“ပြုလုပ်တဲ့ တရားခံဘယ်သူ ဆိုတာကိုသိမှ အမှုဖွင့်ပေးလို့ ရမယ်”ဟု ပြောဆိုသူသည် ရဲစခန်းတခု၏ တာဝန်ရှိသူ ရဲအရာရှိ တဦးဖြစ်ပြီး အသက်၅ နှစ်အရွယ် ကလေးတဦး အဓမ္မပြုကျင့်ခံရမှုကို တိုင်ကြားရန်လာသည့် ဖခင်ဖြစ်သူအား ပြောဆိုခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း ဒဂုံအရှေ့ပိုင်းမြို့နယ်မှ ၅ နှစ်အရွယ်ကလေးသည် နိုဝင်ဘာလ ၂ ရက်နေ့က အဓမ္မပြုကျင့် ခံခဲ့ရသော်လည်း တရားခံအား ယနေ့အထိ မဖော်ထုတ်နိုင်သေးပေ။
သက်ဆိုင်ရာနယ်မြေ ရဲစခန်း၌ တိုင်ကြားရန် သွားခဲ့သော်လည်း တရားခံ မည်သူမည်ဝါ ဖြစ်ကြောင်း အတိအကျ ပြောဆို နိုင်မှသာ အမှုဖွင့်ပေးမည်ဟု ရဲစခန်းက ပြောဆိုကြောင်း ကလေး၏ ဖခင်ဖြစ်သူက ဧရာဝတီ ကိုပြောဆိုသည်။
သို့သော် ထိုသတင်း လူမှုကွန်ရက်၌ ပျံ့နှံ့သွားပြီးနောက် အမှုဖွင့်ပေးခဲ့သည်။
တရားခံကို စုံစမ်းဖော်ထုတ်ရန် မကြိုးစားဘဲ တရားခံကိုသိမှသာ အမှုဖွင့်ပေးနိုင်မည်ဟု ရဲအရာရှိ၏ ပြောဆိုမှုသည် တာဝန်မဲ့ရာ ရောက်သည့်အပြင် လူသားမဆန်သည့် ပြောဆိုမှုလည်းဖြစ်သည်။
ရဲတပ်ဖွဲ့သည် အပြစ်မဲ့ ပြည်သူများအား အကာအကွယ် မပေးနိုင်တော့ဘူးလား၊ ရဲတပ်ဖွဲ့၏ တာဝန်သည် အဘယ်နည်းဟု မေးခွန်း ထုတ်ရန်များ ရှိလာသည်။
ရန်ကုန်တိုင်း အပါအဝင် မြန်မာနိုင်ငံတဝန်း၌ ကလေးသူငယ် မုဒိမ်းမှု ဖြစ်ပွားနှုန်းသည် လျော့ကျမသွားဘဲ နှစ်ဆနီးပါး မြင့် တက် လာကြောင်း ရဲမှတ်တမ်းများ၌ ဖော်ပြထားသည်။
သက်ငယ်မုဒိမ်း ဖြစ်ပွားမှု အများဆုံးသည် ရန်ကုန်တိုင်းဖြစ်သည်။
မုဒိမ်းမှု ကျူးလွန်သူများ၌ ဖခင်၊ ဆွေမျိုးရင်းချာများ၊ ကျောင်းဆရာ၊ ဘုန်းကြီး စသည့် အလွှာစုံက လူများလည်း ပါဝင် နေ သည် ကို တွေ့ရသည်။
အဓမ္မပြုကျင့် ခံရသူအများစုသည် ၁၀ နှစ်အောက်နှင့် ၁၀ နှစ်ဝန်းကျင် ကလေးများ ဖြစ်နေသည်။
သို့သော် အစိုးရ အာဏာပိုင်များ အနေဖြင့် ထိရောက်သည့် အရေးယူဆောင်ရွက်မှု မရှိခြင်း၊ အလေးထားမှု အားနည်း ခြင်း တို့ရှိနေပြီး အများပြည်သူ၏ မေးခွန်းထုတ်မှုများလည်း ရှိနေပါသည်။
အဓမ္မပြုကျင့်ခံရသည့် ကလေးအများစုသည် စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည်ဖြင့် အဘက်ဘက်မှ နွမ်းပါးသည့် မိသားစု များမှ ကလေးများဖြစ်နေသည်။
ထိုအချက်သည်ပင်လျှင် အဓမ္မမှု ကျူးလွန်သူများအတွက် အားသာချက် တခုကဲ့သို့ ဖြစ်နေသည်။
အဘယ့်ကြောင့်ဆိုသော် တချို့အမှုများသည် ငွေကြေးဖြင့် နှုတ်ပိတ်ခံလိုက်ရပြီး အချိန်ကြာလာသည်နှင့်အမျှ ပပျောက် သွား၍ ဖြစ်သည်။
အရှေ့ဒဂုံမှ ကလေးအမှုအား လိုက်ပါကူညီပေးနေသူ ဒေါ်စိုးစန္ဒာလင်းက “ထောင်တွေက ကြိုးစင်တွေကို ဖွင့်ပေးလိုက်ရင် သက်ငယ်မုဒိမ်းမှုရော၊ ဘာရောလုံးဝ လျော့ကျသွားမှာပါ၊ ဒါကြောင့် သမ္မတကြီးနဲ့ တာဝန်ရှိသူတွေကို ပြောချင်တာက ကြိုးစင်တွေကို ပြန်ဖွင့်ပေးပါလို့ ပြည်သူတဦးအနေနဲ့ တောင်းဆိုချင်တယ်၊ ကျမမှာလည်းပဲ သမီးလေး မွေးထားပါတယ်”ဟု ပြောဆိုသည်။
ကလေးသူငယ် မုဒိမ်းမှုနှင့်ပတ်သက်၍ ကြီးလေးသည့် ပြစ်ဒဏ် သို့မဟုတ် သေဒဏ်ပေးရန် ဥပဒေတရပ် ပြဌာန်းပေးရေး အဆိုကို လွှတ်တော်ကိုယ်စားလှယ် တချို့က ယခင်အစိုးရ လက်ထက် လွှတ်တော်၌ တင်သွင်းခဲ့သော်လည်း ပယ်ချခံခဲ့ရ သည်။
သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ သေဒဏ်ပေးရေး ဥပဒေတရပ် ပေါ်ပေါက်ရန် အမျိုးသမီး အဖွဲ့အစည်းတချို့က ကြိုးပမ်း နေကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းနှင့် ရှေ့နေတဦးဖြစ်သူ ဦးသိန်းညွန့်ကလည်း ထိုဥပဒေ ပေါ်ပေါက်ရန် ကြိုးပမ်းသွားမည်ဟု ဧရာဝတီ ကို ပြောဆိုခဲ့ဖူးသည်။
ကလေးများ၏ အနာဂတ်ဘဝ တခုလုံးအား ဖျက်ဆီးလိုက်သည့် တရားခံကို လူ့အခွင့်အရေးရှုထောင့်မှ မကြည့်သင့်သည့် အပြင် ထိုသူများသည် လူမှုပတ်ဝန်းကျင်နှင့် တိုင်းပြည်၏ အနာဂတ်ကိုလည်း ထိခိုက်စေသည့်အတွက် ကြိုးမိန့်သည်သာ အသင့် လျော်ဆုံးဟု ပြောဆိုမှုများလည်း ရှိသည်။
သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ ခိုင်မာသည့် ဥပဒေမရှိ၍ ထိရောက်စွာ ကိုင်တွယ်မှု အားနည်းပါက အပြန်အလှန် လက် စား ချေမှုများ ဖြစ်ပေါ်လာနိုင်ပြီး တရားဥပဒေ စိုးမိုးရေးကိုပါ ထိခိုက်စေနိုင်ကြောင်း စိုးရိမ်သူများလည်း ရှိသည်။
သက်ငယ်မုဒိမ်းမှုသည် စိုးရိမ်ဖွယ်ကောင်းသည့် အနေအထားသို့ ရောက်ရှိလာနေသည့်အတွက် ကြိုးမိန့်ဖြင့် တားဆီးမှသာ လျော့ကျနိုင်ဖွယ်ရှိကြောင်းလည်း အများပြည်သူက ပြောဆိုနေကြသည်။
သို့သော် ယနေ့ခေတ်ကာလာ၌ သေဒဏ်ပေးမှုသည် လူ့အခွင့်အရေးအရ မဖြစ်သင့်တော့ကြောင်း လူ့အခွင့်အရေး သမား တချို့က ထောက်ပြမှုများလည်း ရှိသည်။
သယ်ငယ်မုဒိမ်း ပြုကျင့်သူများ၌ ဖခင်အရင်းနှင့် ဆွေမျိုးသားချင်းများ ကိုယ်တိုင် ပါဝင်နေခြင်းကြောင့် သေဒဏ်ပေးမည် ဆိုပါက တိုင်ကြားမှု လျော့ကျသွားနိုင်ကြောင်း၊ သို့ဖြစ်၍ ကြီးလေးသည့် ပြစ်ဒဏ်၊ ခိုင်မာသည့် ဥပဒေမျိုးကိုသာ ပြဌာန်း သင့်ကြောင်း ထောက်ပြ ပြောဆိုသူများလည်း ရှိပါသည်။
သက်ငယ် မုဒိမ်းမှုကျူးလွန်သူများအတွက် ခိုင်မာသည့် သီးသန့်ဥပဒေ မရှိခြင်းကြောင့် တရားခံသည် ထောင်ဒဏ် နှစ် အနည်းငယ်သာ ကျခံရပြီး လွတ်မြောက်လာသူများ၊ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်သွားသူများလည်း ရှိသည်။
လက်ရှိတွင် မုဒိမ်းမှုနှင့်ပတ်သက်၍ ဥပဒေရှိသော်လည်း ကလေးမုဒိမ်းမှုများကို ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိသေး ပေ။
သက်ငယ် မုဒိမ်းမှုသည် ယခုနိုဝင်ဘာလဆန်း၌ပင် အရှေ့ပိုင်းဒဂုံမြို့နယ်မှ အမှု၊ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ အသက် ၅ နှစ် အရွယ် ကလေးတဦး၊ ရှမ်းပြည်နယ်၊ သိန်းနီမြို့မှ ၁၆ နှစ်အရွယ် နှင့် မန္တလေးမြို့မှ ၁၂ နှစ်အရွယ် မိန်းကလေးငယ် တို့၏ အမှုများ ဖြစ်ပွားခဲ့သေးသည်။
အရှေ့ဒဂုံမှ ကလေးသည်လည်း အဓမ္မပြုကျင့်ခံရသည့် ဒဏ်ကြောင့် အင်္ဂါနှစ်ခုစလုံး အလုပ်မလုပ်နိုင်၍ ဗိုက်ခွဲ၍ ဆေးကုသမှု ခံယူရသည်။
ဒဂုံအရှေ့မှ အမှုအတွက် တရားခံအား မဖော်ထုတ်နိုင်သေးသော်လည်း၊ ပေါက်တောမြို့နယ်မှ အမှုကိုမူ နှစ်ရက်အကြာ၌ တရားခံ ဖော်ထုတ်နိုင်ခဲ့သည်။
ပေါက်တောမှ ကလေးသည် အဓမ္မပြုကျင့်ခံရပြီး စောင်နှင့်ပတ်၍ ခြံနောက်ဖေး၌ လွှင့်ပစ်ခံခဲ့ရသည်။ ထိုကလေးသည် လည်း သွေးထွက်လွန်ပြီး စိုးရိမ်ရသည့် အခြေအနေကြောင့် စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင်၍ အရေးပေါ် ဆေးဝါး ကုသမှု ခံယူခဲ့ရသည်။
ထို့အတူ လူမသိသူမသိဖြစ်ပွားနေသည့် အမှုများ၊ ဆွေမျိုးသားချင်း ဖြစ်နေ၍ မတိုင်ကြားရဲသည့် အမှုများ၊ အရှက်ရမည် ကို မလိုလား၍ မတိုင်ကြားတော့သည့် သက်ငယ်မုဒိမ်းမှုများ မြန်မာနိုင်ငံတဝန်း၌ အများအပြားရှိနိုင်ပါသေးသည်။
မုဒိမ်းမှု ဖြစ်ပွားပါက ပြစ်မှုကျူးလွန်သူသည် မည်သူဖြစ်စေ ဖုံးကွယ်မထားရန်လည်း လိုအပ်ပါမည်။ သို့မှသာ လျော့ကျလာ နိုင်ပါမည်။
သက်ငယ် မုဒိမ်းမှု အဖြစ်များလာခြင်းသည် ညစ်ညမ်းဗီဒီယိုများအား အလွယ်တကူ ဝယ်ယူနိုင်ခြင်း၊ ကြည့်ရှုနိုင်ခြင်း၊ လိင်စိတ်ကြွ ဆေးပြားများ ဝယ်ယူသုံးစွဲမှု များလာခြင်းတို့ကြောင့်ဟု ရဲတပ်ဖွဲ့ အာဏာပိုင်များက ပြောဆိုသည်။
ရဲတပ်ဖွဲ့အနေဖြင့် အများပြည်သူနှင့်ပူးပေါင်း၍ ပညာပေးမှုများ ပြုလုပ်နေကြောင်းသာ ပြောဆိုပြီး၊ အမှုများနှင့်ပတ်သက်၍ ၎င်းတို့၏ ကိုင်တွယ်မှု အားနည်းသည်ကို ဝန်ခံမှု မရှိပေ။
အကယ်၍ ရဲတပ်ဖွဲ့ အနေဖြင့် ဖြစ်စေ၊ အစိုးရအနေဖြင့် ဖြစ်စေ ကလေးသူငယ် မုဒိမ်းမှုများနှင့်ပတ်သက်၍ ထိရောက်စွာ ကိုင်တွယ်မှု အားနည်းခြင်း၊ ကြီးလေးသည့် ပြစ်ဒဏ်ပေးရန် အချိန်ဆွဲ နှောင့်နှေးနေမည်ဆိုပါက ကလေးများ၏ လုံခြုံရေး နှင့် အနာဂတ်အတွက် စိုးရိမ်ဖွယ် ကောင်းသကဲ့သို့ တရားဥပဒေ စိုးမိုးမှုသည်လည်း မင်းမဲ့စရိုက် တိုင်းပြည်ကဲ့သို့ ဖြစ်နေပါ ဦးမည်။
အရှေ့ဒဂုံမှ အဓမ္မပြုကျင့်ခံရသူ ကလေး၏ ဖခင်ဖြစ်သူက “ကျနော့်သမီးလေး နာကျင်နေတာတွေကို မြင်ရတော့ ကျနော် ဘာပြောရမှန်းတောင် မသိတော့ဘူး၊ နောက်တခုက ဒီလိုကောင်မျိုးကိုတောင် ဖမ်းမမိနိုင်သေးတာကိုလည်း ရင်ထဲမှာ ပြည့် ကြပ်နေတယ်”ဟု ပြောဆိုပါသည်။ ။