ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ သတင်းဟာ ကမ္ဘာကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ စာသင်ခန်းတွေ၊ လမ်းမပေါ်တွေကအစ စတော့ဈေးကွက်တွေ အထိ ဒီသတင်း ဂယက်ထခဲ့တယ်။ အမေရိကန် ရွေးကောက်ပွဲရဲ့ ရလဒ်ကြောင့် အံအားသင့်စရာတွေ အပြင် အနာဂတ်ရဲ့ မသေမချာ ဖြစ်စရာတွေကိုပါ သယ်ဆောင်ခဲ့တာကတော့ အမှန်ပါ။
ထရမ့်ဟာ အုပ်ချုပ်ရေး နိုင်ငံရေးနဲ့ စူပါပါဝါဖြစ်တဲ့ အမေရိကန်နဲ့ ဆက်ဆံနေရတဲ့ နိုင်ငံတကာ ဆက်ဆံရေး အခင်း အကျင်းတွေ နားမလည်တဲ့သူ၊ America First ဆိုတဲ့ အမေရိကန် အကျိုးစီးပွား အတွက်ကိုပဲ ကြည့်မယ့်သူ၊ နျူကလီးယားလက်နက်ကို ပိုင်တဲ့ အမေရိကန် အနေနဲ့ ဒီလက်နက်တွေကို ပစ်လွှတ်နိုင်တဲ့ သော့ကို သူ့လက်ထဲကို မထည့်ဖို့ သူဟာ အန္တရာယ် အလွန်ကြီးတဲ့သူလို့ နာမည်ဆိုးရခဲ့သူ ဖြစ်ပါတယ်။
အခုတော့ ရွေးကောက်ပွဲမှာ သူနိုင်ခဲ့ပြီ။ သူ့ နိုင်ငံခြားရေး မူဝါဒက စိတ်ဝင်စားစရာပါ။ ရွေးကောက်ပွဲကာလ မဲဆွယ်ပွဲတွေ၊ မီဒီယာ အင်တာဗျူးတွေမှာ ပြောခဲ့တဲ့ သူ့စကားတွေအရ ကြည့်ရင် ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားရေး ပေါ်လစီကို မြင်ကြည့်နိုင်ပါတယ်။
သူဟာ စစ်စရိတ် ကျခံငွေ ကုန်လွန်းတာကြောင့် ရုရှနဲ့ တရုတ်ကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုကို လျှော့ချချင်နေပါတယ်။ ဥရောပနဲ့ အာရှတလွှား စစ်သည်နဲ့ စစ်စခန်းတွေကို လျှော့ချချင်နေပါတယ်။ ရုရှ၊ တရုတ်နဲ့ စစ်အေးတိုက်ပွဲ မြှင့်မယ့်အစား ငြိမ်းချမ်းရေးလုပ်ပြီး အစ္စလာမ်မစ် အစွန်းရောက်ဝါဒကို ပူးပေါင်းချေမှုန်းရေး ဇောင်းပိုပေးချင်ပါတယ်။
တဖက်မှာတော့ ဒေါ်နယ်ထရမ့်က တရုတ်ကို ငွေကြေး အမြတ်ထုတ်ရာမှာ ဂုရုဆိုပြီး ပြောထားသလို အမေရိကန်ကုမ္ပဏီတွေ တရုတ်မှာ သွားထူထောင်တာကြောင့် အမေရိကန် အလုပ်သမားတွေ အလုပ်ပျောက်ကုန်တယ်လို့ ယူဆတာကြောင့် တရုတ်ထုတ် သွင်းကုန်တွေကို အခွန်ပိုတိုးကောက်ချင်ပါတယ်။
ဒါကြောင့် ထရမ့်လက်ထက်မှာ အမေရိကန် အစိုးရရဲ့ အာရှပေါ်လစီ ဘယ်လို ဖြစ်လာမလဲ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
မဟာမိတ်တွေ ဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားကို စစ်စရိတ်တွေ မျှခံဖို့ ပြောထားပါတယ်။ “ဂျပန်ကို ကျနော် ကာကွယ်ချင်တယ်။ တောင်ကိုရီးယားလည်း ကာကွယ်ချင်တာပဲ။ အခု မြောက်နဲ့ တောင်ကိုရီးယားကြား လိုင်းပေါ်မှာ ကျနော်တို့ စစ်သား ၂၈၀၀၀ ရှိတယ်။ အကျိုးအမြတ် မရှိတဲ့ ကံကို မျှော်ကိုးပြီး ကျနော်တို့ အကုန်အကျ များလွန်းတယ်”လို့ “Morning Joe” တီဗီစကားဝိုင်းမှာ ဒေါ်နယ်ထရန့်က ပြောခဲ့တယ်။
ဒါဆို ညူကလီးယားလက်နက်ပိုင်ထားတဲ့ မြောက်ကိုရီးယားအပေါ် သူဘယ်လိုသဘောထားသလဲ။ “ရာထူးလိုချင်နေကြတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ လူတိုင်းကို သူ့အဖေကနေ လက်လွှဲယူလိုက်တဲ့ ဘယ်လူငယ်လေး မဆို ဒါဟာ လျှော့တွက်လို့ မရပါဘူး”လို့ ထရမ့်က ဖေဖော်ဝါရီထဲမှာ CBS ကို ဖြေဖူးတယ်။
စီးပွားတရှိန်ထိုးတက်လာတဲ့ တရုတ်ရဲ့ ဩဇာကို ချိန်ညှိဖို့ သမ္မတ အိုဘားမားရဲ့ လက်ထက်မှာ အာရှနဲ့ ဆက်ဆံရေးကို Pivot Asia ဆိုတဲ့ အာရှကို ဗဟိုပြု ပေါ်လစီကို ချမှတ်ပြီး မဟာဗျူဟာကျကျ ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။
တောင်တရုတ် ပင်လယ်မှာ တင်းမာမှုများ ရှိနေပေမယ့် အာရှပစိဖိတ်က မဟာမိတ်တွေရဲ့ လုံခြုံရေး အာမခံပြီး တရုတ်နဲ့ သီးခြားလွတ်လပ်လိုလာကြတဲ့ ဗီယက်နမ်နဲ့ မြန်မာတို့နဲ့လည်း ဆက်ဆံရေးတွေ အမေရိကန် တည်ဆောက်လာနိုင်ခဲ့ပါတယ်။
ကျဆုံးသွားတဲ့ အာရပ်နွေဦးနဲ့ အစ္စလာမ်မစ် အစွန်းရောက်ဝါဒ ပြန်ခေါင်းထောင်မှုတွေကြောင့် မျက်နှာမလှတဲ့ အိုဘားမား အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ စစ်အုပ်ချုပ်ရေးက ဒီမိုကရေစီတပိုင်းဆီ ပြောင်းလဲလာနိုင်တဲ့ မြန်မာဟာ ရှေ့တန်းက ချီးမြှောက်စရာ ဖြစ်လာခဲ့တယ်။ အိုဘားမားရဲ့ လက်ထက်မှာ အမေရိကန်နဲ့ အရှေ့တောင်အာရှအကြား ဆက်ဆံရေး ပြန်ကောင်းခဲ့သလို မြန်မာနိုင်ငံကိုလည်း ၂ ကြိမ်တိုင်တိုင် လာပါတယ်။
ထရမ့်ကတော့ မြန်မာဆိုတာကို မြေပုံထဲမှာ အတော့်ကို ရှာယူရမယ့် သူမျိုးဖြစ်တယ်လို့ သုံးသပ်ရမှာပါ။ ဒါပေမယ့် သူ ခန့်အပ်မယ့် နိုင်ငံခြားရေးဝန်ကြီးနဲ့သူ့ရဲ့ အာရှ Team က ဘယ်လောက်အားကောင်းသလဲ ဆိုတာတော့ စောင့်ကြည့် ဝေဖန်ရဦးမှာ ဖြစ်တယ်။ ဒါဆိုရင် အမေရိကန်ရဲ့ မြန်မာ ပေါ်လစီက ဒေါ်နယ်ထရမ့်ရဲ့ လက်ထက်မှာ ဘယ်လိုရှိမလဲ။
ဟီလာရီ ကလင်တန်သာ အနိုင်ရခဲ့ရင်တော့ သူမရဲ့ မြန်မာအပေါ်ထားတဲ့ ပေါ်လစီကတော့ ဆက်ဆံရေးကို တိုးမြှင့်သွားမယ့်အပြင် အမေရိကန်ရဲ့ သြဇာနဲ့ တရုတ်ကို အင်အားချိန်ခွင်လျှာပြန်ညှိမယ့် အရေးမှာ အရေးကြီးတဲ့ နေရာက ဆက်ပြီး ပါဝင်နိုင်ပါတယ်။
မျှော်လင့်ထားနိုင်တာကတော့ ရီပတ်ဘလီကန်ပါတီ အမတ်တွေထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုကို ခိုင်ခိုင်မာမာ ထောက်ခံခဲ့သူတွေ ရှိပါတယ်။ ဥပမာ ဩဇာကြီးတဲ့ အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်မတန် ရင်းနှီးပါတယ်။ နောက်ပြီး မြန်မာ့အရေးဟာ အမေရိကန်နိုင်ငံရေးမှာ ၂ ပါတီလုံး သဘောတူကြတာမို့ ဒေါ်နယ်ထရမ့်လက်ထက် သိပ်ပြောင်းလဲဖွယ် မရှိပါဘူး။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးကတော့ သူနဲ့ ထရန့်ဟာ ဆဲတာကို ကြိုက်တာတူကြောင်း ပြောပေမယ့် အမေရိကန်စစ်စခန်းနဲ့ စစ်ဆင်ရေးလေ့ကျင့်မှုတွေကို ဖိလစ်ပိုင်က ထွက်သွားဖို့ သူ့သက်တမ်းအတွင်းမှာ မြင်ချင်တယ်လို့ ပြောထားပါတယ်။
ထရမ့်က အာရှကို ဉပေက္ခာပြုပြီး အရင်က ထားရှိတဲ့ စစ်စခန်းတွေ မဟာမိတ် ဆက်ဆံရေး တွေကို စတင်ဆုတ်ခွာမယ် ဆိုရင်တော့ ဒီလစ်ဟာသွားတဲ့ နေရာကို အစားထိုးဝင်လာမယ့် သူကတော့ တရုတ်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် လှမ်းနေတဲ့ တရုတ်နိုင်ငံရဲ့ ကြီးထွားလာမှုကို စိုးရိမ်ကြတဲ့ ဒေသတွင်းနိုင်ငံတွေအဖို့လည်း နိုင်ငံတော်ကာကွယ်ရေးစရိတ်တွေ မြှင့်တင်ကြမယ့် အခြေအနေဆီ ဦးတည်လာပါတယ်။ တဖက်ကလည်း Necessary Evil လို့ မရှိမဖြစ် လိုအပ်တဲ့ လူမိုက်သတ္တဝါလို့ နိုင်ငံတကာမှာ ခေါ်ဝေါ်သမုတ်တဲ့ အမေရိကန်ရဲ့ ပါဝါကို မထွေးနိုင် မအန်နိုင် ဖြစ်လို့ နေနေရပါတယ်။