“ကွန်ပရိုက်” ဆိုပြီး တဦးကို တဦး လက်ဆွဲကာ နှုတ်ဆက်ကြတဲ့ ချစ်စရာဓလေ့ကို မြူနှင်းတွေ ဝေဆိုင်းနေတဲ့ ချင်း တောင်တန်း နဲ့ ကုလားတန်မြစ် ဝန်းကျင် ပလက်ဝမြို့မှာ တွေ့မြင် ခဲ့ရပါတယ်။
ကွန်ပရိုက် ဆိုတဲ့ စကားဟာ “ကျေးဇူးတင်ပါသည်” လို့ အဓိပ္ပာယ် ရရှိပြီး ခူမီး ချင်း တိုင်းရင်းသားတို့ တဦးကို တဦး တွေ့ဆုံ နှုတ်ဆက်တဲ့အခါ အသုံးပြုကြတဲ့ ဓလေ့ တခုဖြစ်ပါတယ်။

မြူတွေ ဝေဆိုင်းတဲ့ ချင်းတောင်တန်းနဲ့ အတူ ရိုးရာဝတ်စုံ အရောင်စုံ ကိုယ်စီဝတ်ဆင်ကြပြီး အမျိုးသမီးတွေရဲ့ နားမှာ ငွေ နဲ့ ပြုလုပ်သထားတဲ့ နားကပ်ကွင်းကြီးကြီး နားတောင်းကို ပန်ဆင်ထားကာ ပလက်ဝမြို့ တည် နှစ် ၁၄၀ ပြည့် နဲ့ ခူမီး နှစ်သစ် ကူး ပွဲတော် ကျင်းပရာ ကို တက်ရောက် လာကြတယ်။
ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၁ရက်နေ့မှာ နှစ်စဉ်ကျင်းပလေ့ရှိရာ အခုနှစ် ထူးခြားချက်ကတော့ ပလက်ဝ မြို့ တည် နှစ် ၁၄၀ ပြည့် နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော် နဲ့ ပတ်သက်ပြီး ခူမီး စာပေနဲ့ ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးစနိအောင်က “ခူမီး ဓလေ့ ရိုးရာကို ထိန်းသိမ်းဖို့၊ နှစ်သစ်ကူးပွဲတော် ကျင်းပခြင်း အားဖြင့် နှစ်သစ်ကူးမှာ တဦးနဲ့တဦး ချစ်ခြင်းမေတ္တာ ဖလှယ်နိုင်ဖို့၊ တခြား တိုင်းရင်းသားတွေနဲ့ ချစ်ခြင်းမေတ္တာရရှိဖို့ ကျင်းပခြင်း ဖြစ်ပါတယ်”လို့ ပြောပြပါတယ်။
ခူမီး ရိုးရာ နှစ်သစ်ကူး ပွဲနေ့မှာ ရိုးရာ ခေါင်ရည်၊ ခူမီး ရိုးရာ စားသောက် ဖွယ်ရာတွေ၊ ခူမီးရိုးရာ ယဉ်ကျေးမှု ပြခန်း၊ ရိုးရာ တေးဂီတ အကတွေနဲ့ မီးပုံပွဲတွေ ပါဝင် ပါတယ်။
ခူမီး တိုင်းရင်းသားတွေဟာ မိရိုးဖလာ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြကြောင်း၊ တောင်ယာ လုပ်ငန်း စတင်ဖို့ အောက်တိုဘာလ ၃၁ ရက်မှာ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းပြီး အထိမ်းအမှတ် အနေနဲ့ တအိုင် စားပွဲ ပြုလုပ်ကြကြောင်း၊ နိုဝင်ဘာလမှာ သချၤိုင်း ပွဲရှိပါက ပြီးဆုံအောင် ပြုလုပ်ကြောင်း၊ ဒီဇင်ဘာ ၁ ရက်နေ့ကို နှစ်သစ်ကူးပွဲ ကျင်းပပြီး တောင်ယာလုပ်ငန်း နဲ့ စီးပွားရေး လုပ်ငန်းကို စတင် လုပ်ကိုင်ရကြောင်းလည်း သိရပါတယ်။

အဲဒီ အစီအစဉ်တွေ အတိုင်းလုပ်ရင် စီးပွားရေး လာဘ်လာဘ တိုးပွားစေတယ်လို့လည်း ရှေ့လူကြီးတွေက ပြောပြခဲ့လို့ နှစ်သစ်ကူး ပွဲတော်ကို မဖြစ်မနေလုပ်ရခြင်း ဖြစ်ကြောင်း၊ အရင်က နှစ်သစ်ကူးပွဲတော်ကို အိမ်ထောင်စု အလိုက်သာ ကျင်းပ ခဲ့ကြပြီး အခု နောက်ပိုင်း စည်းကား သိုက်မြိုက်စွာ ကျင်းပလာကြောင်း ခူမီး တိုင်းရင်းသား ဦးအိုက်မောင် က ပြောပြ ပါတယ်။
ခူမီး ရိုးရာ နှစ်သစ်ကူးပွဲတော် ပြီးဆုံးသွားရင် ခူမီး တိုင်းရင်းသားတို့ တောင်ယာ အသစ်၊ အိမ် အသစ် တည်ဆောက် လိုရင်လည်း တည်ဆောက်နိုင်ကြောင်း၊ ခရီးရှည် သွားလိုရင်လည်း ပဲဖြစ်ဖြစ်၊ လွတ်လပ်စွာ လုပ်ကိုင် စားသောက်နိုင် ကြောင်း ဦးစနိအောင် ကလည်း ပြောပါတယ်။

ခူမီးရိုးရာပွဲတော်ကို ပလက်ဝ မြို့နယ်အတွင်းရှိ ကျေးရွာ ပြည်သူတွေ က လှေတွေနဲ့ လာရောက် ဆင်နွှဲကြသလို ဝေးလံ တဲ့ ဒေသမှာ အလုပ်သွားလုပ်နေတဲ့ လူငယ်တွေကလည်း ပွဲတော်ရာသီမှာ လာရောက် ဆင်နွှဲကြတယ်လို့ ခူမီး တိုင်းရင်းသူ ဒေါ်ကိုးနွဲ့ ကလည်း ပြောပြတယ်။
ပလက်ဝ မြို့နယ်မှာ ခူမီ ချင်းလူမျိုး၊ ရခိုင်လူမျိူး နဲ့ ဗမာလူမျိုးတို့ စုပေါင်းနေထိုင်ကြပြီး လူဦးရေ ၁ သိန်း လောက် ရှိကာ ခူမီး ချင်း တိုင်းရင်းသား ၆ သောင်းလောက် ရှိကြောင်း၊ ခူမီး တိုင်းရင်းသား ဘာသာစကား နဲ့ ယဉ်ကျေုးမှုကို တခြား တိုင်းရင်းသားတွေ သိရှိလာဖို့ မြှင့်တင်သွားမှာ ဖြစ်ကြောင်း ဦးစနိအောင်က ပြောပါတယ်။
ရိုးရာ ယဉ်ကျေးမှု ပပျောက်မသွားဖို့ ထိန်းသိမ်းရခြင်းဟာ အလွန်ခက်ခဲကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ် ပပျောက် သွားမှာကို စိုးရိမ်နေကြကြောင်း၊ ရိုးရာ ဝတ်စားဆင်ယင်မှုတွေ၊ အဆင်တန်ဆာတွေကို ဝတ်ဆင်လာမှု နည်းပါးလာ ကြောင်းလည်း သူက ဆိုပါတယ်။
“ကျနော်တို့ အနေနဲ့ စိုးရိမ်စရာတွေ ရှိပါတယ်။ ရိုးရာ ဝတ်စုံတွေ နားတောင်းတွေ ဝတ်ဆင်တာတွေက ပွဲတော်မှာပဲ ဝတ်ကြ တယ်။ ပွဲလမ်းသဘင်တွေ ရိုးရာပွဲတွေ ခရစ္စမတ်တွေ ကောက်သစ်စားပွဲတွေ နှစ်သစ်ကူးပွဲတွေမှာ ကျရင်တော့ ကျနော်တို့ တက်ညီလက်ညီ ဝတ်ဆင်ကြပါတယ်”လို့ ဦးစနိအောင် က ရှင်းပြတယ်။
ရိုးရာ ပွဲတော်ကို လွတ်လပ်တဲ့ ပွဲတော်တခု ဖြစ်စေချင်ကြောင်း၊ လက်ရှိ ခူမီးရိုးရာပွဲတော်ကို ကြည့်ရင် လက်နက်ကိုင်ပြီး လုံခြုံရေး ယူပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့မြင်ရတာ ဘဝင်မကျကြောင်း၊ လွတ်လပ်တဲ့ ပွဲတော် ဖြစ်ဖို့ လိုအပ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးနဲ့ စီမံရေးရာ ဝန်ကြီး ဦးဆလိုင်း အိုက်ဇက်ခင် ကလည်း ပြောပါတယ်။
ရိုးရာဓလေ့တွေ ပပျောက်မသွားဖို့ ရိုးရာပွဲတော်နေ့မှာ ခူမီးရိုးရာ ဝတ်စုံတွေနဲ့အပြိုင် အဆင်တန်ဆာတွေကိုလည်း ဆင်ယင် ပြီး ပွဲတော်ကို လာရောက်ဆင်နွှဲကြရာ အေးချမ်းတဲ့ ညကို ခေါင်ရည်ချို သောက်သုံးကာ ခူမီး ရိုးရာ အက၊ ခူမီး ရိုးရာ တူရိယာ တီးမှုတ်မှု နဲ့ မီးပုံပွဲ ပြုလုပ် ကြတာမှာလည်း ချစ်စရာ ဓလေ့တခုပဲ ဖြစ်ပါတယ်။
ရိုးရာ ပွဲတော် ပြီးဆုံးလို့ အိမ်ပြန်ချိန်မှာလည်း “ကွန်ပရိုက်” ဆိုပြီး တဦးကို တဦး လက်ဆွဲ နှုတ်ဆက်ကာ အိမ် ကိုယ်စီ ပြန်ကြပါတော့တယ်။ ။