စစ်ကိုင်းတိုင်း ခိုတောင်ကျေးရွာအနီးက ဧရာဝတီမြစ်ကြောင်းမှာ လင်းပိုင်မကြီးတကောင် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဘာကြောင့် သေဆုံးရတယ် ဆိုတာကို တိကျတဲ့အဖြေ ထုတ်ဖော် ပြောဆိုကြခြင်း မရှိသေးပါဘူး။
အလျား ၇ ပေကျော်လောက် ရှည်လျားတဲ့ လင်းပိုင်မကြီး မြစ်ရေထဲမှာ မျောနေတာကို ဒေသခံတွေက ဒီလ ၁၃ ရက် နေ့ မှာ တွေ့ ရှိပြီး ဆယ်ယူခဲ့ကြပါတယ်။
အဲဒီနောက် မန္တလေးတိုင်း ငါးလုပ်ငန်း ဦးစီးဌာနကို ဆက်သွယ်လိုက်တဲ့ အတွက် ငါးလုပ်ငန်း ဦးစီးဌာန တာဝန် ရှိသူ တွေ နဲ့ သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) တို့က တာဝန်ရှိသူတွေ ရောက်ရှိလာကြပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြ ပါတယ်။
ဒဏ်ရာဒဏ်ချက်တွေ မရှိဘဲ သေဆုံးနေတဲ့ လင်းပိုင်မကြီးကို ဗိုက်ခွဲ စစ်ဆေးလိုက်တဲ့ အခါမှာ ၁ ပေနဲ့ ၉ လက်မ အရွယ် အစား ရှိတဲ့ သားပေါက်လေးကို ထပ်မံ တွေ့ရှိခဲ့ကြပါတယ်။
သေဆုံးသွားတဲ့ လင်းပိုင်မကြီးဟာ မြစ်ကြောင်းအတွင်းရှိ အုပ်စုလိုက်နေကြတဲ့ လင်းပိုင်တွေအနက် ၄ ကောင် တအုပ် စု နေတဲ့အထဲက တကောင်ဖြစ်တယ်လို့ ဆိုပါတယ်။
တံငါသည်တွေကတော့ သူတို့နဲ့အတူ ငါးဝိုင်းဖမ်းပေးတဲ့ လင်းပိုင်မကြီးမို့ မြင်ရုံနဲ့ သိကြတာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ လင်းပိုင်မကြီးအပါအဝင် ဧရာဝတီမြစ်ကြောင်းထဲမှာရှိတဲ့ အခြားလင်းပိုင်တွေဟာ တံငါသည်တွေ ငါးဖမ်း ရာမှာ အကူအညီ ပေးကြတဲ့သူတွေ ဖြစ်ပါတယ်။
တံငါသည်တွေဟာ လင်းပိုင်တွေကို ခေါ်ချင်ရင် လှေနံရံကို တုတ်ချောင်းလေးနဲ့ ခေါက်ပြီး ခေါ်လိုက်ပါတယ်။ ဒါကို သိတဲ့ လင်းပိုင်တွေက ရေပြင်ပေါ်ထိ တိုးထွက် လာတတ်ကြပါတယ်။
အဲဒီနောက် ငါးရှိတဲ့နေရာတွေကို ရှာပြီး တွေ့တာနဲ့ အမြီးကလေးလှုပ် အချက်ပြတယ်လို့ ဆိုပါတယ်။ လင်းပိုင်တွေ အချက် ပြတဲ့ နေရာကို တံငါသည်တွေက ပိုက်ကွန်တွေတားပြီး ငါးတွေကို ဖမ်းကြပါတယ်။
အဲဒီအကြောင်းကို သိနေကြတဲ့ တံငါသည်တွေနဲ့ ဧရာဝတီ လင်းပိုင်တွေအကြောင်းကို သိသူတွေက ဒီလင်းပိုင်မကြီး သေဆုံးသွားမှုအပေါ် တိရစ္ဆာန်ဖြစ်ပေမယ့်လည်း ကရုဏာ သက်ခဲ့ကြပါတယ်။
လင်းပိုင်မကြီး သေဆုံးတဲ့အပေါ် ဒေသခံတွေကတော့ အဆိပ်ချ ငါးဖမ်းတာ၊ ရှော့တိုက် ငါးဖမ်းတာနဲ့ မိုင်းခွဲ ငါးဖမ်း တာတွေကြောင့် ဖြစ်နိုင်တယ်ဆိုပြီး ပြောဆို နေကြပါတယ်။ တချို့ကလည်း မွေးဖွားစဉ်မှာ မမွေးနိုင်လို့ သေတယ်ဆိုပြီး အမျိုးမျိုး ပြောဆို နေကြပါတယ်။
လင်းပိုင် ကလေးတကောင်ဟာ ပုံမှန်အားဖြင့် ၃ ပေရှိပြီး ယခု လင်းပိုင်မကြီးကို ဗိုက်ခွဲပြီး ထုတ်လိုက်တဲ့ လင်းပိုင် ပေါက်လေးဟာ ၁ ပေနဲ့ ၉ လက်မသာရှိတဲ့ အတွက် ကလေးမမွေးနိုင်လို့ သေဆုံး တာမဖြစ်နိုင်ကြောင်း၊ လင်းပိုင် မကြီးဟာ ရှော့တိုက်ငါးဖမ်းမှုကြောင့် သေဆုံးခြင်းသာဖြစ်နိုင်ခြေ များကြောင်း WCS စီမံကိန်း မန်နေဂျာ ဦးကျော်လှသိန်း က ဆိုပါတယ်။
“သေဆုံးသွားတဲ့ လင်းပိုင်မကြီးရဲ့ ကိုယ်မှာ ဘာဒဏ်ရာမှလည်း မတွေ့ရဘူး။ ဖြစ်နိုင်ခြေ အရှိဆုံးကတော့ ရှော့တိုက် ငါးဖမ်းဆီးတာတွေကြောင့် လို့ ယူဆရတာပေါ့”လို့ ဦးကျော်လှသိန်းက ပြောဆိုပါတယ်။
ဧရာဝတီ လင်းပိုင်တွေကို ထိန်းသိမ်းကာကွယ်ဖို့ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်မှုတွေ ပြုလုပ်နေပေမယ့် လည်း တံငါသည် တချို့ဟာ စည်းကမ်းတွေကို မလိုက်နာဘဲ ရှော့တိုက် ငါးဖမ်းမှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် လင်းပိုင်တွေ အတွက် လုံခြုံမှု ကင်းမဲ့နေသေးတယ် လို့လည်း ပြောပါတယ်။
လင်းပိုင်မကြီးဟာ ရှော့တိုက်ငါးဖမ်းမှုကြောင့် သေဆုံးတာဖြစ်နိုင်သလို ဧရာဝတီမြစ်ရဲ့ မြစ်ညာဘက်မှာ ဆေးဖြန်း စိုက် ပျိုးရေး တွေက တဆင့်စီးဆင်းလာတဲ့ အဆိပ်ပါတဲ့ရေတွေ၊ ရွှေတူးခြင်းကြောင့် ညစ်ထေးတဲ့ ရေတွေက တဆင့် ကြောင့် လည်း ဖြစ်နိုင်တယ် လို့ သံသယဝင်မိကြောင်း မန္တလေးတိုင်း ငါးလုပ်ငန်း ဦးစီးဌာနနဲ့ သားငှက် ထိန်းသိမ်းရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဟန်ဝင်းက ဆိုပါတယ်။
“မြစ်ညာဘက်မှာ နှစ်ပေါင်းများစွာ ရွှေတူးလာတာတွေလည်း ရှိတယ်လေ။ နောက်ပြီး အထက်က စိုက်ပျိုးရေးတွေမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ အသုံးပြုတာတွေ များတာကြောင့် ဒါရဲ့ အကျိုးသက်ရောက်မှုတွေရော ဖြစ်နိုင် မလား လို့လည်း စဉ်းစားမိပါတယ်။ ဒါကြောင့် မြစ်ရေကို ကျနော်တို့စစ်ဆေးဖို့လိုနေတယ်လို့လည်း သုံးသပ်မိပါတယ်” လို့ ဦးဟန်ဝင်း က ပြောပါတယ်။
ရေနေနို့တိုက် သတ္တဝါဖြစ်တဲ့ ဧရာဝတီလင်းပိုင်တွေဟာ ရှားပါးရေချိုသတ္တဝါ အမျိုးအစားဖြစ်ပြီး အရှေ့တောင်အာရှရဲ့ ထင်ရှားတဲ့ ပြယုဂ်တခုလည်းဖြစ်ပါတယ်။
ဒီလို ရှားပါးတဲ့ ရေချိုလင်းပိုင်တွေကို ကြည့်ရှုဖို့ ကမ္ဘာလှည့်ခရီးသည်တွေ ဧရာဝတီမြစ်ထဲကို တကူးတက လာရောက် လေ့လာကြတာတွေလည်း ရှိပါတယ်။
ကမ္ဘာလှည့် ခရီးသည်တွေကို လင်းပိုင်တွေ လိုက်ပြနေတဲ့ ဦးမောင်လေး က “သေသွားတဲ့ လင်းပိုင်မကြီးကို ဒေသခံ တွေ က သားကြီးမလို့ ခေါ်ကြတယ်။ ဒီလင်းပိုင်တွေက ရေလုပ်သားတွေရဲ့ မိဘတွေဆိုလည်း ဟုတ်တယ်လေ။ ကျေးဇူးရှင် တွေလည်း ဖြစ်တဲ့အတွက် သူသေသွားတော့ စိတ်မကောင်းဖြစ်ကြတာပေါ့ဗျာ”လို့ ပြောပါတယ်။
ဧရာဝတီမြစ်ကြောင်းမှာ လင်းပိုင် သေဆုံးမှုဟာ ဒီတကောင်အပါအဝင် ၂၀၁၆ ခုနှစ်အတွင်း ၃ ကောင်ရှိပြီလို့ သိရပါ တယ်။ အရင်သေဆုံးသွားတဲ့ နှစ်ကောင်မှာတော့ ပိုက်နဲ့ညိပြီး သေတဲ့လက္ခဏာနဲ့ ရှော့တိုက်ခံရပြီး သေတဲ့ လက္ခဏာ တွေ တွေ့ရှိ ခဲ့ရတယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ သားငှက် ထိန်းသိမ်းရေး အဖွဲ့တွေဘက်က လင်းပိုင်တွေကို ထိန်းသိမ်း စောင့်ရှောက် ကြဖို့ အသိပညာပေးလုပ်ငန်းတွေ၊ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ပြောနေတဲ့ကြားက လင်းပိုင်တွေ မကြာခဏ သေဆုံးမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေရတာဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က လက်တွေ့မှာ ထိရောက်တဲ့ စောင့်ရှောက်မှု၊ အရေးယူ ဆောင်ရွက်မှုတွေ လိုအပ်နေတာကို ပြသနေတယ်လို့ မန္တလေးမြို့ သဘာဝ စိမ်း အဖွဲ့က ဦးမောင်ဦး က ပြောပါတယ်။
“မြစ်ထဲမှာ ကန့်သတ်ထားတဲ့ ပေ ၂၀၀ အထက် မတိုက်ရဆိုတဲ့ မျောပိုက်တွေ တိုက်လာတယ်။ မျောပိုက်တွေနဲ့ ညိရင် လည်း လင်းပိုင်တွေက ဒဏ်ရာရတယ်။ ပြီးရင် သေဆုံးတဲ့ အထိကို ဖြစ်တတ်တယ်။ လျှပ်စစ် ရှော့တိုက်တာကတော့ အန္တရာယ် အဆိုးဆုံးပေါ့။ ဒါတွေကို မြစ်ကြောင်းအတွင်း လင်းပိုင်ထိန်းသိမ်းရေး ဧရိယာထဲကလူတွေ အကုန်သိတယ်။ ဒါပေမယ့် ဒီနေ့ အချိန်အထိ လျှပ်စစ် ရှော့တိုက် ဖမ်းနေတာတွေက တစက်ကလေးမှ လျော့မသွားဘူး။ ပါးစပ် အပြော တွေနဲ့တော့ မရတော့ဘူး။ လက်တွေ့ ဥပဒေ အရ ပြင်းပြင်းထန်ထန် ဆောင်ရွက်မှ ရတော့မယ်လို့ ထင်ပါတယ်”လို့ လည်း ဦးမောင်ဦးက ဆိုပါတယ်။
ဧရာဝတီ မြစ်ကြောင်းအတွင်းမှာ မန္တလေးမှ ဗန်းမော်ကြား ဧရာဝတီ လင်းပိုင် စုစုပေါင်း ၆၅ ကောင်ရှိကြောင်း WCS ရဲ့ ၂၀၁၆ ခုနှစ် မှတ်တမ်း တွေအရ သိရပါတယ်။
၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း မန္တလေး ကနေ ဗန်းမော်ကြားမှာ ရှိတဲ့ လင်းပိုင် အကောင် အရေ အတွက်ဟာ ၈၇ ကောင်ကနေ ၉၀ အတွင်းရှိတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။
ဒီမှတ်တမ်းတွေကို ကြည့်မယ်ဆိုရင် ၆ နှစ်အတွင်းမှာ လင်းပိုင်အကောင်ရေ ၂၀ ကျော် လျော့ကျသွားပြီး ထပ်တိုးလာ တဲ့ အရေအတွက်လည်း ပျောက်ဆုံးနေပါတယ်။
ဒီအခြေအနေဟာ လင်းပိုင်တွေရဲ့ လုံခြုံမှုနဲ့ မျိုးသုဉ်းမသွားစေရေး အတွက် အထူးဂရုစိုက်ဖို့ လိုအပ်နေတယ် ဆိုတာကို ပြသနေပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ထိရောက်တဲ့ စောင့်ရှောက်မှု၊ အရေးယူ ဆောင်ရွက်မှုတွေ မလုပ်နိုင်ဘူး ဆိုရင် တော့ ဧရာဝတီ လင်းပိုင်တွေ မျိုးသုဉ်းသွားနိုင်တဲ့အခြေအနေ ကနေပြီးတော့လည်း ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ။