ဆောင်းပါး

ဝက်သက်ရောဂါဖြစ်ပွားပြီး ကျန်းမာရေးစိန်ခေါ်မှုများနဲ့ နာဂဒေသ

Want create site? Find Free WordPress Themes and plugins.

“သူ လမ်းမှာ သေဆုံးသွားရင် ငါဘာလုပ်ရမလဲ” ဟု အသက် ၄၆ အရွယ် ဦးပါနွန်းက သူ၏ နာဂရိုးရာပြတင်းပေါက်မပါသောအိမ်မှ မီးဖိုဘေးတွင် ထိုင်ရင်း ပြောသည်။ မှောင်မည်းပြီး မီးခိုးပြည့်နေသောအခန်းထဲမှ မျက်နှာအမူအရာမှာ ခန့်မှန်း ရခက်နေသည်။

မလှမ်းမကမ်းတွင် သူ၏ ၁၀ နှစ်အရွယ်သမီး ဂျီကွန်းမှာ ဝါးခုံရှည်တွင် လဲလျောင်းနေသည်။ သူမ၏ညီအမ ၂ ဦးမှာ သူမ အနီးတွင် ထိုင်ပြီး သူမ ခက်ခက်ခဲခဲ အသက်ရှူလိုက်တိုင်း မြင့်ချီနိမ့်ချီဖြစ်နေသော အရောင်အသွေးစုံလှသည့် သူမ၏ လည်ဆွဲကို ငေးကြည့်နေကြသည်။

၃ လခန့် ဖျားနာပြီးနောက် ကျေးလက်ကျန်းမာရေးအရာရှိတဦး ရောက်လာပြီး သူမသည် ဝက်သက်ရောဂါဖြစ်နေသည်ဟု အတည်ပြုပြီး ဆေးရုံတင်ရမည်ဟု ပြောသည်။ သို့သော် အနီးဆုံး ဆေးရုံသို့ရောက်ရန် ရာသီဥတုကောင်းလျှင် ဆိုင်ကယ်ညလုံးပေါက် သို့မဟုတ် ခြေကျင် ၃ ရက်ခရီးသို့ သွားရသောကြောင့် ဦးပါနွန်းက သူမ၏အသက်မှာ လမ်းခရီးတွင် သေဆုံး သွားမည်ကို စိုးရိမ်နေသည်။

မြူနှင်းများဖုံလွှမ်းနေသည့် စိမ်းစိုသောတောင်များ ဝန်ရံထားသည့် နာဂလူမျိုးတို့၏နေအိမ်များကို အပေါ်မှစီးမြင်ရလျှင် ထန်ခေါလားမားသည် ရိုးရှင်းငြိမ်းချမ်အထီးကျန်နေသော ရွာလေးသဖွယ်ဖြစ်နေသည်။ ဤရွာတွင် မိသားစု ၄၀ မှ လူ ၂၆ ဦးတို့ သည် ဇွန်၊ ဇူလိုင်က ပြင်းထန်သော ဝက်သက်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးခဲ့ကြသည်။

ဤရွာသည် လဟယ်မြို့နယ်မှ မိုင် ၅၀ အကွာတွင်ရှိသည်။ ကားမရှိဘဲ ဆိုင်ကယ်များသာရှိသည်။ သို့မဟုတ် ခြေကျင်သွား ရသည်သဖြင့် ပိုမိုဝေးကွာခက်ခဲသောနေရာ ဖြစ်သွားရသည်။ လဟယ်သို့သွားသည့်လမ်းမှာ ရွှံ့နွံထူပြီး သစ်တောများစမ်းချောင်းများကို ဖြတ်သန်းရသည်။ လမ်း၏အစိတ်အပိုင်းအများအပြားမှာ ရွာသားများက ပေါက်တူးဖြင့် ဖောက်ထားသည့် ၂ပေခန့်သာကျယ်သော တောင်ကမ်းပါးကို ဖြတ်သန်းရသည်။ အချို့နေရာများတွင် ခြေကျင်သာ သွား၍ ရသည်။

ဝက်သက်ရောဂါဖြစ်ပွားမှုသည် ဇွန်လတွင် စတင်ပြီး စစ်ကိုင်းတိုင်းမြောက်ပိုင်း အိန္ဒိယနယ်စပ်အနီးရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတလျှောက် လူ ၈၀ ကျော် သေဆုံးစေခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနက ထိုရောဂါဖြစ်ပွားရခြင်းမှာ အာဟာရ ချို့တဲ့မှုကြောင့်ဟု ဆိုသည်။

ထိုရောဂါဖြစ်ပွားမှုပေါ်ပေါက်ချိန်အထိ လူ ၃၀၀ ခန့်ရှိသောကျေးရွာတွင် အခြေခံ ဖျားနာမှုမျိုးကို ကုသရန်ပင် အစိုးရကျန်း မာရေးအရာရှိ သို့မဟုတ် ဆေးခန်းတခုမျှ မရှိခဲ့ဖူးပေ။

ညနေစာစားဖို့ ပြင်နေတဲ့ ဦးပါနွန်းနဲ့ မိသားစု
ညနေစာစားဖို့ ပြင်နေတဲ့ ဦးပါနွန်းနဲ့ မိသားစု

“တပတ်လောက် ဘာအကြောင်းမှ မပြန်ဘူး” ဟု ရောဂါဖြစ်ပွားစဉ် ရွာသားတဦးကို ဆိုင်ကယ်ဖြင့် လဟယ်မြို့နယ်သို့စေလွှတ်အကူအညီတောင်းခဲ့သော ထန်ခေါလားမားကျေးရွာဥက္ကဌ ဦးချူတိုက်က ပြောသည်။

“ရွာမှာ အများစုက ဖျားနာနေကြပြီ။ ကျနော်တို့မှာ ကျန်းမာရေးအရာရှိတယောက်သာ ရှိရင် လူတွေ အများကြီး သေမှာ မဟုတ်ဘူး” ဟု သူ ပြောသည်။

လဟယ်မြို့နယ်ဆေးရုံမှ လက်ထောက်ကျန်းမာရေးမှူးဦးသန့်ဇင်ဦးသည် ထိုရောဂါဖြစ်ပွားမှုကို ပထမဆုံး တုံ့ပြန်ဆောင်ရွက်ခဲ့သူများအနက် တဦးဖြစ်သည်။ ထိုစဉ်က ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရသေးဘဲ လူ ဒါဇင်များစွာ သေ ဆုံးသဖြင့် အခြားသော ကျန်မာရေးဝန်ထမ်းများမှာ မသွားရဲကြဟု သူ ပြောပြသည်။

ထန်ခေါလားမားရွာ
ထန်ခေါလားမားရွာ

ဦးသန့်ဇင်ဦးနှင့် သူ၏ အဖွဲ့သည် ဆေးပစ္စည်း ၂ သေတ္တာကို ထုတ်ပိုးပြီး ထန်ခေါလားမားသို့ ၂ည အိပ်၃ ရက်ခရီး နှင်ခဲ့ရ သည်။

“မိုးတွေ ရွာနေတယ်။ ဆိုင်ကယ် ၃ စီးပါတယ်။ ဒါပေမယ့် တစီးက အင်ဂျင်ပျက်သွားလို့ လမ်းဘေးမှာ ထားခဲ့ရတယ်”ဟု သူပြောပြသည်။

နေ့လယ်နှောင်းပိုင်းတွင် ရွာသို့သူရောက်သောအခါ ခွေးအူသံများနှင့် နာမကျန်းသော ရွာသားများ၏ငိုယိုသံများကိုကြားနေ ရသည်။

“အိမ်တိုင်းမှာ လဲနေတဲ့လူနာရှိတယ်၊ မယုံကြည်နိုင်လောက်အောင် ဝမ်းနည်းစရာ ကောင်းပါတယ်” သူက ဆက်ပြောပြ သည်။

လဟယ်မြို့နယ်သို့ ထို့နောက် နေပြည်တော်သို့ သွေးနမူနာပို့သည်။ ပထမဆုံးညတွင် လူ ၈၀ ကျော်ကို ကုပေးရသည်။နောက်ရက်အနည်းငယ်အတွင်း လူ ၂၀၀ ခန့်ကို သူ ကူညီ ကုသပေးနိုင်ခဲ့သည်။

“အရမ်းခက်တယ်။ သူတို့က ကျနော်တို့ဆီ မလာချင်ကြဘူး။ ကျနော်အိမ်တိုင်းကို လိုက်သွားတယ်။ ဆေးထိုးတာလည်း သူ တို့ မကြိုက်ကြဘူး။ သူတို့က ဖျားရင် သောက်ကြပြီး ခွေးသွေးကြက်သွေးတွေကိုပဲ သူတို့ကိုယ်မှာ လိမ်းကြတာ” ဟု သူက ဆိုသည်။

 ဒဏ်ရာကို ဆေးထည့်နေတဲ့ အားလီ
ဒဏ်ရာကို ဆေးထည့်နေတဲ့ အားလီ

သွားရေးလာရေးအခက်အခဲများထက် ပိုသောအချက်မှာ ရွာသားများသည် ဆက်သွယ်ပြောဆိုရေး ပြဿနာများကြောင့် လည်း ထိခိုက်နစ်နာကြရသည်။ ရွာသားအများစု နာဂဒေသသုံးစကားကိုသာ ပြောတတ်ကြပြီး ရွာတွင် ဖုန်းလိုင်းလည်းမရှိပေ။

“နှစ်ပတ်လောက်အထိ ဘာမှ မသိရဘူး။ အဲဒီမှာတင် လူ၂၄ ယောက် သေသွားပြီ။ သူတို့က ဝက်သက်ကာကွယ်ဆေး တခါမှ မထိုးဖူးခဲ့ကြဘူး။ ဒီပြဿနာက နှစ်ပေါင်းများစွာ ကြာနေပြီ” ဟု လဟယ်မြို့နယ် ကျန်းမာရေးအရာရှိ ဒေါက်တာ ဟိန်းထွဋ်ဆွေက ပြောသည်။

နာဂဒေသတွင် လေရှီး၊ လဟယ်၊ နမ်းယွန်း ဟူ၍ မြို့နယ်၃ခုရှိပြီး ဤဝေးလံခေါင်ဖျားဒေသတွင် လူ ၁၂၀၀၀၀ ကျော်မှီတင်းနေထိုင်ကြသည်။ စီးပွားရေးမြို့တော်ရန်ကုန်မှ သွားရလာရအလွယ်ဆုံးမြို့နယ် လဟယ်သို့ လေယာဉ်နှစ်ခါ၊ သင်္ဘောတခါ နှင့် ဆိုင်ကယ် ၃ နာရီ စီးရသည်။

ထိုဒေသတွင် ဆိုင်ကယ်ငှားရမ်းရသည်မှာ လွန်စွာ ဈေးကြီးနိုင်သည်။ လဟယ်မှ ထန်ခေါလားမားသို့ မိုးတွင်းဘက် ဆိုင်ကယ်နှင့်သွားလျှင် ကျပ် ၂၀၀၀၀၀ အထိ ကုန်ကျနိုင်သည်။

“ဇွန်လ ၆ ရက်နေ့မှာ လူတွေစပြီး သေလုမျောပါးဖြစ်နေကြပြီ။ ဒါကို ကျနော်တို့ ဇူလိုင် ၂၃ ရက်နေ့ကျမှ သိရတယ်။ ရွာက ဘာသတင်းမှ ရောက်မလာဘူး”ဟု လဟယ်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရုံးညွန်ကြားရေးမှူး ဦးသိန်းဇော်က ပြော သည်။

နာဂဒေသတွင် လဟယ်သည် လွန်ခဲ့သော ဇန်နဝါရီကမှ စတင်တပ်ဆင်သော လျှပ်စစ်မီး ၂၄နာရီ ရသည့်တခုတည်းသော မြို့ဖြစ်သည်။ အင်တာနက်မရှိ၊ ပြတ်တောင်းပြတ်တောင်း 2G ဖုန်းဝန်ဆောင်မှုပင် မရှိပေ။

လဟယ်ဆေးရုံအတွင်းတွင် ကယီးကျေးရွာမှ အသက် ၃၁ နှစ်အရွယ် ဦးခန်းယန်သည် မြန်မာစကားမပြောတတ်သောဇနီး နှင့်အတူ ဆေးရုံကုတင်တခုပေါ်တွင် ထိုင်နေသည်။ ဇနီးသည်မှာ အသက် ၄ လအရွယ် အသည်းရောင်အသားဝါရောဂါ ခံ စားနေရပြီး ငိုနေသော ကလေးကို ချီထားသည်။

သူ၏သားစတင်ဖျားပြီး အငိုမရပ်တော့သောအခါ ဦးခန်းယန်သည် အနီးဆုံး ဆေးရုံရှိရာ ဒွန်ဟီးသို့ ၃နာရီလမ်းလျှောက်ရ သည်။ သို့သော် သူ့သား၏အခြေအနေမှာ တိုးတက်မလာသောကြောင့် ဆရာဝန်က သူတို့ကို လဟယ်သို့ ပို့သည်။ လ ဟယ်သို့ ကားကြုံလိုက်စီးရပြီး စီးလာသောကား လမ်းတွင် ပျက်နေသည်မှာ ၂ နာရီကြာသည်။

“ဘာဖြစ်တာမှန်း ကျနော်မသိဘူး။ ကလေးက ငိုချည်းပဲနေတာ။ ကျနော်တို့မှာ ပိုက်ဆံလည်း မရှိဘူး။ ဒါကြောင့် ဘယ်မှ မ သွားနိုင်ဘူး”ဟု ဦးခန်းယန်က ပြောသည်။ သူသည် မိသားစုကို ကျွေးမွေးရန် စပါးနှင့်ပြောင်းစိုက်သူသာဖြစ်သည်။ သူ၏ သားမှာ မည်သည့်ကာကွယ်ဆေးမျှ မထိုးခဲ့ရဘဲ ဆေးရုံတက်စဉ်ရွာမှ သူယူလာသော ဆန်ဖြင့်ပင် အသက်ဆက်ခဲ့ရသည်။

“ရွာမှာ ဆရာဝန်မရှိဘူး။ ရှိရင် ကောင်းမှာ၊ ကျနော်တို့ ဒီလောက် ပင်ပမ်းမှာမဟုတ်ဘူး” ဟု သူက ဆိုရှာသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ၏အစီခံစာတွင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံအနက် အဆင့် ၁၉၀ ရောက်နေသော မြန်မာနိုင်ငံတွင် ကျန်း မာရေးအသုံးစရိတ်မှာ ဂျီဒီပီ၏ ၂.၃ရာခိုင်နှုန်းသာ ရှိပြီး ကျန်းမာရေးစိန်ခေါ်မှုများ ဆက်လက်ရှိနေသည်။

မုံရွာဇာတိ အသက် ၂၂ နှစ်အရွယ် သူနာပြုဆရာမ မေသူဇော်ကို စက်တင်ဘာလတွင် ထန်ခေါလားမားကျေးရွာမှ တနာရီ ခန့် ကားလမ်းခရီးရှိ ခန်မလာကျေးရွာသို့ စေလွှတ်ခဲ့သည်။ သူမသည် သူမကို လေ့ကျင့်ပေးထားသော နယ်ပယ်ထက်ကျော်လွန်သည့် အလုပ်ကို လုပ်နေရသည်ဟု သူမက ဆိုသည်။

“တချို့ရောဂါတွေအတွက် ဆရာဝန်ရဲ့ညွှန်ကြားချက် လိုတယ်။ ဒါပေမယ့် နာဂဒေသမှာ ကျမတို့ ဆက်သွယ်လို့ မရဘူး။ တချို့ဒေသတွေမှာဆို ကျမတို့ကို ၅ နှစ်အောက်ကလေးတွေကို ဆေးထိုးဖို့ ခွင့်မပြုဘူး။ ဒီမှာတော့ ကျမကမှ ဆေးထိုးမပေးရင် ဘယ်သူမှ ထိုးပေးမယ့်သူ မရှိဘူး”ဟု သူမက ပြောသည်။

သို့သော် အသက် ၂၇ နှစ်အရွယ်ရှိ အားလီက မည်သည့်ကျန်းမာရေးစောင့်ရှောက်မှုမရှိသည်နှင့် နှိုင်းစာလျှင် ဤအခြေအနေမှာ ပိုကောင်းသည်ဟု ထင်ကြောင်းပြောသည်။ သူသည် အိမ်အသစ်ဆောက်ရန် သစ်ခုတ်စဉ် လက်မောင်းတွင် ဒဏ်ရာ ရပြီး သူနာပြုတဦး၏ကုသမှု ခံယူခဲ့ရသည်။

“ဆေးရှိတာ ကြိုက်တယ်။ ဆေးမရှိရင် ဒီအတိုင်း ပစ်ထားရမှာ” ဟု သူက ထန်ခေါလားမားရှိ ဆေးခန်းမှ ဆိုလာမီးမှိန်မှိန်အောက်တွင် ပြောသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading