နယူးယောက်ပြည်နယ် အနောက်ပိုင်းမှ အမေရိကန်မြို့တမြို့ဖြစ်သော ဘတ်ဖဲလိုးရှိအခြားသော မြန်မာဒုက္ခသည်များကဲသို့ပင် ဌေးဘဲသည် ပရိဘောဂနည်းပါးသော သူမ၏မြစ်ကမ်းဘေးနေအိမ်မှ နိုင်ယာဂါရာ မြစ်တွင် အများအပြားစားပါက ကင်ဆာ ဖြစ်စေနိုင်သော ဒင်းနား ငါးဖမ်းရန် သွားဖူးသည်။
အနည်းငယ် အကွာအဝေးရှိ သားရေဆိုဖာ၊ ငါးမွေးကန်နှင့် ပရိဘောဂ ပြည်စုံသည့်အိမ်တွင်နေသော အောင်ကောင်းမြတ်သည် ဘတ်ဖဲလိုးမြို့ကမ်းစပ်သို့ အကြောင်းမျိုးစုံကြောင့် သွားခဲ့ဖူးသည်။ Erie ရေကန်ကြီးကို သူ၏မော်တော်ဘုတ်နှင့် အရှိန်ပြင်းပြင်းပတ်မောင်းရသည်ကို သူနှစ်ခြိုက်သည်။ ထိုမော်တော်ဘုတ်မှာ အလုပ်ကြိုးစားမှု၊ အိမ်ထောင်ဘက်ရွေး မှန်ကန်မှုနှင့် စီးပွားရေးလုပ်ငန်းထူထောင်မှုတို့၏ ရလဒ်များဖြစ်သည်။
ဌေးဘဲနှင့် အောင်ကျော်မြတ် ၂ ဦးလုံးတို့သည် အရှေ့တောင်အာရှမှ ရှည်ကြာစွာ ဒုက္ခ ရောက်နေသော မြန်မာနိုင်ငံမှ လာကြသူများဖြစ်ပြီး သူတို့တွင် တူညီသောအချက် မရှိသလောက်ပင်ဖြစ်သော်လည်း သူတို့၏ဇာတ်လမ်းများမှာ ကိန်းဂဏန်များက ဖော်ပြနေသည်ကို ထင်ဟတ်နေကြသည်။ မြန်မာနှင့် အခြားဒုက္ခသည်များသည် ဘတ်ဖဲလိုးမြို့ကို ပိုမိုချမ်းသာအောင်လုပ်ပေးသလို ပိုမိုဆင်းရဲအောင်လည်း လုပ်ပေးနေကြသည်။
နိုင်ငံရေးအကြမ်းဖက်မှုကြောင့် ဇာတိနိုင်ငံမှ ထွက်လာခဲ့ကြပြီး ဒုက္ခသည် တကိုယ်စာပစ္စည်းမျှနှင့် ဘတ်ဖဲလိုးသို့ ရောက်လာကြသည်။ သန်းခေါင်စာရင်း ခန့်မှန်းချက်များအရ မြန်မာဒုက္ခသည်ထောင်ချီပါသော အလျင်အမြန်တိုးပွားနေသည့် အာရှသားများအုပ်စုသည် ဘတ်ဖဲလိုးတွင် အဆင်းရဲဆုံးအုပ်စုတွင်ပါသည်မှာ အံ့သြဖွယ်တော့မဟုတ်ပေ။ အများစုသည်အင်္ဂလိပ်စကားမပြောတတ်ကြသဖြင့် အစားအစာဝယ်ရန်လက်မှတ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်ရသော လစာနည်းသော အလုပ်ကိုလုပ်ကြရသည်။
ထို့ကြောင့်ပင် Erie ခရိုင်တွင် ကမ္ဘာတဝှမ်းမှ ဒုက္ခသည်များကို စောင့်ရှောက်ရသောစရိတ်မှာ ဆယ်နှစ်အတွင်း ဆယ်ဆတိုးလာသည်။ ပြည်နယ်နှင့်ပြည်ထောင်စုအစိုးရတို့က ထိုကုန်ကျစရိတ်များစုကို ပေးရသော်လည်း Erie ခရိုင်မှ အခွန်ထမ်းများက ၂၀၁၅ ခုနှစ်တွင် ဒုက္ခသည်များ၏ လူမှုဖူလုံရေးနှင့် ကျန်းမာရေးအတွက် ဒေါ်လာ ၇ ဒဿမ ၄ သန်းပေးသည်။ ပျမ်းမျှတွက်လျှင် ခရိုင်အတွင်း နေထိုင်သူတဦးလျှင် ၈ ဒဿမ ၂ ဒေါ်လာစီ ပေးကြသည်။
သို့သော် ဤသည်မှာ အခွန်သက်သက်မျှသာ မဟုတ်ဘဲ ပိုမိုကြီးမားကောင်းမွန်သော ဘတ်ဖဲလိုးမြို့ အတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်သည်။
ဒုက္ခသည်များသည် အစိုးရက ၎င်းတို့ကိုထောက်ပံ့ရသည်ထက် ပိုများသော အခွန်ကို ဆောင်ခဲ့ကြသည်ဟု Hamilton College မှ စီးပွားရေးပညာရှင် Paul Hagstrom ကပြောသည်။ Paul Hagstrom သည် ကာလကြာရှည်စွာ စီးပွားရေးကျပ်တည်းနေသော Utica မြို့သို့ ဒုက္ခသည်များ ဝင်ရောက်လာခြင်းကြောင့် စီးပွားတိုးတက်လာကြောင်း ပြသသည့်လေ့လာမှုတခု ပြုလုပ်ခဲ့သူဖြစ်သည်။
ဘတ်ဖဲလိုးမြို့၏ ဒုက္ခသည်များတွင် ရင်းနှီးမြှုပ်နှံမှုသည်လည်း စတင် အကျိုးအမြတ်ရလာပြီဖြစ်သည်။
“ဒီမြို့အတွက်သူတို့ဘာတွေလုပ်ပေးနေလဲသိချင်ရင် Grant လမ်းကိုသာ သွားကြည့်ရမယ်”ဟု ဘတ်ဖဲလိုးမှ Journey’s End အမည်ရှိ ဒုက္ခသည် ပြန်လည်ချထားရေးဌာန အမှုဆောင်ဒါရိုက်တာ Karen M. Andolino Scott က ပြောသည်။
လွန်ခဲ့သောဆယ်စုနှစ်က အိုးမဲ့အိမ်မဲ့တို့၏ နေရာဖြစ်ခဲ့သည့် Grant လမ်းတွင် အောင်ကောင်းမြတ်၏ iT Garden ကဲ့သို့သော ဒုက္ခသည်များ၏ စီးပွားရေးလုပ်ငန်များသည် ကာလကြာရှည်စွာ လစ်ဟာနေသော စတိုးဆိုင်နေရာကို ယူထားကြသည်။ ဒုက္ခသည် ရပ်ကွက်ဖြစ်သော West Side နှင့် Black Rock/Riverside တို့တွင် အလုပ်အကိုင်ဖန်တီးမှုနှင့် စီးပွားရေးလုပ်ငန်းစတင်မှုနှုန်းသည် ခရိုင်၏ ပျမ်းမျှထက် မြင့်မားပါသည်။
တချိန်တည်းမှာပင် Erie ခရိုင်၏ လူဦးရေမှာ တည်ငြိမ်နေကာ ထိုတည်ငြိမ်ရခြင်းမှာ ၂၀၁၀ သန်းကောင်စာရင်းအပြီး ဒုက္ခသည်အများစုပါဝင်သော ရွေ့ပြောင်းအခြေချသူ ၁၂၀၀၀ ကျော် ရောက်ရှိလာ၍ ဖြစ်သည်ဟု ပြည်ထောင်စုအစိုးရကိန်းဂဏန်းများအရ သိရသည်။
ထိုအချက်သည် လွန်စွာအရေးပါသည်ဟု ဘတ်ဖဲလိုးတက္ကသိုလ် ပထဝီပါမောက္ခ Peter Rogerson ကပြောသည်။ ဒေသလူဦးရေတည်ငြိမ်နေလျှင် သို့မဟုတ် တိုးပွားနေလျင် ဘတ်ဖဲလိုးဒေသခံလူငယ်များသည် သူတို့အတွက် အနာဂတ်မှာ ဤမြို့တွင်ရှိသည်ဟု ယုံကြည်နိုင်သည်။
ထိုလူငယ်များ မြို့တွင်ဆက်လက်နေထိုင်လျင် သူတို့သည်အလျင်အမြန် ပြောင်းလဲနေသော မြို့၏အစိတ်အပိုင်း ဖြစ်လာမည်။ ယခင်နှစ်က အာရှသား ၁၂၈၂၂ ဦး ဘတ်ဖဲလိုးတွင် နေထိုင်ကြသည်ဟု သန်းကောင်စာရင်းဌာနက ခန့်မှန်းထားပြီး လွန်ခဲ့သော ၅ နှစ်ကထက် ၂ဆတိုးလာသည်။
ထိုအသစ်ရောက်လာသူများအနက် အများအပြားမှာ မြန်မာနိုင်ငံမှ ဒုက္ခသည်များဖြစ်ပြီး အများစုမှာ ဌေးဘဲကဲ့သို့ပင် နေထိုင်ကြသည်။
ဌေးဘဲ၏ဘဝ
ဌေးဘဲ၏နေအိမ်က သူ၏ဘဝဇာတ်လမ်းကို ပြောပြနေသည်။ သက်တန်းရှည်ကြာသဖြင့် အဝါရောင်သန်းနေသော မီးဖိုအတွင်း ပန်းပွင့်များပုံပါသော နံရံကပ်စက္ကူမှာ ဆုပ်ပြဲနေသောကြောင့် သံဖြူပြားဖြင့် ဖာထားသောနေရာမှလွဲ၍ ၁၉၃၀ ခုနှစ်များက ပုံနှင့် တူနေသည်။ ရေခဲသေတ္တာတွင် လက်ကိုင်များ မရှိပါ။ သူမ၏ ဧည့်ခန်းမှာလည်း ထိုင်ခုံအနည်းငယ်၊ Kmart စားပွဲ၊ ရုပ်မြင်သံကြားစက်အနီးတွင် ခရစ်တော်အတွက် ဘုရားစင်တို့မှလွဲ၍ ဘာမျှမရှိပေ။
တံခါးအနီးအခန်းထောင့်တွင့် ပြောင်းလဲလာသောရပ်ကွက်တွင် သူခိုးများက ချောင်းနေသောကြောင့် သူ၏ပစ္စည်းများကို ထိန်းသိမ်းရန် ပြုလုပ်ထားသော လုံခြုံရေးစနစ် မော်နီတာတခုရှိသည်။
အသက် ၄၀ အရွယ် ပြည့်ပြည့်ဖောင်းဖောင်းနှင့် မျက်နှာဝိုင်းသော အမျိုးသမီးဖြစ်သည့် ဌေးဘဲသည် ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတခုမှ သူ၏ မိသားစုနှင့်အတူ လွန်ခဲ့သော ၉ နှစ်က ဘတ်ဖဲလိုးသို့ရောက်လာသည်။ ထိုမှစ၍ သူသည် ခင်ပွန်းသည်နှင့်အတူ အသက် ၆ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကလေး ၆ ယောက်ကို စောင့်ရှောက်သည်။
ဌေးဘဲအဖို့ မိသားစုကို စောင့်ရှောက်သည်ဆိုသည်မှာ Jefferson Avenue လမ်းရှိ Baby and Children’s Ministry တွင် အဝတ်လှမ်းခြင်းဖြစ်သည်။ ထိုင်းနိုင်ငံရှိ ကျန်းမာရေးမကောင်းသော ညီအကိုတော်စပ်သူထံ ခင်ပွန်းသည်သွားရောက်နိုင်ရေးအတွက် လေယာဉ်လက်မှတ်ဖိုးရရန် Eden ရှိ လယ်တောများတွင် အလုပ်လုပ်ကိုင်ရခြင်းဖြစ်သည်။ အိမ်နောက်ဖေးမြေကွက်လပ်တွင် ပြောင်း၊ သခွားနှင့် ဟင်းသီဟင်းရွက် စိုက်ပျိုးရခြင်း ဖြစ်သည်။
ဤသည်မှာ ဘတ်ဖဲလိုးမှ ဆင်းရဲသော အလုပ်သမား ဒုက္ခသည်များ၏ဘဝ ဖြစ်သည်။
ဤဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းခဲ့သော ဒုက္ခသည် ၁၀၀ အနက် အများစုက ဌေးဘဲကဲ့သို့ပင် ရုန်းကန်ရသောဘဝများကို ပြန်ပြောပြကြသည်။
မြန်မာဒုက္ခသည် အများစုကဲ့သို့ပင် သူနှင့် ခင်ပွန်းဖြစ်သူတို့သည် အင်္ဂလိပ်စကားမပြောတတ်ကြပေ။ သင်ယူရန်လည်း အလုပ်များလွန်းသောကြောင့် မဖြစ်နိုင်ဟု ပြောပြီး ထိုသို့ဖြစ်နေသည်မှာ သူတို့ချည်းသာ မဟုတ်ပေ။ ဘတ်ဖဲလိုးမှ အာရှသား သုံးပုံနှစ်ပုံခန့်မှာ အင်္ဂလိပ်စကား သိပ်မပြောတတ်ကြဟု သန်းခေါင်စာရင်းဌာနက ခန့်မှန်းသည်။ ထို့ကြောင့် အများအပြားမှာ ကျွမ်းကျင်မှု မရှိသော လုပ်ခနည်းသော အလုပ်များ လုပ်ကြရသည်။
ယခုနှစ်နွေဦးတွင် ဌေးဘဲသည် အထည်ချုပ်လုပ်ငန်းတခုတွင် အချိန်ပြည့် အလုပ်လုပ်ပြီး တနာရီ ၉ ဒေါ်လာ ရရှိခဲ့သည်။ သူ၏ခင်ပွန်းမှာ စားသောက်ဆိုင်တခုတွင် ပန်းကန်ဆေးပြီး တနာရီလျင် ၁၂.၁၅ ဒေါ်လာရသည်။
ဤမိသားစုသည် စားပွဲပေါ်တွင် စားစရာရှိအောင် နှစ်ပေါင်းများစွာ ရုန်းကန်ကြရသည်။
“ကလေးတွေက ကြီးလာကြပြီ။ သူတို့ ပိုပြီး စားလာနိုင်ကြတယ်။ (အစိုးရရဲ့ အခမဲ့) အစားအသောက် လက်မှတ်က သိပ်မလုံလောက်တော့ဘူး” ဟု ဌေးဘဲက စကားပြန်မှတဆင့်ပြောသည်။
ထို့ကြောင့်ပင် ဌေးဘဲသည် နိုင်ယာဂါရာ မြစ်အတွင်းမှ Unity ကျွန်းသို့ သွားခဲ့သည်။ သာယာသော နွေရာသီညနေခင်းများတွင် ဒုက္ခသည်များသည် ထိုနေရာတွင်စုဝေးကြသည်။ ကမ်းစပ်တွင် ကျားမအရွယ်စုံတို့မှာ ဟင်းစားငါးရှာကြသည်။
“ရေထဲမှာဘာရှိလဲတော့ကျမ မသိဘူး။ ဒါပေမယ့်ငါးကတော့ အရမ်းစားလို့ကောင်းတယ်” ဟု ဌေးဘဲက ပြောသည်။
ရေတွင်ရှိနေသည်မှာ ဘတ်ဖဲလိုး၏ ယခင် စက်မှုလုပ်ငန်းမှ အဆိပ်သင့်သော အမွေရှိနေသည်။ ထို့ကြောင့်ပင် ထိုမြစ်မှ ငါးကို မည်မျှသာ စားသင့်သည်ဟု ပြည်နယ်က အကြံပြုထားသည်။ ဌေးဘဲသည် ဓာတုပစ္စည်းများရှိနေသော ထိုမြစ်မှငါးကို မိသားစုအား တပတ်နှစ်ကြိမ်ကျွေးပြီး ယင်းမှာ ပြည်နယ်အစိုးရက သတ်မှတ်ထားသော ပမာဏထက်များစွာ ကျော်လွန်နေသည်။
ပြည်နယ်၏ သတိပေးချက်အကြောင်းပြောသောအခါ ဌေးဘဲသည် ထိုမြစ်တွင် ငါးမဖမ်းတော့ပေ။ အချိန်ပြည့် အလုပ်လုပ်ပြီးနောက် ငါးဖမ်းရန်လည်း အချိန်မရှိကြောင်း သူကပြောသည်။
လတ်တလော ပိုဆင်းရဲလာသော မြို့
ဌေးဘဲ၏ဇာတ်လမ်းကို တထောင်နှင့်မြှောက်လိုက်လျင် ဘတ်ဖဲလိုးမြို့အပေါ် ဒုက္ခသည်လှိုင်း၏ ကာလတို ဘဏ္ဍာရေးရိုက်ခတ်မှုကို ခန့်မှန်းကြည့်နိုင်သည်။
ဤဒုက္ခသည်များမှာ အမေရိကသို့ ဆေးကျောင်းတက်ရန်လာသူများ မဟုတ်ကြပေ။ ရာသီချိန်တွင် လယ်တောအလုပ်လုပ်ရန် မက္ကစီကိုရှိ အိမ်ကိုစွန့်ပြီး အမေရိကသို့ လာရောက်ကြသူများနှင့်လည်း မတူပါ။ ဤဒုက္ခသည်များသည် အခြေခံသုံးပစ္စည်းမျှဖြင့် ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး ဒုက္ခသည်စခန်း သို့မဟုတ် မြို့ပြဆင်းရဲသားရပ်ကွက် ဖြစ်လေ့ရှိသော နောက်ထပ်ယာယီအိမ်တွင် ပစ္စည်းအနည်းငယ်ဖြင့်သာ နေခဲ့ရသည်။
အမေရိကသို့ အဝတ်အထည် အနည်းငယ်ဖြင့် ရောက်လာသည်ကို ဌေးဘဲမှတ်မိနေဆဲဖြစ်သည်။ အောင်ကောင်းမြတ်တွင် ရှပ်အင်္ကျီနှစ်ထည်၊ ဂျင်းဘောင်းဘီနှစ်ထည်နှင့် ရှူးဘိနပ်တရံသာပါသည်။
ဆင်းဆင်းရဲရဲရောက်လာပြီး သူတို့သည် မထူးခြားလှပါ။ လွန်ခဲ့သောနှစ်က ဒုက္ခသည်အများအပြားပါသော ဘတ်ဖဲလိုးမှ အာရှသားတဝက်နီးပါးသည် ဆင်းရဲနွမ်းပါးမှုအောက်တွင် နေထိုင်နေရသည်ဟု သန်းခေါင်စာရင်းဌာန၏ Community Survey ကခန့်မှန်းသည်။
လွန်ခဲ့သော ၁၅ နှစ်အတွင်း ကမ္ဘာတလွှားမှ ဒုက္ခသည် ၁၄၀၀၀ နီးပါး ဘတ်ဖဲလိုးတွင် အခြေချခဲ့ကြသည်။ နောက်ထပ် ထောင်ချီ၍လည်း အခြားမြို့များတွင် အခြေချပြီးမှ လာသူများလည်း ရှိသည်။ အများစုမှာ ဆင်းရဲသောကြောင့် Erie ခရိုင်တွင် ဒုက္ခသည် ၇၁၇၁ ဦးတို့သည် ယခင်နှစ်က တချိန်မဟုတ်တချိန် လူမှုဖူလှုံရေးအစီအစဉ်ဖြင့် နေကြရသည်။ ဒုက္ခသည် ၉၈၈၈ ဦးရေမှာ ကျန်းမာရေး စောင့်ရှောက်မှု လျှောက်ထားပြီး ၁၂၆၃၅ ဦးမှာ အစားအသောက် လက်မှတ် ရရှိခဲ့သည်။
ဒုက္ခသည်တဦးရောက်ပြီဆိုလျင် ပြည်ထောင်စုအစိုးရက ပထမ ၈ လစာ လူမှုဝန်ဆောင်မှုစရိတ်များ အားလုံးကို ပေးသည်။ သို့သော် ထိုကာလနောက်ပိုင်းတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က အစားအစာလက်မှတ်စရိတ်ကို ခွဲ၍ကျခံရသည်။ ထိုပထမ ၈ လအပြီးတွင် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့က ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုဖူလုံရေးစရိတ်၏ ၉၀ % ကိုပေးပြီး ကျန်ငွေကို ခရိုင်က ပေးရသည်။
ထို့ကြောင့် Erie ခရိုင်သည် ဒုက္ခသည်များ၏လူမှုစောင့်ရှောက်ရေးစရိတ်ကို လွန်ခဲ့သောဆယ်စုနှစ်ကထက် ၁၀ဆ ပေးနေရသည်။ ထိုကိစ္စမှာ Erie ခရိုင်လွှတ်တော် အများစုခေါင်းဆောင် Joseph Lorigo အတွက်မူ စိုးရိမ်စရာ ဖြစ်နေသည်။
“ကျနော်တို့ ဒီလောက် မတတ်နိုင်ဘူး။ ဒီဒုက္ခသည်တွေက Erie ခရိုင်က အခွန်ထမ်းတွေကို ဆက်ပြီး ငွေကုန်ကျစေမယ်။ စရိတ်က တိုးတိုးနေပြီး သူတို့အားလုံးခြုံလိုက်ရင် အခွန်ကိုအကျိုးမပြုလှဘူး” ဟု West Seneca မှ ကွန်ဆာဗေးတစ် Lorigo ကပြောသည်။
Erie ခရိုင်အမှုဆောင် Mark C. Poloncarz ကမူ သူနှင့်သဘောထားကွဲလွဲသည်။
“ရေရှည်အကျိုးကျေးဇူးက ကြီးမားတဲ့အတွက် ရေတိုကုန်ကျစရိတ်ကို ကာမိတယ်” ဟု ဒီမိုကရက်တဦးဖြစ်သူ Poloncarz က ပြောသည်။
ဒုက္ခသည်များသည် နောက်ဆုံးတွင် ၎င်းတို့အခြေချရာမြို့များအတွက် စီးပွားရေးအကျိုးကျေးဇူးဖြစ်စေသည်ဟု ပညာရပ်ဆိုင်ရာ လေ့လာစမ်းစစ်မှုက ပြသနေသည်။
ဥပမာ အမေရိကန်နိုင်ငံတွင် ဆယ်နှစ်အောက် နေထိုင်ပြီးသူများသည် တနှစ် ဒေါ်လာ ၁၉၀၀၀ ရှာဖွေနိုင်ကြပြီး ဆယ်နှစ်အထက်နေပြီးသူများသည် တနှစ်ဒေါ်လာ ၃၉၀၀၀ ရှာဖွေနိုင်ကြသည်ဟု Fiscal Policy Institute ၏ နိုင်ငံတဝှမ်းလုံးမှ မြန်မာဒုက္ခသည်များကို လေ့လာမှုတွင် ဖော်ပြထားသည်။ ယင်းပမာဏမှာ ထိုမျှအချိန် ကြာမြင့်စွာ နေထိုင်သော ရွှေ့ပြောင်းအခြေချသူများထက် သုံးပုံတပုံ ပို၍များသည်။
အလားတူစွာပင် တက္ကဆက်ပြည်နယ်မှ A&M စီးပွားရေးပညာရှင် Kalena Cortes ၏ ၁၉၇၀ ခုနှစ်များက ရွေ့ပြောင်းအခြေချများကို လေ့လာသော စစ်တမ်းတွင်လည်း ဒုက္ခသည်များသည် ရွှေ့ပြောင်း အခြေချများထက် ဝင်ငွေပိုရကြပြီး ပြန်လည်ထူထောင်ရေးစရိတ်ထက် ပိုမိုသောတန်ဖိုးကို ၎င်းတို့၏ ရပ်ရွာအတွက် ဆောင်ယူလာပေးသည်ဟု ဆိုသည်။
သို့သော် ထိုသို့အကျိုးကျေးဇူးရရှိရန် အချိန်ပေးရန် လိုအပ်ပါသည်။ ဒုက္ခသည်များသည် အမေရိကသို့ ရောက်ရှိပြီး ၁၅ နှစ်နောက်ပိုင်းတွင် အသားတင် စီးပွားရေး အကျိုးအမြတ်ဖြစ်လာသည်ဟု Utica မှ Hamilton College စီးပွားရေးပညာရှင် Hagstrom ၏ဒုက္ခသည်များအပေါ် လေ့လာမှုတွင်လည်း ဖော်ပြသည်။
နောက်ဆုံးတွင် ဒုက္ခသည်အများအပြားသည် အမေရိကတွင် စီးပွားဖြစ်ကြပြီး ဤသည်မှာလွန်စွာ အလုပ်ကြိုးစားသောကြောင့် ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ပြောကြသည်။ သူတို့သည် အလုပ်တခုမက နှစ်ခုလုပ်ကြသည်ဟု ဤဆောင်းပါးအတွက်တွေ့ဆုံမေးမြန်းသော ဒုက္ခသည်အများပြားကပြောကြပြီး အလုပ်ရှင်အများအပြားက ၎င်းတို့၏လုပ်ငန်းကျင့်ဝတ်ကို ချီးမွမ်းကြသည်။
“သူတို့တွေက ဘာခိုင်းခိုင်း စိတ်ပါလက်ပါ လုပ်ပေးတယ်။ သူတို့ကို အားထားလို့ရတယ်။ သူတို့ အောင်မြင်ချင်ကြတယ်။ ကိုယ့်ကိုကိုယ် ပိုကောင်းအောင် လုပ်ချင်တယ်။ ဘယ်ဟာကိုမှအထင်မသေးဘူး” ဟု ဘတ်ဖဲလိုးမှ မြန်မာဒုက္ခသည်များကို အလုပ်ခန့်ထားသော Wendt USA ချေးချွတ်မှုန့်လုပ်ငန်း၏ ဥက္ကဌ Jim Schnorr ကပြောသည်။
ဒုက္ခသည်တဦး၏ အိပ်မက်
Prada မျက်မန်ကိုင်းထူထူနှင့် မေးပေါ်တွင် မေးမွှေးတကွက်ရှိသော အပြစ်ကင်းသောမျက်နှာနှင့် လူငယ်တဦးသည် တပတ်လျင် နာရီ ၅၀ ခန့် Grant လမ်း စတိုးဆိုင် ကောင်တာနောက်တွင်ရပ်နေသည်။
iT Garden ပိုင်ရှင်အသက် ၂၉ နှစ်အရွယ် အောင်ကောင်းမြတ်ကို တွေ့ဆုံကြည့်ပါ။ သူသည် ထိုနေရာတွင် တရက်ပြီး တရက် မတ်တပ်ရပ်နေပြီး လက်ကိုင်ဖုန်းရှာသော၊ iPad ရှာသော၊ ကွန်ပျူတာပြင်လိုသော ရွှေ့ပြောင်းအခြေချများကို ဝန်ဆောင်မှုပေးနေပါသည်။
အောင်ကောင်းမြတ်သည် ဘတ်ဖဲလိုးသို့ ၂၀၀၈ တွင်ရောက်လာပြီး McDonald’s ဆိုင်အလုပ်မှ စက်ရုံအလုပ်၊ ထိုမှ ကိုယ်ပိုင်စီးပွားရေးအထိ တဆင့်ပြီး တဆင့် မြန်ဆန်စွာ တိုးတက်သွားခဲ့သည်။ သူပြောသည်ကို နားထောင်သောအခါ သူက ထိုင်းနိုင်ငံမဲဆောက်တွင် ပညာသင်ကြားနေသော ငယ်ရွယ်သော ဒုက္ခသည်ဖြစ်ခဲ့ပြီး ချခဲ့သော ဆုံးဖြတ်ချက်ကြောင့် သူအလျင်အမြန် အကြီးအကျယ် တိုးတက်လာခဲ့သည်ဟု သူကပြောသည်။
“ကျနော်က အင်္ဂလိပ်စကား အရမ်းသင်ချင်ခဲ့တာ။ ကျနော်အင်္ဂလိပ်လိုပြောတတ်ရင် အောင်မြင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိမယ်” ဟု သူက ပြောသည်။
ထိုကျွမ်းကျင်မှုဖြင့်ပင် အောင်ကောင်းမြတ်နှင့် သူ၏ ဆိုမာလီယာမှ လာသော ဒုက္ခသည်မိတ်ဆွေ Mustafa Abdo တို့သည် သူတို့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ၂၀၁၃ ခုနှစ်နွေရာသီတွင် စတင်ခဲ့ကြသည်။ သို့သော် အောင်ကောင်းမြတ်တယောက် ခိုင်မာလှပသော အိမ်တလုံးကို ပိုင်ဆိုင်ရခြင်းမှာ ထိုလုပ်ငန်းကြောင့် မဟုတ်ပေ။ သူက သူ၏ ဇနီးကြောင့်ဖြစ်သည်ဟု ဆိုသည်။
သူ၏ဇနီးသည် အချိန်ကြာမြင့်စွာ လက်ထောက် ကျောင်းဆရာမလုပ်ပြီး အချက်အလက် စိစစ်ရေးစင်တာတွင် လုပ်သည်။ iT Garden လည်း စာရင်းကိုင်လုပ်သည်ကို ပြောရန်ပင် မလိုပေ။
“ကျနော်တို့မှာ ရှိတဲ့အရာရာက သူကငွေကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာကို သိလို့ပါ” ဟု သူကပြောသည်။
အောင်ကောင်းမြတ်သည် စတိုးကို မည်သို့စီမံခန့်ခွဲရမည်ကို ကောင်းကောင်းသိသည်။ သူသည် Erie Community College မှ IT လုံခြုံရေး ဘွဲ့ရသည်။ ထိုကောလိပ်တွင်ပင် သူသည် Abdo နှင့်တွေ့ပြီး လုပ်ငန်းရှင်သင်တန်းတက်ကာ ဖောက်သည်ဝန်ဆောင်မှုပေးရေး ဗီဒီယိုများကြည့်ခြင်းဖြင့် အချိန်ကုန်စေခဲ့သည်။
အင်္ဂလိပ်စကားနားမလည်သော ဒုက္ခသည်အများအပြားကို စကားပြန်လုပ်ပေးခြင်း၊ အခြားအကူအညီပေးခြင်းတို့ကြောင့် ဒုက္ခသည်အများစုက သူ့ကို လူသိများသည် ဟူသောအချက်ပေါ်မူတည်ပြီး စီးပွားရေးလုပ်ငန်း ထူထောင်သည်။
သို့သော် သူမွေ့လျော်သော အရာရှိသည်။ မော်တော်ဘုတ်၊ ဆိုင်ကယ်တစီးနှင့် ယခင်နှစ်က ဖလော်ရီဒါသို့ သွားသကဲ့သို့ အခါအားလျော်စွာ အပန်းဖြေခရီး ထွက်သည်။ ဖလော်ရီဒါတွင် သူနှင့် သူ့သူငယ်ချင်းများသည် Lamborghini တစီး အပျော်ဌား စီးကြသည်။
တနည်းဆိုရသော် အောင်ကောင်းမြတ် အမေရိကန်အိပ်မက် ပွေ့ဖက်လိုက်သည်ဟု ဆိုရမည်။
“ဒီမှာ ဘဝတခုထူထောင်ဖို့ အခွင့်အလမ်းတွေရှိတယ်။ လိုအပ်တာကတော့ နေ့တိုင်းအလုပ်လုပ်ဖို့ပဲ။ ခင်ဗျားမှာရှိတာကို ဘယ်သူမှ ယူသွားလို့မရဘူး” ဟု သူပြောသည်။
သို့သော် တစုံတယောက်ကတော့ ကြိုးစားဖူးသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် iT Garden ၏ မှန်တခါးကို ရိုက်ခွဲပြီး အတွင်းမှပစ္စည်းများကို ခိုးယူခဲ့သည်။ စုစုပေါင်းဒေါ်လာ ၁၅၀၀၀ ဖိုးရှိသည်။ လုံခြုံရေးကင်မရာအရ မိန်းမအဝတ် ဝတ်ဆင်ထားသောသူတဦးဖြစ်သည်ဟု သိရသည်။
နှစ်ပတ်ကြာသောအခါ ဖောက်ထွင်းသူများသည် တညတည်း နှစ်ခါပြန်လာသည်။ ဒေါ်လာ ၆၀၀၀ ဖိုးပါသွားသည်။
အောင်ကောင်းမြတ်သည် ရဲ၏ တန့်ပြန်မှုနှေးကွေးခြင်းနှင့်ပတ်သက်၍ ညည်းတွားသည်။သို့သော် သူခိုးတို့သည် သူ့ကိုနှေးကွေးအောင် မလုပ်နိုင်ပေ။ သူသည် သူ၏ဆိုင်ကို လမ်းအောက်ဖက် ပိုမိုဘေးကင်းသောနေရာသို့ ရွှေ့လိုက်သည်။
အကောင်းဆုံးမှာ သူသည် ဒေသတွင်းကောလိပ်တခုသို့ ကွန်ပျူတာရောင်းချခွင့်ရခဲ့ခြင်းဖြစ်ပြီး စီးပွားရေးကောင်းလာကာ အလုပ်ပိုများလာသည်။ ယခုလည်း အလုပ်များနေပြီး မော်တော်ဘုတ်စီးရန် အချိန်မရှိသဖြင့် ရောင်းလိုက်သည်ဟု ဆိုသည်။
အောင်ကောင်းမြတ်သည် ထူးခြားသော ဒုက္ခသည်တဦး ဖြစ်နိုင်သော်လည်း ထူးခြားသောဒုက္ခသည် စီးပွားရေးသမားတဦးတော့ မဟုတ်ပေ။
ကယ်ဗင်လင်းသည် ဆူရှီဆရာဘဝမှ ကျော်ကြားလှသော Sun စားသောက်ဆိုင်များ ပိုင်ရှင်ဖြစ်လာသည်။
၂၀၀၈ ခုနှစ်က ခြူးတပြားမျှမပါဘဲ ရောက်လာသော ခင်မောင်စိုးသည်လည်း ယခုကုန်စုံဆိုင်များနှင့် Lin Restaurant လင်းစားသောက်ဆိုင်ကို ပိုင်သည်။
သူသည် မြန်မာ ကုန်စုံဆိုင်များအနက်တခုသာဖြစ်သည်။ ထို့နောက် မြန်မာဒုက္ခသည်များသည် Hill Tribe Cab ခေါ်ကုမ္ပဏီ၊ Thaw Thaw Beauty Saloon ၊L&K Auto Repair ၊ West Side Bazaar ဈေးတွင် စားသောက်ဖွယ်ရာဆိုင် အများအပြားနှင့် အခြားဆိုင်များကို တည်ထောင်ထားကြသည်။
ဤစီးပွားရေးလုပ်ငန်းများကို သတိပြုမိပြီး ဘတ်ဖဲလိုးမြို့တော်ဝန် Byron W. Brown က “ဒီအသိုင်းအဝိုင်းက ပြသနေတာကတော့ အမေရိကန်အိပ်မက်ဆိုတာ ဆက်လက်ရှင်သန်နေပြီး တကယ်လက်တွေ့ကျကြောင်း ပြနေတာလို့ ကျနော်ထင်တယ်” ဟု ပြောသည်။
ဤအခြေအနေမှာ ဘတ်ဖဲလိုး၏ West Side တွင်စီးပွားရေးဖွံ့ဖြိုးမှု အငယ်စားတခုဖြစ်လာနေသည်။
သန်းခေါင်စာရင်းဌာန စာရင်းများအရ ဒုက္ခသည်အများစုနေထိုင်ရာ West Side နှင့် Black Rock/Riverside တွင် အလုပ်အကိုင်အရေအတွက်မှာ ၂၀၀၉ နှင့် ၂၀၁၅ ခုနှစ်များအတွင်း ၁၀ ဒဿမ ၁ ရာခိုင်နှုန်း တိုးတက်လာပြီး ယင်းမှာ တနိုင်ငံလုံးနှုန်းထက် ၃ ဆရှိသည်။
တချိန်တည်းတွင် ဒုက္ခသည်ရပ်ကွက်၌ စီးပွားရေးလုပ်ငန်းအရေအတွက်မှာ ၃ ဒဿမ ၃ ရာခိုင်နှုန်း ရှိပြီး တနိုင်ငံလုံးနှုန်းမှာ ၀ ဒဿမ ၉ ရာခိုင်နှုန်းသာ ရှိသည်။
ဤသို့ဖြစ်ရခြင်းမှာ ဒုက္ခသည် ဝင်ရောက်မှု လွန်စွာမြင့်မား၍ဖြစ်သည်။
“ဒီရပ်ကွက်မှာ စီးပွားရေးလုပ်ငန်းတွေ များလာတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီမှာလူတွေများလာလို့၊ ပြီးတော့ဝန်ဆောင်မှုတွေ ပိုလိုလာတယ်” ဟု ဒုက္ခသည်ဝင်ရောက်မှုကို သုတေသနပြုနေသော Albany ပြည်နယ်မှ ဉာဏ်ကြီးရှင်အဖွဲ့ Fiscal Policy Institute မှ David Kall ကပြောသည်။ “ဒါဟာ လုံးဝအဓိပ္ပာယ်ရှိတယ်” ဟုလည်း သူဆက်ပြောသည်။
ထိုထက်ပိုသည်မှာ ဒုက္ခသည်တို့သည် အိမ်များဝယ်ကြပြီး ယခုအခါ ရင်းနှီးမြှုပ်နှံသူများသည် ဒုက္ခသည်ရပ်ကွက်များတွင် ဝယ်လိုအားတိုးလာကြောင်း သိပြီးဖြစ်ကြသည်။
ရလဒ်မှာ West Side မှ အိမ်ခြံမြေဈေးမှာ နှစ်ဆနီးပါးတက်လာသည်ဟု RealtyTrac အိမ်ခြံမြေသုတေသန ဝန်ဆောင်မှုလုပ်ငန်း၏မိခင်ကုမ္ပဏီ ATTOM Data Solutions ၏အဆိုအရသိရသည်။ တချိန်တည်းတွင် Black Rock/Riverside အိမ်ခြံမြေဈေးမှာ ၃ ပုံတပုံနီးပါး တက်လာသည်။
နှစ်ပေါင်းများစွာ ဒုက္ခသည် လက်ခံရေး အစီအစဉ် အများအပြားက ဒုက္ခသည်များ ပထမဆုံးအကြိမ် အိမ်ဝယ်နိုင်ရန် အထောက်အကူပြုနေသည်ဟု ခိုင်မိုးနိုင်က ပြောသည်။ သူသည် ဘတ်ဖဲလိုးမြို့မှ ဒုက္ခသည်များအနက် ပထမဆုံး အိမ်ခြံမြေပွဲစားဖြစ်လာသူ အနည်းငယ်တွင် ပါသည်။
ခြူးတပြားမျှမရှိဘဲ ရောက်လာကြပြီး နှစ်အနည်းငယ်အကြာတွင် အချို့ဒုက္ခသည်များသည် စီပွားရေးလုပ်ငန်း စတင်ရန် သို့မဟုတ် အိမ်ဝယ်ရန် ငွေစုမိကြကြောင်း ခိုင်မိုးနိုင်က ရှင်းပြသည်။
“ကိုယ့်ဖာသာငွေစုတာက မြန်မာ့ယဉ်ကျေးမှုလေ။ မြန်မာနိုင်ငံမှာ ဘာလူမှုဖူလုံရေးမှ မရှိဘူး။ဒီတော့ နေ့တိုင်း မနက်ဖန်အတွက် စဉ်းစားနေရတယ်” ဟု သူဆက်ပြောသည်။
မြန်မာနိုင်ငံအသေးစား
ဒုက္ခသည်လှိုင်းသည် ဘတ်ဖဲလိုးမြို့ကို ကိန်းဂဏန်းများနှင့် မတိုင်းတာနိုင်သော ပြောင်းလဲခြင်းဖြင့်လည်း ပြောင်းလဲစေသည်။
အောင်သူ၏ စကားဖြင့်ပြောရလျင် West Side သည် ယခု မြန်မာနိုင်ငံအသေးစားလေးဖြစ်နေသည်။
နေ့စဉ်မြန်မာဒုက္ခသည်များသည် West Side Bazaar ဈေး၊ WASH Project ပင်မင်းနှင့် လင်းစားသောက်ဆိုင်တို့တွင် စုပြုံနေသည်။
တနင်္ဂနွေနေ့တိုင်း တခါက ရုန်းကန်နေရသော Our Lady of Hope Catholic Church မျှော်လင့်ခြင်း မယ်တော်ကက်သလစ်ဘုရားကျောင်းသည် ဒုက္ခသည်များ၊ တခါတရံ မြန်မာစာသားနှင့် ၎င်းတို့၏ ဥပုသ်သီချင်းသံများဖြင့် ပြည့်နှက်နေသည်။
စတုတ္ထမြောက်ရက် သီတင်းပတ်တိုင်း မြန်မာဒုက္ခသည်များသည် ဘတ်ဖဲလိုးသို့ ၎င်းတို့ ယူဆောင်လာသော ယဉ်ကျေးမှုပွဲတော်များအတွက် စုဝေးကြသည်။ မြန်မာသင်္ကြန်ပွဲတော်ဖြစ်စေ၊ ကရင်နီ အမျိုးသားနေ့ပွဲတော်ဖြစ်စေ၊ ချင်းအမျိုးသားနေ့ဖြစ်စေ၊ ကရင်လက်ချည်ပွဲဖြစ်စေ သူတို့ဆုံစည်း ကြသည်။
ဌေးဘဲသည် ထောင်ချီသော အခြားသူများနှင့်အတူ ကရင်လူမျိုးစုများကို ညီညွတ်စေသော ယမန်နှစ်က လက်ချည်ပွဲသို့ သွားခဲ့သည်။ သူသည်ရိုးရာအင်္ကျီဖြူကို ဝတ်ဆင်ပြီး ဆံပင်တွင် ကရင်အလံထိုးကာ ပြုံးပျော်နေခဲ့သည်။
မြို့တော်ခန်းမဖွင့်ပွဲ စင်မြင့်အနီး ကရင်ရိုးရာအင်္ကျီအဖြူအပြာနှင့် အောင်ကျော်မြတ်သည် ကြီးကြပ်သူ တဦးပမာ ကြည့်ရှုနေသည်။
ဌေးဘဲက လူအုပ်အတွင်းဝင်ပြီး သူ့အနားသို့ကပ်လာကာ တယောက်အကြောင်း တယောက်ပြောကြမည်။ ဘတ်ဖဲလိုးသို့ သူတို့ဆောင်ယူလာသော ယဉ်ကျေးမှုအကြောင်း ပြောကြမည်။
သူသည် အောင်ကျော်မြတ်ကို စူးစိုက်ကြည့်နေပြီး ထူးခြားသည့် အသံရှိသော မြန်မာစကားနှင့်ပြောနေသည်။ အောင်ကျော်မြတ်က ရယ်ရယ်မောမောပြန်ဖြေပြီး ခေါင်းခါသည်။ သို့သော် ဌေးဘဲက အတင်းဆက်ပြောနေသည်။
နောက်ဆုံးတွင် ကလေးမျက်နှာနှင့် စီးပွားရေးသမား အောင်ကျော်မြတ်သည် ဌေးဘဲထံမှ ငွေအနည်းငယ်ကို မယူချင်ဘဲ ယူလိုက်သည်။
သူသည် သူ၏ ဖုန်းဘေလ်ကို ပေးချေလိုသည်ဟု နောက်ပိုင်းတွင် ၂ ယောက်လုံးက ပြန်ပြောကြသည် ။ iT Garden သို့ သွားရန် အလုပ်မှ နားရက် ဌေးဘဲ မယူလို။ ငွေပေးချေခြင်းကိုလည်း နောက်မကျလိုသောကြောင့်တည်း။
(ဤဆောင်းပါးသည် The Buffalo News တွင် ဖော်ပြသော For Poorer, for Richer: The Burmese Change an American City ကို ဘာသာပြန်ဆို ဖော်ပြသည်)