War and Peace ဟူသည့် အလွန်ရှည်လျားသည့် တော်စတွိုင်း၏ ဝတ္ထုတပုဒ်အား ဆရာမြသန်းတင့်၏ ကျေးဇူးဖြင့် ဗမာဘာသာဖြင့် ဖတ်ခွင့်ကြုံခဲ့သည်။ ဝတ္ထုအနေနှင့် သာမက ရုပ်ရှင်အနေနှင့်လည်း ကြည့်ခဲ့ရသည်။ တပိုင်းလျင် ၄ နာရီခန့် ကြာမြင့်သည့် အပိုင်း ၂ ပိုင်း ပါရှိသည့် ရုပ်ရှင်အား ၁၉၇၀ ခုနှစ် နောက်ပိုင်း ကာလများက ယခု ဆူးလေရှန်ဂရီလာ ဟိုတယ်နေရာရှိ ပလေဒီယံ ခေါ် ပပဝင်း ရုပ်ရှင်ရုံတွင်ကြည့်ခဲ့ဖူးသည်။ ဝတ္ထုဖတ်စဉ်က ဆွဲဆောင်မှု ရှိသလောက် ရုပ်ရှင်ကတော့ ပျင်းဖို့ကောင်း၍ အိပ်ပျော်ခဲ့သည်။
ယခု မြန်မာပြည်ရှိ ရှည်လျားလှသော စစ်နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကား တော်စတွို င်းလက်မြှောက်ရလောက်အောင် ရှည်လျားသည့် ဖြစ်စဉ်ဟု ဆိုရပါမည်။ စစ်ပွဲနှင့် လက်တွေ့မျက်တွေ့ တွေ့ကြုံ နေရသူများအဖို့ ခံစားမှု ပြင်းထန်၍ စိတ်လှုပ်ရှားဖွယ် ဖြစ်နေသော်လည်း စစ်ပွဲနှင့် ဝေးသည့် နေရာတွင် နေသူများ အဖို့ စိတ်ဝင်စားမှု နည်းပါးနိုင်ပါသည်။ သွယ်ဝိုက်၍ ခံစားရသည့် စစ်စရိတ်ဒဏ်ကို ခံရသည်ဟု မထင်တတ်ကြပေ။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့် အတူ မွေးဖွားလာသော ပြည်တွင်းစစ်ကြီးသည် ရှည်လျားလွန်းလှသည်။ “ငါမသေခင် ငြိမ်းချမ်းရေး ရတာ မြင်သွားချင်တယ်ကွာ” ဟု ဆိုသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်သွားခဲ့သည်မှာ အနှစ် ၅၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ
အနှစ် ၇၀ နီးပါး ကြာမြင့်ပြီ ဖြစ်သော ပြည်တွင်းစစ်နှင့်အတူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကမ်းလှမ်းမှု များလည်း များစွာ ရှိခဲ့သည်။ ဖဆပလခေတ် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွင် ရေပမ်းအစားဆုံးကား “လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခြင်း” ဖြစ်သည်။ ထိုမူက ယနေ့တိုင် အစိုးရအဆက်ဆက် စွဲကိုင်ထားသည့် အစိုးရ၏ ငြိမ်းချမ်းရေးမူဟု ဆိုရမည်။
၁၉၆၂ ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက် ၁၉၆၃ ခုနှစ်တွင် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟု ခေါ်ဆိုခဲ့သကဲ့သို့ ၁၉၈၀ ခုနှစ် တွင်လည်း တကြိမ် ထပ်မံ၍ ငြိမ်ချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ထိုနှစ်ကြိမ်လုံး အောင်မြင်မှု မရခဲ့သကဲ့သို့ ဆွေးနွေးသည့် အချိန်ကာလလည်း တိုတောင်းခဲ့သည်။ သို့သော် ဗိုလ်နေဝင်းသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလတွင် ထိုးစစ်များ တိုက်ခိုက်မှုများ ရပ်စဲပေးခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်လည်း ကြေညာပေးခဲ့သည်ကို တွေ့ခဲ့ရသည်။
၁၉၈၉ ခုနှစ် နောက်ပိုင်းတွင်ကား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုသည်များသည် ပုံစံပြောင်း၍ ပေါ်ပေါက်လာသည်။ ထိုပေါ်ပေါက်လာသော ငြိမ်းချမ်းရေးများသည် အရှေ့မြောက် ဗကပ ပြိုကွဲပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အဖြစ် ခွဲထွက်ပြီးနောက် ပေါ်ပေါက်လာသော ငြိမ်းချမ်းရေး ပုံစံသစ် ဟု ဆိုရမည်။ ထိုငြိမ်းချမ်းရေး ဆိုသည်မှာ တကယ်တော့ နယ်မြေဒေသ အလိုက် အပစ်အခတ် ရပ်စဲပြီး အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီး၏ တည်ရှိမှုကို အသိမှတ်ပြုခြင်း ၎င်းတိုင်းရင်းသားအဖွဲ့များ တည်ရှိရာ ဒေသများ၌ ၎င်းတို့၏ အုပ်ချုပ်မှုများကို အသိမှတ်ပြု ထားသည့် အပေါ် အခြေခံသည်။
၎င်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တည်ရှိရာ ဒေသများကို အထူးဒေသများ အဖြစ် သတ်မှတ်ပေးခဲ့သည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ ဖျက်သိမ်းခံထားရပြီး မာရှယ်လော ခေါ် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည့် အချိန်ကာလဖြစ်၍
မည့်သည့် ဥပဒေနှင့်မှ အကံျုး မဝင်သော ဥပဒေကဲ့သို့ အာဏာတည်မြဲသည့် အမိန့်အာဏာဖြင့် သတ်မှတ်အတည်ပြု ခဲ့ခြင်း ဖြစ်ပေသည်။
၁၉၈၉ ခုနှစ်မှ စတင်ခဲ့သည့် ငြိမ်းချမ်းရေး သို့မဟုတ် အပစ်ရပ်ရေးများသည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် ပေါ်ပေါက်ခဲ့သည်။ သို့သော် ကရင်ပြည်နယ်ရှိ KNU နှင့် ပြင်းထန်သော တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ သို့နှင့် တဖွဲ့တည်း ဖိတိုက်ခံရပြီး အတွင်းပိုင်း အကွဲအပြဲများ ဖြစ်လာပြီးနောက်ပိုင်း၌ KNU နှင့်လည်း အပစ်ရပ်ရေး ဆောင်ရွက်လာနိုင်ခဲ့သည်။
၁၉၈၉ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြသနာ
၁၉၈၉ ခုနှစ်မှ စတင်သည့် တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ချင်းစီနှင့် ပြုလုပ်ခဲ့သော ငြိမ်းချမ်းလုပ်ငန်းစဉ်တွင် အဆိုပါ တိုင်းရင်းသားဒေသများနှင့် ပတ်သက်၍ သို့မဟုတ် တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်၍ နိုင်ငံရေးပြသနာကို မည်သို့ ဖြေရှင်းမည် ဆိုသည့်အချက် ပါဝင်ခြင်း မရှိပေ။ ထို့ကြောင့် ထိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် အပစ်အခတ်ရပ်စဲရေးကို အဓိကထား၍ ဆောင်ရွက်ခဲ့သည်ဟု ဆိုရပါမည်။
ထို အပစ်ရပ်ကာလများတွင် အစိုးရသည် ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်တွင် ထို တိုင်းရင်းသား လက်နက်ကိုင်အဖွဲများ ထိမ်းချုပ်ရာဒေသများအား အကူအညီများ ပေးအပ်ခဲ့သည်။ ကျန်းမာရေး ပညာရေဝန်ထမ်းများ နတလ (နယ်စပ်ဒေသနှင့် တိုင်းရင်းသားရေးရာ) ဝန်ထမ်းများစေလွှတ်ပေးသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ မြို့ပေါ်၌ သွားလာခွင့် စီးပွားရေး လုပ်ကိုင်ခွင့်များ ပေးအပ်ထားခဲ့သည်။ နိုင်ငံရေးပြသနာအား အခြေခံ ဥပဒေရေးဆွဲပြီး အရပ်သားအစိုးရ တက်လာမှ ဖြေရှင်းမည်ဟု ဆိုခဲ့သည်။ ထို့ကြောင့်လည်း နိုင်ငံရေး အကဲခတ်များက ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီး
ပြည်တွင်းရှိ နိုင်ငံရေး အကြပ်အတည်းများကို ရင်ဆိုင်နိုင်ရန် အတွက် ပြည်နယ်များရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ပြဿနာကို ယာယီနည်းဖြင့် ဖြေရှင်းထားခဲ့သည်ဟု သုံးသပ်ကြပါသည်။
သို့သော် နိုင်ငံရေးပြသနာကို လုံးဝဥဿုံ မဖြေရှင်းဘဲထားသည်တော့ မဟုတ်ပေ။ ညောင်နှစ်ပင်ညီလာခံဟု ဆိုကြသည့် အမျိုးသားညီလာခံကို ခေါ်ယူကျင်းပခဲ့သည်။ ထိုညီလာခံတွင် အပစ်ရပ်ထားသော ငြိမ်းချမ်းရေး အဖွဲ့များကို ဖိတ်ခေါ် တက်ရောက်ခွင့် ပြုခဲ့သည်။ သို့သော် ထိုညီလာခံ၌ ပြည်တွင်းရှိ အဓိက အတိုက်အခံနိုင်ငံရေး ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က သပိတ်မှောက် ထွက်ခွာခဲ့သကဲ့သို့ တိုင်းရင်းသားအဖွဲ့များ၏ တင်ပြချက်များကို လစ်လျူရှု ခံခဲ့ရသည် ဟု တက်ရောက်ခဲ့သော အဖွဲ့များက ဆိုခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ထိုညောင်နှစ်ပင် အမျိုးသားညီလာခံရလဒ်အဖြစ် ထွက်ပေါ်လာသော အခြေခံဥပဒေတရပ်အား နာဂစ် မုန်တိုင်း ပြင်းထန်စွာကျ စဉ်ကာလ၌ပင် အတည်ပြုခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေဟု ပေါ်ထွက်ခဲ့သည်။ ထို ၂၀၀၈ အခြေခံ ဥပဒေထွက်ပေါ်ပြီး ထိုဥပဒေအရ ရွေးကောက်တင်မြှောက်သည့် အရပ်သားအစိုးရ ပေါ်ထွက် မလာမီ၌ပင် ၁၉၈၉ ခုနှစ် နောက်ပိုင်း အပစ်ရပ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ပြီး ဖြေရှင်းသည့် ခြေလှမ်းတရပ်ကို နအဖ အစိုးရက လုပ်ဆောင်လာသည်ကို တွေ့ရသည်။
ယင်းခြေလှမ်းမှာ အပစ်ရပ်ထားသော တိုင်းရင်းသားအဖွဲ့များအား အင်အားနှင့် ဒေအခြေအနေပေါ်လိုက်၍ နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ် အဖြစ် အသွင်ပြောင်းရန် တောင်းဆိုဖိအားပေးခဲ့ခြင်း ဖြစ်သည်။ နအဖ အစိုးရ၏ ထိုတောင်းဆိုမှုအား လက်ခံသည့် အဖွဲ့များရှိသကဲ့သို့ လက်ခံရန် ငြင်းဆန်သည့် အဖွဲ့များလည်း ပေါ်ထွက်ခဲ့ရာ ၂၀၀၉ ခုနှစ်မှစ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။ ကိုးကန့်ဒေသတွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ အပစ်ရပ်၍ ငြိမ်းချမ်းရေး ရယူထားသည့် ကာလတရပ်သည် အနှစ် ၂၀ ခန့် အကြာတွင် ကုန်ဆုံးသွားပြီး အခြေအနေသစ် တရပ် စတင်ခဲ့ပေတော့သည်။
ဦးသိန်းစိန်အစိုးရနှင့်ငြိမ်းချမ်းရေး
၂၀၁၁ ခုနှစ်တွင် ၂၀၀၈ အခြေခံဥပဒေအရ တက်လာသော ဦးသိန်းစိန်အစိုးရအဖွဲ့ အုပ်ချုပ်သည်။ ဦးသန်းရွှေနှင့် ဦးမောင်အေးမှအပ ယခင်စစ်ဘက်ခေါင်းဆောင်များ အရပ်ဝတ်ပြောင်းဝတ်ကာ နိုင်ငံတော်အင်စတီကျူးရှင်း အသစ်နှင့် တွေ့ရသည့် နိုင်ငံရေးအခင်းအကျင်းသစ် ဖြစ်သည်။ ထိုအခင်းအကျင်းသစ်နှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်း ပါလာသည်။ ၂၀၀၈ အခြေခံဥပဒေအရ ပထမဆုံး ပေါ်ထွက်လာသည် ဆိုသည့် အရပ်သားအစိုးရ၏ နိုင်ငံရေးအရ လုပ်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟု ဆိုရမည်။
ဦးသိန်းစိန်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း ဗဟိုအဖွဲ့အစည်းများ ဖွဲ့စည်းသည်။ ပြည်နယ်အဆင့် အပစ်အခတ်ရပ် စဲရေးသဘောတူညီချက်နှင့် ပြည်ထောင်စုအဆင့် သဘောတူညီချက် ဆိုသည်များကို ချုပ်ဆိုကြသည်။ ၂၀၀၉ ခုနှစ်က BGF ဖွဲ့စည်းကို လက်မခံ၍ စစ်ရေးအရ တင်းမာမှုများ ဖြစ်ပွါးခဲ့သည့် UWSA ဝ တိုင်းရင်းသားလက်နက်ကိုင်
တပ်ဖွဲ့ NDAA မိုင်းလာတပ်ဖွဲ့တို့နှင့် စစ်ရေးတင်းမာမှုကို လျှော့ချ နိုင်ခဲ့သည်။ သို့သော် KIA ကချင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ SSPP/SSA ရှမ်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
တကယ်တမ်းအားဖြင့် ဆိုလျင် ၁၉၈၉ ခုနှစ်နောက်ပိုင်း ပြုလုပ်ထား ရှိခဲ့သော အပစ်ရပ်ထားရှိသော အခြေအနေမှ အရပ်သား အစိုးရဟုဆိုသည့် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ဆက်လက် လုပ်ကိုင်ပါက လွယ်ကူနိုင် သော်လည်း ၂၀၀၉ ခုနှစ်က နိုင်ငံရေးဆွေးနွေးပွဲများ မလုပ်မှီ BGF ဖွဲ့စည်းရေး အတွက် ဖိအားပေးခဲ့ခြင်း အင်အားသုံးခဲ့ခြင်း
တို့ကြောင့် နှစ်ဖက်ကြား ယုံကြည်မှု ပျက်ပြားခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခက်ခဲခဲ့ပေတော့သည်။
သို့နှင့် သမ္မတ ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် NCA အား အဖွဲ့ ၈ ဖွဲ့ရေးထိုးသည့် ရလဒ်တခု ပြသခဲ့ပြီး ၂၀၁၆ ဇန်နဝါရီလတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပသည် ဟူသည့် ဖော်ပြချက်ကို ပြသခဲ့သည်။ “တနိုင်ငံလုံး” အပစ်ရပ်ရေး ဟူသည့် NCA တွင် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အင်အား၏ ၂၀ ရာခိုင်နှုန်းခန့်သာ အပစ်ရပ်ရေး ဆွဲဆောင်နိုင်ခဲ့သည်။ ကျန်တိုင်းရင်းသား လက်နက်ကိုင် အင်အား ၁၃ ဖွဲ့၊ လက်နက်ကိုင်အင်အား ၈၀ ရာခိုင်နှုန်းသည် NCA ၏ ပြင်ပ၌ ကျန်နေရစ်ခဲ့သည်။
ကျန်ရစ်ခဲ့သည့် အကြောင်းမှာ KIA/SSPP အပါအဝင် UNFC အဖွဲ့ဝင် ၇ ဖွဲ့မှာ အားလုံး ပါဝင်ရေးမူကို ဆုပ်ကိုင်၍ NCA လက်မှတ်ထိုးခြင်း မပြုခဲ့ကြပေ။ TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့က NCA လက်မှတ်ထိုးခွင့် ပြုရန် အစိုးရက ငြင်းပယ်ခဲ့သည်။ UWSA နှင့် NDAA အဖွဲ့ ၂ ဖွဲ့ကတော့ ၎င်းတို့အနေနှင့် NCA လက်မှတ်ထိုးရန် မလိုအပ်ဟု ဆို၍ NCA လက်မှတ် မထိုးခဲ့ကြပေ။
သို့သော် ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အပြည့်အဝ အောင်မြင်မှု မရခဲ့သော်လည်း NCA နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုသည့် လုပ်ငန်းစဉ်အား ချမှတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်အခြေခံဥပဒေ အရ အခန်းကဏ္ဍ ကြီးမားသည့် တပ်မတော်က ဆက်လက်ဆုပ်ကိုင် သယ်ဆောင်ခဲ့သည်။
NLD အစိုးရနှင့် ငြိမ်းချမ်းရေး
NLD အစိုးသည်လည်း ငြိမ်းချမ်းရေး မရပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မရနိုင်ဟု ထုတ်ပြန်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အလေးထားကြောင်း ဖော်ပြခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အကောင်အထည်ဖော်မည့် ဗဟိုဌာနများ ကော်မတီများ ဖွဲ့စည်းခဲ့သည်။ အားလုံးပါဝင်ရေးကို ရှေ့ရှု ၍ NCA လက်မှတ်ထိုးသည့် အဖွဲ့များရော မထိုးသေးသည့် အဖွဲ့များရောပါသည့် ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပနိုင်ခဲ့သည်။ တိုင်းရင်းသားအဖွဲ့အသီးသီး နိုင်ငံရေးပါတီအသီးသီး၏ အမြင်သဘောထားများကို ပွင့်လင်းစွာ ဖော်ပြခွင့် ပြုခဲ့သည်။
သို့သော် အဆိုပါ ၂၁ ရာစုပင်လုံညီလာခံ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA ထီးရိပ်အောက်တွင် ဆက်လက် လုပ်ဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့သည်။ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်ဖော် ဆောင်ခဲ့ပြီး တပ်မတော်က ဆုပ်ကိုင်ထားသည့် NCA အား တရားဝင် အသိအမှတ်ပြုလိုက်ကြောင်း NLD အစိုးရသစ်က ကြေညာ လိုက်ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် NCA လက်မှတ်ထိုးစဉ်ကာလက တက်ရောက်ခြင်းမပြု ခဲ့သော်လည်း
ယခု အစိုးရဖြစ်ပြီးနောက် သဘောထားပြောင်းလဲ ဖော်ပြလိုက်ခြင်း ဖြစ်သည်။
NCA လက်မှတ်ထိုးမှသာ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆက်လက် ပါဝင်ခွင့်ရမည် ဖြစ်ရာ ပထမအကြိမ် ၂၁ ရာစုပင်လုံ အပြီးတွင် NCA သည် ရှေ့တန်းရောက်သည့် ပြဿနာ ဖြစ်လာသည်။ လက်တွေ့တွင် ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အပြီးတွင် NCA လက်မှတ် မထိုးသေးသည့် ၇ ဖွဲ့ ပါဝင်သည့် UNFC ၇ ဖွဲ့နှင့် ဆွေးနွေးခဲ့သော်လည်း NCA လက်မှတ် ထိုးရေးနှင့် ပတ်သက်ပြီး UNFC (DPN) က တင်ပြသည့် အချက် ၈ ချက်နှင့် ပတ်သက်၍ မည်သည့် သဘောတူညီမှုမျှ ယခုတိုင် မရသေးပေ။ UNFC ၏ DPN နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ ဆွေးနွေးပွဲ အခြေအနေများအရ အစိုးရနှင့် တပ်မတော်ဘက်မှ အဆိုပါ NCA အား ပြင်ဆင်ဖြည့်စွက်ရန် လိုလားပုံ မရပေ။ ထိုကြောင့် သဘောတူညီချက် ရရှိရန် နီးစပ်မှု မတွေ့ရပေ။
ထို့ပြင် UWSA နှင့် NDAA တို့က သူတို့ အနေနှင့် NCA လက်မှတ်ထိုးရန် မလိုဆိုသည့် ရပ်တည်ချက်နှင့် ပတ်သက်၍ လည်းကောင်း၊ MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့အား NCA တွင် ပါဝင်ခွင့် မပြု သည့်ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း တိကျသည့် ဆုံးဖြတ်ချက်တရပ် မတွေ့ရသေးပေ။ ထို့ပြင် UWSA / NDAA တို့နှင့် တိကျသည့် ရလဒ်တခု ထွက်အောင် ဆွေးနွေးသည်ကိုလည်း မတွေ့ရသေးပေ။ ထို့ပြင် UWSA နှင့် NDAA တို့က၎င်း UNFC က ယင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် အားလုံး ပါဝင်ရေး၊ တိကျစွာ ပြောရလျင် MNDAA ကိုးကန့် TNLA တအန်းပလောင် AA ရခိုင်အဖွဲ့ ၃ ဖွဲ့ပါဝင်ရေးကို ရပ်ခံထားကြရာ လိပ်ခဲတင်းတင်း အခြေအနေဟု ဆိုရပေမည်။ လက်ရှိ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွေ့ကျသော ခြေလှမ်းများ လိုအပ်နေသည်ဟု ဆိုရပါမည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လက်ငင်းအခြေအနေ
နိုင်ငံရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်နိုင်ရန် NCA လက်မှတ်ထိုး ရန်လိုအပ်သည်ဟု ဆိုသဖြင့် လတ်တလော နိုင်ငံရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အများစု မပါဝင်နိုင်သေးပေ။ ထို့ကြောင့်လည်း
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုသည်များမှာလည်း တနိုင်ငံလုံး အတိုင်းအတာအရ လည်းကောင်း၊ ပြည်နယ်အားလုံးတွင် လည်းကောင်း၊ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ လောလောဆယ် အခြေအနေအရ အမျိုးသား
အဆင့် ဆွေးနွေးပွဲများကို ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတွင် ပြုလုပ်မည်ဟု ဆိုထားသော်လည်း ယခုတိုင်တော့ မစတင်နိုင်သေးပေ။
ထိုပြည်နယ်နှင့် တိုင်းဒေသ ၂ ခုတွင် စတင်နိုင်သော်လည်း ပြည်နယ်အားလုံးတွင် ဆောင်ရွက်နိုင်ခြင်း မရှိပါက တနိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် တိုင်းရင်းသားလူမျိုးတိုင်း သဘောတူသည့် ဘုံသဘောတူညီချက် အချို့ကိုပင် လာမည့် ၂၀၁၇ ဖေဖဝါရီတွင် ကျင်းပမည့် ဒုတိယအကြိမ် ပင်လုံညီလာခံတွင် ရရှိနိုင်ရန် အလှမ်းဝေးဆဲ ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနိုင်မှုကို မြင်တွေ့နေရတော့သည်။
ခေတ်အဆက်ဆက် အစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အခြေခံသည် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန် ဖြစ်သည်။ ဤရည်မှန်းချက် ပေါက်မြောက်ရန် နည်းနာအမျိုးမျိုး ပုံစံအမျိုးမျိုးကို ထုတ်ဖော် သုံးစွဲခဲ့ကြသည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အဖို့သည်လည်း လက်နက်စွန့်လိုက်ပါက လက်မဲ့ဖြစ်ကာ တိုင်းရင်းသားတို့ အတွက် မည်သည့် အခွင့်အရေးမှ မရဘဲ လက်နက်နှင့် အာဏာရှိသူများ၏ ပြုသမျှ နုရမည့် အဖြစ် ရောက်ရမည်ကို စိုးရွံ့ကြသည်သာ ဖြစ်သည်။ ထိုပဋိပက္ခကို ဖြေရှင်းနိုင်ရန် ယနေ့တိုင် ခက်ခဲနေဆဲဖြစ်သည်။
နှစ် ၇၀ ငြိမ်းချမ်းရေး
တကယ်တမ်းဆိုရင် ဗမာပြည်လွတ်လပ်ရေး မရမီ သူပုန်ထခဲ့သော အလံနီတို့၏ ပုန်ကန်မှုကို ထည့်တွက်လျင် ပြည်တွင်းစစ် သည် ၂၀၁၇ ခုနှစ်တွင် အနှစ် ၇၀ ပြည့်တော့မည် ဖြစ်သည်။ ပြည်တွင်းစစ်နှင့်အတူ ငြိမ်းချမ်းရေး ဆိုသည် အတွက် လုံးပမ်းခဲ့ ကြသည်မှာလည်း အနှစ် ၇၀ ပြည့်ပေတော့မည်။
ယခုတိုင် အဖြေ မပေါ်နိုင်သေးသော အရှည်ကြာဆုံး ငြိမ်းချမ်းရေးဖြစ်စဉ်ဟု ဆိုရမည်။ အဖြေ မရနိုင်သည်မှာ အဘယ်ကြောင့်ပါနည်း။
လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်နေသူ အားလုံးကို ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ရေးသည် သော့ချက် ဖြစ်ပေလိမ့်မည်။ အပြုတ်တိုက်ရေး လမ်းစဉ်ကို ဆက်လက် ကိုင်စွဲထားကြမည် ဆိုပါက ငြိမ်းချမ်းရေးသည် ရှည်ကြာသထက် ရှည်ကြာ၍သာ နေပေဦးမည် ဟု သုံးသပ်ရပေသည်။