ဆောင်းပါး

မြန်မာတွေ အင်တာနက်ကို ဗြုန်းခနဲ သုံးလို့ရတဲ့အခါ

အင်တာနက်သည် ဒေါ်နယ်ထရန့်ကို မြန်မာနိုင်ငံသို့ ဆောင်ယူလာပေးသည်။ သို့မဟုတ် အယုတ်စွဆုံး ဆိုရသော် သျှားရဝေ အတွက် ရီပတ်ဗလစ်ကန်သမ္မတ အဖြစ် အရွေးခံထားသူကို ပထမဆုံး ကြားသိရသည်ဟု မှတ်မိသော နေရာမှာ အင်တာနက်ပင် ဖြစ်သည်။

“မနေ့က သူ့ကို ဘယ်သူမှ မသိဘူး၊ နောက်တရက်ကျ လူတိုင်းက သူ့ကို သိနေကြပြီ။ အဲဒါ အင်တာနက်ပဲ။ ကြောင်တောင်တောင်တွေ ပြောပြီး နာမယ်ကြီးအောင် လုပ်တဲ့ လူတွေတော့ လိုတယ်လေ” ဟု ၁၉ နှစ် အရွယ် ကျောင်းသူ တဦးက ပြောသည်။

လူဦးရေသန်း ၅၀ ခန့်ရှိသော မကြာသေးမီကမှ ပြင်ပကမ္ဘာသို့ တခါးဖွင့်လာသည့် ဤနိုင်ငံမှ လူအများစုကဲ့သို့ပင် အင်တာနက်သည် သျှားရဝေ အတွက် အသစ်အဆန်း ဖြစ်သည်။ ယနေ့တွင်မူ သူမသည် ရည်ရွယ်ချက် အပြည့်ဖြင့် သူမ၏ ပထမဆုံး စမတ်ဖုန်းကို ဝယ်ရန် ရန်ကုန်မြို့လယ်ရှိ မိုဘိုင်းဖုန်းဆိုင် တခုအတွင်း လျှောက်ဝင်လာသည်။ ထိုဖုန်းမှာ သူမ၏ သူငယ်ချင်းများ အကြား ရေပန်းစားသည့် တရုတ်နိုင်ငံမှ ဟွာဝေးကုမ္ပဏီလုပ် ရိုရိုးစမတ်ဖုန်းသာ ဖြစ်သည်။ “ကျမ ဒီနေ့ဖုန်းဝယ်မယ်။ အင်တာနက်ဟာ ဘယ်လိုရူးသွပ်စေတယ် ဆိုတာ သိရတော့မယ် ထင်တယ်” ဟု သူမက ပြောသည်။

ဤသို့ ပြောခြင်းမှာ သူမသည် ယခင်က အင်တာနက် မသုံးဖူးသောကြောင့် မဟုတ်ပေ။ သူမသည် ချစ်သူဟောင်းများထံ သူငယ်ချင်း၏ ဖေ့စ်ဘုတ်မှ တဆင့်ချဉ်းကပ် ကြည့်ဖူးသည်။ လွန်ခဲ့သော တနှစ်ကမှ သူမ၏ ဦးလေးဖြစ်သူက တပတ်နွမ်း အဖြစ် ဝယ်ခဲ့သော ဟောင်းနွမ်းနေသည့် tablet မှ တဆင့် ထိုင်းပေါ့ဂီတ အဖွဲ့များကို တစေ့တစောင်း လေ့လာကြည့်ဖူးသည်။ သို့သော် သူမ၏ အင်တာနက် ထိုးဖောက်ဝင်ရောက်မှုမှာ တိုတောင်းပြီး အများအားဖြင့် သူမကိုသာ စိတ်ရှုပ်သွားစေခဲ့သည်။ အင်တာနက်သည် လူတိုင်းတွင် ပြောစရာစကား အများအပြား ရှိနေသော အများပြည်သူအတွက် နေရာတခု ဖြစ်နေစေကာမူ ဖရိုဖရဲ စကားကြီးစကားကျယ် ပြောကာ အပေါ်စီးဆန်ဆန် ဖြစ်နေသေးသည်။ မကြာသေးမီက သူနေထိုင်ခဲ့သည့်တိတ်ဆိတ်လုံခြုံသော ဘဝနှင့် ဆန့်ကျင်ဘက် ဝန်ရိုးစွန်းသဖွယ် ခံစားနေရသည်။

“ကျမအဖေက ချိန်ဆတိုင်းတာ နေတတ်သူ။ အပြောအဆိုက အစ ဂရုစိုက်တယ်။ ကျမတို့ကိုလည်း ဂရုတစိုက်သတိနဲ့ ပြောဆိုစေချင်တယ်” ဟု စိတ်လှုပ်ရှားမှုဖြင့် ခါးအထိရှည်သော သူမ၏ အနက်ရောင် ကေသာကို လက်ဖြင့်သပ်ရင်း ပြောသည်။ “ကျမက အမေ့လို ဟောဟောဒိုင်းဒိုင်းသမား။ စကားတွေ အများကြီးပြောတယ်။ ဒါပေမယ့် ကျမတို့ စကားတွေက အင်တာနက်မှာ တွေ့ရတာတွေနဲ့ လုံးဝ မတူဘူး” ဟုလည်း ဆိုသည်။

သူမအနေဖြင့် ဖုန်းကို ဘေးအန္တရာယ်ကင်းစွာ သုံးတတ်သည့် အရွယ်အထိ စောင့်ပြီးမှ ဖုန်းဝယ်စေလိုသည်မှာလည်း သူမ၏ ဖခင်သာ ဖြစ်သော်လည်း ထိုစကားကို သူမ သိပ် နားမလည်ခဲ့ပေ။ အွန်လိုင်းတွင် အသိတရားကင်းမဲ့ ရိုင်းစိုင်းသောပုံများ တင်သူတွေကို ရည်ညွှန်း ပြောနေသည်ဟုသာ ထင်မိသည်။ သို့မဟုတ် ဖခင်ဖြစ်သူသည် မြန်မာနိုင်ငံ၏ မွေးကင်းစ အင်တာနက်ကို ပိုမိုပစ်မှတ်ထားလာကြသော ငွေလိမ်တောင်းသူများကို ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။ အွန်လိုင်းတွင် မည်သို့ဘေးကင်းစွာနေရမည်၊ မည်သည်တို့ လုပ်ဆောင်ရမည်၊ မည်သည်တို့ကို ပြောရမည်၊ ရေးရမည်ကို မည်သူမျှ ပြောမပြ၍ သူမ သေသေချာချာတော့ မသိပေ။

သို့သော် ယခုဇူလိုင်လလယ်တွင်မူ သျှားရဝေသည် ရန်ကုန်မြို့ လယ်ရှိ လူပြည့်ကျပ်နေသော စတိုးဆိုင်မှ တိုးထွက်လာခဲ့ပြီး ဒဏ်ရာရ ငှက်တကောင်သဖွယ် ဖုန်းကို ကိုင်ကာ ထွက်လာသည်။ လက်ချောင်းများဖြင့် ဖုန်း၏ ထိပ်မှ ခလုပ်ကိုရှာကာ ပိတ်ထားမည် ပြုပြီးမှ တုန့်ဆိုင်းနေမိသည်။

“ငါ စောင့်သင့်သေးတယ်။ အိမ်ပြန်ရောက်တဲ့အထိ စောင့်သင့်သေးတယ်” ဟု ပြောရင်းသူမသည် ထိတ်လန့်နေ ကြောင်း သူမကိုယ်သူမ ဝန်ခံလိုက်သည်။

သူမတွင် ကြောက်ရမည့် အကြောင်းများလည်း ရှိသည်။ မြန်မာနိုင်ငံသည် မည်သည့် ပုံစံဖြင့် သဘောထားကွဲလွဲမှု မဆိုနှင့် အကန့်အသတ်ဖြင့် လွတ်လပ်စွာ ပြောဆိုခြင်းကိုပင် ဖိနှိပ်သော စစ်အာဏာရှင်စနစ် အောက်တွင် ဆယ်စုနှစ် ၅ စုကျော် ကျရောက်ခဲ့သည်။ ထိုဖိနှိပ်မှုများကြောင့် အမေရိကန်နှင့် ဥရောပတို့၏ အရေးယူပိတ်ဆို့မှုများ ခံရပြီး ပြင်ပကမ္ဘာနှင့် အကြီးအကျယ် အဆက်ပြတ်သွားသည်။ စစ်အစိုးရကို တရားဝင် ဖျက်သိမ်းပြီး အမည်ခံ အရပ်သား အစိုးရကို ထူထောင်သော ၂၀၁၁ ခုနှစ်တွင် ထိုအခြေအနေမှာ ပြောင်းလဲသွားသည်။ စစ်တပ်၏ ထိန်းချုပ်မှု ဖြေလျှော့ အပြီး ပထမဆုံး ရွေးကောက်ပွဲ ကျင်းပသော ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်မှ မဲဖြင့် အာဏာအပ်နှင်းခံရသည်။ ဗုဒ္ဓဘာသာ အများစုရှိသော မြန်မာနိုင်ငံတွင် ထိုမှ စသော အပြောင်း အလဲများတွင် သာမာန်ပြည်သူများ လက်သို့ အင်တာနက် ရုတ်တရက် ရောက်ရှိသည်လောက် လျှင်မြန်ကြီးမားသော အပြောင်းအလဲ မရှိသလောက်ပင် ဖြစ်သည်။ ၎င်းသည် ပြည်သူများတဦးနှင့် တဦးထိတွေ့ဆက်ဆံသော ပုံစံမှ သတင်း လက်ခံရရှိသော ပုံစံအထိ အရာရာကို တော်လှန်ပြောင်းလဲ ပစ်လိုက်သည်။ တချိန်ကမူ လွန်စွာ တင်းကျပ်သော နိုင်ငံ ပိုင်မီဒီယာမှ ကန့်သတ်ထားသော သတင်းများသာ ရနိုင်သည်။

“လူတွေက ဖေ့စ်ဘုတ်မှာ တွေ့တဲ့ သာမန်သတင်းတွေ အကြောင်း သိပ်မပြောကြဘူး။ သူတို့က ဖေ့စ်ဘုတ်က ကြောင်တောင်တောင်ကိစ္စတွေပဲ ပြောကြတယ်။ ထရန့်ကို ကျမ မသိခဲ့ပါဘူး။ နောက်တော့ လူတိုင်းက သူ့အကြောင်းပဲ ပြောနေကြတယ်” ဟု သူမက ဆက်ပြောသည်။

ယနေ့ခေတ်တွင်မူ အွန်လိုင်း သတင်းဆိုက်များ လွန်စွာ ရေပန်းစားလာ သောကြောင့် ပုံနှိပ်မဂ္ဂဇင်းများသည် ဖေ့စ်ဘုတ်နှင့် အင်တာနက်ဟု ခေါ်သော အွန်လိုင်းတွင် ၎င်းတို့ တွေ့ရှိသော သတင်းများကို အင်တာနက်တော်လှန်ရေးတွင် မပါဝင်သေးသော နောက်ကျ ကျန်ရစ်သူများအတွက် ပြန်လည်ဖော်ပြလာကြသည်။ ၎င်းတို့ အများအပြားသည် အဓိပ္ပာယ် ဝေဝါးသော အချက်အလက်များနှင့် ပြည့်နေသည့် ဖေ့စ်ဘုတ်စာမျက်နှာမှ ကူးယူထားသော စိတ်ခံစားမှု အလေးပေးသည့် လိင်အသားပေး ဇာတ်လမ်းများကို ဖော်ပြကြသည်။ အစားအစာ အပူ စားသုံးနေစဉ် ရေခဲရေသောက်ပါက သင်ဗိုက်နာလိမ့်မည်၊ အိန်ဂျလီနာဂျိုလီသည် မြန်မာကလေးငယ်တဦးကို တိတ်တဆိတ် မွေးစားထားပြီး ထိုကလေးမှာ ကိုယ်လက်အင်္ဂါချို့ယွင်းနေသောကြောင့် အခန်းထဲတွင်သာ ပိတ်ထားခံရသည်၊ ထိုင်းအစိုးရဝန်ကြီးတဦးသည် ဂျွမ်းဘားမယ်တယောက်နှင့် လျှို့ဝှက်ချိန်းတွေ့နေသည်၊ ထိုကဲ့သို့သော အတင်းအဖျင်းများ ဖြစ်သည်။

ထိုဇာတ်လမ်းများသည် အန္တရာယ် မရှိလှပေ။ သို့သော် မွတ်စလင်လူအုပ်ကြီးများက ဗုဒ္ဓဘာသာဝင်တို့၏ နေရာများကို တိုက်ခိုက်သည် ဟူသော သတင်းအတုများဖြင့် တိုင်းပြည်၏ လူနည်းစုမွတ်စလင် အသိုင်းအဝိုင်းကို မကောင်းဆိုးရွား သဖွယ် သရုပ်ဖော်သော ဆောင်းပါးများလည်း တိုးပွားလာသည်။ ဤဆောင်းပါးများကို အလျင်အမြန် ဖြန့်ချိကြပြီး လူမှုကွန်ရက်တွင် ကျယ်ပြန့်လာစေကာ ဒေသခံမွတ်စလင်များကို တိုက်ခိုက် ဆန့်ကျင်မှုများ ကြီးထွား လာခြင်းနှင့် အပြန်အလှန် ဆက်စပ်စေသည်။

မြန်မာနိုင်ငံ၏ လူမျိုးစုမွတ်စလင် အသိုင်းအဝိုင်းအပေါ် အကြမ်းတိုက်ခိုက်မှုများသည် နိုင်ငံကို ဆယ်စုနှစ်များစွာ ဒုက္ခပေးနေသည်။ ဖေ့စ်ဘုတ်ကဲ့သို့သော အွန်လိုင်းစင်မြင့်၏ ရုတ်တရက် လွတ်လပ်မှုကိုသုံးကာ မွတ်စလင်ဆန့်ကျင်ရေး အစွန်းရောက် ဗုဒ္ဓဘာသာ အုပ်စုများ ကဲ့သို့သော တချိန်က နိုင်ငံရေးရှုခင်း၏ အစွန်အဖျား ရောက်နေကြသော အုပ်စုများသည် နိုင်ငံတဝှန်းမှ ထောက်ခံသူ များကို ရုတ်တရက်တွေ့ရှိသွားကြသည်။ ထိုမျှပင်မကသည်မှာ ထိုထောက်ခံသူများသည် ပို၍ အစွန်းရောက်သော အမေရိကန်အုပ်စု ဖြစ်သည့် ဒေါ်နယ်ထရန်ကို ထောက်ခံသည့် Ku Klux Klan ကဲ့သို့သော ကမ္ဘာတဝှန်းမှ အစွန်းရောက် လှုပ်ရှားမှုများတွင် သွေးစည်းညီညွတ်မှုကို တွေ့သွားကြသည်။

အခြေကျပြီးဖြစ်သော မီဒီယာများရှိသည့် အမေရိကန် ရွေးကောက်ပွဲအတွင်း သတင်းတုများက ပြည်သူတို့၏ စိတ်ကို သြဇာလွှမ်းမိုးနိုင်ခဲ့သည်ဟု ဆိုလျှင် မကြာသေးမီကမှ စစ်တပ်ချုပ်ကိုင်မှုက လွတ်မြောက်သည့် မွေးကင်းစ မီဒီယာနှင့် မြန်မာနိုင်ငံတွင် မည်သို့ ဖြစ်မည်နည်း။

“လူတွေက ဖေ့စ်ဘုတ်မှာ တွေ့တဲ့ သာမန်သတင်းတွေ အကြောင်း သိပ်မပြောကြဘူး။ သူတို့က ဖေ့စ်ဘုတ်က ကြောင်တောင်တောင် ကိစ္စတွေပဲ ပြောကြတယ်။ ထရန့်ကို ကျမ မသိခဲ့ပါဘူး။ နောက်တော့ လူတိုင်းက သူ့ အကြောင်းပဲ ပြောနေကြတယ်” ဟု သျှားရဝေက ပြောသည်။ ထရန့်သည် မွတ်စလင်များကို ပိတ်ပင်မည် ဖြစ်ပြီး ထိုကိစ္စမှာ ကောင်းသည်ဟု ပြောကာ သူမသည်လည်း သူမ၏ လူလတ်တန်းစား မြို့စွန်ရပ်ကွက်မှ မွတ်စလင်မိသားစု တစုကို မောင်းထုတ်ရမည် ဟု ပြောသော သူငယ်ချင်းတဦးနှင့် ရန်ဖြစ်ခဲ့ဖူးသည်ကို သတိရနေသည်။ သူငယ်ချင်းက “ဒါကောင်းတယ်။ အမေရိကလို ဒီမှာလည်း လုပ်ရမယ်။ မွတ်စလင် အလိုမရှိဘူး လို့ ပြောတယ်” ဟု သူမက ဆိုသည်။

သူမ၏ သူငယ်ချင်းမှာ မြန်မာ အများအပြားကဲ့သို့ပင် အွန်လိုင်းတက်သည်၊ အစွန်းရောက်အမြင်များကို တွေ့သည်၊ ထိုနောက် ၎င်းတို့ကို သူ၏ ပြည်တွင်းနိုင်ငံရေး ဂေဟစနစ်တွင် သူ၏ အမြင်ကို ထပ်မံအတည်ပြုသည်။ ယနေ့ခေတ် အင်တာနက်မှာ ထိုကဲ့သို့သော ကိစ္စများကို မျှဝေရန် တည်ဆောက်ထားခြင်း ဖြစ်သည်။ တခါတရံတွင် အကျယ်လောင်ဆုံး အသံဖြစ်နေတတ်ပြီး အဆန်းကျယ်ဆုံး ဇာတ်လမ်းများကို တင်ဆက်ကာ သတင်းမှန် ဖြစ်စေ သတင်းတု ဖြစ်စေ News Feed ၏ ထိပ်ဆုံးတွင် ရှိနေတတ်သည်။

မကြာသေးမီက ရွေးကောက်ပွဲတွင် သတင်းတုများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုတွင် ဆွေးနွေးငြင်းခုန်မှုများ ရှိသော်လည်း ဖေ့စ်ဘုတ်ကမူ ၎င်းသည် ကြီးမားသော အခန်းမှ မပါခဲ့ဟု ငြင်းဆိုသည်။ ကနဦးတွင် မာ့ခ်ဇူကာဘတ်က သတင်းတုများသည် ရွေးကောက်ပွဲအပေါ် ကြီးမားစွာ သက်ရောက်သည် ဟူသော အချက်မှာ လွန်စွာ မဖြစ်နိုင်ဟု ငြင်းဆိုသော်လည်း နောက်ပိုင်းတွင် ထိုကိစ္စကို အလေးအနက်ထားသည် ဟု ပြောသည်။ BuzzFeed News နှင့် စကားပြောခဲ့သော ဖေ့စ်ဘုတ်ဝန်ထမ်းတဦးကမူ ဖေ့စ်ဘုတ်တွင် တင်သောအကြောင်းအရာများကို ယုံကြည်လောက်သော သတင်းရင်းမြစ်များမှ ဖြစ်လျှင် “အတည်ပြုပြီး” ဟု အမှတ်အသား ပြုသင့်သည်ဟု အကြံပြုသည်။

မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်၏ သြဇာလွမ်းမိုးမှုကို တွက်ချက်ရန် ခက်ခဲသော်လည်း ၎င်း၏ လွှမ်းမိုးမှုမှာ ကြီးမားလှသဖြင့် မြန်မာနိုင်ငံသူများသည် ဖေ့စ်ဘုတ်နှင့် အင်တာနက်ဟူသော စကားလုံးများကို တူညီသည်ဟု သဘောထား သုံးစွဲကြသည်။ ရန်ကုန်အခြေစိုက် ဈေးကွက်မြှင့်တင်ရေး ကုမ္ပဏီ အမရာဒစ်ဂျစ်တယ်၏ အဆိုအရ ဖေ့စ်ဘုတ်သည် ယခင်နှစ်ကထက် သုံးစွဲသူ ၂ ဆတိုးပြီး သုံးစွဲသူ လစဉ် ၉ ဒသမ ၇ သန်း ရှိသည်၊ ထိုပမာဏမှာ ဖေ့စ်ဘုတ်က ၎င်း၏ အခမဲ့ အခြေခံအစီအစဉ်နှင့် ချောမွေ့အောင် ဆောင်ရွက်ထားသော အခြားအစီအစဉ်များ စတင်ပြီးနောက် ပိုမို များပြားလာဖွယ် ရှိသည်။

ဖေ့စ်ဘုတ်သည် ပြောလိုရာပြော၊ တင်ချင်ရာ တင်ဖို့ဖြစ်သည် ဟူသော စိတ်ကူးဖြစ်စေသည် ဟု သျှားရဝေက ပြောသည်။

အစွန်းရောက် ဘုန်းကြီးများမှ နိုင်ငံရေးကာတွန်းဆရာများ အထိ ထိုအတိုင်းလည်း ဖြစ်နေသည်။ ဒါဇင်နှင့်ချီသော သူများမှာ ၎င်းတို့ဖေ့စ်ဘုတ်တွင် ရေးသားမှုများ အတွက် ထောင်ချခံရသည်။ သို့သော် လူ့အခွင့်အရေးအဖွဲ့များကမူ အချို့ဖြစ်ရပ်များမှာ၊ အထူးသဖြင့် တရားဥပဒေစနစ် အနီးကပ်ကြီးကြပ်မှု လျော့ရဲသော မြို့ကြီးများ၏ ပြင်ပမှ ဖြစ်ရပ်များမှာ၊ သတင်းဖော်ပြခံရခြင်း မရှိ၍ ဖမ်းဆီးခံရသူ ရေအတွက်ကို အတိအကျပြောရန် ခက်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ လူအများအပြား အတွက် အင်တာနက်နှင့် ဖေ့စ်ဘုတ်သည် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် အမေရိကန် တန်ဖိုးများ ယူဆောင်လာပေးသည်။ သို့သော် စစ်တပ်ထိန်းချုပ်မှု အောက်မှ လွတ်မြောက်ရန် စမ်းတဝါးဝါး ဖြစ်နေသော အစိုးရအောက်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို စမ်းသပ်ပါက မည်သို့မည်ပုံ ဖြစ်မည်ကို ၎င်းတို့ကို ပြောမည့်သူ မရှိပေ။ အင်တာနက်ကို မည်သို့ ဘေးကင်းစွာ သုံးရမည်ကို ၎င်းတို့ကို သင်ကြားပေးရန်မှာ ဖေ့စ်ဘုတ်၏ တာဝန်ဖြစ်ပါသလား၊ ၎င်းတို့အစိုးရ၏ တာဝန်ဖြစ်ပါသလား။ ၎င်းတို့ အွန်လိုင်းတွင် ရေးသားသော ကိစ္စများကို ဖေ့စ်ဘုတ်က အကာအကွယ် ပေးမည်လား။  ရွေးကောက်ပွဲ အတွင်း ထရန့်အပါအဝင် အမေရိကန်အများစုသည် သတင်းတုများ၏ သားကောင် ဖြစ်ရသည်ကို ကြည့်လျှင် မြန်မာပြည်သူများသည် မည်သည်က သတင်းတု၊ မည်သည်က သတင်းအစစ် ဖြစ်သည်ကို မည်သို့ ခွဲခြားသိမည်နည်း။

ဖုန်းဆိုင်နှင့် ကပ်လျက်ဆိုင်က ဖုန်းဖွင့်ပြီး ဖုန်းအော်ပရေတာ ကုမ္ပဏီ MTN ၏ နံပါတ်တခုသို့ မခေါ်လျှင် ဆင်းကဒ်ကို အသက်သွင်းပေး၍ မရဟု ပြောသဖြင့် နောက်ဆုံးတွင် သျှားရဝေသည် ဖုန်းကို ဖွင့်ထားလိုက်သည်။ ဆိုင်မှ ထွက်လာစဉ်တွင်လည်း ဖေ့စ်ဘုတ်နှင့် အခြားအပလီကေးရှင်များ ပိတ်ထားစေကာမူ သျှားရဝေသည် ဖုန်းကို ဖွင့်ထားသည်။ “ငါ ဖေ့စ်ဘုတ်သုံးမယ်၊ သုံးရမယ်၊ ဒါဟာ ကမ္ဘာတခုပဲ” ဟု သူမကိုယ်သူမ ပြောသည်။

အင်တာနက်ကို အိပ်ကပ်ထဲ ထည့်ထားသောဘဝနှင့် အကျွမ်းတဝင် ရှိစေရန် လာမည့်ရက် သတ္တပတ် အနည်းငယ်မျှ အဆက်အသွယ် မပြတ်ရန်လည်း သူမက သဘောတူသည်။

၂၀၁၁ ခုနှစ်ကမူ မိုဘိုင်းဖုန်းဆင်းကဒ် တခုလျှင် ဒေါ်လာ ၃၀၀၀ အထက် ကုန်ကျနိုင်ပြီး အစိုးရ အထက်ပိုင်းနှင့် အဆက်အသွယ် ရှိမှသာ ရနိုင်သည်။ အင်တာနက်ကဖေးလည်း အနည်းငယ်သာ ရှိပြီး အများစုမှာ မြို့တော်တွင်သာ ဖြစ်ကာ သာမာန်လူများ အတွက် ဈေးကြီးလှသည်။ နိုင်ငံလူဦးရေ၏ သုည ဒသမ ၂ ရာခိုင်နှုန်းသာ အင်တာနက် သုံးနိုင်သည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အဆိုအရ သိရသည်။

စစ်အုပ်ချုပ်ရေး လျှော့ချပြီးပြီးချင်း နှစ်များတွင် အင်တာနက် သုံးစွဲမှု တဖြည်းဖြည်း တိုးမြင့်လာသည်။ လက်တော့ ကွန်ပျူတာ ရှားပြီး ဒက်စတော့ ကွန်ပျူတာမှာ ပို၍ရှားသည်။ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများကို တခါးဖွင့်ပေးသော၂၀၁၄ ခုနှစ်အထိ ဆက်သွယ်ရေး ရေအလျဉ် တံခါးမှာ ပွင့်မလာသေးပေ။ ထိုနောက် ရုတ်တရက် နေရာတကာတွင် ဖုန်းတိုင်ကြီးများ ရုတ်တရက်ပေါ်ပေါက်လာသည်။

“၂၀၁၁ ခုနှစ်က ကျမတို့ ဖုန်းသုံးစွဲသူ ထောင်ဂဏန်းလောက်ပဲ ရှိခဲ့တာကနေ အခု လူဦးရေ သန်း ၅၀ ကျော်မှာ ဖုန်း သုံးစွဲသူ ၃၅ သန်း အထိရှိလာပြီ” ဟု Ericsson ဆက်သွယ်ရေးကုမ္ပဏီ၏ ရေရှည်ဖွံ့ဖြိုးမှုနှင့် စီးပွားရေးလုပ်ငန်းများ၏ လူမှုတာဝန်ဆိုင်ရာ ဒုဥက္ကဌ Elaine Weidman-Grunewald က ပြောသည်။ ကျေးလက်ဒေသမှ ကျောင်းသား ၂၂၀၀၀ ခန့်ရှိပြီး၊ ကျောင်း ၃၁ ကျောင်းတွင် အင်တာနက်တပ်ဆင်ပြီး တက်ဗလက်ကွန်ပျူတာများ ပေးရန် Erisson က ဆောင်ရွက်နေသော စီမံကိန်းကို စစ်ဆေးရန် သူမသည် လွန်ခဲ့သောလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်” မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးစွဲမှုက မယုံနိုင်လောက်အောင် ဖြစ်နေတယ်။ ဒီနှစ်ပထမ ၆ လထဲမှာ မြန်မာနိုင်ငံက မိုဘိုင်းဖုန်း လိုင်းသစ်သုံးစွဲမှုက ကမ္ဘာမှာ အမြင့်ဆုံး ၃ နိုင်ထဲမှာ ပါတယ်” ဟု သူမက ပြောသည်။

ယခု မြန်မာနိုင်ငံတွင်လူ ၂၀ ရာခိုင်နှုန်း အင်တာနက် သုံးစွဲနေကြပြီး အများစုမှာ လွန်ခဲ့သော ၂ နှစ်အတွင်းကမှ စတင် သုံးစွဲသူများ ဖြစ်သည် ဟုကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ နှိုင်းယှဉ်ကြည့်ပါက ၁၉၈၉ ခုနှစ် နှောင်းပိုင်းက အင်တာနက် ဝန်ဆောင်မှု စတင်ပေးသော အမေရိကန်သည် အွန်လိုင်းအသုံးပြုသူ၂၀ ရာခိုင်နှုန်းရောက်ရန် ၇ နှစ် ကြာခဲ့သည်။ ကမ္ဘာ့အင်တာနက် ဈေးကွက် ဖွံ့ဖြိုးမှုနှုန်း အမြန်ဆုံး နိုင်ငံတခု ဖြစ်သော အန္ဒိယတွင် အင်တာနက်သုံးစွဲမှု ၂၀၀၀ ခုနှစ်တွင် စတင်ပြီး ၂၀၁၅ ခုနှစ်လယ်မှာ လူဦးရေ၏၂၀ ရာခိုင်နှုန်း သုံးစွဲနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ အင်တာနက်နှင့် ကင်းကွာမှုမှာ လုံးဝဆိုးရွားလွန်း၊ ရှည်ကြာလွန်းပြီး ထိုနောက် တနိုင်ငံလုံးသို့ အင်တာနက် အလုံးစုံကို အလျင်အမြန်နှင့် စီစစ်မှုမရှိဘဲ ဖွင့်လှစ်ပေးလိုက်ခြင်းသည် ထူးခြားသည်ဟု Weidman-Grunewald က ပြောသည်။

ရုတ်တရက် တိုးတက်မှုသည် ရန်ကုန်မြို့လယ် ဆူးလေစေတီ၏ ရွှေရောင်ထီးချွန်အောက်မှ ဆိုင်များလောက် မည်သည့်နေရာတွင်မျှ ထင်ရှားခြင်းမရှိပေ။ စေတီတော်၏ အရိပ်အောက်မှ တခါက တံဆိပ်ခေါင်းနှင့် နာရီရောင်းသော ဆိုင်ခန်းများသည် ပျောက်ကွယ်ကုန်ပြီး ၎င်းတို့နေရာတွင် မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းဆိုင်များ အစားထိုးဝင်ရောက် လာသည်။

“ဒါ ဘယ်သူမဆို ဝယ်နေတဲ့ ပစ္စည်းပဲ” ဟု ၁၉ နှစ် အရွယ်အရောင်း ဝန်ထမ်း မိုင်သူသျှမ် ပြောသည်။ သူသည် လုံးဝ ပစ္စည်းတူ ရောင်းသော ဆိုင်များနှင့် စည်ကားနေသော လမ်းအတွင်း တိုးဝင်ရသည်ကို စိတ်အနှောက်အယှက် ဖြစ်ပုံမရပေ။ “ဖုန်းဝယ်တဲ့ သူတွေအများကြီးပဲ၊ လူတွေက ဝယ်ပြီးရင်း ဝယ်နေကြတာ” ဟု သူက ပြောသည်။

သုံးဒေါ်လာခန့်နှင့်  ညီမျှသောငွေဖြင့် မိုင်သူသျှမ်သည် သူ့ဖောက်သည် လိုချင်သော အမည်ဖြင့် အီးမေးလ်၊ ဖေ့စ်ဘုတ်ဖွင့်ပေးကာ သူတို့ကို လမ်းကြောင်းပေါ် တင်ပေးသည်။ သူ၏ ဖောက်သည်များသည် ၎င်းတို့၏ ကိုယ်ပိုင်အီးမေးလ်ကို ရွေးချယ်ကြလားဟု မေးသောအခါ မိုင်သူသျှမ်သည် စိတ်ရှုပ်သွားသည်။ “ဘယ်သူမှ မပြောကြဘူး။သူတို့ အီးမေးလ်ကိုဂရုမစိုက်ကြဘူး” ဟု ဆိုကာ အီးမေးလ်ဖွင့်ခြင်းသည် အခမဲ့ဖြစ်ပြီး လွယ်ကူကြောင်း မသိကြဟု ရှင်းပြသည်။ “ဘယ်သူမှ အီးမေးလ် မသုံးကြဘူး။ သူတို့မှာ ဖေ့စ်ဘုတ်ရှိတယ်” ဟုလည်း ဆိုသည်။

ဖေ့စ်ဘုတ်သို့ ဝင်ရန် အချက်အလက်များ မေ့သွားပါက သို့မဟုတ် ဖေ့စ်ဘုတ်မှ ထွက်သွားပြီးပါက သူတို့သည် ဖေ့စ်ဘုတ်အကောင့်သစ် လာဖွင့်ခိုင်းကြသည်။ မြန်မာနိုင်ငံတွင် BuzzFeed News က တွေ့ဆုံမေးမြန်းခဲ့သည့် လူဒါဇင်ပေါင်း များစွာတို့သည် ၎င်းတို့အား လုံးတွင် ဖေ့ဘတ်အကောင့် တခုမက ရှိသည်ဟု ပြောကြသည်။ အသုံးပြုသူများသည် ၎င်းတို့၏ အမည်ရင်းကို သုံးရမည်ဟူသော ဖေ့စ်ဘုတ်၏ မူဝါဒကို မည်သူမျှ မသိကြပေ။

သူမ၏ ဖုန်းကို ဝယ်ပြီး နှစ်ရက်အကြာတွင် သျှားရဝေက သူမသည် အကောင့်ဖွင့်ပြီး မိတ်ဆွေများ ရှာနေကြောင်း စာတိုတစောင် ပို့လိုက်သည် ။

“အခုလောလောဆယ် မိတ်ဆွေ ၁၂ ယောက်ပဲ ရှိသေးတယ်” ဟုဆိုကာ သူ့အကို၏ သူငယ်ချင်းက ထိုအကောင့်ကို ဖွင့်ပေးကြောင်း ပြောသည်။ သူမသည်လည်း ထိုအကောင့်သည် အီးမေးလ်လိပ်စာနှင့် ဆက်စပ်သည်ကို မသိပေ။ “လူတိုင်း အရမ်းမိုက်တယ်။ ကျမသူငယ်ချင်းက မန္တလေးအတူသွားတဲ့ ခရီးက ဓာတ်ပုံတွေ တင်ထားတယ်” ဟု သူမက ပြောသည်။

“ကျမ အရင်က ထင်ထားသလောက် မဆိုးပါဘူး” ဟုလည်း သူမက ပြောသည်။

တက္ကစီတစီးသည် လေဆိပ်သို့ သွားရာ ချောမွေ့သော လမ်းတွင် အမြန်မောင်းလာပြီး ပြင်ပတွင် ထိုးဆိတ်စားသောက် နေသော ကြက်များရှိသည့် တဲငယ်တခုရှေ့တွင် တုန်ခါရပ်တန့်သွားသည်။ သူ၏ ပြင်းထန်သော မွတ်စလင် ဆန့်ကျင်ရေး အယူအဆကြောင့် ဗမာဘင်လာဒင်အမည် ရရှိထားသူ အသျှင်ဝီရသူသည် သူသိသော သတင်းသမား တဦးနှင့် စကားပြောရန် ကားပြတင်းမှန်ကို ချရင်း ပြုံးနေသည်။ မွတ်စလင် ရိုဟင်ဂျာ လူနည်းစုကို ဖိနှိပ်ရန် တောင်းဆိုသော တရားများဟောခြင်းကြောင့် ထောင်ကျဖူးသော ဦးဝီရသူသည် အနားယူခရီးထွက်ရန် လေဆိပ်သို့ သွားနေခြင်း ဖြစ်သည်။ သို့သော်သူသည် သတင်းများတွင် သူ၏ အမည် တကြိမ်ထပ်မံပါဝင်စေလိုစိတ်ကို မချုပ်တည်းနိုင်ပေ။

တခါက အမျိုးဘာသာသာနာ စောင့်ရှောက်ရေးအဖွဲ့ဟု လူသိများပြီး နောင်တွင် ၉၆၉ လှုပ်ရှားမှုဟု ခေါ်သည့် အစွန်းရောက် သံဃာအဖွဲ့၏ အစိတ်အပိုင်းတရပ် အနေဖြင့် ဦးဝီရသူသည် ထင်ပေါ်ကျော်ကြား လာသည်။ ယနေ့တွင် ၎င်းတို့ကိုယ် ၎င်းတို့ အဖွဲ့၏ မြန်မာဘာသာ အတိုကောက်အတိုင်း မဘသဟု ခေါ်ကြသည်။ စစ်အုပ်ချုပ်ရေး အပြီးတွင် သံဃာတော်များသည် ဗုဒ္ဓဘာသာ အများစုရှိသော မြန်မာနိုင်ငံတွင် အများပြည်သူနှင့် သက်ဆိုင်သော အခန်းကဏ္ဍ များတွင် ပို၍ပို၍ ပါဝင်လာကြသည်။ ဦးဝီရသူနှင့် မဘသတို့က ၎င်းတို့သည် လူအုပ်လိုက်ရမ်းကား သတ်ဖြတ်မှုတွင် မပါဝင်ကြောင်း ငြင်းဆိုကြသည်။

ထိုလူအုပ်သည် ယနေ့အထိ မွတ်စလင် ၂၀၀ ကျော်ကို သတ်ဖြတ် ပြီး ၁၅၀၀၀၀ ကို နေရပ်စွန်ခွာ ထွက်ပြေးစေခဲ့ပြီးဖြစ်သည်။ မွတ်စလင်တို့သည် နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်း ရှိသည်။ မွတ်စလင်များကို ရက်စက်ကြမ်းကြုတ်သူဟု မဘသက အပြင်းအထန် ဝေဖန်ခြင်း၊ မွတ်စလင်များကို မြန်မာနိုင်ငံမှ မောင်းထုတ်လိုသူများက မကြာခဏ ပဲ့တင်ထပ်ကြသည် ကိုတော့ ငြင်းပယ် မရပေ။ ၎င်းတို့၏ မွတ်စလင်ဆန့်ကျင်ရေး ရပ်တည်မှုသည် ဖေ့စ်ဘုတ်မှတဆင့် ထောက်ခံမှု အများအပြား ရလာသည် ကိုတော့ ၎င်းတို့က ဝန်ခံကြသည်။

ထရန့်၏ အစိုးရကို အယူအဆပြင်းထန်သူများဖြင့် ဖွဲ့စည်းမည်ဟု သတင်းထွက်အပြီး ဦးဝီရသူက ထရန့်၏ အိမ်ဖြူတော်သည် အစ္စလာမ်အကြမ်းဖက် ဝါဒဆန့်ကျင်ရေး တိုက်ပွဲဖြစ်သည်ဟု ကြိုဆိုသော ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။

“အမေရိကန်နိုင်ငံသားများ ဂျီဟတ်မှ လွတ်မြောက်ကြပါစေ။ ကမ္ဘာမှာ သွေးထွက်သံယို ကင်းဝေးပါစေ” ဟု ဦးဝီရသူက သူ၏ လူသိရှင်ကြား ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။ ထိုကြေညာချက်မှာ ထရန့်၏ အောင်မြင်မှုကြောင့် အတင့်ရဲလာလာပုံ ရသောကမ္ဘာတဝှန်းမှ ထင်ရှားသူများထံမှ ထရန့်ရရှိသော ကြေညာချက် အများအပြားအနက်မှ တစောင်သာ ဖြစ်သည်။

ယင်းကြေညာချက်မှာ ဦးဝီရသူသည် သူ၏ ကမ္ဘာ့အမြင်အနေအထား အထောက်အပံ့ တောင့်တင်းစေရန် ဖေ့စ်ဘုတ် အသုံးပြု လုပ်ဆောင်ခဲ့သည့် ပထမဆုံးအကြိမ် မဟုတ်ပေ။ ၂၀၀၃ ခုနှစ် မွတ်စလင်သုတ်သင်ရေး လှုံ့ဆော်မှုများ ကြောင့် ထောင် ၇ နှစ်ကျကာ ၂၀၁၂ ဇန်နဝါရီလတွင် ထောင်မှ လွတ်ပြီးနောက် ဦးဝီရသူသည် ဖေ့စ်ဘုတ်စင်မြင့်ကို ချက်ချင်းသုံးခဲ့သည်။

“မြန်မာနိုင်ငံကို အင်တာနက်သာ ရောက်မလာခဲ့ရင် ကျုပ်ရဲ့အမြင်တွေ၊ ပြောချင်တာတွေကို အခုလောက် လူများများသိမှာ မဟုတ်ဘူး” ဟု ဦးဝီရသူက BuzzFeed News သို့ ပြောသည်။ ယခင်က စာအုပ်များ ရေသားပြီး တရားဟောခဲ့သော်လည်း အင်တာနက်သည် သူပြောချင်သော ကိစ္စကို ပျံ့နှံ့ရန် ပိုမိုမြန်ဆန်သော နည်းဖြစ်သည်ဟု ဆိုသည်။

သူ၏ ပထမဆုံးဖေ့စ်ဘုတ် အကောင့်မှာ သေးငယ်ပြီး ချက်ချင်းဆိုသလို ဖေ့စ်ဘုတ်ဝန်ဆောင်သူများက ၎င်းတို့၏ အသိုင်းအဝန်း စံနှုန်းများနှင့် မညီ၍ ဖျက်ချခဲ့သည်။ ဒုတိယအကောင့်တွင် မိတ်ဆွေ ၅၀၀၀ ရှိပြီးအလျှင် အမြန်ကြီးထွား လာသောကြောင့် မိတ်ဆွေ ဆက်လက်လက်မခံနိုင်တော့ပေ။ ထို့ကြောင့် သူသည် စာမျက်နှာသစ်ဖွင့်ကာ အချိန်ပြည့် ဝန်ထမ်း ၂ ဦးငှားပြီး တနာရီတကြိမ် နောက်ဆုံး အခြေအနေကို အပ်ဒိတ်လုပ် တင်နေရသည်။

“ကျုပ်မှာ နောက်လိုက် ၁၉၀၀၀၀ ရှိတဲ့ ဖေ့စ်ဘုတ်အကောင့် တခုရှိတယ်။ ဖေ့စ်ဘုတ် စာမျက်နှာသစ် တခုလည်း ရှိတယ်။ အင်တာနပ်နဲ့ ဖေ့စ်ဘုတ်က အရမ်း အသုံးဝင်တယ်။ ကျုပ်ပြောလိုတာကို ဖြန့်ချိဖို့ အရေးပါတယ်” ဟု သူက ပြောသည်။

သူ၏ ရုံးခန်းမှ စီမံခန့်ခွဲနေသော ဒါဇင်ပေါင်းများစွာရှိ ဖေ့စ်ဘုတ်စာမျက်နှာများတွင် ဦးဝီရသူက မွတ်စလင် စီးပွားရေးများကို သပိတ်မှောက်ရေးနှင့် မြန်မာနိုင်ငံမှ မောင်းထုတ်ရေးတို့ကို တောင်းဆိုသည်။ ဖေ့စ်ဘုတ်သည် သူ၏ စာမျက်နှာများကို ပိတ်နေသဖြင့် စာမျက်နှာဖွင့်ရသည်မှာပင် ခက်ခဲခဲ့ဖူးသည်ဟု သူက ပြောသည်။ မည်သို့ဆိုစေ သူသည် အမြဲတိုးပွားနေသော အွန်လိုင်း နောက်လိုက်များကို ဆက်လက်ထိန်းထားနိုင်သည် ဟု ဆိုသည်။

ရန်ကုန်မှ ခရီးသွားလုပ်ငန်းရှင် ဝင်းလိုလတ်က သူသည် ကနဦးတွင် သဘောထားပြင်းထန်သော ဘုန်းကြီးတပါး၏ သတင်းကို သတင်းစာတွင် ဖတ်ရသည်ဟု ပြောသော်လည်း သူဦးဝီရသူစာများကို ဖတ်ရသည်မှာ သူ့သား၏ ဖေ့စ်ဘုတ်မှ တဆင့်ဖြစ်သည်ဟု ပြောသည်။ “သူပြောတာတော်တော်များများက အဓိပ္ပာယ်ရှိတယ်။ ဒါပေမယ့် အစိုးရသတင်းစာတွေက သူဟာ လူမျိုးရေးဝါဒီလိုလို ဖြစ်စေတယ်”ဟု အသက် ၅၄ နှစ်အရွယ် ဦးဝင်းလတ်က ပြောသည်။ “မွတ်စလင်တွေက မြန်မာ့လူ့အဖွဲ့အစည်းကို အရမ်းထိခိုက်စေတယ်။ ဦးဝီရသူက ဒါကို ပြောရမှာ မကြောက်ဘူး” ဟု သူက ပြောသည်။

ဦးဝီရသူ၏ ဖေ့စ်ဘုတ်မှ တရားဗီဒီယိုတခုကို မမျှော်လင့်ဘဲ တွေ့ရပြီးနောက် သူသည် ဦးဝီရသူကို ပုံမှန်ဆက်လက်၍ လက်ခံထားသည်။ မွတ်စလင်တို့သည် တိုင်းပြည်ကို မည်မျှ ဖျက်ဆီးနေကြောင်း များစွာ လေ့လာသိရှိရပြီး သူငယ်ချင်းများလည်း ဦးဝီရသူ၏ တရားများကို လေ့လာရန် အားပေးသည် ဟု သူက ပြောသည်။

BuzzFeed News သို့ ပြသသော သူ၏ ဖုန်းပေါ်မှ ဓာတ်ပုံ အများအပြားသည် အီရတ်မှ လူအများအပြားကို ISIS တို့က ခေါင်းဖြတ်နေပုံကို ပြသသည်။ ဓာတ်ပုံ၏ ပုံစာမှာမူ မွတ်စလင် အကြမ်းဖက်သမားများက ဗုဒ္ဓဘာသာဝင်များကို ခေါင်းဖြတ်သေည် ဟု ဖော်ပြထားသည်။ အထူးတင်ပြချက်ဟု ဖော်ပြထားသည့် အခြားပို့စ်တခုတွင်မူ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်နေရာများကို တိုက်ခိုက်ရန် ဗလီများတွင် ဖောက်ခွဲပစ္စည်းနှင့် ဗုံးပြုလုပ်ရန် ပစ္စည်းများ သိုလှောင်ထား သည်ဟု ဖော်ပြထားပြန်သည်။ မြန်မာနိုင်ငံရှိ ရဲများကမူ ထိုသို့သော အကြံအစည်များကို မတွေ့ရသေးကြောင်းနှင့် ထိုသတင်းသည် လအနည်းငယ် ကြာတိုင်း အကြောက်တရားနှင့် မွတ်စလင် ဆန့်ကျင်ရေး စိတ်ဓာတ်လှုံ့ဆော်ရန် ပေါ်လာတတ်သည် ဟု BuzzFeed News သို့ ပြောပြန်သည်။

မြန်မာနိုင်ငံသည် မီဒီယာနှင့် သတင်းအချက်အလက် ပညာတတ်မြောက်မှု နိမ့်ကျသော နှုန်းရှိသည်ဟု အမည် မဖော်လိုသော ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (United Nations Educational, Scientific, and Cultural Organization – UNESCO) အရာရှိတဦးက မြန်မာတိုင်းသို့ ပြောသည်။ မကြာခဏ ဆိုသလို ဒစ်ဂျစ်တယ် နည်းပညာ နားလည်တတ်မြောက်မှုဟု ရည်ညွှန်း ပြောဆိုသော ထိုဝေါဟာရမှာ အင်တာနက် အသုံးပြုသူများသည် ၎င်းတို့၏ လုပ်ရပ်များကို မည်မျှနားလည်သည်၊ အွန်လိုင်းတွင် ၎င်းတို့ မည်မျှဘေးကင်းစွာ နေနိုင်သည်ကို ပြသသော ဝေါဟာရဖြစ်သည်။ အွန်လိုင်းသို့ အလျင်အမြန် ရောက်ရှိလာပြီး ကိုယ်ရေးအချက်အလက်ကို အွန်လိုင်းတွင် မဖော်ပြဘဲ စကားဝှက်ကို မည်သို့လုံခြုံစွာ ထားရမည် ကဲ့သို့ အင်တာနက်ကို မည်သို့ ဘေးကင်းစွာ သုံးရမည်ကို အစိုးရက သင်ကြားပေးခြင်း မရှိသော မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများသည် ဒစ်ဂျစ်တယ် နားလည်တတ်မြောက်မှု နှုန်းအနိမ့်ကျဆုံး အဆင့်ရှိကြသည်။ ၎င်းတို့မှာ အွန်လိုင်းငွေလိမ်မှု၊ သတင်းအတုနှင့် အွန်လိုင်းခိုးယူဖောက်ထွင်းမှုများ အခံရနိုင်ဆုံး ဖြစ်သည်။

ဒစ်ဂျစ်တယ် နားလည်တတ်မြောက်မှု မြှင့်တင်ရန် နည်းလမ်းများကို အမြဲရှာဖွေနေပြီး မြန်မာနိုင်ငံအတွက် သီးခြား ရည်ရွယ်သော လုံခြုံရေး နိုးကြားမှု လှုပ်ရှားမှု တခု မကြာမီထုတ်ပြန်မည်ဟု ဖေ့စ်ဘုတ်က ပြောသည်။ ဒေသခံလူမှု အခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ၎င်း၏ လူမှုအသိုင်းအဝန်း စံနှုန်းများကို ဘာသာပြန်ကာ သရုပ်ဖော်ပုံများနှင့် တကွ လက်ကမ်းစာစောင် ဖြန့်ချိရန် စီစဉ်နေသည်ဟုလည်း ဆိုသည်။

“ဖေ့စ်ဘုတ်မှာ ဆက်သွယ်ဝေမျှဖို့နဲ့ ကျနော်တို့ပေးနေတဲ့ ဝန်ဆောင်မှုတွေမှာ အသုံးပြသူတွေ အတွက် ဘေးအန္တရာယ် ကင်းတဲ့ အသိုင်းအဝိုင်းတခု ထိန်းသိမ်းထားဖို့ဟာ ကျနော်တို့အတွက် အရမ်းအရေးကြီးပါတယ်” ဟုဖေ့စ်ဘုတ် ပြောခွင့်ရသူ Jay Nancarrow က BuzzFeed News သို့ပြောသည်။ “ကျနော်တို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး လူထုကို ပညာပေးဖို့၊ သူတို့အကောင့်တွေကို ကာကွယ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှု မြှှင့်တင်ဖို့ ကျနော်တို့ကြိုးစားတယ်။ ဒီအလုပ်တွေ ပိုမိုထိရောက်စေဖို့ ကျနော်တို့ဟာ လူမှုအခြေပြု အဖွဲ့အစည်းတွေ၊ လုံခြုံရေး မိတ်ဖက်တွေ၊ အလျင်အမြန် အွန်လိုင်းကို ရောက်လာနေတဲ့ နိုင်ငံတွေက အစိုးရတွေ အပါအဝင် အစိုးရတွေနဲ့ လက်တွဲ လုပ်ဆောင်တယ်။ နေရာတိုင်းမှာ ဘာလာလာ ဒါပဲ ဆိုတဲ့ သဘောထားက အလုပ် မဖြစ်ဘူး။ ပြီးတော့ ကမ္ဘာ့နေရာအနှံ့အပြားက လူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် ပညာပေး အစီအစဉ်တွေကို ကျနော်တို့ ကူညီပုံဖော်ပေးမယ့် လက်တွေ့နယ်ပယ်က အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးရဲ့ အရေးပါမှုကို ကျနော်တို့ နားလည်ပါတယ်” ဟုလည်း သူက ဆိုသည်။

ဖေ့စ်ဘုတ်သည် ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှုကို မြှင့်တင်နေသော်လည်း ၎င်း၏ စင်မြင့်မှ သတင်းတုများကို မည်သို့ရင်ဆိုင်မည်၊ သတင်းတုများကို မည်သို့ ကူညီဖော်ထုတ်ပေးမည် တို့နှင့်ပတ်သက်၍မူ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

ဦးဝီရသူနှင့် အခြားမွတ်စလင်ဆန့်ကျင်ရေး သံဃာများ၏ လမ်းညွှန်ချက်များကို ထောက်ခံသော စာများကို အင်တာနက်လင့်ခ် အမြဲတင်ပေးသော မိတ်ဆွေတယောက်က သူမ၏ စမတ်ဖုန်းကို ဝယ်ယူပြီး လေးရက်မြောက် နေ့တွင် ဖေ့စ်ဘုတ်မိတ်ဆွေ စာရင်းတွင် ပေါင်းထည့်လိုက်သည်ဟု သျှားရဝေပြောသည်။ “အရမ်းအံ့သြစရာ ကောင်းတယ်။ ကျောင်းမှာတုန်းက ဒါမျိုးတွေ သူ စဉ်းစားတတ်မှန်း မသိဘူး။ သူ ဒါမျိုးတွေ ဖေ့စ်ဘုတ်မှာ တင်တော့ အရမ်း အံ့သြတယ်” ဟု သျှားရဝေက ပြောသည်။

ထိုသူကို ဖေ့စ်ဘုတ်တွင် မိတ်ဆွေစာရင်းသွင်းချိန်မှ စ၍ သူမသည် သူမ၏ ဖေ့စ်ဘုတ်တွင် ရန်ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ သူမသည် မိတ်ဆွေမျာကို မည်သို့ပိတ်ရမည်၊ မည်သို့တားဆီးရမည် မသိသေးဟု ဆိုသည်။ သို့သော် ထိုကိစ္စများကို မည်သို့ ပြုလုပ်ရမည်ကို ရှင်းပြသောအခါ အကျိုးရှိသည်ဟု သူမကပြောသည်။ “တခါတခါကျတော့ လူတွေက ကျောင်းမှာ သိရတဲ့ပုံနဲ့ အွန်လိုင်းမှာ တွေ့ရတဲ့ပုံနဲ့ မတူဘူး။ ဘလော့လို့ရတာ ကောင်းလိုက်တာ” ဟုသူမက ပြောသည်။

ဦးဝီရသူသည် အွန်လိုင်းတွင် သူတင်သော ကိစ္စများအတွက် အဖမ်းခံရနိုင် မခံရနိုင် သူမက သိလိုသည်။ ဥပဒေက မည်သို့ ရှိသည်ကို သူမ မသိ။ သို့သော် လူအချို့မှာ ၎င်းတို့ ဖေ့စ်ဘုတ်တင်သော ပို့စ်များကြောင့် ထောင်ချခံရသည် ဟူသော ကောလာဟလများ ကြားရသည်ဟု ဆိုသည်။

“ကျမ သူတို့ကို တယောက်မှ မသိဘူး။ သူတို့ အွန်လိုင်းမှာ ဘာတွေရေးလို့ ထောင်ချခံရတာလဲ ကျမ မသိဘူး” ဟု သူမက ပြောသည်။

ဆွေဆွေလွင်၏ခင်ပွန်းသည် အခြားသူ အများအပြားကဲ့သို့ပင် ဖေ့စ်ဘုတ်မှ ပုံများစုဆောင်းခြင်း၊ မျှဝေခြင်းကို နှစ်သက်မှန်း သူမက သိထားသည်။ သူသည် များသောအားဖြင့် ဖေ့စ်ဘုတ်ကို သူ အလုပ် လုပ်သော ငါးဖမ်းစက်လှေမှ နားချိန်တွင် သူငယ်ချင်းများနှင့် စကားပြောရန်သုံးသည်ဟု သူမက ဆိုသည်။

နိုင်ငံတကာ လေဆိပ်အနီး ဆင်းရဲနွမ်းပါးသော မြို့စွန်ရပ်ကွက်ရှိ သူမတို့၏ သေးငယ်သော နေအိမ်သို့ ရဲများ ရောက်လာသောအခါ မှသာ သူမ၏ ခင်ပွန်းသည် ကြက်ဖကြီး အဖြစ် လူသိများသော အွန်လိုင်းသရော်စာရေးသူ ဖြစ်နိုင်သည်ဟု ပထမဆုံး သိရသည်ဟု ဆိုသည်။

အစိုးရထိပ်တန်း ခေါင်းဆောင်များက မကျေနပ်စေကာမူ ကြက်ဖကြီး၏ လက်ရာများကို အများအပြားက ဒေါင်းလုတ် လုပ်ပြီး မျှဝေကြကာ မြန်မာနိုင်ငံ တနံတလျားက ကြိုဆိုကြသည်။ ထိုသူများကိုလည်း အစိုးရ ခေါင်းဆောင်များက လူဖျင်းလူညံ့ အကျင့်သီလ မရှိသူများဟု ခေါ်ကြသည်။ ကြက်ဖကြီးသည် များစွာသော စစ်တပ်အကြီးအကဲများ၏ ဦးခေါင်းများကို တိရစ္ဆာန်များ သို့မဟုတ် ဟောလီးဝုဒ် သရုပ်ဆောင်များ၏ ကိုယ်ပေါ်တွင် ဖိုတိုရှော့ဖြင့်တပ်ဆင်ပြီး ၎င်းတို့ကို အရှက်ခွဲသောကြောင့် လူသိများလှသည်။ ဆွေဆွေလွင်သည်လည်း ထိုကိစ္စသည် တနေ့တွင် သူမ၏ ခင်ပွန်းသည် ဖမ်းဆီးထောင်ချခံရမည့် အကြောင်းရင်း ဖြစ်သည်ကို မသိဘဲ ထိုပုံတပုံကို ကြည့်ပြီး ရယ်မောခဲ့ဖူးသည်။

“သူတို့က ကျမယောက်ျားကို ကြက်ဖကြီးဆိုပြီး စွပ်စွဲကြတာ။ ကျမတို့က သူတို့ဘာပြောတာလဲ ဆိုတာ ဘာမှ မသိဘူး” ဟု ဆွေဆွေလွင်က သူမ၏ အိမ်ကလေး၏ ကြမ်းပြင်တွင် ထိုင်ရင်း သူမ၏ ခင်ပွန်းသည်၏ ပစ္စည်များ တခါကရှိခဲ့သော နေရာကို အမူအယာဖြင့် ပြသည်။ ရဲများသည် သူမ၏ အိမ်သို့ ဖေဖော်ဝါရီလ ၉ ရက်နေ့ သန်းခေါင်ကျော်ကာစတွင် နရာက်လာသည်။ သူမသည် တခါးဖွင့်ရင်း ရဲများက ခင်ပွန်းဖြစ်သူကို မေးသောအခါ သူမမှာ တုန်လှုပ်ချောက်ချား နေရသည်။ ရဲတို့သည် တအိမ်လုံး လျောက်သွားပြီး အီလက်ထရွန်းနစ် ကိရိယာအားလုံးကို သိမ်းကြသည်။

“ဖေ့စ်ဘုတ်မှာ ကြက်ဖကြီးဆိုတာ ကျမလည်း အရင်က ကြားဖူးပါတယ်။ ကျမက သူ့ကို မိတ်ဆွေစာရင်းမှာ ပေါင်းထည့်ချင်ပေမယ့် မရဘူး။ သူ့မှာ မိတ်ဆွေတွေ အရမ်းများနေလို့။ ဒီတော့သူ့နောက်ကိုပဲ လိုက်ပြီး ဖောလို လုပ်ထားရတာ။ သူက ဘာလို့ ကျမယောက်ျား ဖြစ်နေရတာလဲ။ ဘာလို့ မသိရတာလဲ” ဟု ဆွေဆွေလွင်က ပြောသည်။

ထိုမှစ၍ လများစွာကြာအောင် သူမသည် ခင်ပွန်းကို တရားရုံးတွင်သာ တွေ့ရတော့သည်။ သူသည် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နှင့် အမှုရင်ဆိုင်နေရသည်။ အစိုးရ ထောက်ခံသူများက သူနှင့် အခြား အမျိုးသမီးများ ပုံကို ဖေ့စ်ဘုတ်တွင် တင်ကြပြီး သူ့တွင် နိုင်ငံခြား၌ မိန်းမနှင့် ချစ်သူ အများအပြား ရှိသည်ဟု ပြောကြသည်။

“ဒီကိစ္စတွေကြောင့် ကျမ တုန်လှုပ်သွားတယ်။ သူတို့ ဖေ့စ်ဘုတ်မှာ ရေးသမျှ သူ့အကြောင်း အားလုံးအတွက် ပေါ့။ ဖေ့စ်ဘုတ်က တယောက်ယောက် ကူညီနိုင်မလား။ ဖေ့စ်ဘုတ်သာ မရှိရင် ကျမ ယောက်ျားလည်း အဖမ်း မခံရဘူး။ ဒီလိုလည်း အပြောခံရမှာ မဟုတ်ဘူး” ဟု သူမက ဆက်ပြောသည်။

ချည်ထည်အဝတ်များကို သူမ၏ အပ်ချုပ်စက်ဖြင့် ချုပ်ပြီး ရောင်းရန် တခါက ဖေ့စ်ဘုတ် ကြည့်ဖူးသည်ဟု သူမက ပြောသည်။ ယခုမူ သူမသည် ဖေ့စ်ဘုတ်ကို သူမယောက်ျား၏ သတင်း ကြည့်ရန်သာ သုံးတော့သည်ဟု ဆိုသည်။

“အင်တာနက်နဲ့ ပတ်သက်ပြီး တယောက်ယောက်က စည်းကမ်းတွေတော့ ချထားပြီး၊ ချထားတဲ့ စည်းကမ်းတွေကို ဘယ်သူကမှ ကျမတို့ကို ပြောမပြပဲ ထားသလို ဖြစ်နေတယ်” ဟုလည်း သူမကက ပြောသည်။

မြို့၏ အခြားတနေရာတွင် မောင်ဆောင်းခသည်လည်း ကြက်ဖကြီး၏ အမှုအကြောင်း မပြတ် နားထောင်နေသည်။ သူသည် အလားတူ သူ၏ လိင်အင်္ဂါအနီးတွင် သမ္မတ၏ မျက်နှာကို တက်တူးထိုးထားသည် ဟု ရေးသော ကဗျာကြောင့် တရားစွဲခံခဲ့ရသည်မှာ တနှစ်ပင် မပြည့်သေးပေ။

ထိုကဗျာမှာ ဖေ့စ်ဘုတ်တွင် ကျော်ကြားသွားပြီး ၂၃ နှစ် အရွယ် ကဗျာဆရာဟု ဆိုသူမှာ ထောင် ၆ လ ချမှတ် ခံရသည်။ သတင်းဝက်ဆိုက် အများအပြားသူ၏ လိင်အင်္ဂါတွင် သမ္မတပုံ တက်တူးထိုးထားသည်ဟု ကဗျာကို ဖွင့်ဆိုကြ၍ သူဒေါသထွက်ရသည်ဟု သူပြောသည်။ အမှန်တကယ်သူဆိုလိုသည်မှာ အင်္ဂါအနီးနေရာ ဟုသာ ဖြစ်သည်ဟု သူရှင်းပြသည်။

“ဒီကဗျာရဲ့ အဓိပ္ပာယ်ကို ဘယ်သူမှ နားမလည်ကြဘူး” ဟု သူက မြန်မာပြည်သူများ အနေဖြင့် ၎င်းတို့ နိုင်ငံရေးစနစ်၏ ဖိနှိပ်မှုကို နိုးနိုးကြားကြား သိရန် နှိုးဆော်သော ကဗျာ ဖြစ်ကြောင်း ရှင်းပြရန် အင်္ဂလိပ်စကားလုံး ရှာရင်း ပြောပြသည်။

ဖေ့စ်ဘုတ်တွင် ရေးသော ကဗျာတပုဒ်သည် နိုင်ငံတကာသတင်း ဖြစ်လာလိမ့်မည်ဟု သူတခါမှ မထင်ခဲ့မိဟု သူက ဆက်ပြောသည်။

“ကဗျာဆရာတိုင်း ဖေ့စ်ဘုတ်မှာ ကဗျာတွေ ရေးကြတာပဲ။ ဒါက ကိုယ့်စာကို လူတွေသိဖို့ တခုတည်းသော နည်းလမ်းလေ။ ဒါပေမယ့် လူတွေက ကဗျာကို စိတ်မဝင်စားကြဘူး။ သူတို့ ကဗျာဖတ်အောင်၊ နားလည်အောင် လုပ်ရတာ ခက်တယ်။ ဒီကဗျာကြောင့် ဖြစ်ရတာတွေကို မျှော်လင့်မထားခဲ့ဘူး။ ဒါပေမယ့်ထပ်ပြီး ရေးရဦးမှာပဲ” ဟု သူက ပြောသည်။

တမနက်ခင်းတွင် အိပ်ယာမှ နိုးလာပြီးနောက် အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်က ထိုကဗျာသည် ဥပဒေချိုးဖောက်သည်ဟု ပြောသော သတင်းကို ဖတ်ရသည်။ မောင်ဆောင်းခသည် အိမ်မှ တလခန့် ရှောင်နေရပြီးနောက် ရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့သည်။ ဖေ့စ်ဘုတ်တွင် တင်သော အရာများအတွက် အချို့သူများ အဖမ်းခံရကြောင်း၊ ညကြီးသန်းခေါင် ရဲများ မည်သို့ရောက်လာကြောင်း၊ မိသားစုကို မည်သို့ တုန်လှုပ်စေကြောင်း သူကြားဖူးသဖြင့် မိဘများကို အလားတူ မခံစားစေလိုကြောင်း သူက ရှင်းပြသည်။

အမှုကို စစ်ဆေးဆဲကာလတွင် မောင်ဆောင်းခသည် ထောင်ထဲတွင် ၆ လ နေရသည်။ ထိုနောက်ပုဒ်မ ၆၆ (ဃ)ကို ဖောက်ဖျက်သည်ဟု တရားရုံးက ဆုံးဖြတ်သည်။ မေလ ၂၄ ရက်နေ့တွင် ပြန်လည် လွတ်မြောက်သည်မှစ၍ ထိုဥပဒေဖြင့် အဖမ်းခံရသူများနှင့် ပုံမှန်တွေ့ဆုံသည်။ ကြက်ဖကြီး၏ အမှုတရားခွင်သို့လည်း သွားပြီး ဆွေဆွေလွင်နှင့် ခင်ပွန်းဖြစ်သူ၏ အမှုအကြောင်း ပြောဖြစ်သည်။

“ကျနော်တို့အားလုံး စုစည်းပြီး ဒီဥပဒေကို ဖျက်သိမ်းဖို့ ပါလီမန်ကို ပြောရမှာ။ ဘယ်သူ ဘာကြောင့် အဖမ်းခံရတယ် ဆိုတာကို ဘယ်သူမှ နားမလည်နိုင်ကြဘူး။ သူတို့ပြောတဲ့ ကိစ္စက ဘယ်လို စည်းကျော်သွားလဲ ဆိုတာ နားမလည်ကြဘူး” ဟု မောင်ဆောင်းခက ပြောသည်။

“တယောက်ယောက်က အင်တာနက်စည်းကမ်း ချမှတ်ထားပြီး ဘယ်သူမှ အဲဒါကို မသိသလို ဖြစ်နေတယ်” ဟု သူက ဆိုသည်။

တခါတရံ အွန်လိုင်းသုံးသူ လူအများသည် ဘာသာစကားချင်း မတူသကဲ့သို့ ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ဖောင့် နှစ်မျိုးဖြင့် ဖေ့စ်ဘုတ်တွင် ရေးကြသည်။ မြန်မာနိုင်ငံသို့ အင်တာနက် ရောက်ရှိလာ သည်မှာ နှေးကွေးလွန်းသောကြောင့် ဆော့ဖ်ဝဲလ် ရေးသူများသည် ၎င်းတိုဘာသာ ဇော်ဂျီဟု ခေါ်သော မြန်မာစာ စာလုံးများ ဖန်တီးရေးသားကြသည်။ မည်သူက တီထွင်သည်ကို မည်သူမျှ မသိကြသော်လည်း ၂၀၀၀ ပြည့်နှစ်များက စတင်ပေါ်ပေါက်လာပြီး လုံးဝအခမဲ့ ရယူသုံးစွဲနိုင်သည်။ နှစ်အတန်ကြာသောအခါ ကမ္ဘာ့ဘာသာစကား စံနှုန်းများကို ထူထောင်ပေးသော ယူနီကုတ်လုပ်ငန်းစုက ၎င်းတို့မူဖြင့် မြန်မာစကားလုံး အသစ်ကို ဖန်တီးပြန်သည်။ သို့သော် မြန်မာတို့က ၎င်းကို အသုံးနည်းသည်။

“တိုင်းပြည်က တံခါးပိတ်ထားတာ အရမ်းကြာသွားတယ်။ အစိုးရရော၊ နည်းပညာ အသိုင်းအဝိုင်းကပါ စံနှုန်းတွေနဲ့ သိပ်မပတ်သက် ကြဘူး။ မြန်မာနိုင်ငံမှာ နည်းပညာ အထောက်အကူ များများမရှိကြဘူး။ ဒီတော့သူတို့ သုံးလို့ရတာကို သူတို့ တီထွင်တာဘဲ” ဟု Google မှ နိုင်ငံတကာစံနှုန်း အင်ဂျင်နီယာ Craig Cornelius က ပြောသည်။ ထို ဇော်ဂျီစကားလုံးများ လူကြိုက်များရခြင်း၏ တစိတ်တပိုင်းဖြစ်သည့် မြန်မာစာလုံးများကို အမျိုးမျိုးရေသားနိုင်ခြင်း ဖြစ်ပြီး ထိုစာလုံးများ အတွက် ယနေ့တွင် ပြဿနာ ဖြစ်နေသည်။ ကြောင်ဟူသော စကားလုံးကို ဇော်ဂျီစကားလုံးများဖြင့် အမျိုးမျိုး ရေးသားနိုင်သည်။ ထိုကြောင့် ထိုစကားလုံးကို ဝက်ဆိုက်တွင် ရိုက်ပြီး ရှာလျှင်ရှာ၍ မရတော့ပေ။ “ဇော်ဂျီက စနစ်တော်တော်များများနဲ့ တွဲသုံးလို့ မရဘူး။ တကမ္ဘာလုံး ဖြန့်ဖို့ ဝက်ဆိုက်တည်ဆောက်မယ် ဆိုရင် Mac နဲ့ Window တွဲလို့ မရသလို ပြဿနာတွေ ရှိတယ်။ စက်တွေ တဝက်လောက်က ရေးထားတာကို မဖတ်နိုင်ကြဘူး” ဟု သူက ဆက်ပြောသည်။

ဇော်ဂျီစာလုံးအတွက် ကွန်ပျုတာတွင် လေးထောင့်ကွက်များ ပေါ်လာပါက မြန်မာနိုင်ငံမှ လူများက ဟာသဖြစ်ကြသည်။ ထို လေးထောင်ကွက်များမှာ စစ်တပ်က တိုင်းပြည်ကို လက်မလွှတ်မီက ဆင်ဆာဖြတ်တောက်မှုနှင့် တူသည်ဟု ဆိုကြသည်။

အသက် ၃၀ အရွယ် အောင်မင်းဟန်က စာလုံးဖောင့် ၂ မျိုးစလုံးကို သူ၏ဖုန်းတွင် ထည့်ထားသည်။ သို့သော် သူ့ဇနီး၏ ဖုန်းကမူ ယူနီကုတ်ကိုသာ လက်ခံသည်။ ထို့ကြောင့် သူအွန်လိုင်းတွင် ရေးသမျှ သူ့ဇနီး မသိနိုင်သော လျှို့ဝှက် ဘာသာစကား တခုရှိသည်ဟု သူနောက်ပြောင် ပြောတတ်သည်။

“ယောက်ျားတွေက ဇော်ဂျီပဲ သုံးရမယ်။ မိန်းမတွေက ယူနီကုတ်ပဲ သုံးရမယ် ဆိုပြီး ဥပဒေထုတ်သင့်တယ်။ ဒါမှ လူတိုင်း အိမ်ထောင်ရေး အဆင်ပြေမယ်” ဟု သူက အရွှန်းဖောက်သည်။ “မြန်မာတွေက ဘာသာစကား အများကြီး ပြောကြတယ်။ အင်တာနက်မှာလည်း ဒီလိုပဲ ဘာသာစကား အများကြီး ပြောကြတယ်။ ဒါကြောင့် ကျနော်တို့ အမြဲတမ်း ဆဲကြ တိုက်ခိုက်နေကြတာ” ဟု သူက ဆက်ပြောသည်။

သူ စကားပြောစဉ် ဘေးတွင် ထိုင်နေသော သူ၏ဇနီးက သူ့ကို မျက်စောင်းထိုးသည်။

“သူက ကြောင်တောင်တောင် ဖြစ်နေတာ။ ဖေ့စ်ဘုတ်ရဲ့ အဓိကအချက်က လူတိုင်းတယာက်နဲ့ တယောက် ပြောနေ တာက အတူတူပဲ။ နောက်တော့ ဘာသာစကားချင်း တူလာလိမ့်မယ်။ အဲဒီတော့မှ တကယ်ချကုန်ကြမှာ” ဟု သူမက ဆိုပြန်သည်။

ဖုန်းဝယ်ပြီးနောက် ၈ ရက်မြောက် နေ့တွင် သျှားရဝေသည် ကော်ဖီဆိုင်တွင် တွေ့ဆုံရန် သဘောတူသည်။ သူမသည် လွန်ခဲ့သော သီတင်းပတ် အတွင်း ဓာတ်ပုံ ၁၀၀ ကျော် ရိုက်ခဲ့သည်။ အများအပြားမှာ မြန်မာနိုင်ငံရှိ အကျော်ကြားဆုံး ဘုရားသို့ သူငယ်ချင်းများနှင့် သွားစဉ် ရိုက်ခဲ့ခြင်းဖြစ်သည်။ တဖျပ်ဖျပ်တောက်နေသော ဘုရားထီး ချွန်သည် ယနေ့သူမ၏ ဖေ့စ်ဘုတ်စာမျက်နှာ နောက်ခံဖြစ်နေပြီး အများအပြားက ချီးကျူးခံရသည် ဟု ပြောသည်။

“ဖေ့စ်ဘုတ်မှာ ကျမထင်ထားတာထက် အများကြီး လုပ်လို့ရတယ်။ ဖေ့စ်ဘုတ်မှာ ထိုင်းနိုင်ငံက လူတွေက ကျမကို မိတ်ဆွေဖွဲ့ဖို့ လှမ်းပြောတယ်။ အစကတော့ ဘာလို့ ဒီလိုပြောတယ် ဆိုတာ နားမလည်ဘူး။ သူငယ်ချင်းက ‘အေး၊ ဒါကြောင့်အင်တာနက်ကို လူတွေ အရမ်းကြိုက်နေတာပေါ့’ လို့ ရယ်မော်ပြောတယ်” ဟု သူမက ဆက်ပြောသည်။

ယုံရမည် မယုံရမည် မသိသောကိစ္စ အများအပြားကိုလည်း သူမကို ဝိုင်းပြောကြသည်။ သူမ အင်တာနက်တွင် ရေးသမျှသည် နောက်ရောက်လာမည့် အသစ်များအတွက် နေရာပေးရန် အချိန်တခု ရောက်လျှင် အဖျက်ခံရမည်ဟု သူမ၏ သူငယ်ချင်းတယောက်က ပြောသည်။ (သို့သော် မည်မျှကြာလျှင် ဖျက်သနည်း။ အင်တာနက်တွင် နေရာမည်မျှ ရှိသနည်း) သူမ တင်သမျှ ဓာတ်ပုံကို ဖေ့စ်ဘုတ်က ယူပြီးရောင်းစားသည်၊ အခြားကိစ္စအတွက် သုံးသည်ဟု အခြား သူငယ်ချင်းတယောက်က ဆိုပြန်သည်။ (ဒါပေမယ့် ဖေ့စ်ဘုတ်က ဘာလို့ငါ့ပုံကို ရောင်းစားချင်ရတာလဲ)

ဗိုက်ဘာနှင့် ဖေ့စ်ဘုတ်အပြင် သူသုံးသော တခုတည်းသော အပလီကေးရှင်းမှာ ရုံးပိတ်ရက်ကြည့်ရန် ပြက္ခဒိန်သာ ဖြစ်သည်။ ဖုန်းတွင် အီးမေးလ်နှင့် ဂူဂယ်မြေပုံ ပါသော်လည်း မသုံးဖြစ်ပေ။ ယခုအချိန်အထိ သူအကြိုက်ဆုံး ရှာဖွေ တွေ့ရှိချက်မှာ ဖေ့စ်ဘုတ်တွင် စာရေးရာတွင် သုံး၍ ရသော စတစ်ကာပုံများ ဖြစ်သည်။

“ကျမ လုပ်တာက သူငယ်ချင်းနဲ့ စကားပြောတယ်။ ဓာတ်ပုံတွေ တင်တယ်။ တချို့သူတွေ ရေးတာတွေကို ဒေါသထွက်တယ်။ သူတို့ တင်တဲ့ဟာတွေကို စိတ်ဆိုးတယ်။ အမှန်တွေလည်း ဟုတ်ပုံမရဘူး။ သူငယ်ချင်းတွေတင်မှ ကျမ မတွေ့ဘူးတဲ့ ကျမရဲ့ ဓာတ်ပုံဟောင်းတွေကို တွေ့ရတယ်။ ပျော်သွားတာပေါ့။ ကျမရဲ့ မနှစ်က ပုံကို တွေ့တယ်။ မျက်နှာက နည်းနည်းဝတဲ့ပုံ ပေါက်နေလို့ သိပ်မကြိုက်ဘူး” ဟု ပြောသည်။

အခြားသူများ အင်တာနက်သုံးရန် တိုက်တွန်းမည်လား ဟု မေးသောအခါ တုံ့ဆိုင်းနေသည်။

“အင်း။ ကိုယ့်ကို ဒေါသဖြစ်အောင် လုပ်နိုင်မှန်း သိနေသရွေ့ပေါ့” ဟု ပြောရင်း ဖုန်းအိတ် အသစ်ကလေးကို ပြသည်။ ပန်းနုရောင် နောက်ခံတွင် ပျံလွှားငှက်ကလေးများ ဝဲပျံနေသော ပုံပါသည်။ “တွေ့လား… သူတို့ ဝဲပျံနေကြတာ” ဘုရားတွင် တွေ့ခဲ့သော ငှက်ကလေးများကို သတိရစေသည်ဟု ဆိုသည်။ အနီးရှိ မြို့တမြို့မှ ဘုရားသို့ မိခင်နှင့် အတူ သွားသည့်ကြောင်း ပြောမည် ပြင်စဉ် သူမ၏ ဖုန်းက မက်ဆေ့ဂျ်ဝင်သံ မြည်လာသည်။

သူမသည် ဖုန်းကို လက်နှစ်ဘက်ဖြင့် ကောက်ကိုင်ပြီး တသက်လုံး လုပ်နေကျ ပုံစံဖြင့် အလျင်အမြန် စာရိုက်နေလေ သည်။    ။

( BuzzFeed ပါ Sheera Frenkel ၏ This Is What Happens When Millions Of People Suddenly Get The Internet ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

Loading