ဆောင်းပါး

တိုက်ပွဲများကြား တညတာ ရှင်သန်ရေး

နိုဝင်ဘာ ၂၁ ရက် တနင်္လာနေ့က သေနတ်သံ အမြောက်သံများသည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ လားရှိုးမူဆယ်လမ်းပေါ်မှ နန့်ဖာလုံ ကျေးရွာကလေး အတွက် အိပ်စက်ခြင်း ကင်းမဲ့သော ညကို ဖြစ်စေခဲ့သည်။

ပစ်ခတ်မှုများစတင်ချိန်မှာည ၇ နာရီခန့်ကဖြစ်သည်။

လူ ၈ ဦးလိုက်ပါလာသော မိမိတို့ကားသည် ဒေသခံ ကချင်အမျိုးသမီးတဦး ပိုင်သော ဆိုင်၏ အပြင်ဘက်တွင် ရပ်ထားသည်။ မလှမ်းမကန်းမှ ပစ်ခတ်သံများ ကြားသောကြောင့် သူမသည် ပစ္စည်းများကို ပုခုံးတွင် လွယ်ထားသော အိတ်ငယ်အတွင်း ထည့်ပြီး ပြေးရန် ပြင်ထားသည်။

“ဘယ်မှာ ပုန်းမှာလဲ” ဟု သူမတွင် ကတုတ်ကျင်း ရှိလားဟု စူးစမ်းရင်း မေးလိုက်သည်။ မရှိပေ။

ပြေးစရာ မြေမရှိသဖြင့် သူငယ်ချင်းဖြစ်သူ မနိုး စောင့်နေသော ကားဆီသို့ ပြန်လာခဲ့သည်။ ညကို ကံကြမ္မာထံ အပ်ပြီး ထိုနေရာမှာပင် နေရန် ဆုံးဖြတ်လိုက်ကြသည်။

“ကံပဲပေါ့” ဟု မနိုးက ပြောသည်။ “ကံမကောင်းရင် ကားပေါ်ကို အမြောက်ဆံကျမယ်။ ဒါပေမယ့် ကံကောင်းမယ် လို့သာ စဉ်းစားပါ” ဟု ဆိုရှာသည်။

အချိန်တွေ ကုန်ဆုံးနေသော်လည်း ဘာစကားမျှ ပြောစရာမရှိတော့။ သူတို့ ပစ်နေသော နေရာ အဝေးမှ သေနတ်သံ အမြောက်သံများကိုသာ နားထောင်နေမိသည်။ မည်သည့်နေရာဟုတော့ မသိပေ။ တနင်္လာနေ့က တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ၄ ခု၊ ကချင်လွတ်မြောက်ရေးတပ်မတော် (Kachin Independence Army – KIA) ၊ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (Ta’ang National Liberation Army – TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army – MNDAA) နှင့် ရခိုင့်တပ်မတော် (Arakan Army – AA) တို့သည် မြောက်ပိုင်း မဟာမိတ်ဖွဲ့စည်းထားကြောင်း ကြေညာပြီး ရှမ်းပြည်မြောက်ပိုင်း တရုတ်မြန်မာ နယ်စပ်တလျှောက်တွင် မြန်မာစစ်တပ်ကို ပူးတွဲ ထိုးစစ် စတင်ခဲ့သည်။ ယနေ့အထိ လူ ၅၀၀၀ ကျော် နေအိမ်များစွန့်ခွာ ထွက်ပြေးရပြီး ရဲနှင့် အရပ်သားများ အပါအဝင် အနည်းဆုံးလူ ၁၀ ဦးသေဆုံးသည် ဟု အစိုးရမီဒီယာက ကြေညာသည်။

နန်ဖာလုံတခွင်လုံးတွင် ခွေးများ ဟောင်နေကြသည်။ အအေးဒဏ်နှင့် ခွေးဟောင်သံ ပေါင်းစပ်လိုက်သောအခါ အိပ်၍ မရတော့ပေ။ အနီးပတ်ဝန်းကျင်မှ လက်နက်ကိုင်များကို အချက်ပေးလိုက် သလို ဖြစ်မည်စိုး၍ မီးလည်း မသုံးရဲကြပေ။

အင်္ဂါနေ့ နံနက်အရုဏ် တက်ချိန် နေမင်းကို တွေ့ရသောအခါ မနိုး ပြောသကဲ့သို့ မိမိတို့ ကံကောင်းနေသောကြောင့် ကျေးဇူးတင်ရပြီး ခရီးဆက်ခဲ့သည်။

မကြာမီပင် နန့်ဖာလုံရွာမှ အထွက်တွင် ၁၂ ဘီး ကားကြီးများ အပါအဝင်ယာဉ် ၁၀၀ ခန့်ကို ရှေ့မဆက်နိုင်ရန် KIA တပ်ဖွဲ့တခုက ပိတ်ဆို့ထားသည်ကို တွေ့ရသည်။ မိမိတို့ကဲ့သို့ပင် သူတို့လည်း ပတ်ဝန်းကျင် တောင်တန်းများပေါ်မှ ပစ်ခတ်နေသော အမြောက်သံများကို ထိတ်လန့်ရင်း သူတို့၏ ကားများအတွင်း တညတာ ကုန်ဆုံးခဲ့ကြရသည်။

လမ်းနံဘေးတွင် ယာဉ်များကို ဖြတ်သန်းခ တောင်းခံနေသော KIA တပ်ဖွဲများနှင့် တနင်္လာနေ့ နေ့လယ်က ကြုံခဲ့ရ သေးသည်။ ယာဉ်ကြီးမောင်းသူများမှာ ၅ သိန်း (အမေရိကန် ဒေါ်လာ ၃၈၂ ဒေါ်လာခန့်) ပေးရပြီး မိမိတို့၏ ယာဉ်ငယ်မှာ ၅၀၀၀၀ (အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာခန့်) ပေးပြီး ဖြတ်သန်းရသည်။

စစ်ဆေးရေးစခန်းတွင် မိမိတို့၏ ဖုန်းများလည်း သိမ်းယူခံရသည်။

“လုံခြုံရေး အတွက်ပါ။ မကြာခင် ပြန်ပေးမယ်” ဟု ကားပေါ် ပါသူများနှင့် မိမိထံမှ ဖုန်းများကို သိမ်းယူသော KIA အဖွဲ့ဝင်က ပြောသည်။ ဖုန်းများကို ပြန်တော့ မရခဲ့ပေ။

အချို့သော ထရပ်ကားသမားများက ငွေမပါဟု ပြောပြီး ဖြတ်သန်းခွင့်ငွေ ပေးရန် ငြင်းဆန်ကြသည့်အခါ သူတို့၏ ကားသော့များ အသိမ်းခံရသည်။ KIA စစ်သားတယောက်မှာ ကားသော့အများအပြားကို စောင့်နေသော ကားတန်းဘက်သို့ ကိုင်မြောက်ပြနေပြီး နှစ်စဉ် အခွန်ဆောင်ရမည်ဟု ပြောနေသည်။

“ဒီတခါ အခွန်ဆောင်ပြီးရင် တနှစ်လုံး အခွန်ဆောင်စရာ မလိုတော့ဘူး” ဟု ထိုသူက ပြောသည်။

တနေရာတွင်မူ သေနတ်ကို မိုးပေါ် ထောင်ဖောက်ပြီး အခွန်မဆောင်နိုင်သော ထရပ်ကားများကို ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သည်။ သိမ်းထားသော ယာဉ်များဖြင့် ပြည့်ကျပ်နေ၍ ကားငယ်များသာ သွားလာ၍ ရတော့မည့် အခြေအနေ ဖြစ်နေသည်။

နန့်ဖာလုံမှ ၁၅ မိနစ်ခန့် မောင်းလာသောအခါ KIA ၏ လမ်းပိတ်ဆို့မှုကို ရှင်းလင်းနေသော မြန်မာစစ်သားများကို တွေ့ရသည်။ မိမိတို့ိ ခရီးထောင့်ခဲ့သော နေရာတွင် KIA နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွားပြီး ထရပ်ကားသမားတဦး ဦးခေါင်တွင် ထိမှန်ခဲ့သည်ဟု နောက်မှ သိလာရသည်။

ရွာ၏ အန္တရာယ်ကြီးသော အနေအထားမှာ မြန်မာစစ်တပ် နှင့် KIA တပ်ဖွဲ့များ အကြားရောက်နေခြင်း ဖြစ်သည်ဟု နန့်ဖာလုံမှ ဆိုင်ရှင်အမျိုးသမီးက ပြောခဲ့သေးသည်။ အစိုးရတပ်ဖွဲ့ဝင်များသည် လွန်ခဲ့သော နှစ်ရက်ကပင် သူမ၏ အိမ်နားမှ ထွက်သွားခဲ့ပြီး ထိုနေရာကို KIA တပ်များက ချက်ချင်းဝင်ရောက် နေရာယူသည်ဟု သူမက ရှင်းပြသည်။

“ကျမတို့က အလယ်မှာ ကြားညပ်နေတဲ့ လူတွေလေ” ဟု သူမက ဆိုသည်။

မြန်မာစစ်သားများ ရောက်လာလျှင် သူမ မပြေးနိုင်တော့ဟု တနင်္လာနေ့ညက အမြောက်သံများနှင့် ပတ်သက်၍ ပြောပြသည်။ တခါက ထွက်ပြေးခဲ့ပြီး ပြန်လာသောအခါ ဆိုင်ရှိပစ္စည်း အားလုံး ခိုးယူထားခံခဲ့ရသည်ကို မှတ်မိနေသည်ဟု ဆိုသည်။

သူမ၏ ဈေးဆိုင်မှာ သူမ၏ ဘဝဖြစ်သောကြောင့် ထွက်မပြေးတော့ရန် ဆုံးဖြတ်ခဲ့သည်ဟု ထိုအမျိုးသမီးက ပြောသည်။

Loading