ဆောင်းပါး

ရှမ်းပြည်မြောက်ပိုင်းက စစ်မြေပြင်

Want create site? Find Free WordPress Themes and plugins.

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က KIA၊ MNDAA၊ TNLA၊ AA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ ပါဝင် သည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုက ရှမ်းပြည်မြောက်ပိုင်း နေရာတော်တော်များများတွင် စစ်ဆင်ရေးတရပ်ပြုလုပ် ခဲ့သည်။

၎င်းတို့ပြုလုပ်သည့် စစ်ဆင်ရေးနယ်မြေတွင် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အချက်အချာကျသည့် မူဆယ်၁၀၅ နယ်စပ်ကုန်သွယ်ရေးဇုန်ပါဝင်ပြီး အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းလည်း ယာယီပိတ်ဆို့သွားပေရာ ပြည်တွင်းရော ပြည်ပမှပါ အထူးအာရုံစိုက်မိသွားခဲ့ပေတော့သည်။

တကယ်တော့ အဆိုပါဒေသ စစ်မြေပြင်ဖြစ်နေသည်မှာ ယခုမှမဟုတ်ပေ။ ဗမာပြည်လွတ်လပ်ရေး မရှေးမနှောင်းကာလကပင် စစ်မြေပြင်ဖြစ်နေသည့် ဒေသဖြစ်သည်။ ယေဘုယျအားဖြင့် ထိုဒေသအား ပုံဖေါ်ပြရလျှင် လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နန့် ဖတ်ကာ၊ မူဆယ်၊ နမ့်ခမ်း ကားလမ်း၏ မြောက်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တောင်ဘက်ခြမ်းဖြစ်သည်။

ဒေသ ၁။ လားရှိုး သိန္နီကားလမ်း သိန္နီ ကွန်လုံ ကားလမ်းနှင့်သံလွင်မြစ်ကြားရှိ မုန်းကျက်မုန်းယော်ဒေသ။ ဒေသ ၂။ ကွန်လုံ ဟိုပန် ပန်လုံ ဒေသ။ ဒေသ ၃။ ကွန်လုံ မြောက်ဘက် ချင်းရွှေဟော် လောက်ကိုင် ကိုးကန့်ဒေသ (သံလွင်မြစ်နှင့် တရုတ်မြန် မာနယ်စပ်ကြား)။ ဒေသ ၄။ ကွန်းလုံ သိန္နီ ကွတ်ခိုင် နန့်ဖတ်ကာ မူဆယ် ကားလမ်းနှင့် မြောက်ဘက် တရုတ် မြန်မာနယ်စပ် အရှေ့ဘက် သံလွင်မြစ်ကြား (ကြူကုတ် ပန်ဆိုင်း မုန်းပေါ်ဒေသ၊ မုန်းကိုး ဖောင်းဆိုင်ဒေသ၊ မုန်းယား မုန်းဟောင်ဒေသ၊ တာမိုးညဲဒေသ၊ မုန်းစီး နားလယ်ဒေသ )။ဒေသ ၅။ မြောက်ဘက် သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူဆယ်၊ နမ့်ခမ်းကားလမ်းနှင့် တောင်ဘက် သီပေါ၊ ကျောက်မဲ၊ မိုး မိတ် အနောက်ဘက် ရွှေလီမြစ်ကြား (နမ့်ဆမ် မန်တုန် ဒေသ ရွှေလီချိုင့်ဝှမ်းဂွင်)ဟူ၍ လွယ်ကူစွာ ရှင်းလင်းကြည့်မြင်နိုင်ရန် အတွက် အကြမ်းဖျင်းအားဖြင့် ဒေသ ၅ ခုအဖြစ် ပိုင်းခြားကြည့်မြင်နိုင်ပါသည်။

ဒေသအလိုက် တိုင်းရင်းသား လူမျိုးစုဖွဲ့မှု

ရှမ်းမြောက်ဒေသတခုလုံးတွင် ရှမ်း၊ ကချင်၊ တအန်းပလောင်၊ ကိုးကန့်တရုတ်နှင့် အခြားတိုင်းရင်းသားအချို့အပြင် တရုတ်ရွာအချို့လည်းရှိသည်။ ဒေသ ၁ တွင် ရှမ်း၊ ကချင်၊ တအန်း၊ ပလောင်နှင့် တရုတ်ရွာများရှိသည်။ လူဦးရေ မထူး ထပ်လှပေ။ ဒေသ ၂ တွင် ဝ လူမျိုးများနှင့် ရှမ်းရွာရှိသည်။ ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ပါသည်။

ဒေသ ၃ တွင် ကိုးကန့်တရုတ်အများစုဖြစ်ပြီး တအန်းပလောင်ရွာအချို့လည်းရှိသည်။ လက်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ဖြစ်သည်။ ဒေသ ၄ ၌ ရှမ်း၊ ကချင်၊ တအန်းပလောင်တို့အပြင် တာမိုးညဲတဝိုက်နှင့် မုန်းစီးနားလယ် အရှေ့ သံလွင် မြစ်ဘေးတွင် တရုတ်နှင့် ကိုးကန့်တရုတ်ရွာအနည်းငယ်ရှိသည်။

ရှမ်းမြောက်ပိုင်းသည် မူလက သိန္နီစော်ဘွားအုပ်ချုပ်ရေးနယ်ထဲတွင် ရှိသည်။ ဒေသ ၄ အတွင်း နယ်အလိုက် အုပ်ချုပ်သူ များမှာ ကချင်ဒူဝါများဖြစ်သည်။ ဒေသ ၅ အတွင်း နန့်ဆမ် မန်တုန်နှင့် ငါးတောင် ကိုးတောင်နယ်တို့ပါဝင်သည်။ နမ့်ဆမ် မန်တုန်နယ်သည် မူလက နမ်ဆမ်တောင်ပိုင်စော်ဘွား၏နယ်ဖြစ်ပြီး လက်ရှိ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဖြစ်သည်။ ငါးတောင် ကိုးတောင်ဒေသကတော့ မူလ ကချင်ဒူဝါများ အုပ်ချုပ်သည်။

ထိုဒေသတခုလုံးအရ သိန္နီ မူဆယ် နမ့်ခမ်းမြို့များနှင့် သိန္နီကွင်း မူဆယ် နမ့်ခမ်း ကြူကုတ်ပန်ဆိုင်းကြား တောင်ပေါ် မြေပြန့်များနှင့် ရှမ်းမြောက်တခုလုံးရှိ တောင်ကြားမြေပြန့်များတွင် ရှမ်းရွာများရှိသည်။ တောင်တန်းများတွင် တအန်း၊ ပလောင်၊ ကချင်တို့နေထိုင်ကြသည်။ ကိုးကန့်တရုတ်ရွာများကတော့ ကိုးကန့်ဒေသနှင့် သံလွင်မြစ်အနောက်ဘက်ကမ်း တဝိုက်တွင် ရှိသည်။

လက်နက်ကိုင်ပုန်ကန်မှု ဖြစ်စဉ်အကျဉ်း

ထိုဒေသတွင် ပထမဆုံးလက်နက်ကိုင်ပုန်ကန်မှုသယ်ဆောင်လာသူမှာ ဖဆပလ အစိုးရလက်ထက် ၁၉၄၉ ခုနှစ်တွင် အစိုး ရစစ်တပ်မှ ဗိုလ်ကြီးလဖိုင်နော်ဆိုင်းနှင့်အဖွဲ့ဖြစ်သည်။ ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့သည် မေမြို့ခေါ် ပြင်ဦးလွင်အားသိမ်းပိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းသို့ ချီတက်ခဲ့ပြီး နမ့်ခမ်းအား သိမ်းပိုက်ခဲ့သည်။

ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့သည် ၁၉၅၀ ခုနှစ်တွင် တရုတ်ပြည်သို့ ဝင်ရောက်ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။ အဆိုပါ ဗိုလ် နော်ဆိုင်း၏အဖွဲ့နှင့် ပူးပေါင်းရန် မိုးမိတ်အထက်ဘက်ရှိ လွယ်ရဒူဝါ လထော်ခွန်ထွန်းဦးစီး အင်အား ၁၀၀ခန့် ပုန်ကန်ခဲ့ကြ သေးသော်လည်း ဗိုလ်နော်ဆိုင်းအဖွဲ့နှင့် မပူးပေါင်းနိုင်ဘဲ ဖြိုခွဲခံခဲ့ရသည်။ ဤလှုပ်ရှားမှုသည် ရှမ်းပြည်မြောက်ပိုင်းတွင် ပထမဆုံး လက်နက်ကိုင်ပုန်ကန်လှုပ်ရှားမှု ဖြစ်ခဲ့သည်။ အထက်ဖေါ်ပြပါ ဒေသ ၅ အတွင်းဖြစ်ခဲ့သည်။

ရှမ်းမြောက်တွင်း ဒုတိယ လက်နက်ကိုင်ပုန်ကန်မှုမှာ ဒေသ ၃ ဖြစ်သည့် ကိုးကန့်ဒေသတွင်ဖြစ်သည်။ ၁၉၅၉ ခုနှစ် စော် ဘွားများ အာဏာစွန့်သည့်အချိန်တွင် ကိုးကန့်စော်ဘွား၏ ကာကွယ်ရေးတပ်ခေါင်းဆောင် ဖုန်ကြားစင်း ဖုန်ကြားဖူးတို့မှ ပုန်ကန်ခဲ့ကြသည်။

ပုန်ကန်မှုအစောပိုင်းတွင် ကိုးကန့်စော်ဘွား ဂျင်မီယန်မှ ပူးပေါင်းခဲ့သော်လည်း ၁၉၆၇ ခုနှစ်တွင် ဂျင်မီယန်သည် အစိုးရထံ အလင်းဝင်ခဲ့သည်။ ဖုန်ကြားစင်းညီအကိုကမူ လက်နက်မချဘဲ တရုတ်နယ်စပ်ကပ်၍ အရှေ့မြောက် ဗကပနှင့် ပူးပေါင်းခဲ့ သည်။ ဖုန်ကြားစင်းခေါင်းဆောင်သည့် ကိုးကန့်အဖွဲ့သည် လက်ရှိအချိန်ထိ အစိုးရအား ပုန်ကန်တိုက်ခိုက်နေဆဲအဖွဲ့ဖြစ် သည်။
ရှမ်းမြောက်ဒေသတွင် တတိယ ပုန်ကန်မှုသည် ဒေသ ၅ အတွင်း ဖြစ်ပွားသည်။ ၁၉၅၈ ခုနှစ်တွင် စတင်ခဲ့သည့် ရှမ်းတို့၏ နွမ်စစ်ဟန်လှုပ်မှုမှ အစပြု၍ ၁၉၆၀တွင် ဒေသ ၅ အတွင်းရှိ နမ့်ဆမ်တဝိုက်နှင့် နမ့်ခမ်းတဝိုက်တွင် ပလောင်တပ်ရင်း ၅ နှင့် တပ်ရင်း ၆ ဟူ၍ ပေါ်ပေါက်ခဲ့သည်။

ထိုတပ်များသည် နောင်တွင် ပလောင်လက်နက်ကိုင်တပ်ဖွဲ့ PSLO/PSLA ဖြစ်လာခဲ့သည်။ ၂၀၀၅ ခုနှစ် PSLO/PSLA လက် နက်စွန့်ရပြီးနောက် ၂၀၀၇ နောက်ပိုင်း တအန်းပလောင်လက်နက်ကိုင်ဖွဲ့စည်းနိုင်ရေး ပြန်လည်လှုပ်ရှားခဲ့ကြပြီး ၂၀၁၁ နှစ် ကုန်ပိုင်းမှစ၍ PSLF/TNLA ကို ဖွဲ့စည်းနိုင်ပြီး ယနေ့တိုင် လှုပ်ရှားခဲ့သည်။ TNLA သည် နောက်ပိုင်းတွင် KIA/ MNDAA တို့နှင့်ပါ မဟာမိတ်ဖွဲ့ခဲ့ပြီး ဒေသ ၃ နှင့် ဒေသ ၄ အတွင်း၌ပါ လှုပ်ရှားခဲ့သည်။
ထို့အတူ နွမ်စစ်ဟန် အတူပေါ်ပေါက်လာသော ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ SSA သည်လည်း သိန္နီဒေသ မူ ဆယ်နမ့်ခမ်းဒေသ မိုးမိတ်အထက် ကွန်ခါဒေသတို့တွင် လှုပ်ရှားခဲ့သည်။ ဖြစ်စဉ်တလျှောက်တွင် အင်အားနည်းသွားခြင်း အင်အားကောင်းလာခြင်းများရှိသော်လည်း လှုပ်ရှားမှုကား မပြတ်ခဲ့ပေ။

၁၉၆၁ ခုနှစ် သိန္နီကွင်းအတွင်း အစပြု၍ KIA အဖွဲ့အစည်းပေါ်လာသည်။ KIA သည် ဒေသ ၄ အတွင်းရှိ မုန်းစီး မုန်းထန် ဒေသ မုန်းကိုး ဖေါင်းဆိုင်ဒေသ မုန်းယား မုန်းဟောင်ဒေသ မုန်းပေါ်ကြီးဒေသတို့အပြင် ဒေသ ၅ အတွင်းရှိ မိုးမိတ် အ ထက်ပိုင်း ကိုးတောင်ဒေသတို့တွင် လှုပ်ရှားစုဖွဲ့သည်။ ၁၉၆၈ ခုနှစ် မုန်းကိုးဒေသသို့ အရှေ့မြောက် ဗကပ ဝင်ရောက် လာ ပြီးနောက် ထိုဒေသအချို့မှ KIA တို့နောက်ဆုတ်ပေးလိုက်ရသော်လည်း ၁၉၈၉ အရှေ့မြောက် ဗကပပြိုကွဲပြီးနောက် တဖြည်းဖြည်း ပြန်လည်ထိုးဖောက်နေရာယူနိုင်ခဲ့သည်ကို တွေ့ရသည်။

၁၉၆၈ ခုနှစ် အရှေ့မြောက် CPB (ဗကပ)တို့ဒေသ ၄ အတွင်းသို့ မုန်းကိုးမှ စတင်ဝင်ရောက်လာပြီး ဒေသ ၄ အတွင်းရှိ မုန်း ကိုးဖေါင်းဆိုင်ဒေသ မုန်းပေါ်ကြီး ကြူကုန်ပန်ဆိုင်းဒေသ မုန်းယား မုန်းဟောင်းဒေသ ဒေသ ၃ ရှိ ကိုးကန့်ဒေသတို့ကို ထိန်း ချုပ်နိုင်ခဲ့သည်။

ထို့ပြင် ဒေသ ၅ အတွင်းရှိ ရွှေလီချိုင့်ဝှမ်းဂွင် အတွင်းသို့လည်း ဝင်ရောက်လှုပ်ရှားနိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပ ပြိုကွဲပြီးနောက် မူလ CPB ချုပ်ကိုင်သည့် ဒေသ ၃နှင့် ဒေသ ၄ အတွင်းအား ကိုးကန့်အဖွဲ့ MNDAA မှထိမ်းချုပ်လှုပ် ရှားခဲ့ပြီး ဒေသ ၅ အတွင်းရှိ ရွှေလီချိုင့်ဝှမ်းဂွင်၌ PSLO နှင့် KIA တို့မှ ထိန်းချုပ်လှုပ်ရှားခဲ့သည်။

၁၉၉၅ ခုနှစ်နောက်ပိုင်း MNDAA ကိုးကန့်အဖွဲ့သည် ဒေသ ၃ ရှိ ကိုးကန့်ဒေသကိုသာ ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသ ၄ အတွင်းရှိ မုန်းကိုး ဖောင်းဆိုင်ဒေသ မုန်းယားမုန်းဟောင်ဒေသတို့အား မုန်ဆာလ၏ MDA မုန်းကိုးကာကွယ်ရေးတပ်ဖွဲ့က ပြန်လည် ချုပ်ကိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ် မုန်ဆာလအဖွဲ့ပြိုကွဲပြီးနောက် တပ်မတော်က ထိုဒေသအား ပြန်လည်နေရာ ယူထားနိုင်ခဲ့ သော်လည်း KIA တပ်ဖွဲ့များက ပြောက်ကျားပုံစံဖြင့် ပြန်လည်စည်းရုံးနေရာယူထားနိုင်ခဲ့သကဲ့သို့ ၂၀၁၃ ခန့်မှစ၍ MNDAA ကိုးကန့်အဖွဲ့က ပြန်လည်ထိုးဖောက်နေရာယူလာခဲ့သည်။

၁၉၆၈ ခုနှစ်တွင် ပေါ်ထွက်လာသည့် အရှေ့မြောက် ဗကပအား ရင်ဆိုင်ရန် ဖွဲ့စည်းထားခဲ့သည့် ခွန်ဆာဦးစီးသော လွယ် မော်ကာကွယ်ရေးအဖွဲ့သည် အစိုးရအား ပုန်ကန်ပြီးနောက် ဒေသ ၁ အဖြစ် ဖော်ပြထားသည့် မုန်းကျက် မုန်းရော်ဒေသ တွင် အခြေစိုက်ခဲ့သည်။

ခွန်ဆာအဖွဲ့လက်နက်ချပြီးနောက် ၎င်းအဖွဲ့မှ ဘိုမွန်ခေါင်းဆောင်သည့်အဖွဲ့သည် ပသစအဖြစ် ထိုဒေသတွင် ယခု အ ခြေစိုက်လှုပ်ရှားနေသည်။ ထို့ပြင် ထိုဒေသသည် မြောက်ပိုင်းမှ တောင်ပိုင်း ထိုင်းနယ်စပ်သို့ ဆင်းသည့် လမ်းကြောင်း ပေါ်တွင်ရှိရာ လက်နက်ကိုင်တပ်ဖွဲ့တပ်ဖွဲ့တိုင်းလိုလို ဖြတ်သန်းသွားလာ လှုပ်ရှားလေ့ရှိသည့် ဒေသဖြစ်သည်။

ဒေသ ၂ အဖြစ် ဖော်ပြထားသည့် ကွန်လုံ ဟိုပန် ပန်လုံဒေသတွင် ၁၉၇၀ ခုနှစ်နောက်ပိုင်း ကိုးကန့်ဒေသ ဝ ဒေသတွင် အရှေ့မြောက် ဗကပတို့အင်အားကောင်းလာပြီးနောက် စစ်ရေးအရ လှုပ်ရှားခဲ့သည်။ တိုက်ပွဲများဖော်ခဲ့သည်။

ထို့ကြောင့်လည်း ထိုရှမ်းမြောက်ဒေသတွင် ယနေ့တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အခြေစိုက်လှုပ်ရှားခဲ့ပြီး တိုက် ပွဲကြီးငယ်များစွာ ဖြစ်ပွားခဲ့သည့်ဒေသ ဖြစ်ခဲ့သည်။ ကွန်လုံ ဟိုက်ကဘားတိုက်ပွဲ ပန်ကော်ချူးရွှေတိုက်ပွဲ စီစီဝမ်တာပန် တိုက်ပွဲကဲ့သို့ လနှင့်ချီ ၍ တိုက်ရသော တိုက်ပွဲများ ထိုဒေသ၌ ဖြစ်ပွားခဲ့သည်။

ကွတ်ခိုင် မူဆယ်ကားလမ်းပေါ်တွင် တပ်မ ၉၉ဒုတပ်မမှူး ဗိုလ်မှူးကြီးသူရညွန့်တင်သည် ၁၉၇၅ ခုနှစ်တွင်လည်းကောင်း သိန္နီ ကွန်လုံကာလမ်းပေါ်တွင် တပ်မ ၆၆ ဗျူဟာမှူး ဗိုလ်မှူးကြီးသူရကျော်ကျော်ချိုသည် ၁၉၈၅ ခုနှစ်တွင်လည်းကောင်း တပ်မတော် အရာရှိကြီးများ ကျဆုံးသည့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယခင်နှင့်ယခု နှစ်ဖက်စစ်အင်အားအခြေအနေ

၁၉၈၉ ခုနှစ် ဗကပ မပြိုကွဲခင်ထိ စစ်အင်အားအခြေအနေမှာ မုန်းကိုးဒေသ ကိုးကန့်ဒေသရှိ ဗကပအင်အား ၃၀၀၀ ခန့် PSLO/PSLA ပလောင်တပ်ဖွဲ့ အင်အား ၅၀၀ ခန့် KIA တပ်မဟာ ၄ အင်အား ၅၀၀ မှ ၈၀၀ခန့် စုစုပေါင်း အင်အား ၄၀၀၀ ကျော်ခန့် ရှိသည်။ ထို့ပြင် သိန္နီအနီးနှင့် မိုးမိတ်ကွန်ခါဒေသတွင် လှုပ်ရှားသည့် SSPP/SSA အင်အားအချို့ရှိသည်။

၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပ ပြိုကွဲသည်နှင့်အတူ KIA တပ်မဟာ ၄မှ ဗိုလ်မှူးမထုနော်နှင့် အင်အားအချို့ခွဲထွက် ပြီး နောက် ရှမ်းမြောက်ရှိ လက်နက်ကိုင်အင်အားများ ကျဆင်းသွားခဲ့သော်လည်း ၂၀၁၀ နောက်ပိုင်းမှစ၍ တစတစ ပြန်လည်၍ အင်အားတိုးတက်လာသည်ကို တွေ့ရသည်။ လက်ရှိအချိန် ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အားများမှ ခန့် မှန်းခြေအရ အောက်ပါအတိုင်းရှိမည်ဟု ယူဆရသည်။

၁။ KIA တပ်မဟာ ၄ / တပ်မဟာ ၆ အင်အား ၁၅၀၀ ခန့်
၂။ MNDAA တပ်မဟာ၂၁၁/၃၁၁/၅၁၁ အင်အား ၂၀၀၀ ခန့်
၃။ TNLA တပ်မဟာ ၁/၂/၃/၅ နှင့် ဗျူ ဟာ ၂ ခုပေါင်း အင်အား ၆၀၀၀ ကျော်ခန့်
၄။ AA တပ်ရင်း ၂ ရင်းခန့် အင်အား ၅၀၀ ခန့် (AA မှာ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော်လည်း မြောက် ပိုင်းရှိ မဟာမိတ်များနှင့် ပူးပေါင်း၍ နယ်စပ်တွင် တပ်ဖွဲ့ပြီး ရခိုင်သို့ ပြန်လည်ထိုးဖောက်ရန် ကြိုးစားနေသောအဖွဲ့ဖြစ်သည် )
၅။ မြောက်ပိုင်းနယ်မြေအချို့တွင် လှုပ်ရှားနေသော SSPP/SSA အင်အားအချို့တို့ရှိရာ စုစုပေါင်းအင်အား ၁၀၀၀၀ ခန့် အ ထိရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

သို့ဖြစ်ရာ ၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပတို့ မပြိုကွဲမီကာလထက် အင်အား ၂ ဆခန့်တိုးတက်လာသည်ဟု ဆိုရပါမည်။ ထို့အတူ အဆိုပါ လက်နက်ကိုင်အင်အားစုများကို ရင်ဆိုင်သည့် တပ်မတော်အင်အားမှာလည်း ၁၉၈၉ မတိုင်မီက ပုံမှန် အားဖြင့် အင်အား ၅၀၀၀ မှ ၇၀၀၀ ခန့်ထိ တိုးမြှင့်ရင်ဆိုင်ခဲ့ပြီး ၁၉၈၆/၈၇ စီစီဝမ်တာပန် တိုက်ပွဲကာလက အင်အား ၁၀၀၀၀ကျော်ထိ တိုးမြှင့် သုံးစွဲခဲ့သည်။ ယနေ့တွင်လည်း တဖက်အင်အားနှင့် လျော်ညီသည့် အင်အားကို သုံးစွဲမည်ဟု ယူဆရပါသည်။

အခြေအနေသုံးသပ်ချက်

ရှမ်ပြည်မြောက်ပိုင်း၌ အစိုးရအား ပုန်ကန်တိုက်ခိုက်သည့် လက်နက်ကိုင်အင်အားစုများတွင် ၁၉၆၈ မှ ၁၉၈၉ ထိရှိခဲ့သော အရှေ့မြောက် ဗကပ တဖွဲ့သာ အယူဝါဒပေါ် အခြေခံခဲ့ပြီး ကျန်အဖွဲ့အားလုံးသည် အမျိုးသားရေးပေါ်တွင် အခြေခံပါသည်။ ယနေ့ရပ်တည်နေသော အဖွဲ့အားလုံးသည် အမျိုးသားရေးပေါ်တွင် အခြေခံရပ်တည်ပြီး သူ့လူမျိုးအလိုက်ထောက်ခံမှုကို ရရှိအောင် အားထုတ်၍ ရပ်တည်နေကြခြင်းဖြစ်သည်။ အရှေ့မြောက် ဗကပပြိုကွဲရခြင်းသည်ပင် အစိုးရတပ်မတော်နှင့် စစ် ရေးအရ တိုက်ခိုက်ရှုံးနိမ့်၍ ပြိုကွဲရခြင်းမဟုတ်ဘဲ အမျိုးသားပြဿနာ တိုင်းရင်းသားပြဿနာကို မဖြေရှင်းနိုင်၍ ပြိုကွဲခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ရှမ်းပြည်မြောက်ပိုင်းရှိ လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးပြဿနာအား ဖြေရှင်းနိုင်ရေးအတွက် သော့ချက်ပြဿ နာမှာ တိုင်းရင်းသားတန်းတူရေးပြဿနာ၊ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ပြဿနာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဿနာ ကို အားလုံးလက်ခံနိုင်သည့် အဖြေတခုရှာနိုင်ဖွေနိုင်ရေးဖြစ်သည်ဟု သုံးသပ်ရပါသည်။

ရှမ်းပြည်မြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးအရ ထိုဒေသ၌ လှုပ်ရှားနိုင်ခြင်း၏ ပထမအကြောင်း အချက်မှာ ထိုဒေသ၌ ရှမ်း၊ ကချင်၊ တအန်းပလောင်၊ ကိုးကန့်တရုတ်စသည့် ဒေသခံ တိုင်းရင်းသားကျေးရွာများသာ ရှိပြီး ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ထောက်ခံမှု ရရှိထားခြင်းကြောင့်ဖြစ်သည်။

အစိုးရဘက်မှ ရပ်တည်သော တိုင်းရင်းသားအချို့အနေနှင့် နမ့်ခမ်း ပန်ဆေးပြည်သူ့စစ်၊ မူဆယ်မြို့မပြည်သူ့စစ်၊ မုန်းပေါ် ပြည်သ့ူစစ်၊ ကွတ်ခိုင်ပြည်သူ့စစ်၊ ကွတ်ခိုင်ပြည်သူ့စစ်၊ ဖောင်းဆိုင်ပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ်၊ ဆင်ကျော့ပြည်သူ့စစ် စသည်ဖြင့် ရှိသော်လည်း ဒေသခံ တိုင်းရင်းသားများ၏ထောက်ခံမှု ရရှိမှု အားနည်းသည်။

ဒုတိယအချက်မှာ ထိုဒေသသည် တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ပြောက်ကျားစစ်ဆင်ရန် ကောင်း မွန်သည်။ ဒေသခံတိုင်းရင်းသားများ၏ စည်းရုံးသိမ်းသွင်း၍ ထောက်ခံမှု ရယူထားနိုင်သည့် တိုင်းရင်းသား လက်နက်ကိုင် များအနေနှင့် လှည့်လည်ပြောက်ကျားစစ် ဆင်ရန် အားသာချက်ရှိသည်။

မန္တလေး မူဆယ်လမ်းမကြီးသည် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းမကြီးဖြစ်သည်။ မြန်မာပြည် ကုန် စည်ကူးသန်းရောင်းဝယ်မှု၏ ၇၅ရာခိုင်နှုန်းသည် ထိုလမ်းမမှ သွားလာနေပြီး နိုင်ငံတော်အစိုးရ၏ နေ့စဉ်ဝင်ငွေ၏ ၈၀ ရာခိုင် နှုန်းသည် ထိုကုန်သွယ်မှုလမ်းကြောင်းမှရရှိနေသည်ဟု ဆိုပါသည်။ သို့သော်လည်း ထိုပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး မဆိုထားနှင့် အဆိုပါကားလမ်းမကြီးကိုပင် သွားလာရလွယ်ကူချောမောအောင် ဖောက်လုပ်နိုင်ခြင်း မရှိသေးပေ။ သို့ဖြစ် ရာ ဖွံ့ဖြိုးတိုးတက်မှုနိမ့်၍ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသောနေရာများတွင် စစ်ပွဲများဖြစ်ပွားသည်မှာ အံ့သြစရာမရှိပေ။

နိဂုံး

ငြိမ်းချမ်းရေးရဖို့ ဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်နက်ကိုင်ပဋိပက္ခအတွင်းပါဝင်နေသော အဖွဲ့အားလုံး ပါဝင်ရေး ဆိုသည့် အခြေခံမူပေါ်မှ သွားရန် လိုအပ်ပေမည်။ ထို့ပြင် တိုင်းရင်းသားများ တန်းတူရေးကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို မှန်ကန်စွာ ဖြေရှင်းနိုင်ရန် လိုအပ်ပါသည်။

(မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading