မကြာသေးမီက သီလရှင်ကြီးတပါး ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ရုံးသို့ သွားရောက်ပြီး လျှောက်လွှာတစောင် တင်လိုက်သည်။
ရွှေပြားအများအပြား ကပ်လှူတပ်ဆင်ထားသော ရွှေတိဂုံစေတီ ထိပ်ပိုင်းနေရာနှင့် နီးစပ်သည့် အထက်ပစ္စယံသို့ ဆွေမျိုးသားချင်းထဲမှ အမျိုးသားတချို့ တက်ရောက်ဖူးမျှော်ခွင့်အတွက် ဒေါ်ရူပသီရိက လျှောက်ထားခြင်းဖြစ်သည်။
ကန့်သတ်နယ်မြေဖြစ်သော အထက်ပစ္စယံသို့ အမျိုးသားတို့ တက်ရောက်ခွင့်ကို စိစစ်ခွင့်ပြုနေသော်လည်း အမျိုးသမီးတို့ကိုမူ ပိတ်ပင်ထားသည်။
“ဘုရားရဲ့ဓာတ်တော်၊ ဆံတော်တွေက စေတီထဲမှာရှိတာ။ အထက်ပစ္စယံကိုတက်မယ်ဆိုရင် ဆရာလေးတို့လည်း အများကြီး ငရဲကြီးမှာပေါ့။ ဆရာလေးတို့တွေလို သီလရှင်အမျိုးသမီးတွေတက်ရင် ယုတ်ညံ့သွားမှာပေါ့” ဟု သက်တော် ၅၇ နှစ်အရွယ် ဒေါ်ရူပသီရိက မိန့်ကြားသည်။
“မိန်းကလေးတွေက ယောက်ျားလေးတွေလောက် ဘုန်းကံမရှိတော့ မတက်ရဘူး” ဟု နှစ်ဆန်းပိုင်းက သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည့် ဒေါ်ရူပသီရိက ဆက်လက် မိန့်ကြားသည်။
ကမ္ဘာသိ ရွှေတိဂုံတွင် အထက်ပစ္စယံသာမက ဘုရားဆင်းတုတချို့၊ နေရာတချို့ကိုလည်း အမျိုးသမီး ချည်းကပ်ခွင့်၊ ဝင်ရောက်ခွင့် တားမြစ်ကြောင်း ဆိုင်းဘုတ် ရေးသားထားသည်။ မြန်မာပြည်တဝန်းရှိ စေတီပုထိုး အများအပြားတွင်လည်း အလားတူပင် ဖြစ်သည်။
မကြာသေးမီက သံဃာများ၊ ထင်ရှားသူများ၊ စေတီပုထိုးများသို့ ပုံမှန် သွားရောက်နေသူများကို ချည်းကပ် မေးမြန်းခဲ့ရာ အများအပြားက ဤကန့်သတ်ချက်မှာ ဗုဒ္ဓဘာသာနှင့်မသက်ဆိုင်ဘဲ အစဉ်အလာ၊ ရိုးရာ ယဉ်ကျေးမှုနှင့်သာ ဆက်နွယ်နေသည်ဟု သုံးသပ်ကြသည်။ သို့သော်လည်း ၎င်းတို့က ထိုအကန့်အသတ်များ ဖယ်ရှားရေးအတွက် တောင်းဆိုလှုံ့ဆော်လိုခြင်း မရှိကြပေ။
ဂေါပကအဖွဲ့များ
ရွှေတိဂုံအထက်ပစ္စယံသို့ တက်ရောက်ခွင့်ကတ်ပြား ရရှိလိုပါက ဘုရားဂေါပကအဖွဲ့ထံ လျှောက်လွှာတင်သည့်နည်းဖြင့် အစပြုရမည် ဖြစ်သည်။
ရွှေတိဂုံ စေတီ လျှပ်စစ်လုပ်ငန်းဌာနစုမှူး ဦးသီတာက အထက်ပစ္စယံသည် ဘုရား၏ ဓာတ်တော်၊ မွေတော်၊ ဆံတော်များကိန်းဝပ်သည့်နေရာဖြစ်ခြင်းကြောင့် အမျိုးသမီးများကို တက်ခွင့်မပြုခြင်းဖြစ်ကြောင်း ပြောသည်။
“အမျိုးသမီးတက်တော့ ငရဲကြီးမှာ၊ မဖြစ်သင့်တာတွေဖြစ်မှာ စိုးလို့ပါ။ ပညတ်ချက် ဆိုတာကတော့ အစဉ်အလာပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ထိန်းသိမ်းရမှာတွေပါပဲ” ဟု ၎င်းက ဆိုသည်။
ရွှေတိဂုံဂေါပကအဖွဲ့တွင် ၁ဝ နှစ်ကျော် တာဝန်ထမ်းဆောင်လာသည့် ဒေါ်ဝါဝါမြင့်ကလည်း အလားတူ မှတ်ချက်ပြုသည်။
“အထက်ပစ္စယံ အောက်မှာ ဘုရားတွေ ရှိတယ်လေ။ ဘုရားမုခ်ဦးတွေပေါ်မှာ လုပ်ထားတာမို့လို့ အမျိုးသမီးတွေကို တက်ခွင့်မပေးတာပါ” ဟု ဒေါ်ဝါဝါမြင့်က ပြောသည်။
အမျိုးသမီးများကို ကန့်သတ်ခြင်းမှာ ဂေါပကအဖွဲ့နှင့်သာ သက်ဆိုင်သည်ဟု ရွှေတိဂုံစေတီ ဗုဒ္ဓဟူးအသင်းဓမ္မာရုံတွင် ဥပုသ်နေ့တိုင်း တရားဟောနေသည့် ရွှေမန်း ဦးသူရိယက မိန့်သည်။
“ဂေါပကအဖွဲ့ကသာ ခွင့်ပြုရင် အထက်ပစ္စယံကိုလည်း တက်ခွင့်ရှိသလို ဘုရားကိုလည်း ရွှေချခွင့် ရှိပါတယ်။ အနိမ့်နဲ့အမြင့်ပဲ ကွာတာပါ။ အထက်ပစ္စယံဆိုတာလည်း ဘုရားပါပဲ။ ရင်ပြင်ပေါ် ဆိုတာလည်း ဘုရားပါပဲ။ ငရဲကြီးအောင်နေရင် ရင်ပြင်တော်ပေါ်မှာပဲ ထိုင်နေရင်တောင် ငရဲကြီးမှာပါ”ဟု ဝါတော် ၄၉၊ သက်တော် ၆၉ ရှိပြီဖြစ်သည့် ရွှေမန်း ဦးသူရိယက မိန့်ကြားသည်။
အမျိုးသမီးများ အထက်ပစ္စယံသို့ တက်ရောက်ခွင့် ရွှေချခွင့် ပိတ်ပင်ရန်၊ ကန့်သတ်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ညွှန်ကြားထားခြင်း မရှိကြောင်း ထိုဌာနမှ အရာရှိကြီးတစ်ဦးက ပြောသည်။
“တချို့ဘုရားတွေကျတော့ဂေါပက အစီအစဉ်နဲ့၊ တချို့ဘုရားတွေကျတော့လည်း ဆရာတော်ကြီးတွေရဲ့ မိန့်မှာချက်တွေနဲ့ လုပ်တာ ရှိပါတယ်။ ဒါက ဟိုးအစဉ်အဆက်တည်းက ယဉ်ကျေးမှုအတိုင်း သွားနေတာလို့ မြင်ပါတယ်”ဟု ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ (သာသနာရေး) မှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။
တားမြစ်ချက်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန်ကိုမူ သူက ငြင်းဆန်သည်။
လိုက်လျောညီထွေ နေထိုင်ခြင်း
ဥပုသ်နေ့များ၊ လပြည့် လကွယ် ရက်များရောက်တိုင်း ရွှေတိဂုံရှိ တန်ဆောင်းများတွင် တရားဟောသူတို့မှာ သံဃာများ ဖြစ်ပြီး နာရီစင်တန်ဆောင်းတွင် ဟောကြားသူမှာ ဝါတော် ၃၇၊ သက်တော် ၄၆ ရှိပြီဖြစ်သည့် သီလရှင်တစ်ပါးဖြစ်သည်။
“အဲ့ဒီအပေါ်တက်ရင် ငရဲကြီးမယ်၊ မကြီးဘူးဆိုတာကလည်း သတ်မှတ်သူနဲ့ပဲ ဆိုင်ပါတယ်။ ငရဲကြီးတယ်လို့ ပြောလို့ရတယ်ဆိုပြီးတော့ ဗုဒ္ဓရဲ့အဆုံးအမ စာတွေထဲမှာ တိုက်ရိုက် မပါပါဘူး” ဟု ရွှေတိဂုံတွင် လွန်ခဲ့သည့် နှစ် ၂ဝ ခန့်က စပြီး တရားဟောနေသည့် ဓမ္မာစရိယ ဒေါ်ယုဇနသိင်္ဂီက မိန့်ကြားသည်။
အမျိုးသမီးများတွင် ဥတုပန်းပွင့်သည့် သဘာဝကြောင့် ထိုသို့ တားမြစ်ချက်များ ပေါ်ပေါက်လာခြင်းဖြစ်မည်ဟု သူက ယူဆသည်။
“ကန့်သတ်ထားတဲ့နေရာကို တက်တာနဲ့ ဘုရားရဲက လာမှာဘဲ။ အမျိုးသမီးမတက်ရလို့ ရေးထားတာ စာမတွေ့ဘူးလား ဆိုပြီး ဆွဲချတော့မှာပဲ။ အညစ်အကြေး ရှိပါတယ်လို့ သတ်မှတ်ထားတဲ့ အမျိုးသမီးတွေက တက်မယ်ဆိုရင်တော့ မသင့်တော်ဘူး၊ မလုပ်သင့်ဘူးလို့ မြင်ပါတယ်” ဟု သူက ဆက်လက် မိန့်ကြားသည်။
အစဉ်အလာအရ တားမြစ်ထားခြင်းကို လက်ခံသူ အများအပြားရှိရာ လပြည့်၊ လကွယ်၊ ဥပုသ်နေ့များတွင် ရွှေတိဂုံသို့ သွားရောက် ပဋ္ဌာန်းရွတ်ဖတ်လေ့ရှိသည့် ဒေါ်တင်အုန်းလည်း တစ်ဦး အပါအဝင် ဖြစ်သည်။
“အထက်ပစ္စယံကို တက်ခွင့်ရမယ်ဆိုရင် ကျွန်မ တက်ပြီး ဘုရားကို ရွှေချချင်ပါတယ်၊ ဒါပေမဲ့ ဂေါပက အဖွဲ့က တက်ခွင့်ပြုလိုက်ရင်တောင် မတက်ရဲတော့ဘူး၊ ကြောက်တယ်။ ဘုရားက မဟောထားခဲ့ဘူးဆိုတာ သိပေမယ့် ပညတ်ချက်တွေကိုတော့ ကြောက်တယ်” ဟု ၆၄ နှစ်အရွယ် ဒေါ်တင်အုန်းက ဆိုသည်။
ကန့်သတ်မှုကို လက်မခံသူများ
ဗုဒ္ဓဘာသာဝင်အမျိုးသမီးတို့သည် ဘာသာရေးဆိုင်ရာ အဆောက်အအုံများတွင် အဟန့်အတားတချို့နှင့် ရင်ဆိုင်ရသော်လည်း နေအိမ်ရှိဘုရားစင်တွင်မူ ပန်း၊ ဆီမီးကပ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း ပြုလုပ်ကြသူများ ဖြစ်သည်။
မိုးသု-မန ္တလေး ကလောင်အမည်ဖြင့် စာနယ်ဇင်းများတွင် ဆောင်းပါး အများအပြား ရေးသားနေသူ မန္တလေးမြို့မှ အရှင်ခေမာနန္ဒက ဘာသာရေးအဆောက်အအုံများတွင် အမျိုးသမီးတို့ ကန့်သတ်ခံနေရခြင်းကို လက်မခံသည့် သံဃာတပါး ဖြစ်သည်။
“တချို့ခွဲခြားမှုတွေက မကောင်းပါဘူး။ ဥပမာ – အမျိုးသမီးနဲ့ယောက်ျားလေး တူတူသွားရင် လေးတဲ့အရာတွေကို ယောက်ျားလေးကပဲ တာဝန်ယူကိုင်ရမယ်၊ အဲ့ဒီလိုဟာမျိုး ခွဲခြားမှုက ကောင်းတယ်။ အမျိုးသမီးမို့လို့ ရာထူးကြီးတွေ မယူရဘူး၊ ဘုရား အထက်ပစ္စယံကို မတက်ရဘူး၊ ဘုရားကို ရွှေမချရဘူးဆိုတဲ့ ခွဲခြားမှုကကျတော့ မကောင်းဘူး” ဟု ဝါတော် ၇၊ သက်တော် ၂၇ ရှိပြီဖြစ်သည့် အရှင်ခေမာနန္ဒက မိန့်ကြားသည်။
မွန်ပြည်နယ်၊ ကျိုက်ခမီရေလယ်ဘုရား ပရဝုဏ်အတွင်း နေရာတချို့ကို အမျိုးသမီးတို့ သွားရောက်မိပါက ရေကြီးရေလျှံဖြစ်တတ်သည်ဟု ဒေသခံတို့က ယူဆတတ်ကြောင်း၊ ဂေါပကအဖွဲ့ဝင်များကလည်း ထိုဒေသခံများ ဖြစ်သည့်အတွက် အမျိုးသမီးမဝင်ရ၊ အမျိုးသမီးမတက်ရဟူသော ကန့်သတ်ချက်များ ရေလယ်ဘုရားတွင် ပေါ်ပေါက်လာကြောင်း အရှင်ခေမာနန္ဒက မိန့်ကြားသည်။
“လှူစရာလည်းရှိတယ်။ အလှူခံမယ်သူလည်း ရှိတယ်၊ လှူနိုင်နေတဲ့အခွင့်အရေးလည်း ရှိနေလျက်သားနဲ့ ဒါကို လှူခွင့်မရအောင် ကန့်သတ်တာက ဘယ်ကောင်းမလဲ။ ပိတ်ပင်တဲ့သူက အကုသိုလ် ရပါတယ်” ဟု သူက သုံးသပ်သည်။
ရှေးခေတ် စာသင်ခန်းများအတွင်း ပို့ချသော လောကနီတိစာပေများတွင် အမျိုးသမီးတို့ ယုတ်ညံ့ပြီး၊ ယောက်ျားတို့ မြင့်မြတ်သည် ဟူသော သတ်မှတ်ချက်များ ပါဝင်ကြောင်း သူက ဆက်လက် မိန့်ကြားသည်။
“ရှေးလူကြီးတွေက သူတို့အယူအဆတွေကို ကလေးတွေခေါင်းထဲ ရိုက်သွင်းတာပါ။ တကယ်က ဘာသာရေးနဲ့ ယဉ်ကျေးမှုကို လူတွေက ရောနေတာပါ” ဟု ၎င်းက မိန့်ကြားသည်။
ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသော ထိုကန့်သတ်မှု အကြောင်း ယနေ့ခေတ် စာသင်ကျောင်းများတွင် သင်ကြားခြင်း မရှိသကဲ့သို့ အိမ်တွင်လည်း မိဘ အုပ်ထိန်းသူတို့က ကလေးများကို တိတိကျကျ ရှင်းပြခြင်း မရှိပေ။ မြန်မာ့လူအဖွဲ့အစည်းအတွင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဝေဖန်လေ့ရှိသည့် အကြောင်းအရာများစွာ ရှိသော်လည်း အမျိုးသမီးတို့ကို ဘာသာရေး အဆောက်အအုံများအတွင်း ကန့်သတ်ထားခြင်းနှင့် ပတ်သက်ပြီး များစွာ ငြင်းခုံလေ့ မရှိသေးပေ။
အထင်ကရ စာရေးဆရာမ ဂျူးက အမျိုးသမီးတို့ ကန့်သတ်ခံရခြင်းနှင့် ပတ်သက်ပြီး အကြီးအကျယ် ငြင်းခုန်လိုခြင်းမရှိဟု ဆိုသည်။
“အဲဒီ အမျိုးသမီးမသွားရဆိုတဲ့နေရာ ငါသွားလိုက်ရင် ဘာဖြစ်မလဲ ဆိုတာမျိုး ကျမ ငယ်ငယ်တုန်းက စဉ်းစားမိဖူးတယ်။ အခုကျတော့ မသွားရလို့လည်း ကျမ ဘာမှမဖြစ်ဘူး၊ သွားရင်ကော ဘာ ထူးခြားလာမှာမို့လို့လဲ။ မြတ်စွာဘုရားကို ဒီကနေ ဖူးရတာလည်း အဆင်ပြေတယ်”ဟု မကြာသေးမီက Myanmar Now ကို ပြောသည်။
“အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်ရမယ်ဆိုသော်လည်း ဒီ ယဉ်ကျေးမှု ဓလေ့ကြီး တခုလုံးက တအားကြီး ဆန့်ကျင်စရာကောင်းလောက်အောက် ကျမတို့ကို နှိပ်ကွပ်ထားတာ မဟုတ်ဘူးလို့ ထင်မိတယ်။ သို့သော် ကျမရင်ထဲမှာ အခုချိန် အထိတော့ မျက်တက်မျက်တက်နဲ့တော့ ရှိနေတုန်းပါပဲ”
ဘာသာရေးဆိုင်ရာ အဆောက်အအုံများအတွင်း ကန့်သတ်ထားသော နေရာများတွင် လူထက်နိမ့်ကျသည်ဟု အများအပြားက သတ်မှတ်ထားသော လမ်းဘေးခွေးများဝင်ရောက်ခြင်း၊ အိပ်စက်ခြင်းများ ရှိနေသည်ကို မကြာခဏ တွေ့နေရသည်။ ဤအချက်ကို ထောက်ပြသူမှာ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဖြစ်သည်။
“သိပ်ပြီးတော့သဘောမကျဘူး။ အမျိုးသမီးတက်လို့မရဘူး ရေးထားပေမယ့် ခွေးတွေတော့ တက်နေကြတာပဲလေ” ဟု ဘာသာရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို အသေးစိတ် မှတ်ချက် ပေးရန် ဝန်လေးသော ဒေါ်ဖြူဖြူသင်းက ပြောသည်။
အမျိုးသမီး တားမြစ်နယ်မြေ ပပျောက်ရေးအတွက် အရေးဆိုလိုသူ၊ ကျယ်ကျယ်လောင်လောင် ကန့်ကွက်လိုသူမှာ မရှိသလောက် နည်းပါးနေသေးသည်။
စာရေးဆရာမ တဦးဖြစ်သည့် မသီတာ(စမ်းချောင်း) က ဓလေ့ထုံးစံတို့ကို ဘာသာတရား အဆုံးအမအဖြစ် ယူဆချက်၊ ခံစားချက်များ ပြောင်းလဲသင့်ပြီဟု ဝေဖန်လိုက်သည်။
“ဘာသာရေးနဲ့ ဓလေ့ထုံးစံတွေက ရောယှက်နေတာ၊ အဲ့ဒီလိုမျိုးဖြစ်နေတဲ့ကိစ္စတွေကို လူတိုင်း ရုန်းထွက်ဖို့ လိုပါတယ်။ တကယ် နှလုံးသားမှာ ဘုရားတည်ထားနိုင်တဲ့သူက အထက်ပစ္စယံကို ရောက်စရာမလိုဘူး၊ ကိုယ့်နှလုံးသားထဲကို ဘုရားရောက်နေဖို့က ပိုအရေးကြီးတယ်” ဟု မသီတာ(စမ်းချောင်း) က ပြောသည်။
(ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာနမှ ကူးယူဖော်ပြသည်)