“လူမျိုးတုံး သတ်ဖြတ်ခြင်း (Genocide)” ဆိုသည့် စကားလုံးကို ပိုလန်နိုင်ငံသား ဂျူးလူမျိုး ရှေ့နေ Raphael Lemkin က ၁၉၄၃ ခုနှစ်မှာ စတင်တီထွင် သုံးစွဲခဲ့ပြီး လူမျိုး သို့မဟုတ် လူမျိုးနွယ်စု ဟု အဓိပ္ပာယ်ရသည့် ဂရိ စကား “genos” (race or tribe) နှင့် သတ်ဖြတ်ခြင်း ဟု အဓိပ္ပာယ်ရသည့် လက်တင်စကား “cide” (to kill) ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
၁၉၄၈ ခုနှစ်က ကုလသမဂ္ဂ၏ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးဟန့်တားရေးနှင့် ပြစ်မှုပြစ်ဒဏ်ချမှတ်ရေး ညီလာခံ (Convention on the Prevention and Punishment of the Crime of Genocide – CPPCG) မှ – “နိုင်ငံဒေသ တခု အတွင်း ဖြစ်စေ၊ တိုင်းရင်းသား မျိုးနွယ်စု အတွင်း ဖြစ်စေ၊ လူမျိုးနွယ်စုကြီး တခု အတွင်း ဖြစ်စေ သို့မဟုတ် ဘာသာရေး အုပ်စု အတွင်း ဖြစ်စေ အလုံးစုံသော် လည်းကောင်း၊ တစိတ်တပိုင်းသော် လည်းကောင်း ပျက်စီးစေရန် ရည်ရွယ် လုပ်ဆောင်သည့် အပြုအမူသည် မျိုးတုံးသတ်ဖြတ်မှု ဖြစ်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။
ယင်း အဓိပ္ပာယ်ဖွင့်ဆိုမှုတွင် အခြားအုပ်စုတခုမှ အဖွဲ့ဝင်များကို ကိုယ်ထိလက်ရောက် သတ်ဖြတ်ခြင်း၊ စိတ်ပိုင်း ဖြစ်စေ ရုပ်ပိုင်းဖြစ်စေ အန္တရာယ်ဖြစ်စေသည့် အပြုအမူ ပြုလုပ်ခြင်း၊ ဘဝပျက်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း၊ ဒေသတွင်း မနေနိုင်အောင် နှင်ထုတ်ခြင်းနှင့် အခြား နည်းများလည်း ပါဝင်ပါသည်။
အဆိုပါ သဘောတူညီချက်ကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၃၀ က ၁၉၅၁ ခုနှစ်တွင် ပါဝင် အတည်ပြု လက်မှတ် ရေးထိုးခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံက ၁၉၅၀ ခုနှစ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့သော်လည်း ၁၉၇၅ မှ ၁၉၇၉ ခုနှစ်၊ ခမာအစိုးရ လက်ထက်အတွင်း လူဦးရေ ၁ ဒသမ ၇ သန်းထက် မနည်း သတ်ဖြတ်ခံခဲ့ရသည်။
၁၉၉၂ ခုနှစ်တွင် ယူဂိုဆလားဗီးယားမှ ခွဲထွက်ကြောင်း ဘော့ဆနီးယားတို့ ကြေညာခဲ့ရာ ဘော့ဆနီးယား ဆာဗ်ခေါင်းဆောင် တို့က ဘော့စနစ်များ (ဘော့စနီးယန်း မွတ်စလင်များ) နှင့် ခရိုအေးရှားတို့ကို ပစ်မှတ်ထားကာ သတ်ဖြတ်မှုများ ရှိခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် လူပေါင်း ၁၀၀၀၀၀ ထက်မနည်း သေဆုံးခဲ့သည်။
၁၉၉၄ ခု ဧပြီကနေ ဇူလိုင် လလယ် အတွင်း အာဖရိကတိုက်ရှိ ဟူတူအများစု ရှိသော ရဝမ်ဒါနိုင်ငံတွင် လူနည်းစု တူဆီလူမျိုးစု အပေါ် ကျူးလွန်သတ်ဖြတ်မှုများကြောင့် လူ ၅ သိန်းမှ ၈ သိန်း အထိ သေဆုံးခဲ့ရသည်။
ကမ္ဘာပေါ်တွင် ၁၉၃၉ မှ ၂၀၁၄ ခုနှစ်အတွင်း လူမျိုးတုံး သတ်ဖြတ်မှု အကြိမ်ပေါင်း ၂၂ ကြိမ်ရှိခဲ့ပြီး လူ့အသက်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြောင်း လေ့လာချက်မှတ်တမ်းများအရ သိရသည်။