စစ်တပ်က မီးလောင်နေသော ရွာများကို ဖြတ်သန်းပြီး ရခိုင်ပြည်နယ်ကို တစစီဖြစ်သွားစေနိုင်သည်ဟု စိုးရိမ်မှု များဖြစ်စေခဲ့သည့် ရဲစခန်းများကို တိုက်ခိုက်မှုများ၏ နောက်ကွယ်မှသူများကို လိုက်လံရှာဖွေရာ ကြောက်လန့်နေသောဒေသခံများ ထွက်ပြေးကြသည်။ ထောင်နှင့်ချီသောသူများမှာ ခြေလျင်ပြေးကြရပြီး အချို့ကို ရဟတ်ယာဉ်ဖြင့် သွားရောက်ကယ်ဆယ်သယ်ဆောင်ခဲ့ကြရသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာနှင့် နိုဝင်ဘာလက အသေအပျောက်များသော လုံခြုံရေးတပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများသည် ထိုဒေသတွင် မကြာသေးမီ ဆယ်စုနှစ်များက ဖြစ်ပေါ်ခဲ့သော မည်သည့်ဖြစ်ရပ်များနှင့် မဆို အနှစ်သာရအရ ကွဲပြားခြားနားနေသည်။
နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအုပ်စု International Crisis Group သည် အောက်တိုဘာနှင့် နိုဝင်ဘာလများက အစိုးရတပ်များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သော လက်နက်ကိုင်အုပ်စုဝင်အများအပြားကိုသာမက အခြားသတင်းရင်းမြစ်များကိုပါ တွေ့ဆုံမေးမြန်းပြီး မြန်မာနိုင်ငံအနောက်ပိုင်း၏အခြေအနေနှင့် ပတ်သက်သည့် အရေးပါသော အသေးစိတ်အချက်အလက်သစ်များကို ဖော်ထုတ်နိုင်ခဲ့သည်။
ထိုအုပ်စုက ၎င်းတို့ကိုယ် ၎င်းတို့ ယုံကြည်မှုဟု အာရဗီဘာသာစကားဖြင့် အဓိပ္ပာယ်ရသည့် Harakah al-Yaqin ဟုခေါ် သည်။ လူ ၂၀၀ ကျော်သေပြီး မွတ်စလင်အများစုပါသည့် လူ ၁၂၀၀၀၀ ကျော် ခန့် နေအိမ်စွန့်ခွာ ထွက်ပြေးရသည့် ၂၀၁၂ ခုနှစ် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ပဋိပက္ခအပြီးတွင် စတင်ထူထောင်သည်။ အများစုမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရပြီး အစိုးရဝန်ဆောင်မှုနှင့် အလုပ်အကိုင်များ ကန့်သတ်ခံကြရပြီး လွတ်လပ်စွာ သွားလာခွင့်ကို တင်းကျပ်စွာ ထိန်းချုပ်မှုဖြင့် ရင်ဆိုင်နေကြရသည်။
ဤလက်နက်ကိုင် အုပ်စုသစ်ကို မက္ကာရှိအဝေးရောက်ကော်မတီတခုက ကြီးကြပ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ၎င်းတို့စစ်ဆင်ရေးများကို လူသိရှင်ကြားရှေ့ထွက်လာသူမှာ အခြားအမည်အမျိုမျိုးနှင့်လည်း သိကြသော Ata Ullah ဆိုသူဖြစ်သည်ပြီး သူသည် ထိုအုပ်စုမှ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်အများအပြားတွင်လည်း အဓိကပြောဆိုသူဖြစ်သည်။
သူ့ကို ရိုဟင်ဂျာဖခင်တဦးက ကရာချိမြို့တွင် မွေးဖွားပြီး မက္ကာတွင် လူလားမြောက်သည်။ သူသည် ခေတ်သစ်ပြောက်ကျား စစ်ရေးစစ်ရာ နိုင်ငံတကာအတွေ့အကြုံရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြေပြင်စစ်ဆင်ရေးများကို ဦးဆောင်သော လူ၂၀ ရှိသည့် အုပ်စု၏အစိတ်အပိုင်းဖြစ်သည်။
၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသူမှာ ဆော်ဒီအာရေးဗီးယားတွင် ပညာသင်ကြားခဲ့ပြီး ဘာသာရေးအမိန့် fatwa ထုတ်ပြန်ခွင့်ရှိသူ ဘာသာရေးဥပဒေဆရာ mufti ဝါရင့် အစ္စလမ်မစ်ပညာရှင် Ziabur Rahman ဖြစ်သည်။
၎င်းတို့၏ဘာသာရေးအရ တရားဝင်မှု ပိုမိုမြင့်မားစေရန် al-Yaqin သည် ၎င်းတို့၏အရေးကို အစ္စလမ်မစ်ဥပဒေအရ ထောက်ခံသော ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများနိုင်ငံ၊ ပါကစ္စတန်နှင့် အခြားနေရာများမှ ဝါရင့်ဘာသာရေး ဆရာများထံမှလည်း ဘာသာရေးအမိန့် ခံယူသည်။
ဤအချက်ကြောင့် ထိုအဖွဲ့သည် ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာများအကြားတွင် အကြီးအကျယ် ထောက်ခံမှု ရစေသည်။ ထိုအဖွဲ့သည် ရာနှင့်ချီသော ဒေသခံလူသစ်များကို ၂ နှစ်ခန့် ပြောက်ကျားစစ်နှင့် ဖောက်ခွဲရေးသင်တန်းပေးသည်။ ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည် ရာပေါင်းများစွာသည်လည်း မကြာသေးမီ ရက်သတ္တပတ်များက ရခိုင်သို့ သွားရောက်ပူးပေါင်း ကြသည်။
လက်ရှိ အင်အားအလုံးအရင်းဖြင့် လုံခြုံရေးအရ တုံ့ပြန်မှုသည် al-Yaqin ကို မောင်းထုတ်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ ထိုတုံ့ပြန်မှုသည် ဒေသခံများအကြား နောက်ထပ် စိတ်ပျက်မှု၊ မုန်းတီးမှုများကိုသာ ဖြစ်စေပြီး အကြမ်းနည်းတိုက်ခိုက်မှုကိုသာ ပိုမို အမြစ်တွယ်စေမည်ဖြစ်သည်။
ကောင်းစွာ ဖွဲ့စည်းတည်ဆောက်ထားပြီး ငွေကြေးထောက်ပံ့မှုလည်း ကောင်းစွာ ရရှိနေမှန်း သိသာသော ဤအဖွဲ့ပေါ်ပေါက်လာခြင်းသည် ရှုပ်ထွေးလှသော ရခိုင်ပြဿနာကို ဖြေရှင်းရန် အစိုးရ၏အားထုတ်မှုများကို အပြောင်းအလဲဖြစ်စေသောဖြစ်ရပ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မကြာသေးမီ ဆယ်စုနှစ်များက ဘင်္ဂလားဒေ့ရှ်မှ လာအခြေစိုက်သော သေးငယ်သည့်သူပုန်အုပ်စုများရှိခဲ့သော်လည်း ရိုဟင်ဂျာတို့သည် အခြေခံဝါဒ သွပ်သွင်းခံရသူများမဟုတ်ခဲ့ကြဘဲ အများစုက အကြမ်းနည်းသည် ၎င်းတို့ ၏ကြမ္မာကို ကောင်းမွန်စေမည်မဟုတ်ကြောင်း သိရှိပြီး ရှောင်ရှားကြသည်။
သို့သော် ဆင်းရဲနွမ်းပါးပြီး ဖိနှိပ်ခံရသောအခါ ၎င်းတို့သည် ဆက်လက်ရှင်သန်ရန် ရုန်းကန်ကြရပြီး အနာဂတ်အတွက် မျှော်လင့်ချက်မရှိသလောက်ဖြစ်လာသည်။ လွန်ခဲ့သော နှစ်ကလည်း မျှော်လင့်ချက် ပိုမိုကင်းမဲ့လာသည်။ ရခိုင်ပြည်မှ ပိုမိုများပြားစွာ အကြမ်းနည်းကို လက်ခံလာကြသည် ဟူသောအချက်သည် လွှဲရှောင်မရသော မည်သည့်အခြေအနေထက်မဆို လွန်ခဲ့သော နှစ်များစွာအတွင်း မူဝါဒများ၏ကျဆုံးမှုများကိုသာ ပိုမိုထင်ဟပ်နေသည်။
အချို့သော နိုင်ငံတကာဂျီဟတ်ဝါဒီအဖွဲ့များနှင့် လေ့ကျင့်ရေးနှင့် သွေးစည်းညီညွတ်သည့်အချိတ်အဆက်လက္ခဏာများရှိနေသော်လည်း al-Yaqin ၏ရည်ရွယ်ချက်များနှင့် လှုပ်ရှားမှုများတွင် အကြမ်းဖက်သမား၊ နိုင်ငံဖြတ်ကျော် ဂျီဟတ်ဝါဒ သဘောထက် လုံခြုံရေးတပ်ဖွဲ့များကို အုံကြွခြင်း သဘောဆောင်သည်။
အရပ်သား သို့မဟုတ် ဘာသာရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းမရှိသေးပေ။ ၎င်းတို့၏အကြမ်းနည်း အသုံးပြုခြင်းကြောင့် ရည်မှန်းချက်ခရီးမှာ အကြီးအကျယ် နောက်ပြန်ဆုတ်သွားသော်လည်း ၎င်း၏ထုတ်ပြန်ကြေညာထားသော ရည်မှန်းချက်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံသားအဖြစ် ရိုဟင်ဂျာအခွင့်အရေး ရရှိရန်ဖြစ်သည်။
၎င်းတို့၏နည်းပရိယာယ်များမှာ အဆင့်မြင့်ရှုပ်ထွေးလှသည်။ အောက်တိုဘာလ ၉ ရက်နေ့ အရုဏ်မတက်မီတွင် လုံခြုံရေး အချက်အချာ ဌာနချုပ်တခုကို အတင့်ရဲစွာ တိုက်ခိုက်မှုအပါအဝင် နယ်ခြားစောင့်ရဲစခန်း ၃ ခုကို တိုက်သည်။ လက်လုပ်ဖောက်ခွဲကိရိယာများထောင်ခြင်း၊ အဝင်လမ်းများတွင် ချုံခိုတိုက်ခိုက်ခြင်း၊ လက်နက်တိုက်ကို လုယူနေချိန်တွင် လာရောက်သောတပ်ကူများကို နှောင့်နှေးစေခြင်းတို့ ပါဝင်သော အဆင့်မြင့်တိုက်ခိုက်မှုအတွင်း ဌာနချုပ်ကို တိုက်ခိုက်သူ ရာနှင့်ချီ သုံး ပြီး စီးနင်းတိုက်ခိုက်ခံရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့က ဖြစ်ပွားသော နောက်ထပ်တိုက်ခိုက်မှုတွင် စစ်ဘက်ထိပ်တန်းအရာရှိတဦး သေဆုံးခဲ့သည်။ ဤ လှုပ်ရှားမှုများသည် နောင်တွင်လည်း ထပ်မံတိုက်ခိုက်ဦးမည်ဖြစ်သည်။ ဆုံးဖြတ်ချက် ပြတ်သားပြီး ကောင်းစွာ လေ့ကျင့် ထားသော ပုန်ကုန်မှုဖြစ်ကြောင်း ပြသနေသည်။
တိုက်ခိုက်မှုတွင် ပါဝင်သူများကို ဖမ်းဆီးရေး၊ အလုခံရသော လက်နက်များ ပြန်လည်ရရှိရေးအတွက် စစ်တပ်က စစ်ဆင်ရေးကြီးတခုဖြင့် တုံ့ပြန်သည်။ ၎င်း၏သိက္ခာကို စိန်ခေါ်ပြီး သေပျောက်မှုများ ကြုံတွေ့ရသောကြောင့် စစ်တပ်သည် အချိုး အစားအရ အလွန်များသော အင်အားကို သုံးကာ တိုက်ခိုက်သူများနှင့်အရပ်သားများကိုလည်း လုံလောက်စွာ ခွဲခြားရန်ပျက်ကွက်ခဲ့သည်။ အနည်းဆုံး အိမ် ၁၅၀၀ မီးရှို့ခံရသည်။
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်သည့် ဂြိုလ်တုဓာတ်ပုံများအရ စစ်တပ်က မီးရှို့သည်မှာ သေချာသလောက်ဖြစ်နေသည်။ လူ ၃၀၀၀၀ ခန့် ပြည်တွင်းနေအိမ်စွန်ခွာထွက်ပြေးကြရသူများဖြစ်လာပြီး ၂၇၀၀၀ ခန့်ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေရသည်။
စစ်တပ်က အဓိက ချေမှုန်းရေးလုပ်နေသောနေရာကို လုံးဝနီးပါး ပိတ်ဆို့ထားသောကြောင့် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက် အကြိမ်ကြိမ်ကိုလည်း အတည်မပြုနိုင်ဘဲဖြစ်နေသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်သို့ လူများ ထပ်မံရောက်လာနေကြပြီး အခြေအနေကို ပိုမိုရှင်းလင်းစွာ တွေ့မြင်ရစပြုလာပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုအနေအထားနှင့် ပတ်သက်၍ လူသိရှင်ကြား ပြောဆိုမှုမရှိသလောက်ပင်ဖြစ်ပြီး ထိုဒေသ သို့သွားရောက်ခြင်းမရှိ၊ ချေမှုန်းမှုများကို ဝေဖန်ခြင်းလည်း မလုပ်ခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည် ထိန်းချုပ်ထားသော နိုင်ငံ ပိုင်မီဒီယာကလည်း လူ့အခွင့်အရေးထိန်းချုပ်မှုများကို ဗြောင်ငြင်းနေသဖြင့် မြေပြင်တပ်ဖွဲ့များ၏ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အားဖြည့်ပေးသလို ဖြစ်နေသည်။ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် မွတ်စလင်လောကနှင့် တင်းမာမှုများလည်း မြင့်မားလာသည်။
အစိုးရအနေဖြင့် အခြေအနေကို ကိုင်တွယ်ပုံ မှားယွင်းလျှင် အမှန်တကယ်ကြုံတွေ့ရမည့်အန္တရာယ်များ ရှိနေသည်။ ဥပမာ ရှေ့ဆက်ပြီး အင်အားအလွန်အကျွံသုံးလျှင် ဒေသခံ မွတ်စလင်များအနေဖြင့် al-Yaqin ကို ထောက်ခံရန် တွန်းပို့ခံရပြီး ထို လက်နက်ကိုင်အုပ် အခြေခိုင်ကာ အကြမ်းဖက်သံသရာလည်နေမည်။
မြန်မာနိုင်ငံတွင် ၎င်းတို့၏အစီအစဉ်များကို အကောင်အထည်ဖော်လိုသော နိုင်ငံတကာ ဂျီဟတ်ဝါဒီများ အမြတ်ထုတ် အသုံးချနိုင်မည့် အစွန်းရောက်အခြေခံဝါဒ သွပ်သွင်းခြင်းအတွက် အခြေအနေများ ဖန်တီးပေးရာလည်း ရောက်ပေသည်။ အကြမ်းဖက်တိုက်ခိုက်မှုတခုဖြစ်ပါက မြန်မာတနိုင်လုံးတွင် ဘာသာရေးတင်းမာမှုများ မီးမွှေးပေးပြီး ဆိုးရွားသော အကျိုး ဆက်များဖြစ်ပေါ်လာနိုင်သည်။
ဤအန္တရာယ်ကြီးမားသော ရလဒ်များကို ရှောင်ရှားနိုင်ပေသည်။ သို့သော် လုံခြုံရေးအရ တုံ့ပြန်မှုကို အထောက်အကူပြု နည်းလမ်းအဖြစ်သာ သုံးပြီး ရိုဟင်ဂျာတို့အတွက် မျှော်လင့်ချက်ပေးနိုင်သော၊ ဗုဒ္ဓဘာသာ ရခိုင်တို့၏နက်ရှိုင်းသော နစ်နာမှုများကို ထည့်သွင်းစဉ်းစားသော၊ ဒေသတွင်း နိုင်ငံများနှင့် ပိုမိုနီးကပ်သောဆက်ဆံရေးနှင့် ထောက်လှမ်းရေးသတင်း ဖလှယ်မှုကို ဦးစားပေးသော ကောင်းစွာဖော်ထုတ်ထားသည့် နိုင်ငံရေးသေနင်္ဂဗျူဟာတရပ်တွင် ပေါင်းစပ်မှသာ ဖြစ်နိုင်ပေမည်။
ဤကဲ့သို့သော အစီအစဉ်များအတွက် နိုင်ငံရေးအရ အခြေအနေပေးမှုမှာ ကျဉ်းလာနေပြီဖြစ်သည်။ ထိုသို့အခြေအနေ ဆိုး ရွားလာနေခြင်းကို တားဆီးရန် ဒေါ်အောင်ဆန်းစုကြည်ထံမှ ခိုင်မာသော လူထုခေါင်းဆောင်မှုလိုအပ်သည်။
(Tim Johnston နှင့် Anagha Neelakantan တို့သည် International Crisis Group ၏ Asia Program ဒါရိုက်တာများဖြစ်သည်။ TIME အွန်လိုင်းပါ ၎င်းတို့၏ The World’s Newest Muslim Insurgency Is Being Waged in Burma ကို ဘာသာပြန်ဆိုသည်။)