ရန်ကုန်မြို့စွန် မြို့နယ်တွေမှာ တည်ဆောက်နေတဲ့ တန်ဖိုးနည်း၊ တန်ဖိုးမျှ အိမ်ရာတွေဟာ မကြာခင် ပြီးစီးတော့မှာ ဖြစ်ပြီး ဝယ်ယူလိုသူတွေကို ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။
တန်ဖိုးနည်း အိမ်ရာ ဆိုပေမယ့်လည်း အနည်းဆုံး ကျပ် သိန်းရာဂဏန်း ဝန်းကျင်မှာ ရှိပါတယ်။
အလားတူပဲ တန်ဖိုးနည်းဆိုတဲ့ အခေါ်အဝေါ်နဲ့ လိုက်ဖက်အောင် တန်ဖိုးနည်း ပစ္စည်းတွေကို အများဆုံးအသုံးပြု ဆောက် လုပ် ထားတာကြောင့် အဲဒီတိုက်ခန်းတွေရဲ့ ခိုင်ခံ့မှုဟာလည်းပဲ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဆောက်လုပ်ထားတဲ့ တိုက်ခန်းတချို့မှာ ဆိုရင် အိမ်ရှေ့တံခါးမကြီး၊ ပြူတင်းပေါက် မှန်တွေကအစ တန်ဖိုးနည်း ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတာ တွေ့ရပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ တန်ဖိုးနည်း၊ တန်ဖိုးမျှ၊ အဆင့်မြင့် စတဲ့ အိမ်ရာစီမံကိန်း အများအပြား တည်ဆောက်နေပြီး အ ဆောက်အအုံ ပုံစံ၊ အခန်းဖွဲ့စည်းပုံ၊ အသုံးပြုထားတဲ့ ပစ္စည်း အမျိုးအစားတွေဟာလည်းပဲ အခန်းဈေးနှုန်းတွေ အပေါ် မူတည်ပြီး ကွာခြားပါတယ်။
ဆောက်လုပ်ဆဲ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေက တိုက်ခန်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှု တချို့လည်း ရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တန်ဖိုးနည်းအိမ်ရာတွေ ဖြစ်လို့ အရည်အသွေး စစ်ဆေးမှု မပါဘူးလို့ သိရတဲ့ အတွက်ပါပဲ။
အထူးသဖြင့် ငလျင်လှုပ်ခတ်ရင် အဲဒီတိုက်ခန်းတွေဟာ ခံနိုင်ရည်ရှိပါ့မလားဆိုပြီး အများစုက သံသယစိတ်တွေ ဝင်နေကြ ပါတယ်။
အဲဒီဆောက်လုပ်ရေး လုပ်ငန်းခွင်ကို တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေကတော့ ငလျင်ဒဏ် ခံနိုင်ရည်ရှိအောင် တွက်ချက် ဆောက်လုပ်ထားတာလို့ ပြောဆိုကြပါတယ်။
ဒါပေမယ့် ဘယ်အတိုင်းအတာထိ ကြံ့ခိုင်မှု ရှိတယ်ဆိုတာတော့ အာမခံချက် အတိအကျ မပေးပါဘူး။
အထပ်မြင့်တွေဖြစ်တာကြောင့် ငလျင်ဒဏ် ခံနိုင်ရည်အားကို တွက်ချက်ပြီး ဆောက်လုပ်ထားတဲ့အပြင် မြေသားရဲ့ခံနိုင်ရည် အားအပေါ် မူတည်ပြီးတော့ အထပ်တွေတင်ထားတာ ဖြစ်တယ်လို့လည်း သက်ဆိုင်ရာတွေက ပြောပါတယ်။
တန်ဖိုးနည်း အိမ်ရာတွေဟာ ၆ ခန်းတွဲ ၄ ထပ်၊ ၈ ခန်းတွဲ ၄ ထပ်သာ ဆောက်လုပ်ထားတာ ဖြစ်တာကြောင့် ခံနိုင်ရည် ရှိတယ်လို့ ဆိုပါတယ်။
မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး က “ငလျင်ဒဏ် ခံနိုင်ရည်ရှိအောင် တွက်ချက် ပြီး ဆောက်လုပ်ထားတာပါ၊ ရစ်ချက်စတာ စကေး ဘယ်လောက်ထိ ခံနိုင်မလဲတော့ ကျနော်လည်း မသိဘူး၊ ငလျင်ဒဏ် အစီအမံတွေ ထပ်ပြီး လုပ်ဆောင်မယ်ဆိုရင် တန်ဖိုးနည်းအိမ်ရာရဲ့ ကုန်ကျစရိတ်က ထပ်ပြီးတက်သွားမယ်”လို့ ပြောပါ တယ်။
တန်ဖိုးနည်း၊ တန်ဖိုးမျှ အိမ်ရာတွေကို ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်က အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနနဲ့ ဆောက် လုပ်ရေး ကုမ္ပဏီတွေက တာဝန်ယူ ဆောက်လုပ်နေကြတာ ဖြစ်ပါတယ်။
တန်ဖိုးနည်းတွေကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့မှာ တည်ဆောက်နေပြီး အများစုကတော့ ဒဂုံဆိပ်ကမ်း မြို့နယ်မှာပါ။
အဲဒီ တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ဖို့အတွက် အစိုးရက ရန်ပုံငွေ ကျပ် ဘီလီယံ ၁၀၀ ထုတ်ပေးထားတယ်လို့ သိရ ပါတယ်။
တန်ဖိုးနည်း အိမ်ရာတွေကို ဆောက်လုပ်နေတဲ့ ကုမ္ပဏီ အများစုကတော့ အလယ်အလတ်တန်းစား ကုမ္ပဏီတွေ ဖြစ်ပါ တယ်။ နာမည်ကြီးကုမ္ပဏီတချို့က ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။
အဆင့်မြင့် အိမ်ရာ စီမံကိန်းတွေကိုတော့ နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီတွေက တည်ဆောက်နေကြတယ်လို့ ဆိုပါ တယ်။
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေဟာ အိမ်ပိုင်မရှိတဲ့သူတွေ၊ အစိုးရ ဝန်ထမ်းတွေနဲ့ ကျူးကျော်တွေအတွက် အဓိက ရည် ရွယ် ဆောက်လုပ်တာ ဖြစ်တာကြောင့် ဈေးနှုန်းသက်သာရေးကိုပဲ အဓိက ဦးစားပေး ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
အိမ်ခန်းအတွက် သုံးထားတဲ့ ပစ္စည်းတွေ အများစုဟာလည်းပဲ အရည်အသွေး အားနည်းတာကြောင့် အိမ်ရဲ့ လုံခြုံမှု အ ပေါ် စိုးရိမ်သူတွေလည်း ရှိပါတယ်။ တာဝန်ရှိသူတွေကတော့ လုံခြုံရေးအစီအမံတွေ စနစ်တကျ လုပ်ဆောင်ပေးသွားဖို့ ရှိတယ်လို့ ပြောဆိုပါတယ်။
ဥပမာ – အိမ်ရှေ့က ဝင်ပေါက် တံခါးမကြီးကို သစ်မာအမျိုးအစားနဲ့ တပ်ဆင်မထားဘဲ ပြည်ပက တင်သွင်းတဲ့ ဖိုင်ဘာလို အမာစား ပစ္စည်းတွေနဲ့ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် အခန်းရဲ့ အတွင်းဘက်က ပြင်ဆင်မှု တချို့ဟာလည်း သေသပ်မှု မရှိပါဘူး။
ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံဖြိုးရေးဘဏ်ရဲ့ တာဝန်ရှိသူ တဦးကတော့ အိမ်ရှေ့တံခါးတွေကို သစ်သားတွေနဲ့ ပြန်လည် အစားထိုးနိုင်ရေး အတွက် ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
“အိမ်ရှေ့ တံခါးပေါက်ကို သစ်သားနဲ့လုပ်ဖို့ ကျနော်တို့က စီမံထားတာပါ၊ ဆောက်တဲ့သူတွေက သစ်သားတံခါး မသုံး ထားတဲ့ အတွက် ပြန်လည် စိစစ်တာတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်”လို့ သူက ဆိုပါတယ်။
တန်ဖိုးနည်း တိုက်ခန်းတွေရဲ့ ဈေးနှုန်းကတော့ ကျပ်သိန်း ၁၀၀ နဲ့ ၁၂၀ ကြားမှာ ရှိပါတယ်။ ကနဦး အနေနဲ့ ကျပ်သိန်း ၃၀ ပေးသွင်းရမှာဖြစ်ပြီး အရစ်ကျ စနစ်နဲ့ ၁၀ နှစ်အထိ ပေးသွင်းရမှာ ဖြစ်ပါတယ်။
ကနဦး ၃၀ ရာခိုင်နှုန်း စတင်ပေးသွင်းရမှာ ဖြစ်တာကြောင့် သာမန် လက်လုပ်လက်စားတွေ အတွက်တော့ အလွယ်တကူ ဝယ်နိုင်ဖို့ ခက်ခဲဦးမှာပါ။
တန်းဖိုးနည်း တိုက်ခန်းတွေကို သိန်း ၁၀၀ လို့ သတ်မှတ်ထားပေမယ့် အလွှာအပေါ် မူတည်ပြီး ၉၈ သိန်း၊ သိန်း ၁၂၀၊ ၁၂၅ သိန်း စတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးမယ်လို့ သိရတယ်။
တန်းဖိုးမျှနဲ့ အဆင့်မြင့်တွေကတော့ ကျပ် သိန်း အနည်းဆုံး ၄၀၀ ကနေ သိန်းထောင်ချီ ရှိပါတယ်။
အိမ်ခန်း လျှောက်ထားလိုသူတွေကတော့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဘဏ်မှာ ငွေစုရမှာ ဖြစ်ပြီး အခြေခံ ဝင်ငွေ ကျပ် ၃ သိန်းနဲ့ ၅ သိန်းကြားရှိရမှာ ဖြစ်တဲ့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနရဲ့ ထောက်ခံချက်နဲ့ လျှောက်ထား ဝယ်ယူ ရမှာ ဖြစ်ပါတယ်။
တန်ဖိုးနည်း တိုက်ခန်းတွေကို ရန်ကုန်မြို့မှာ အိမ်ပိုင်ရာပိုင် အမှန်တကယ် မရှိတဲ့သူတွေ၊ ဝန်ထမ်းတွေ၊ ကျူးကျော်တွေ စတဲ့ သူတွေကိုသာ ရောင်းချပေးမှာ ဖြစ်ပါတယ်။
အကယ်၍ အကြောင်း အမျိုးမျိုးကြောင့် ပြန်လည် ရောင်းချမယ် ဆိုပါက ဝယ်ယူထားတဲ့ သက်တမ်း ၅ နှစ် ပြည့်ရမှာ ဖြစ်ပြီး အကြွေးကြေပြီးသားလည်း ဖြစ်ရပါမယ်။ အိုးအိမ်ဘဏ်ကို ရောင်းချမယ် ဆိုရင်လည်းပဲ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။
အမှန်တကယ် အိမ်ပိုင်မရှိတဲ့သူတွေကိုသာ ဦးစားပေးရောင်းချမယ် ဆိုပေမယ့် ငွေကြေး တတ်သူနိုင်သူတွေဟာ မဝယ်နိုင် သူတွေကို အမည်ခံခိုင်းပြီး ဝယ်ယူဖို့ ကြိုးပမ်းမှု တချို့လည်း ရှိနေတာကြောင့် သေချာစိစစ်ရောင်းချဖို့ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေက လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။
ဒါ့အပြင် ဝယ်ယူရာမှာလည်း အခန်းကောင်းတွေကို လက်သင့်ရာလူတွေကို ဦးစားပေးမှုတွေ ရှိတယ်လို့ သိရပါတယ်။
တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွေမှာ ဈေး၊ ကလေးကစားကွင်း၊ ပန်းခြံ၊ မီးသတ်ရေကန်၊ စာသင်ကျောင်း စတဲ့ အခြေခံလူမှု လိုအပ်ချက်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် နွေရာသီလိုမျိူး အချိန်မှာတော့ ရေ၊ မီး အခက်အခဲတချို့ ရှိလာနိုင်တယ် လို့ ဒေသခံတွေက ပြောကြပါတယ်။
ဆောက်လုပ်ဆဲ တန်ဖိုးနည်း အိမ်ရာတွေနဲ့ နီးစပ်တဲ့ ယုဇန ဥယျာဉ် မြို့တော်မှာလည်းပဲ နွေရာသီရောက်ရင် အထပ်မြင့် အခန်းတွေ အတွက် ရေ၊ မီး အခက်အခဲရှိနေဆဲ ဖြစ်တယ်လို့ နေထိုင်သူတွေက ပြောဆိုကြပါတယ်။
တန်ဖိုးနည်း တိုက်ခန်းတွေကို လက်ရှိမှာ စိတ်ဝင်စားသူ များပြားနေပြီး လျှောက်ထားသူဦးရေ ၈၀၀၀ ကျော် အထိ ရှိနေပါပြီ။ နေ့စဉ် လျှောက်ထားမှု အများအပြားရှိတယ်လို့လည်း သိရပါတယ်။
လူအများက စိတ်ဝင်စားမှု ရှိနေကြပေမယ့် နေရာအလှမ်းဝေးတာကြောင့် တိုက်ခန်းရဲ့ အနေအထား အခြေအနေတွေကို သေချာမသိကြသေးဘူးလို့ ပြောကြပါတယ်။ တချို့ ကလည်း သွားကြည့်ဖြစ်တယ်လို့ ပြောပါတယ်။
ကြံ့ခိုင်မှု အနေအထားကို အသေးစိတ်မသိကြပေမယ့် အရစ်ကျ စနစ် ပေးချေရတာရယ်၊ ဈေးနှုန်းနည်းတာတွေကြောင့် အများစုကတော့ ဝယ်ယူဖို့ ဆန္ဒ ရှိနေကြပါတယ်။
အဲဒီလို ဝယ်ယူဖို့ ဆုံးဖြတ်ကြ ပေမယ့် တိုက်ခန်းရဲ့ခိုင်ခံ့မှု၊ လုံခြုံရေး အခြေအနေတွေနဲ့ ရေ၊ မီး စတဲ့ အချက်တွေကိုတော့ သေချာလေ့လာမှု မရှိကြပါဘူး။
အိမ်ခန်း လျှောက်ထားသူ တဦး ဖြစ်တဲ့ ဒေါ်သူဇာအောင် က “အပြင်မှာ အိမ်ငှားနေရင်လည်းပဲ တလ တသိန်းကျော် ၂ သိန်း ပေးနေရတာပဲ၊ ဒီမှာက တလကိုတသိန်း ၃ သောင်း အရစ်ကျ ပေးရမယ်၊ အိမ်ငှားဈေးအတိုင်း ပေးရမယ် ဆိုရင် တောင်မှ အချိန်ကြာလာတာနဲ့အမျှ အိမ်ပိုင်ဖြစ်သွားမှာပါ၊ အပြင်မှာငှားနေရရင် အိမ်မပိုင်ဘူးပေါ့၊ အဲဒါကြောင့် ဝယ်ချင်တာ ပါ” လို့ ပြောပါတယ်။
ရန်ကုန်မှာ အိုးပိုင်အိမ်ပိုင်မရှိဘဲ အိမ်ငှားနေသူ အများစုဟာ သူတို့ဝင်ငွေရဲ့ ထက်ဝက်ကျော်ကို အိမ်ငှားစရိတ်မှာ အသုံးပြု နေကြရပါတယ်။
အိမ်ငှားခတွေ အဆမတန် ဈေးကြီးမြင့်တဲ့အပြင် အိမ်ပွဲစားတွေရဲ့ လောဘတွေကြောင့် ၆ လ တကြိမ်လောက် ပြန်လည် စာချုပ် ချုပ်ဆို ငှားနေကြရပါတယ်။
ရန်ကုန်မြို့က အိမ်ငှားနေရတဲ့ ဝန်ထမ်းအများစုဟာ ငွေကြေးစုဆောင်းမိဖို့ ခက်ခဲကြပါတယ်။ ဒါကြောင့် တန်ဖိုးနည်း တိုက်ခန်း တွေကိုတောင် အလွယ်တကူ မဝယ်နိုင်သူတွေလည်း အများအပြားပါ။
တန်ဖိုးနည်း တိုက်ခန်းတွေကို စိတ်ဝင်စားသူ များပြားတာကြောင့် လက်ရှိ ဆောက်လုပ်ဆဲ တန်ဖိုးနည်း တိုက်ခန်းတွေ အပြင် နောက်ထပ်လည်း ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း အခန်းပေါင်း ၈၀၀၀ ကျော် ထပ်မံဆောက်လုပ် ရောင်းချ ပေးဖို့ စီစဉ်နေတယ်လို့ အိုးအိမ်ဦးစီးဌာန က ပြောပါတယ်။
သိန်း ၁၀၀ အောက် အခန်းတွေကို လှိုင်သာယာ၊ သန်လျင်၊ ဒဂုံဆိပ်ကမ်း စတဲ့ မြို့နယ် တွေမှာ တည်ဆောက်ပေးမှာ ဖြစ်ပြီး အကျယ်အဝန်း ကတော့ ၁၈ ပေ – ပေ ၂၀ ပတ်လည် အခန်းတွေဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ရှိနေတဲ့ အိုးပိုင်အိမ်ပိုင် မရှိတဲ့ လူဦးရေဟာ သန်းချီရှိနေတာကြောင့် အိမ်ခန်း အရေအတွက် ထောင်ပေါင်း များစွာ လိုအပ်နေဦးမှာ ဖြစ်ပြီး အဲဒီ ပြဿနာတွေကို အတိုင်းအတာတခုအထိ ဖြေရှင်းပေးနိုင်ဖို့ အတွက်တော့ ဆယ်စုနှစ်နဲ့ ချီ ကြာမြင့်ဦးမှာ ဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။ ။