မြန်မာနိုင်ငံမှာ အမျိုးသမီးတွေက အုပ်ချုပ်ရေးမှူး၊ ရွာသူကြီးအနေနဲ့ တာဝန်ယူထားတာ ရှားပါးပါတယ်။ အဲဒီအပြင် အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲတွေဖြစ်ပွားတဲ့ တိုင်းရင်းသားဒေသတွေမှာဆို ပိုပြီးတော့ နည်းပါတယ်။
ဒါပေမယ့် အသက် ၄၅ နှစ်အရွယ်ရှိ ကရင်လူမျိုး အမျိုးသမီး နော်လိုဝါး ကတော့ တိုက်ပွဲတွေ မကြာခဏဖြစ်ခဲ့တဲ့ တိုင်းရင်းသားဒေသတခုဖြစ်ရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေးကျေးရွာမှာ အမျိုးသမီး ရွာသူကြီး တာဝန်ကို ယူထားသူဖြစ်ပါတယ်။
အသားညိုညို၊ ကရင်ရိုးရာအကျီကို ဝတ်ဆင်ထားတဲ့ နော်လိုဝါးက အိမ်ထောင်ရှင်မ တဦးဖြစ်သလို ကလေး ၅ ဦးရဲ့မိခင်ဖြစ်ပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက အိမ်ခြေ ၂၃၉ အိမ်၊ လူဦးရေ ၁၃၀၂ ဦးရှိတဲ့ တဂေး ကျေးရွာရဲ့ အမျိုးသမီး သူကြီး အဖြစ် ၂၀၀၂ ခုနှစ်ကတည်းက စပြီး တာဝန်ယူခဲ့တာ လက်ရှိအချိန်ထိ ဆက်လက်တာဝန်ယူထားဆဲလို့ သိရပါတယ်။
“ယောကျ်ားတွေက သူကြီးမလုပ်ချင်ဘူးလေ။ စစ်တပ်က သူကြီးလည်း မချန်ဘူး။ ရိုက်နှက် နှိပ်စက်သွားတာပဲ။ ဘယ်ယောကျ်ားလေးမှမလုပ်ချင်ကြဘူး။ လုပ်ခိုင်းလည်းထွက်ပြေးတာပဲ။ အမျိုးသမီးဆိုရင်တော့ စစ်တပ်က မရိုက်ဘူး။ နည်းနည်းညှာတယ်လေ” လို့ နော်လိုဝါးက ပြောပါတယ်။
တိုင်းရင်းသားကျေးရွာတွေမှာ အမျိုးသားအားလုံးနီးပါးက ရွာသူကြီး မလုပ်ချင်ကြဘူးလို့ သိရပါတယ်။ တပ်မတော်ဘက်က ရွာကို လာတဲ့အချိန်မှာ အမျိုးသားရွာသူကြီးဆိုရင် ရိုက်နှက်နှိပ်စက်သွားလေ့ရှိတာကြောင့် အမျိုးသားတွေကို ရွာသူကြီးတာဝန်ပေးရင် ရွာကနေ ထွက်ပြေးကြတယ်လို့ သိရပါတယ်။
စစ်အစိုးရလက်ထက်၊ အပစ်အခတ်မရပ်စဲသေးတဲ့ကာလ၊ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးကာလ ၃ ခုလုံးကို ဖြတ်သန်းရင်း အမျိုးသမီး သူကြီးတယောက် အဖြစ် တာဝန်ယူခဲ့တဲ့ နော်လိုဝါးက သူ့ရဲ့ အတွေ့အကြုံတချို့ကို အခုလို ပြောပြပါတယ်။
“စစ်တပ်နဲ့ KNU နဲ့ သူတို့ဘာသာ ဖြစ်ချင်တဲ့နေရာမှာ တိုက်ပွဲဖြစ်လိုက်။ ဖြစ်ပြီးတာနဲ့ ရွာတွေက သူကြီးတွေကိုခေါ်ပြီ။ နင်တို့အမျိုးတွေလေ ငါတို့ကိုလုပ်တာဆိုပြီး နာအောင်ပြောတာ အမြဲပဲ။ ကျမကလည်း ပြန်ပြောတယ်။ ငါတို့လည်း နင်တို့ပစ်ရင် ခံနေရတာပဲ။ လူထုက ခံနေရတာလေ၊ အဲဒါကိုလည်း နင်တို့တာဝန်ယူပါလားလို့ ပြောတာပဲ။ ကျမတို့ကို အပြစ်လာပြောနေတော့ ဘယ်လိုုလုပ်ပေးရမလဲလို့ အမြဲပြောပစ်တာပဲ”လို့ ဆိုပါတယ်။
“မှတ်မှတ်ရရ အဲဒီတုန်းက ကျမက ရွာတရွာကိုသွားနေတယ်။ စစ်တပ်က ကျမမရှိတုန်း ရွာကို ရောက်လာပြီး ရွာက ကလေး၊ လူကြီး တဦးမကျန် ဘုရားကျောင်းထဲကို ထည့်ပြီး ချုပ်ထားတယ်။ မီးရှို့သတ်ပစ်မယ်လုပ်တယ်။ ကျမယောကျ်ားက ကျမရှိတဲ့ရွာကို ချက်ချင်းလာခေါ်လို့ အဲဒီကိစ္စကို တော်တော်လေးရှင်းရတယ်။ ဒီလူတွေက အပြစ်မရှိဘူး။ နင်တို့တွေ သူတို့ကို သတ်မယ့်အစား ရွာသူကြီးဖြစ်တဲ့ ငါ့ကိုသတ်။ ပြီးရင် ပြန်တော့လို့ ပြောလို့ အဲဒီ တခါ က တကယ်ကို အမှတ်တရပဲ” လို့ နော်လိုဝါးက ပြောပြတယ်။
ရွာသူရွာသားအားလုံးကို မီးရှိုှု့သတ်ပစ်မယ်ဆိုတဲ့ အထိ ပြဿနာဖြစ်ရတဲ့ အကြောင်းအရင်းကတော့ မြန်မာတပ်မတော်နဲ့ KNU အဖွဲ့တွေနဲ့ တောတွင်းတနေရာမှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲဒီကိစ္စကို အကြောင်းပြုပြီး တဂေးရွာခံ တွေကို မီးရှိုှု့သတ်ပစ်မယ်လို့ လုပ်ခဲ့တာလို့ သိရပါတယ်။
ရွာသူကြီးဖြစ်တဲ့ နော်လိုဝါးက တပ်မတော်ဘက်ကို ညှိနှိုင်းလို့ ရပေမယ့် ရွာက လူငယ် ၃ ဦးကိုတော့ လက်နက်ကိုင်အဖွဲ့ နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းဆီးသွားခဲ့တယ် လို့ ပြောပြတယ်။
“အဲဒီကလေးတွေက ပျောက်သွားတယ်။ စစ်တပ်စခန်းကို သွားမေးတယ်။ နင်တို့တွေ သတ်ပစ်ရင် သတ်တယ်ပြော၊ ငါတို့နဲ့ သူတို့မိဘတွေက အလှူလုပ်ပေးဖို့ စောင့်နေတယ်။ မသတ်ရင်လည်း ကလေးတွေကို ပြန်လွှတ်လို့ပြောတော့ နင်တို့ကလေးတွေ ငါတို့လက်ဖျားနဲ့တောင် မထိဘူးတဲ့။ နောက်တော့စုံစမ်းရင်းနဲ့ ကလေးတွေက မော်လမြိုင်ထောင်မှာ ရောက်နေတယ်။ စစ်တပ်က လက်နဲ့တော့ မထိပါဘူး။ တုတ်တွေနဲ့ရိုက်လို့ မျက်နှာတွေက ဖူးယောင်စုတ်ပြတ်၊ အရိုးတွေကျိုးကုန်တာ။ တကယ့်ကို အမှတ်တရပါပဲ။ အဲဒီလိုပြဿနာတွေ အများကြီးပဲရှိခဲ့တယ်”လို့ ၂၀၀၂ နှောင်းပိုင်းကာလက သူရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
၂၀၀၂ နှောင်းပိုင်းကနေ သမ္မတဟောင်း ဦးသိန်းစိန် တာဝန်မယူခင်ကာလနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်ခင် ကာလတွေမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွား တဲ့အကြောင်း၊ ရွာသူရွာသားတွေကို သူတို့ရဲ့ ပစ္စည်းထုပ်တွေထမ်းဖို့ ခေါ်တဲ့အကြောင်း၊ တရွာနဲ့တရွာအကူးမှာ ပစ္စည်းထုပ်သယ်ရင်း လမ်းပြအဖြစ် လိုက်ပို့ဖို့ မကြာခဏ ခေါ်တဲ့အကြောင်း လည်း ပြောပြပါတယ်။
“တပ်သားတွေက သူတို့တွေ တရွာကနေ တရွာကို ကူးတော့မယ်ဆိုရင် မိန်းကလေးတွေကို အထုပ်သယ်ခိုင်းတယ်။ သူတို့အစောင့်အဖြစ် လိုက်ပေးရတာ။ ပစ္စည်းတွေသယ်ရတယ်။ နောက်တရွာကို ရောက်တဲ့အထိပေါ့။ စစ်သား တယောက်နဲ့ တယောက်ကြားမှာ မိန်းမတယောက်ခြားပြီး ထည့်ပြီး လမ်းပြရတယ်။ သူတို့အန္တရာယ်ကင်းအောင်လို့။ ကျမက ရွာခံတွေကို ပြန်မလွှတ်မှာစိုးရိမ်လို့ အထုပ်တွေကို ကိုယ်တိုင်ထမ်းပြီးလိုက်ပို့တယ်။ ပို့ပြီးရင် အကုန်လုံးကို ပြန်ခေါ်လာလိုက်တယ်” လို့ ရှင်းပြတယ်။
နော်လိုဝါးတယောက် ရွာသူကြီးအဖြစ် တာဝန်ထမ်းဆောင်ရတဲ့ အချိန်တွေက မလွယ်ပါဘူး။ အိမ်ထောင်ရှင်မ တဦးလည်း ဖြစ်သလို ကလေး ၅ ဦးကို ပြုစုပျိုးထောင်ရတဲ့ မိခင်တဦးလည်း ဖြစ်ပါတယ်။ မငြိမ်းချမ်းသေးတဲ့ကာလ တလျှောက်လုံးမှာ သူကြီး အဖြစ် တာဝန်ယူခဲ့ရတော့ စိတ်ညစ် ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ ရွာအလုပ်တွေလုပ်ရင်း ပျော်ရွှင်ရတဲ့အချိန် တွေလည်း ရှိခဲ့တယ်လို့ သူက ပြောပြတယ်။
“ယောကျ်ားရော ကလေးတွေကရော ကျမကို အိမ်အလုပ်ကို လှည့်ကို မကြည့်ခိုင်းဘူး။ အိမ်မှာလည်း စာရင်းမသွင်းဘူး။ နေ့တိုင်း ရွာထဲက အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတာ။ ယောကျ်ားကတော့ နောက်ဆံတင်းစရာမလိုအောင် သူ့ဘာသာ အလုပ်လုပ် သူပဲကလေးတွေကို ထိန်းတယ်။ ကျမက ဘာမှ ကူမလုပ်နိုင်ဘူး”လို့လည်း ဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ခဲ့ပြီးနောက်ပိုင်းမှာတော့ ရွာမှာ အတန်အသင့် အေးချမ်းနေတယ်လို့ သိရပါတယ်။ စစ်တပ်က တမျိုး၊ လက်နက်ကိုင်တွေဘက်က တမျိုး ရွာသူကြီးတွေကို ခေါ်ပြီး မေးမြန်းတဲ့ကိစ္စတွေ၊ ရွာသားတွေကို အထုပ်တွေသယ်ခိုင်းပြီး နောက်ထပ် တရွာကို လိုက်ပို့ခိုင်းတဲ့ကိစ္စတွေ မရှိတော့ဘူးလို့ သိရပါတယ်။
၂၀၁၅၊ ၂၀၁၆ ခုနှစ်တွေမှာတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဦးစားပေးပြီး လုပ်နေပြီလို့လည်း နော်လိုဝါးက ရှင်းပြတယ်။
“အခုတော့ လမ်းတွေဘာတွေခင်းနေတယ်လေ။ အရင်လိုတော့ မဟုတ်တော့ဘူး။ တိုက်ပွဲတွေမရှိတော့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေနဲ့ အလုပ်ရှုပ်တဲ့အလှည့် ရောက်သွားပြီ။ အခု ကျမရဲ့ လက်ထောက်အဖြစ် ကောင်လေး တယောက်ကို ခေါ်ထားတယ်။ သူ့ကို သင်ပြပေးနေတာပေါ့။ သူလည်း အကျွမ်းတဝင်ရှိလာပြီဆိုရင်တော့ သူကြီးနေရာကို သူ့ကို လွဲှပြီး ကျမလည်း အေးအေးဆေးဆေး နေလိုက်ဦးမယ်” လို့ နော်လိုးဝါးက ပြောပါတယ်။
သူ့ရဲ့ ရွာသူကြီး တာဝန် ယူဖြစ်ထားတဲ့ ခံယူချက်ကို အခုလို ပြောပြပါတယ်။
“လူ့လောကမှာ ကြီးပွားချမ်းသာနေစရာမလိုပါဘူး။ ကောင်းမှုတွေလုပ်တာကလည်း ကိုယ့်အတွက် ကျန်မယ်။ ဘုရားသခင်က ကောင်းချီးပေးမယ်။ အဲဒီခံယူချက်တခုနဲ့ပဲ လုပ်တယ်။ တခြားဘာမှမတွေးဘူး” လို့ နော်လိုဝါး က ဆိုပါတယ်။ ။