အောင်ကျော်မင်းထွန်းသည် သူ၏ဘဝ ၂၄ နှစ်လုံး မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ပြီး သူ၏ မိခင်ဘာသာစကားသည် မြန်မာစကား ဖြစ်ကာ သူ၏ မိဘနှင့် အဖိုးအဖွားအားလုံးမှာ ဤနိုင်ငံတွင်ပင် ဖွားမြင်သူများ ဖြစ်ကြသည်။ သို့သော် သူသည် မိခင်နိုင်ငံ၏ တရားဝင်နိုင်ငံသား မဟုတ်ဘဲ တချိန်ချိန်တွင် နိုင်ငံသား ဖြစ်လာဦးမည်လား ဆိုသည် ကိုလည်း မသိပေ။
ပြဿနာမှာ သူသည် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့သည့် ၁၈၂၃ ခုနှစ် မတိုင်မီက နိုင်ငံနယ်နမိတ် အတွင်း နေထိုင်ခဲ့ကြသည် ဟု ဆိုသော တိုင်ရင်းသား လူမျိုးစု ၁၃၅ ခုဟု ခေါ်သော လူမျိုးစုဝင်ဖြစ်မှု အပေါ် အခြေခံသော မြန်မာနိုင်ငံ၏ စိတ်ညစ်ညူးဖွယ်ရာ ရှုပ်ထွေးလှသော နိုင်ငံသားဥပဒေ ကန့်သတ်ချက်နှင့် အံဝင်ကွင်ကျ မဖြစ်သော လူမျိုးစုဖြစ်သည့် တမီလ်ဟိန္ဒီတဦး ဖြစ်သောကြောင့်ပင်။ မြန်မာ စစ်အာဏာရှင်စနစ်က ၁၉၈၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ထိုဥပဒေသည် အခြားသူများကို အပြည့်အဝ နိုင်ငံသား ဖြစ်ခွင့်မပေးဘဲ ပိုမိုနိမ့်ကျသည့် အခွင့်အရေးများသာ ရှိသော အခြားအဆင့် ၂ ခုသာ လျှောက်ထားခွင့်ပေးသည်။
ထိုဥပဒေ၏ လူမျိုးစုဖြစ်မှု အပေါ် လွန်စွာ စူးစိုက်ခြင်းကြောင့် ၎င်းသည် ခွဲခြား ဆက်ဆံသည်ဟု လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲကြသည်။ ထို့အပြင် ၎င်းဥပဒေကို လွန်စွာ စနစ်မကျဘဲ ရွေးချယ် အကောင်အထည် ဖော်ပြီး ဗျူရိုကရေစီ အဆင့်ဆင့်နှင့် အကျင့်ပျက်ခြစားမှုတို့သည် အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်။ ထို့အပြင် ယာယီနေထိုင်ခွင့်နှင့် ယာယီနိုင်ငံသား ဖြစ်ခွင့် လက်မှတ်အမျိုးမျိုးကိုလည်း နှစ်ပေါင်းများစွာ ထုတ်ထားပေးသေးသည်။
ရလဒ်မှာ ဒေသခံ တရုတ်၊ အိန္ဒိယ၊ နိပေါ၊ မွတ်စလင် အများအပြားနှင့် ပြည်ပမှ လာရောက် အခြေချသော ဘိုးဘွား မိဘဖြစ်သူများမှ မွေးဖွားသူများကဲ့သို့ တိုင်းရင်းသား လူမျိုးစုစာရင်းနှင့် အထင်အရှား အံဝင်ကွင်ကျ မဖြစ်သူများမှာ နှစ်ပေါင်းများစွာ စောင့်ဆိုင်း နေကြရသည်။
“မြန်မာနိုင်ငံရဲ့ တခြားဗျူရို ကရေစီတွေ လိုဘဲ နိုင်ငံသား ဖြစ်ခွင့်ဟာ အဟန့်အတား ဖြစ်နေတာ စစ်တပ်က အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ် ကတည်းကပဲ” ဟု ဤကိစ္စများကို လေ့လာနေသော နိုင်ငံရေး အတိုင်ပင်ခံနှင့် Melbourne မှ Deakin University ပါရဂူသင်တန်းတက်ရောက်နေသူ Ronan Lee က ပြောသည်။
ဒုတိယဆင့်နိုင်ငံသား
အောင်ကျော်မင်းထွန်း၏ မိသားစုသည် ထိုဘရုတ်သုက္ခများ၏ ထင်ရှားသော သာဓက ဖြစ်သည်။
သူ၏ ဖခင်သည် ၁၉၈၂ ခုနိုင်ငံသားဖြစ်မှု ဥပဒေ မတိုင်မီကပင် နိုင်ငံသားကဒ် ရပြီး ဖြစ်သည်။ သူ၏ အစ်ကိုမှာ ၂၀၀၀ ခုနှစ်များ အစောပိုင်းက ထိုကဒ်ရရန် အာဏာပိုင်များကို ဒေါ်လာ ၃၀၀ ခန့် လာဘ်ထိုးခဲ့ရသည်။ သူ၏ အမေနှင့် အစ်မများမှာ နေထိုင်ခွင့် ခွင့်ပြုချက်သာ ရှိကြပြီး သူနှင့် သူ၏ ညီမများမှာ မည်သည့် စာရွက်စာတမ်းမျှပင် မရဘဲ နေကြရသည်။ ၎င်းတို့သည် ဥပဒေအရ ဒုတိယဆင့် နိုင်ငံသားဖြစ်ခွင့် ရှိသော်လည်း သူတို့ကို တရုံးပြီးတရုံး နှစ်ပေါင်းများစွာ အချည်းနှီး စေလွှတ်နေသည်ဟု ဆိုသည်။
ရန်ကုန်ရှိ သူ့ အသိုင်းအဝန်း၏ သုံးပုံ နှစ်ပုံ အထူးသဖြင့် ကြီးမားလှသော တရားမဝင် အခကြေးငွေ မပေးနိုင် လောက်အောင် ဆင်းရဲသူများသည် အလားတူ ရင်ဆိုင်နေရမည်ဟု သူ ခန့်မှန်းသည်။ နိုင်ငံသား လက်မှတ် မရှိပါက သူနှင့် မည်သူမဆို နိုင်ငံတွင်း ခရီးသွားခွင့် မရှိ၊ နိုင်ငံကူးလက်မှတ် ရယူခွင့် မရှိ၊ အိမ်ခြံမြေ ဝယ်ခွင့် မရှိ ဟု သူက ဆိုသည်။
“တယောက်ယောက်က ကျနော်တို့ကို ကန်ထုတ်ချင်ရင် ကျနော်တို့ သွားရပြီ၊ ဘာလို့လဲဆို ကျနော်တို့မှာ စာရွက်စာတမ်း မရှိလို့။ ဒါကြောက်စရာပဲ။ ကျနော်က ဒီမှာမွေးပြီး ဒီမှာသေမှာ။ ဒါကြောင့် ကျနော့်မှာ ဒါကို သက်သေပြဖို့ စာရွက်စာတမ်း ရှိသင့်တာပေါ့ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်သော ပြောဆိုသည့် အများစုမှာ လူဦးရေ ၁ သန်းခန့် ရရှိသော နိုင်ငံ အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုနေကြသူ မွတ်စလင်များ ဖြစ်သည်။
၎င်းတို့သည်လည်း တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးထဲတွင်မပါခြင်းကြောင့် အစိုးရနှင့် တိုင်းရင်းသားလူမျိုးစု စာရင်းဝင် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရသော အချို့သော ဗုဒ္ဓဘာသာ ရခိုင်အိမ်နီးချင်းများ၏ ခွဲခြားဆက်ဆံခြင်းကို ခံကြရသည်။ ၎င်းတို့သည် အလုပ်အကိုင် သို့မဟုတ် အခြားကိစ္စများ အတွက် ခရီးသွားလာခွင့် ကန့်သတ်ခံရကာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးအခွင့် အရေးများ မရဘဲ အသားအရောင် ခွဲခြားမှုဆန်ဆန် စနစ်အောက်တွင် နေရသည်။
၎င်းတို့၏ ဆိုးရွားသော ကံကြမ္မာနှင့် ပတ်သက်၍ နိုင်ငံတကာက ရှုတ်ချနေကြပြီး ထိုအခြေအနေမှာ နိုင်ငံသား ဥပဒေကို မပြင်ဘဲ တိုးတက်လာမည့် အခြေအနေ မရှိပေ။ သို့သော် နိုင်ငံမဲ့ခြင်းသည် မြန်မာနိုင်ငံတွင် ပိုမိုကြီးမားသော ပြဿနာဖြစ်ကာ အစိုးရကလည်း ဖြေရှင်းဖို့ ကြိုးစားမှု မရှိသလောက် ဖြစ်နေသော ပြဿနာလည်း ဖြစ်သည်။
“ဒီကိစ္စကို ရခိုင်ကိစ္စတခုတည်းနဲ့ ကြည့်ရင် ပြည်စုံတဲ့ အမြင်ကို ရမှာ မဟုတ်ဘူး။ ရခိုင်မှာဖြစ်နေတဲ့ကိစ္စက မြင်သာတဲ့ ကိစ္စ ဖြစ်ပေမယ့် နိုင်ငံထဲက တခြားအုပ်စုတွေလည်း နိုင်ငံသား စာရွက်စာတမ်းနဲ့ ပတ်သက်ရင် အခက်အခဲတွေ ရှိနေတယ်” ဟု နိုင်ငံသားဖြစ်ခွင့် ကိစ္စများကို ဖြေရှင်းနေသော ရန်ကုန်ရှိ ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီမှ အဆင့်မြင်အရာရှိ Cecile Fradot က ပြောသည်။
“အားလုံးထဲမှာ အကြီးမားဆုံး ပြဿနာ ဖြစ်နိုင်ပေမယ့် ဒီနိုင်ငံမှာ နိုင်ငံမဲ့ဖြစ်နေတာကို ကျယ်ကျယ်ပြန့်ပြန့် တိုင်းတာတာမျိုး မရှိသေးသလို ကျမတို့မှာ အသေးစိတ်ပြည့်စုံတဲ့ အချက်အလက် မရှိဘူး” သူမက ဆက်လက်ပြောကြားသည်။
လူမျိုးစုပြောင်းလဲခြင်း
လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းတခု ဖြစ်သော Seagull Foundation က မြန်မာ နိုင်ငံ အလယ်ပိုင်း မြို့ကြီး ဖြစ်သော မန္တလေးတွင် ဘာသာရေး လူမျိုးရေး ကွဲပြားသောလူမျိုးစု ၁၀၀ ခန့်ရှိသည်ဟု စစ်တမ်းကောက်ယူ လေ့လာချက်အရ သိရှိရပြီး ၎င်းတို့အားလုံးနီးပါးမှာ နိုင်ငံသားစိစစ်ရေးကတ် ရရန် အခက်အခဲများနှင့် ရင်ဆိုင်နေရ သည်ဟု ဆိုသည်။ ၎င်းတို့မှာ ကာလကြာရှည် စောင့်ဆိုင်းနေကြရပြီး ထိုကတ်ရရန် ပြဋ္ဌာန်းချက်များနှင့် အံဝင်ကွင်ကျ ဖြစ်ရန် လူမျိုးစုအမည် ပြောင်းရမည်၊ သို့မဟုတ် ဘာသာပြောင်းရမည်ဟု ပြောခံရကြောင်း ဆိုကြသည်။
ထို စစ်တမ်းတွင် ဖြေဆိုသူများက နိုင်ငံသားကဒ် ရရန် ကျပ်ငွေ ၅ သိန်းအထိ လာဘ်ထိုးရသည်ဟု ဖြေပြီး သူတို့၏ ကလေးများကိုလည်း ကျောင်းတွင် နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးသော အစီအစဉ်မှ စနစ်တကျ ဖယ်ထုတ်ခံရသည်ဟု ဆိုသည်။ အထူးသဖြင့် မွတ်စလင် အများအပြားက ၎င်းတို့သည့် စာရွက်စာတမ်းရရန် နိုင်ငံသားပြုခံရသူ တတိယဆင့် နိုင်ငံသားအဆင့်ကို လက်ခံရန် ဖိအားပေးခံရသည်ဟု ပြောကြသည်။ ထိုအဆင့်မှာ အခြား ကန့်သတ်ချက်များ အပြင် နိုင်ငံရေး ရာထူးရယူနိုင်ခြင်း မရှိသော အဆင့်ဖြစ်သည်။
မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က အစိုးရသည် ထိုကဲ့သို့သော အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်ရန် လူဝင်မှု ကြီးကြပ်ရေး ရုံးများကို ရှောင်တခင် စစ်ဆေးနေပြီး တိုင်ကြားမှု အားလုံးကို ချက်ခြင်းအရေးယူသည်ဟု ပြောသည်။ ပိုမို ကျယ်ပြန့်သော ပြဿနာ ဖြစ်သည့် နိုင်ငံသားဥပဒေနှင့် ပတ်သက်၍ ပြောကြားရန်ကိုမူ ငြင်းဆိုသည်။
သို့သော် Seagull Foundation အကြီးအကဲ ဟယ်ရီမျိုးဝင်းကမူ ပိုမိုပြင်းထန်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး အပြင် အခြေခံကျကျ ပြောင်းလဲရန်လည်း လိုသည်ဟု ပြောသည်။ “လူမျိုးစုတို့ ဘာသာရေးတို့က နိုင်ငံသား စိစစ်ရေးကဒ်မှာ မပါသင့်ဘူး။ လူဝင်မှုကြီးကြပ်ရေး စနစ်မှာ နိုင်ငံသားဟုတ် မဟုတ်ဆိုတဲ့ အချက်ပဲ ပါသင့်တယ်” ဟု သူက ပြောသည်။
ပိတ်မိနေ
ရခိုင်နှင့် အချို့ဒေသများမှ မငြိမ်သက်မှုနှင့် နိုင်ငံတဝှန်း ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ ပြန်လည် ခေါင်းထောင်လာခြင်း ကြောင့် မွတ်စလင်များသည် အဂတိလိုက်စားမှု၏ ဒဏ်ကို အဓိက ခံကြသည်မှာ အံ့သြဖွယ်တော့ မဟုတ်ပေ။
၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသော မွတ်စလင်များသည်လည်း နိုင်ငံသားအခွင့်အရေး ခံစားရာတွင် ပြဿနာများ ကြုံရသည်ဟု Deakin တက္ကသိုလ်မှ ပညာရှင် Lee က ပြောသည်။
“ရခိုင်ပြည်နယ်က ခရီးသွားလာခွင့် ကန့်သတ်ချက်တွေဟာ လူတွေမှာ မှန်ကန်တဲ့ စာရွက်စာတမ်း ရှိ မရှိအပြင် ဘာသာရေးနဲ့ အသားအရောင်ပေါ်မှာပါ အခြေခံနေတယ်” ဟု သူက ပြောသည်။
ထိုသို့သော သူများတွင် ၂၀၁၂ တိုက်ခိုက်မှုများ အပြီးမှ စကာ စစ်တွေရှိ သက်ကယ်ပြင် စခန်းတွင် ပိတ်မိနေသော အသက် ၂၆ နှစ် အရွယ် ကမန်အမျိုးသမီး ဖွေးဖွေးနွဲ့လည်း ပါသည်။ ကမန်မွတ်စလင်များသည် တိုင်းရင်းသား လူမျိုးစုများ စာရင်းတွင် ပါဝင်သော်လည်း ရိုဟင်ဂျာဟု ခေါ်ဆိုနေကြသူများနည်းတူ အခွင့်အရေးဆုံးရှုံးသူများ ဖြစ်သည်။ ၂၀၁၂ ခုနှစ် မတိုင်မီက နိုင်ငံသား စိစစ်ရေးကဒ် လိုအပ်သည်ဟူသော အသိမျိုး သူမတွင် မရှိခဲ့ပေ။ သူမသည် မွေးရာပါ အခွင့်အရေး အဖြစ် လွတ်လပ်စွာ ခရီးသွားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် သူမ၏ နေအိမ်မီးရှို့ခံရကာ သူမသည် စခန်းတခုတွင် ခိုလှုံနေရပြီး အခြား မည်သည့် နေရာသို့မျှ သွား၍ မရတော့ကြောင်း သိရသည်။ ထို့ကြောင့် စာရွက်စာတမ်းများရရှိရန် စတင်ကြိုးစားသည်။ သို့သော် လုပ်ငန်း အဆင့်ဆင့်ခက်ခဲမှု၊ လာဘ်ထိုးရခြင်းနှင့် သူမ၏ စခန်းမှ စစ်တွေမြို့လယ်ရှိ လူဝင်မှုကြီးကြပ်ရေး ရုံးသို့ သွားရန် ခက်ခဲခြင်းတို့ကြောင့် ၂ နှစ် ကြာသည်။ ထိုခရီးမှာ ဆိုက်ကားတတန် တက္ကစီတတန်ဖြင့် ၂ နာရီခန့် သွားရသည်။
“အဲဒီတုန်းက ရုံးကိုသွားတော့ လာဘ်ထိုးခိုင်းတယ်။ တခါကို ၂၀၀၀၀ ၊ ၃၀၀၀၀ ပေးရတယ်။ အရာရှိပြောင်းသွားရင် ပြန်ပြီး ညှိရတယ်။ ငွေတွေ အရမ်းကုန်တယ်။ ကျမက ဒုက္ခသည်စခန်းမှာနေရတော့ သွားရလာရခက်တယ်” ဟု ကမန် အမျိုးသမီး မဖွေးဖွေးနွဲ့က ပြောသည်။
၂၀၁၅ ခုနှစ်တွင် မှတ်ပုံတင်ကဒ် ရရှိခဲ့သော်လည်း ကမန်လူမျိုးသာ ဖြစ်သော သူမ၏ခင်ပွန်းမှာ မှတ်ပုံတင်ကဒ် စောင့်ဆိုင်းနေရဆဲ ဖြစ်၍ သူမသည် ဒုက္ခသည်စခန်းမှ ထွက်ခွာခွင့် မရခဲ့ပေ။ စစ်တွေမြို့လယ်တွင် ဈေးဆိုင်ဖွင့်ခဲ့ဖူး သော်လည်း ယခုသူမသည် ဆန်အနည်းငယ် ရရန် အိမ်နီးချင်း တဦးထံမှ အထည်ယူ ချုပ်နေရသည်။ သူမ ဆက်လက် စောင့်ဆိုင်းနေရသည်။
လူမျိုးအမည်
၁၉၈၂ ခုနှစ် ဥပဒေကြောင့် အထိခိုက်ဆုံး ဖြစ်သော ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုနေကြသူ မွတ်စလင်တို့ အတွက်မူ ၎င်းတို့ အနေအထားပုံမှန် ပြန်ဖြစ်ရေး အားထုတ်မှုများမှာ တုံ့ဆိုင်းနေသည်။ အမျိုးသားရေး ဝါဒီများ၏ မုန်းတီးမှုကြောင့်သာမက ၎င်းတို့၏ အစိုးရအပေါ် အယုံအကြည် ကင်းမဲ့မှုနှင့် နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံရခြင်းတို့ကြောင့် လူမျိုးရေး သွေးစည်းလာခြင်း ကြောင့်လည်း ပါသည်။
အချို့မှာ ၎င်းတို့၏ ဘိုးဘွားများ ဤဒေသတွင် နေကြသည်မှာ လွန်ခဲ့သော ရာစုများကပင် ဖြစ်သော်လည်း မြန်မာနိုင်ငံမှ လူအများအပြားက ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများ အဖြစ် မြင်ကြသည်။ အခြား မိသားစုများမှာလည်း ဗြိသိသျှတို့က ၁၈၂၄ ခုတွင် မြန်မာနိုင်ငံ တစိတ်တပိုင်းကို သိမ်းပြီး အငြင်းပွားဖွယ်ရာ နယ်နမိတ် မသတ်မှတ်မီနှင့် သတ်မှတ်ပြီးနောက် ယခု ရခိုင်ပြည်နယ်ဟု ခေါ်သော ဤဒေသတွင် နေထိုင်ကြသည်မှာ မျိုးဆက်များစွာ ကြာပြီ ဖြစ်သည်။
၂၀၁၄ ခုနှစ်က စတင်သော ယခင်စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရ၏ နိုင်ငံသားစိစစ်ရေး စမ်းသပ် စီမံချက်မှာလည်း ၎င်းတို့ ကို ဘင်္ဂါလီ အဖြစ် စာရင်းသွင်းသောကြောင့် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်း အခြေချများဟု အဓိပ္ပာယ်သက်ရောက်ကာ မအောင်မြင်ခဲ့ပေ။ ယခုနှစ် အစောပိုင်းကလည်း နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်သည် ၎င်းတို့ကို လူမျိုး၊ ဘာသာမပါဘဲ မှတ်ပုံတင်ရန် ကြိုးစားခဲ့သည်။ ထိုအစီအစဉ်ကိုလည်း လူကြိုက် မများလှပေ။
လူမျိုးစုအမည်မှာ မြန်မာနိုင်ငံ၏ လူမှုနှင့် နိုင်ငံရေးတွင် လွန်စွာ အရေးပါသဖြင့် သူ့ကို “ရိုဟင်ဂျာ”မွတ်စလင်အဖြစ် အသိအမှတ် မပြုသော မည်သည့် စာရွက်စာတမ်းကိုမျှ လက်မခံ ဟု မော်သီညာ စခန်းတွင် နေသော ရိုဟင်ဂျာတဦး ဖြစ်သူ Shom Shul Alom က ပြောသည်။
“ဖုန်းထဲမှာ ဆင်းကဒ် မထည့်ရင် ဖုန်းက အလုပ် မလုပ်ဘူး။ ဘယ်ကိုမှ ဆက်လို့ မရဘူး။ မှတ်ပုံတင်မှာ လူမျိုးဘာသာ မပါရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ ကျနော်လက်မခံဘူး” ဟု သူက ပြောသည်။
(IRIN သတင်းဌာနတွင် ဖော်ပြထားသော Julia Wallace ၏ Bribes and bureaucracy: Myanmar’s chaotic citizenship system ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ IRIN (formerly Integrated Regional Information Networks) သည် ၂၀၁၅ ဇန်နဝါရီလထိ ၏ ပရောဂျက်တခုဖြစ်ခဲ့ပြီး ယခုအခါ စီးပွားရေးအကျိုးအမြတ် မယူသော ဂျီနီဗာအခြေစိုက် လွတ်လပ်သည့် သတင်းဌာနတခု ဖြစ်သည်။)