးနား ဗန်းမော်ကားလမ်းအား စိုးမိုးနိုင်ရေးနှင့် ကချင်ပြည်နယ်မြောက်ပိုင်းရှိတပ်များနှင့် လိုင်ဇာ ဌာနချုပ်ဆက်သွယ်ရေးအတွက် အရေးပါသော စခန်းတခုအဖြစ် ရည်ရွယ်ချက်ထား၍ ကာကွယ်နေသည် ဟု သုံးသပ်ရပါ သည်။
တခါတရံတွင် စစ်ပွဲများတွင် တွေ့ရတတ်သည်မှာ စခန်းတခု စွန့်လွှတ်ဆုံးရှုံးရသည်မှာ သို့မဟုတ် စခန်းတခု သိမ်းပိုက်၍ မရသည်မှာ စစ်ပွဲဦးစီးသူများ၏ ဂုဏ်သိက္ခာတပ်များ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေတတ်သည်။ တိုက်ပွဲကြာမြင့်လာ သည်နှင့်အမျှ တိုက်ပွဲ၏ရည်ရွယ်ချက်ထက် ဂုဏ်သိက္ခာနှင့်မာန်မာနက ရှေ့ရောက်လာတတ်ပြီး စစ်ပွဲရပ်တန့်ရန် ခက်ခဲကာ အကျိုးမရှိ အချည်းနှီးဖြစ်သော တိုက်ပွဲများ ဖြစ်နေတတ်ပေသည်။
အံ့သြဖွယ် မိုးရာသီစစ်ဆင်ရေး
ယေဘုယျအားဖြင့် မြန်မာနိုင်ငံကဲ့သို့ မိုးများသော နိုင်ငံများတွင် မိုးရာသီတွင် သွားလာလှုပ်ရှားရန် ခက်ခဲလေ့ရှိသည်။ မိုးရာ သီ၌ တောင်တန်းများပေါ်၌ ရွံ့ဗွက်များကြောင့် လမ်းလျှောက်ရန် အဆင်မပြေသည့်အပြင် တောင်တက် တောင်ဆင်းများတွင် လမ်းများ ချော်နေသောကြောင့် တဗိုင်းဗိုင်းလဲကာ ခရီးမတွင် လူပင်ပန်းသည်။
ထို့ကြောင့်လည်း စစ်ဆင်ရေးများကို ပွင့်လင်းရာသီဟု ဆိုလေ့ရှိသည့် အောက်တိုဘာလကုန်မှ နောက်နှစ် ဧပြီလကြားတွင် ပြုလုပ်လေ့ရှိကြသည်။ ယခု အပြင်းအထန်ပြုလုပ်နေသော စစ်ဆင်ရေးမှာ မိုးရာသီတွင်ဖြစ်၍ အံ့သြဖွယ်ဟု ဆိုရပါမည်။
မိုးရာသီစစ်ဆင်ရေးတွင် ခက်ခဲသည့် နောက်ပြဿနာတခုမှာ မိုးရွာနေချိန် မိုးတိမ်ထူထပ်နေချိန် မြူဆိုင်းနေချိန်များတွင် မြေပြင်မှ လက်နက်ကြီးများအတွက်ဖြစ်စေ လေကြောင်းပစ်ကူအတွက်ဖြစ်စေ မြင်ကွင်းမရှင်း၍ ပစ်ခတ်ရန် ခက်ခဲသည့် အပြင် အချို့အချိန်များတွင် လုံးဝပစ်၍ မရပေ။
လက်ရှိ ဂီဒွန်တိုက်ပွဲတွင်လည်း လက်နက်ကြီးပစ်မရသည့်နေ့ လေယာဉ်များ ပစ်မရဘဲ ပြန်လှည့်သွားရသည့်နေ့များ မနည်းလှပေ။
မိုးရာသီတွင် အမိုးအကာမရှိသည့် တောတောင်ထဲတွင် စစ်သည်များအတွက် ထမင်းချက်စားရန်ပင် ခက်ခဲသည်။ ထို့ပြင် စစ်သည်များသည် မိုးမိသည့်အပြင် ကတုတ်ကျင်းအတွင်း မြေကြီးပေါ်တွင် စိုစိုစွတ်စွတ်နေရသည့် အချိန်ကာလကြာပါက အဖျားအနာများ ပြားလာပြီး ထိခိုက်ဒဏ်ရာရသူထက် ဖျားနာ၍ ဆေးရုံပို့ရသူက ပိုများလေ့ရှိသည်။
ခြောက်သွေ့ရာသီ စစ်ဆင်ရေးတွင် ဤပြဿနာမရှိချေ။ သို့ဖြစ်ရာ ဤသို့သောအခြေအနေအောက်တွင် မိုးရာသီစစ်ဆင် ရေးတရပ်ကို ၂ လကျော်ခန့် ပြုလုပ်နေသည်မှာ အံ့သြဖွယ်ဟု ဆိုရပါမည်။
ငြိမ်းချမ်းရေးနှင့် ဂီဒွန်တောင်တိုက်ပွဲ
ဂီဒွန်တိုက်ပွဲကြာမြင့်လာသည်နှင့်အမျှ စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကို မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်၊ ကွတ်ခိုင်နှင့် ချင်းပြည်နယ် ဟားခါးနှင့် ရန်ကုန်တို့တွင် ပြုလုပ်လာသည်ကို တွေ့ရသည်။ ထို့အတူ စစ်ပွဲအရှိန်မြင့်လာသည့်အခါ အောက် တိုဘာလအတွင်း ပြုလုပ်သည့် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များနှင့် ဆွေးနွေးပွဲတွင် လည်းကောင်း UPDJC ပူးတွဲ ဆွေးနွေးပွဲတွင် လည်းကောင် တက်ရောက်သည့် UNFC ၏ ကိုယ်စားလည်အဖွဲ့ဖြစ်သော DPN တွင် KIA ကိုယ်စားလည် များ ပါဝင်လာခြင်း မရှိတော့သည်ကို တွေ့ရသည်။
KIA သည် အခြား UNFC အဖွဲ့ဝင်များနည်းတူ NCA လက်မှတ်မထိုးသေးသော်လည်း ဦးသိန်းအစိုးရလက်ထက်တွင် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကို တာဝန်ယူသည့် ဦးအောင်မင်း ခေါင်းဆောင်သည့် UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ၂၀၁၃ ခုနှစ် မေလ၃၀ ရက်နေ့တွင် လည်းကောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင်လည်းကောင် သဘောတူညီချက် ၂ ကြိမ် လက်မှတ်ရေးထိုးပြီး ဖြစ်သည်။
ထို၂ ကြိမ်စလုံးတွင် ဦးသိန်းစိန်အစိုးရဘက်မှ ဦးအောင်မင်း( UPWC) ခေါင်းဆောင်ပြီး တပ်မတော်မှ က စထမှူး ဒုဗိုလ် ချုပ်ကြီးမြင့်စိုး ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ပါဝင်ခဲ့ပြီး KIO/KIA ဘက်မှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဆွမ်လွတ်ဂွန်မော် တို့ပါဝင်ခဲ့သည်။
ထို့အပြင် အသိသက်သေအဖြစ် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလည်များအပြင် ကုလသမဂ္ဂ ကိုယ်စား လည် တရုတ်ပြည် အာရှရေးရာ အထူးကိုယ်စားလည်တို့ပါ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုထားခဲ့သည်။
လက်ရှိ NLD အစိုးရအနေနှင့် ယခင်အစိုးရ ချုပ်ဆိုခဲ့သော NCA ကို ဆက်ခံသည့်နည်းတူ ယခင်အစိုးရပြု လုပ်ထားခဲ့ သည့် သဘောတူညီချက်များကို ဆက်ခံရန်လိုအပ်ပေမည်။ NCA မထိုးနိုင်သေးသည့် အဖွဲ့များကို ရှိပြီးသား သဘောတူ ညီချက်များ ခိုင်မြဲစေသည်မှ တဆင့်ပြီးတဆင့် တက်လှမ်းစေရန် လိုအပ်မည်။ ယခုအခြေအနေကတော့ အတန်ငယ် နောက်သို့ ပြန်လျှောကျနေသည်ဟု ဆိုရပါမည်။
ထို့ပြင် ဂီဒွန်တိုက်ပွဲအား မြေပြင် ဝေဟင်ပစ်ကူများဖြင့် ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ နှစ်လကျော်ကြာမြင့်လာသော် လည်း NLD အစိုးရအနေနှင့် တစုံတရာ မှတ်ချက်ပြု မပြောဆိုခြင်းနှင့် အကဲခတ်များသာမက ပါဝင်ပတ်သက်နေသူ အားလုံးက သို့လောသို့လောနှင့် မချင့်မရဲဖြစ်နေကြသည်။
၂၀၁၆ နိုဝင်ဘာလဆန်းတွင် UNFC ၏ DPN ကိုယ်စားလည်အဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ NCA လက်မှတ်ထိုးရေး နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် ရက်သတ်မှတ်ထားသည်။ UNFC အဖွဲ့ဝင် KIA ၏ ကိစ္စလည်း ပါဝင်မည်ဖြစ်သည်။
သို့သော် လက်ရှိဖြစ်ပွားနေသော စစ်ပွဲအခြေအနေအရ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC အနေ နှင့် KIO ကိုယ်စားလည်အဖွဲ့နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးရန် လိုအပ်မည်ဟု သုံးသပ်ရသည်။ NLD အစိုးရအနေနှင့် ယခင် အစိုးရ ပြုလုပ်ခဲ့သော NCA သဘောတူညီချက်ကို ဆက်လက်သယ်ဆောင်သကဲ့သို့ ယခင်အစိုးရ ပြုလုပ်ခဲ့သည့် KIO/KIA နှင့် သဘောတူညီချက်များ ဆက်လက်သယ်ဆောင်ရန် လိုအပ်ပေမည်။
မှတ်တိုင်တခုဖြစ်သွားသော ဂီဒွန်
မည်သို့ဆိုစေ ဂီဒွန်သည် ကွန်လုံ ဟိုက်ကဘား၊ စီစီဝမ်-တာပန်ကဲ့သို့ပင် ရက်ရှည်ဖြစ်ပွားသည့် တိုက်ပွဲတခုအဖြစ် မှတ်တိုင် တခု ဖြစ်သွားခဲ့ပေပြီ။ NCA ဆိုသည်မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဖြစ်ပေရာ တနိုင်ငံလုံး အပစ် အခတ်ရပ်ရန် လိုသည်။ သို့မှသာ NCA ဟု ဆိုနိုင်ပေမည်။
နိုင်ငံရေးသဘောတူချက်ရယူရန် စစ်ရေးဖိအားပေးခြင်းသည် ယုံကြည်ချက် ပျက်ပြားပြီး အဆိုးဘက်ကို ဦးတည်စေနိုင်သည် ကို သတိပြုရန်လိုအပ်ပါသည်။ အလားတူပင် ဂီဒွန်အားလည်း စစ်ပွဲ၏ မှတ်တိုင်တခုအဖြစ်မှ ငြိမ်းချမ်းရေးဆီသို့ တဆင့် တက်လှမ်းနိုင်သည့် မှတ်တိုင်တခု ဖြစ်စေလိုပါသည်။ ဂီဒွန်တောင်ထိပ်တွင် ငွေဂျိုးဖြူ ကူစေလိုပါသည်။